အမှောင်ထုကြီး လာနေပြီ
Vol. 82 Ch. 1064
“အားချိုတဲ့လား”
ချင်မူမှာ ချက်ချင်းဆိုသလို စိုးရိမ်ပူပန်လာက အလျင်အမြန် မေးလိုက်မိသည်။ “ဘယ်တစ်ယောက်လဲ”
နတ်ဘုရားက သူ့ကို မမှတ်မိသော်လည်း ပြန်ဖြေသည်။ “ကျွန်တော် မသိပါဘူး... ကျွန်တော်တို့ နယ်စပ်မှာ နတ်ဘုရားတစ်ပိုင်းတွေရော၊ လူတွေရော အတူတူ နေကြပေမယ့် ကျွန်တော်တို့ရော၊ နတ်ဘုရားတစ်ပိုင်းတွေရော ဒီနေရာကို မထိန်းချုပ်နိုင်ကြဘူး.... လူဦးရေစာရင်းလည်း မရှိပါဘူး”
ချင်မူ မျက်နှာပျက်သွားပြီး ယန်အာကို အလောတကြီး ပြောလိုက်သည်။ “မမကြီး မီးအိမ်ကို စောင့်ရှောက်ပေးထားဦး... ငြိမ်းမသွားစေပါနဲ့”
ယန်အာမှာ ကြောင်သွားသည်။ မီးအိမ်သည် ဝေစွေ့ဖုန်း၏ ရတနာဖြစ်ပြီး ဝေစွေ့ဖုန်းက အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ဖြစ်သည်။ သူလို လူ၏ မီးအိမ်ကား အဘယ်သို့ ပြု၍ အလွတ်တကူ ငြိမ်းသေသွားနိုင်မည်နည်း။
ချင်မူ အတိုင်းထက်အလွန် စိုးရိမ်နေမိသည်။ သူက ပြန်လျှောက်လာကာ ကောင်းကင်နတ်အရှင်လင်နှင့် ကောင်းကင်နတ်အရှင်ယွဲ့အား ကပျာကယာ ပြောနေ၏။ “ဒီကလူတွေကို နေရာပြောင်းရမယ်... ဒီနေရာနဲ့ ဝေးတဲ့ ကုန်းတွင်းပိုင်းဆီ ရွှေ့ကြ... ဒီမှာ ကြောက်စရာကိစ္စကြီး ဖြစ်လာတော့မှာ”
ကောင်းကင်နတ်အရှင်ယွဲ့မှာ မှင်သက်သွားပြီး လူသူများကို ကုန်းတွင်းပိုင်းသို့ ရွှေ့ပြောင်းရန် အလျင်အမြန် ခိုင်းစေလိုက်သည်။
‘အမှောင်ထုကြီး လာနေပြီ... အမှောင်ထုကြီး လာနေပြီ...အဲ့ဒီနေ့ရဲ့ အမှောင်ထုက ဒီအနားက ကောင်းကင်ဘုံတစ်ဘုံဆီက လာတာဖြစ်ရမယ်... အဲဒီနတ်ဘုရားတစ်ပိုင်းတွေ နေရာမှားပြီး တွေ့ခဲ့တာပဲ’
ချင်မူ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ကောင်းကင်ထဲတွင် ကောင်းကင်ဘုံများစွာ ရှိချေသည်။ အင်အားကြီးမားသော နတ်ဘုရားတစ်ပိုင်းအချို့က ပျံသန်းနေကြပြီး သူတို့အနောက်၌ နတ်ဘုရားအလင်းတန်းများ ကျန်ရစ်ခဲ့သည်မှာ ကြယ်တံခွန်များ ကောင်းကင်ထက်မှ ရွာကျလာသကဲ့သို့ ထင်ရ၏။
ချင်မူက တစ်ယောက်တည်း ရေရွတ်နေသည်။ “အားချိုက တကယ်တော့ အနီးက ကမ္ဘာတစ်ကမ္ဘာထဲမှာ ... ဒါပေမဲ့ အမှောင်ကြီးက လာနေပြီ.... မကြာခင် ဒီနေရာကိုလည်း သက်ရောက်မှာပဲ... မီးအိမ်က ခံနိုင်ရည်မရှိဘူး... မမကြီးယွဲ့၊ မမကြီးလင်၊ ကျွန်တော် ဒီနေရာကနေ ကောင်းကင်နတ်ဘုံဆီ ချက်ချင်း ထွက်သွားမှ ဖြစ်မယ်... အမှောင်ထု မလာခင် ကျွန်တော် လုပ်ရမယ့်ဟာတွေ လုပ်ရမယ်”
ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်လင်မှာ မခွဲခွာချင်ပေ။ “အခုမှရောက်တာ သွားတော့မလို့လား”
ချင်မူ ရထားလှည်းပေါ် တက်ကာ ပြောလိုက်သည်။ “ကျွန်တော်တို့ ပြန်တွေ့ဖို့ အခွင့်အရေးတွေ ရှိဦးမှာပါ.... ကျွန်တော် မမကြီးတို့နှစ်ယောက်ကို ပြန်လာရှာပါ့မယ်... မမကြီးယန်အာ၊ မီးအိမ်ကို ကြည့်ထားပေးပါ.... လုံပိ သွားဖို့ပြင်”
သူက ရထားလှည်းအတွင်း ၀င်၍ ပြတင်းပေါက် ဖွင့်ကာ လှမ်းအော်လိုက်သည်။ “ဒီမှာ မနေုကြနဲ့တော့... အခုထွက်သွားကြတော့”
ကောင်းကင်နတ်အရှင်လင်နှင့် ကောင်းကင်နတ်အရှင်ယွင်မှာ သူ မည်မျှလေးနက်နေကြောင်း တွေ့လိုက်ရသဖြင့် ကြီးကြီးမားမား ဖြစ်တော့မည်ဟု သဘောပေါက်လိုက်သည်။ ကောင်းကင်နတ်အရှင်လင်က သူ့ဆီ ပြေးလာပြီး မက်မွန်ဆံထိုးကို ပေးကာ ပြောသည်။ “နင် မပြန်ခင် ဒီဆံထိုးကို ငါ့ဆီ ပြန်လာပေးရမယ်”
ချင်မူလည်း ဆံထိုးကို မျက်ခုံးနှစ်ဖက်ကြားထဲ ထည့်လိုက်သည်။ ၎င်း ချင်စာလုံးမြေပြင်ထဲ ရောက်သွားသည့်အခါ ဆံထိုးနောက်တစ်လက်က ကောင်းကင်နတ်အရှင်လင်၏ ဆံပင်ထဲတွင် ပြန်ပေါ်လာ၏။
ကောင်းကင်နတ်အရှင်က ပြုံးလျက် ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ “ဒါနဲ့ဆို ငါ တောင့်ခံထားနိုင်ပါပြီ”
ကောင်းကင်နဂါးများသည် ရထားလှည်းကို လေထဲသို့ ဆွဲ၍ လေဟုန်စီးကာ ပြေးသွားကြသည်။ ရထားလှည်း ငှက်ပေါ်ရှိ နန်းတော်ဘေးမှ ဖြတ်သွားသည့်အခါ တစ်မျက်နှာလုံး သွေးများ ပေကျံနေသည့် လူက ခေါင်းမော့လာပြီး ရထားလှည်းဆီ အော်ပြောသည်။ “ငါ သေလို့ မဖြစ်ဘူး.... ငါ သေရင် မင်းတို့တစ်ယောက်မှ လွတ်မှာမဟုတ်ဘူး”
ချင်မူက သူ့အား ပြတင်းပေါက်မှ ကြည့်နေသည်။ သူ၏အမူအရာသည် ခံစားချက်ကင်းမဲ့၍ တိတ်ဆိတ်နေ၏။
နန်းတော်ထဲရှိ အမျိုးသမီးက လမ်းလျှောက်ထွက်လာပြီး ချင်မူ့ကို လှမ်းကြည့်သည်။ ချင်မူက ခေါင်းညိတ်ပြလိုက်သည့်အခါ အမျိုးသမီးက ပြန်လည်နှုတ်ဆက်သည်။
“ငါ ရန်ကြွေးနဲ့ ကျေးဇူးကို ရှင်းရှင်းလင်းလင်း သိတယ်.... အနာဂတ်မှာ ပြန်ဆပ်ပါ့မယ်” အမျိုးသမီး၏ အသိစိတ်အလျဉ် သူ၏ဦးခေါင်းထဲ၌ တုန်ခါသွားသည်ကို ချင်မူ ခံစားလိုက်ရ၏။
ရထားလှည်းကား နန်းတော်ကို ဖြတ်၍ ကောင်းကင်နတ်မြစ်ဆီသို့ ပျံသန်းသွားလေသည်။
လှံဖြင့် ရင်ဘတ်ကို ထုတ်ချင်းဖောက်ခံထားရသော လူက ပြုံးနေသည်။ “နွီရှင်း၊ အမှောင်ထုကနေ အင်အားကြီးမားတဲ့ အားလှိုင်းတစ်လှိုင်း ပေါ်ထွက်လာတာ ငါ ခံစားနေရတယ်... မြေအောက်ဘုံအရှင်သခင် လူပြန်ဝင်စားခဲ့ပြီ.. မင်းက ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို ဖယ်ရှားပစ်ချင်တာလား”
“မဟာဧကရာဇ်နဲ့ ထိုက်ချူအပြင် ဖန်ဆင်းရှင်တွေအတွက် မဟာရန်သူက..... မြေအောက်ဘုံအရှင်သခင်ပဲ”
အမျိုးသမီးက ခပ်ပြတ်ပြတ် ဖြေသည်။ “သူတို့နှစ်ယောက်လုံးရော မြေအောက်ဘုံအရှင်သခင်ပါ သေစေရမယ်.... ဒါက မြေအောက်ဘုံအရှင်သခင်ကို သတ်ဖို့ အခွင့်အရေးကောင်းပဲ.... သူ သေသွားတာနဲ့ ဖန်ဆင်းရှင်တွေရဲ့ မဟာရန်သူတော်ကြီးကို ရှင်းလင်းပြီးသားဖြစ်လိမ့်မယ်.... ပြီးရင် ဖန်ဆင်းရှင်တွေအများကြီး ပြန်လည်ဖန်ဆင်းပြီးတော့ နွီရှင်းမျိုးနွယ်ကို ပြန်ထူထောင်မယ်”
“ကိုယ် ကူညီပေးနိုင်တယ်”
ထိုလူသည် နူးညံ့ပျော့ပျောင်းသော လေသံဖြင့် ပြော၏။ “ကိုယ်တို့က လင်နဲ့ မယားပဲ မဟုတ်လား”
သူ ထိုသို့မပြောခင်အထိ အဆင်ပြေနေသေးသည်။ ထိုစကားပြောလိုက်သည်နှင့် အမျိုးသမီးမှာ ဒေါသူပုန်ထသွားပြီး ငွေအပ်ရာပေါင်းများစွာရှိသည့် ဗန်းတစ်ချပ်အား နန်းတော်ထဲမှ ထုတ်ခိုင်းလိုက်သည်။
သူမ အပ်တစ်ချောင်းကို မြှောက်၍ အသာအယာ ခါလိုက်ရာ ၎င်းက တစ်ပေအထိ ရှည်လာသည်။ ထို့နောက် သူမသည် အပ်တစ်ချောင်းပြီး တစ်ချောင်းအား သူ့ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်နေတော့၏။
ထိုယောက်ျားမှာ နာကျင်စွာဖြင့် အာခေါင်ခြစ်အော်နေရလေသည်။
ထိုအခိုက်အတန့်တွင် အမျိုးသမီးသည် ရုတ်တရက် တစ်စုံတစ်ခု ခံစားလိုက်ရသဖြင့် ကောင်းကင်သို့ အလောတကြီး မော့ကြည့်လိုက်သည်။ တိုင်ရှိ လူက စိတ်လှုပ်တရှား မေးလေသည်။ “မင်းလည်း ခံစားမိတယ်မလား.... အမှောင်အားလှိုင်းလေ... ဒီစွမ်းအားက မြေအောက်ဘုံအရှင်သခင်ဆီက လာတာပဲ.... သူတို့ သူ့ကို ရှာတွေ့သွားကြပြီ....ကိုယ်တို့လင်မယားနှစ်ယောက် အတူပေါင်းပြီး သူ့ကို ရှင်းလင်းပစ်လို့ရတယ်”
အမျိုးသမီးမှာ သူ့စကားကို ကြားသည်နှင့် လှိုက်၍လှိုက်၍ မုန်းတီးလာသည်။ သူမသည် ကြာပွတ်ကို ကိုင်မြှောက်၍ သူ့အား အဆက်မပြတ် ရိုက်နှက်ရင်း သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာများဖြင့် ပြည့်နှက်သွားစေ၏။
တိုင်ရှိ လူက အော်ရယ်နေသည်။ “မင်း ကိုယ့်နားမှာရှိနေသရွေ့ မင်းကိုယ့်ကို ဒီထက် ဆယ်ဆပြင်းအောင် ရိုက်ရင်တောင် ကိုယ် သဘောကျတယ်”
အမျိုးသမီးသည် ကြာပွတ်ကို သိမ်း၍ အနက်ရောင်လှိုင်းဂယက်များဆီသို့ မော့ကြည့်လိုက်၏။ ထို့နောက် အေးစက်စွာ ပြောသည်။ “မြေအောက်ဘုံအရှင်သခင်ကို အကောက်ကြံဖို့ မလွယ်ဘူး..... နင့်ရဲ့ခန္ဓာကိုယ်အစစ် ထွက်လာဖို့ လိုအပ်တယ်... ဘယ်နေရာမှာပဲ.... ဘာလို့ ထုတ်မပြသေးတာလဲ”
ထိုလူက သူမကို နူးညံ့သော မျက်လုံးများဖြင့် ကြည့်သည်။ “အဲ့ဒါက မင်းကို တိတ်တိတ်လေး ကြည့်နေခဲ့တာလေ.... မင်း ကိုယ့်ကို ဘယ်လိုရိုက်မလဲ ကိုယ် ကြည့်နေတာ.... နောက်ထပ် နှစ်သိန်းသန်းနဲ့ချီ ကြာသွားရင်တောင် ကိုယ် ငြီးငွေ့မှာမဟုတ်ဘူး”
အမျိုးသမီးက သူ့အား ရိုက်လိုက်ပြန်သည်။ “ခေါ်ပေးစမ်း”
ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်လည်း အနက်ရောင်လှိုင်းဂယက်များအား ခံစားနေရသည်။ ယင်းက အနီးပတ်ဝန်းကျင်ရှိ နေရာတစ်နေရာမှ လာခြင်းမဟုတ်ဘဲ အပေါ်ထက် ကောင်းကင်ဘုံမှ လာနေခြင်း ဖြစ်သည်။
ကမ္ဘာဦးဘုံ၏ ကောင်းကင်ထဲတွင် ပျံဝဲနေသော ကမ္ဘာပေါင်း ထောင်နှင့်ချီ ရှိသည်။ ၎င်းတို့ မည်သည့်နေရာမှ လာကြသည်လဲ၊ မည်သို့ ပေါ်လာခဲ့ကြသည်လဲ အစရှိသည့် မေးခွန်းများက ကမ္ဘာဦးဘုံ၏ ပဟေဠိများ ဖြစ်ပေသည်။
ကောင်းကင်ဘုံများ ကောင်းကင်ထက်၌ ပျံဝဲနေကြသည်ကိုသာ သိကြသည်။
ကောင်းကင်နတ်အရှင်ယွင်က အပြင်လောကများသို့ ခရီးသွား၍ ပြန်လာပြီးနောက် ၎င်းတို့သည် ကမ္ဘာခေတ်ဦးမျိုးနွယ်တို့ တည်ထောင်ခဲ့သော ကမ္ဘာများဖြစ်ကောင်းဖြစ်နိုင်သည်ဟု ပြောခဲ့ဖူးသော်လည်း အသေးစိတ်ရှင်းမပြခဲ့ချေ။
ရုတ်တရက် မြေပြင်သည် ပြင်းပြင်းထန်ထန် တုန်ခါပြီး အမှောင်မိစ္ဆာအရှိန်အဝါများ မြေပြင်ထက်မှ အလိပ်လိုက် အလိပ်လိုက် ထွက်လာကြ၏။ နယ်စပ်ရှိ လူများမှာ မိုးပြိုသည့်အလား ရုန့်ရင်းဆန်ခတ် ပြေးလွှားနေကြတော့သည်။
ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်လင်မှာ အပေါ်သို့ မော့ကြည့်ရင်း မှင်သက်နေကြသည်။ ပေါ်လွင်လာသည့် ထိုကောင်းကင်ဘုံသည် ဧရာမမိစ္ဆာနတ်ဆိုးမျက်လုံးကြီးတစ်လုံးနှင့် တူပြီး မိစ္ဆာနတ်ဆိုးအရှိန်အဝါများအား လက်တံများကဲ့သို့ ထုတ်လွှတ်နေချေသည်။
ထိုစဉ် မြေပြင်မှ ထွက်ပေါ်လာသည့် မိစ္ဆာနတ်ဆိုးအရှိန်အဝါများက ၎င်းထံသို့ ပြေးဝင်နေကြသည်။ သို့သော် ထိုအရှိန်အဝါများသည် မြေအောက်မှ ထွက်လာနေခြင်းဘဲ မဟုတ်ဘဲ အခြားအချိန်နှင့် နေရာမှ လာနေကြောင်း သူတို့ ခံစားနေကြရ၏။
ယိုတု
‘ယိုတုမှာ အပြောင်းအလဲကြီးတစ်ခု ဖြစ်နေပြီ’ နှစ်ယောက်လုံး တစ်ပြိုင်နက် တွေးလိုက်မိကြသည်။
ထိုအခိုက်အတန့်တွင် အမှောင်မိစ္ဆာနတ်ဆိုးအရှိန်အဝါက ပိုပို၍ သိပ်သည်းလာချေပြီ။ ကောင်းကင်နတ်အရှင်ယွဲ့က အပေါ် ပျံတက်လိုက်ရင်း ပြောသည်။ “မြန်မြန် ဒီကလူတွေကို နေရာပြောင်းကြမယ်”
အလင်းတန်းများသည် ကောင်းကင်ကို ဖြတ်၍ ကောင်းကင်ဘုံဆီသို့ ဦးတည်ပျံသန်းသွားကြ၏။ ၎င်းတို့က အင်မတန် အစွမ်းထက်သော နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြပေသည်။
ကောင်းကင်နတ်မြစ်ပေါ်တွင် ချင်မူမှာ ရထားလှည်းအား ကောင်းကင်နတ်ဘုံဆီသို့ အသော့နှင်ခိုင်းနေသည်။ ဤအချိန်တွင် ကောင်းကင်ထက်ရှိ ကြယ်များက ပိုမိုတောက်ပလာပြီး နေအလင်းရောင်အား ဖုံးကွယ်သွားသည်ကို တွေ့လိုက်ရ၏။
ချင်မူ ရင်ထဲတွင် တုန်လှုပ်သွားသည်။ ရှေးဟောင်းနတ်ဘုရားတစ်ပါးက သူတို့၏ ဘိုးဘေးကြယ်ကို ရွှေ့လျက် အဝေးရှိ အချိန်နှင့်နေရာဟင်းလင်းပြင်ဆီမှ သူတို့ထ ပျံသန်းလာနေသည်။
ထို့အပြင် ဧရာမအရာကြီးတစ်ခုကို ဆွဲလာရင်း ကောင်းကင်နတ်မြစ်အပေါ်မှ ဖြတ်သန်း၍ ကမ္ဘာဦးဘုံရှိ ကောင်းကင်ဘုံတစ်ဘုံဆီ ဦးတည်နေသော သင်္ဘောကြီးများကိုလည်း မြင်လိုက်ရသည်။
အဝေးမှ ကြည့်ပါက အနက်ရောင်မျဉ်းတန်းကြီးတစ်တန်းနှင့် တူနေ၏။
သင်္ဘောများ ဆွဲယူသွားသည့်အရာကား ဧရာမနတ်ဘုရားစင်မြင့်ကြီးတစ်ခု ဖြစ်သည်။ ခက်ထန်သော လေလှိုင်းနှစ်လှိုင်းက ရေနဂါးများသဖွယ် စင်မြင့်ထက်၌ ရစ်ဝဲနေကြသည်။
“ယဇ်ပူဇော်ကြစို့”
ကောင်းကင်ထက်မှ ခပ်ဩဩ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းက ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အသံဖြစ်၏။ “ငါတို့ ဆင်းသက်နိုင်အောင် ယဇ်ပူဇော်ကြစို့”
သင်္ဘောများစွာက ရထားလှည်းအရှေ့သို့ ရွှေ့သွားကြပြီး အတူတကွ ချိတ်ဆက်၍ ယဇ်ပလ္လင်တစ်ခု ဖန်တီးလိုက်ကြသည်။
နတ်ဘုရားတစ်ပိုင်းများစွာသည် သက်ရှိမျိုးစုံကို စတေးရန် ယဇ်ပလ္လင်ထက်သို့ ပစ်တင်နေကြ၏။
သွေးယဇ်ပူဇော်ြခင်း စတင်လိုက်သည်နှင့် သူတို့အားလုံး သွေးအခိုးငွေ့များအဖြစ် အငွေ့ပျံကုန်ကြသည်။ သက်ရှိသတ္တဝါများမှာ ရုပ်ခန္ဓာများ ရှုံ့တွပိန်ချုံးလာကြသဖြင့် ခါးခါသီးသီး အော်ဟစ်ငိုကြွေးနေကြတော့သည်။
ကောင်းကင်ထဲတွင် သွေးရောင်အလင်းတို့သည် ကြယ်များကို နီးသထက်နီးလာအောင် ဆွဲယူနေကြ၏။
နတ်ဘုရားအိုကြီးများက ထူးထူးဆန်းဆန်း အသွင်သဏ္ဍာန်များ ဖွဲ့တည်၍ အလင်းတန်းများနှင့် ကောင်းကင်ထက်မှ ယဇ်ပလ္လင်ဆီ ဆင်းသက်လိုက်ကြသည်။ သူတို့ ပါးစပ်ဟ၍ အသက်ရှူသွင်းလိုက်ကြသည့်အခါ ခြေပြတ်လက်ပြတ်များစွာ မြောက်တက်ကာ သူတို့ပါးစပ်ထဲ ဝင်သွားကြသည်။
အတိုင်းထက်အလွန် ထူးဆန်းသော ပုံစံများနှင့် ရှေးဟောင်းနတ်ဘုရားတို့က တဟားဟား အော်ဟစ်ရယ်မောနေကြ၏။ “အားချိုကို သွားတွေ့ကြစို့”
ရထားလှည်းက ဖြတ်ကျော်သွားပြီး နဂါးချီလင်မှာ ချင်မူ့အား လှည့်မေးလိုက်မိသည်။ “ဂိုဏ်းသခင်”
“လျစ်လျူရှုထားလိုက်”
ချင်မူက စိတ်မ၀င်စားပေ။ “အမှောင်ထုက လာနေပြီ...ငါတို့ ဒီအခွင့်အရေးကို လက်လွှတ်ခံလို့မဖြစ်ဘူး... အတိတ်ကို ပြန်သွားဖို့ အခွင့်အရေးက ငါးကြိမ်ပဲ ကျန်တော့တာ”
နဂါးချီလင်လည်း ခေါင်းညိတ်လိုက်သည်။ “ဒါပေမဲ့ ဒီသင်္ဘောတွေက ကောင်းကင်နတ်မြစ်ကို ပိတ်ထားတာဆိုတော့ ခက်လိမ့်မယ်”
“၀င်တိုက်ပစ်လိုက်” ချင်မူက ပြောသည်။
ယဇ်ပလ္လင်ပေါ်ရှိ ရှေးဟောင်းနတ်ဘုရားများက သူတို့ကို သတိထားမိသွားသဖြင့် ရထားလှည်းအား လှမ်းကြည့်နေကြသည်။ သင်္ဘောပေါ်ရှိ နတ်ဘုရားတစ်ပိုင်းများကလည်း သံသယများဖြင့် လှမ်းကြည့်ကြ၏။
“ဒီရထားလှည်းကို မြင်ဖူးနေသလိုပဲ...” ဝံပုလွေခေါင်းဖြင့် ရှေးဟောင်းနတ်ဘုရားတစ်ပါးက ပြောသည်။ သူက ခွေ့ကြယ်ဧကရာဇ်၏ သစ်သားဝံပုလွေ ဖြစ်သည်။
ကြက်ဦးခေါင်းဖြင့် ရှေးဟောင်းနတ်ဘုရားတစ်ပါးက ဝင်ပြော၏။ “ကောင်းကင်နတ်ဧကရာဇ်မှာ အဲ့လိုမျိုးတစ်စီး ရှိတယ်ထင်တယ်....”
“ကောင်းကင်နတ်ဘုံမှာ ဒီလို ရထားလှည်းမျိုး ပိုင်ကြတဲ့ အခွင့်ထူးခံတွေ များတယ်... ကောင်းကင်နတ်ဧကရာဇ်မှာက ကောင်းကင်နဂါးဆယ်ကောင်ရှိပြီးတော့ နတ်မင်းလေးပါးမှာ ကိုးကောင်စီ ရှိတာ”
သစ်သားချိုများ ပေါက်နေပြီး မိကျောင်း၏ ခေါင်းကဲ့သို့ ခေါင်းနှင့် ရှေးဟောင်းနတ်ဘုရားတစ်ပါးက ပြော၏။ “အမြင့်စံအရာရှိတွေမှာ ရှစ်ကောင်၊ အိမ်ရှေ့စံမင်းသားမှာ ခုနစ်ကောင် ရှိတယ်... ဒါပေမဲ့ နဂါးခြောက်ကောင်နဲ့ ရထားလှည်းကိုတော့ တစ်ခါမှမကြားဖူးဘူး”
“ကျောင်းမူကျောင်း၊ ငါ ကြားဖူးတယ်... လွန်ခဲ့တဲ့နှစ်တစ်သိန်းက အဲဒီလူမှာ ကောင်းကင်နဂါးခြောက်ကောင် ဆွဲတဲ့ ရထားလှည်း ရှိခဲ့တယ်... ဓာတ်ကြီးငါးပါးကြယ်တာရာအရှင်သခင်ငါးယောက်က...”
ချင်မူက ပြတင်းပေါက်ဖွင့်၍ သူ့မျက်နှာတစ်ခြမ်း ပြလိုက်သည်။ သူသည် ရှေးဟောင်းနတ်ဘုရား ၂၈ ပါးကို မကြည့်ဘဲ ရှေ့တည့်တည့်သာ ကြည့်၍ ခပ်ပြတ်ပြတ် ပြော၏။ “ဟုတ်တယ် ကျုပ်ပဲ... ခင်ဗျားတို့ ကျုပ်ကို မနှောင့်ယှက်ရင် ကျုပ်လည်း ခင်ဗျားတို့ကို မနှောင့်ယှက်ဘူး...: လမ်းဖွင့်ပေးပါ”
သူတို့အကြည့်များက သူ့မျက်နှာပေါ်ကျရောက်သွားပြီး အားလုံး တုံ့ဆိုင်းသွားကြသည်။
ရုတ်တရက် သစ်သားဝံပုလွေခွေ့က လက်ဝှေ့ရမ်းကာ အော်ဟစ်လိုက်သည်။ “မြစ်ကို ဖွင့်ပေးလိုက်ကြ”
သင်္ဘောများ ဘေးတစ်ဖက်တစ်ချက်ဆီသို့ ရွှေ့သွားကြပြီး ရထားလှည်းသည် ရှေ့ဆက်မောင်းနှင်သွား၏။ ဘေးတစ်ဖက်စီမှ ရှေးဟောင်းနတ်ဘုရာများက ချင်မူ့ကို ကြည့်နေကြသည်။
ရုတ်တရက် ရှေးဟောင်းနတ်ဘုရားတစ်ပါးက ရယ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ အဲဒီတုနး်က ကောင်းကင်နတ်မြစ်မှာ မင်းရဲ့တိုက်ပွဲက တစ်လောကလုံးကို တုန်လှုပ်စေခဲ့တယ်... မင်း တိုက်ခိုက်နိုင်သေးရဲ့လား ငါ သိချင်မိတယ်.... နောက်ပိုင်း မင်း နိုင်ခဲ့တာတွေ ရှိခဲ့ပေမယ့် ရှုံးခဲ့တဲ့အကြိမ်တွေလည်း ရှိခဲ့သေးတယ် မဟုတ်ပေလား”
ရထားလှည်းသည် သင်္ဘောစု၏ အလယ်ဗဟိုသို့ ရောက်ရှိလာပြီး ချင်မူသည် တရားထိုင်ရင်း တိတ်ဆိတ်နေ၏။
ကွေ့ကျင်းယန်က ပြုံးလျက် ပြောသည်။ “လွန်ခဲ့တဲ့ နှစ် ၇၀၀၀၀ တုန်းက မင်း ပျောက်သွာားတယ်... ငါ ကြားတာတော့ မင်းက ကောင်းကင်နတ်အရှင်ဟောင်ကို ရှုံးသွားလို့ စိတ်ဓာတ်ကျသွားတာတဲ့... အရင်တုန်းက မင်းရဲ့ ပြိုင်ဘက်တွေက နာမည်ကျော်ကြားတဲ့ သိုင်းပညာရှင်တွေ ဖြစ်နေခဲ့ပြီ... မင်းကတော့ ဒုံရင်းက ဒုံရင်းပဲ.. တိုးတက်လာရဲ့လား”
ချင်မူက မျက်လုံးများဖွင့်၍ ပြတ်သားစွာ ဖြေလိုက်သည်။ “ကျုပ်က အစစ်အမှန်နတ်ဘုရားအဆင့်အထိ ကျင့်ကြံပြီးပြီ”
သူ့ပတ်ပတ်လည်တွင် ရယ်သံများဖြင့် ဆူညံသွား၏။ “တခြားသူတွေက နတ်ကောင်းကင်ခန်းမအဆင့်တောင် ရောက်နေကြပြီကွ... ကောင်းကင်နတ်အရှင်ယွင်ဆို ဧကရာဇ်ပလ္လင်အဆင့်တောင် ရောက်နေပြီ... မင်းက အစစ်အမှန်နတ်ဘုရားပဲ ဖြစ်သေးတာလား’
ချင်မူက မျက်လုံးများ ပြန်ပိတ်လိုက်သည်။ “ကျုပ်က မတူဘူး”
ရယ်သံများ ထွက်လာပြန်သည်။
ရထားလှည်းသည် ရှေ့ဆက်သွားနေ၏။
ရုတ်တရက် ကျင်းမူဟန်က ရထားလှည်းကို ဆွဲ၍ ပြောသည်။ “ဆင်းလာခဲ့ပြီး ကစားရအောင်ပါ ကောင်းကင်နတ်အရှင်မူ,ရ”
ချင်မူက ရထားလှည်းထဲ၌ မလှုပ်မယှက် ထိုင်နေဆဲပင်။ ကျင်းမူဟန်၏လက် ရထားလှည်း၏ အမိုးကို လှမ်းဆွဲတော့မည့်အချိန် သူ့အရှေ့တွင် တံခါးတစ်ချပ် ဖွဲ့တည်လာသည်။
ကောင်းကင်နှင့် မြေကြီး၏ ကောင်းကင်တံခါး။
သူ၏လက်သည် တံခါးကို ဖြတ်သွားပြီး ပြန်ထွက်လာသည့်အခါ အရိုးများသာ ကျန်ရစ်ခဲ့၏။
သူက အော်ဟစ်၍ လက်ကို ပြန်ထုတ်ချင်သော်လည်း တံခါး၏စွမ်းအားဖြင့် ဆွဲယူခြင်းခံနေရလေသည်။
တံခါးကို ဖြတ်ကျော်သွားသောအခါ သူကား အရိုးစုသာ ဖြစ်နေတော့သည်။ အရိုးစုသည် တုန်ရီစွာဖြင့် ကောင်းကင်နတ်မြစ်ထဲသို့ ပြုတ်ကျကာ ရေစီးကြောင်းနှင့်အတူ မျောပါသွား၏။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။
“ကျုပ်ရဲ့ အစစ်အမှန်နတ်ဘုရားအဆင့်က တခြားသူတွေနဲ့ မတူဘူး” ချင်မူ၏ ခပ်ပြတ်ပြတ်အသံက ရထားလှည်းထဲမှ ထွက်ပေါ်လာသည်။
ရထားလှည်းသည် သင်္ဘောများ၏ အပြင်သို့ ဆက်လက်မောင်းနှင်သွား၏။
ကျန်သည့် ရှေးဟောင်းနတ်ဘုရား ၂၇ ပါးမှာ ရထားလှည်းအား ကြောက်ရွံ့တုန်လှုပ်စွာ ငေးကြည့်နေကြသည်။
“မြေအောက်ဘုံအရှင်သခင်ထက်တောင် ကြောက်ဖို့ကောင်းတဲ့ ကောင်းကင်နတ်သိုင်းပဲ...” တစ်စုံတစ်ယောက်က အက်ကွဲစွာ ပြော၏။
ရထားလှည်းပေါ်တွင် ယန်အာက မျက်ဝန်းများ လင်းလက်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သခင်လေး၊ သူတို့က သခင်လေးရဲ့ သိုင်းအဆင့်ကို နိမ့်တယ်လို့ အမြဲပြောကြတယ်... အတိတ်မှာ နေပြီး နှစ်တစ်ထောင်လောက် ကျင့်ကြံလို့မရဘူးလား”
ချင်မူက ကောင်းကင်နတ်ဘုံဆီ လှမ်းကြည့်လိုက်သည်။ “အမြစ်မရှိတဲ့ သစ်ပင်၊ အရင်းအမြစ် မရှိတဲ့ ရေလို ဖြစ်နေရင် အကြာကြီး ကျင့်ကြံနေလည်း အလကားပဲ”
ယန်အာမှာ နားမလည်ချေ။
“ပြုပြင်ပြောင်းလဲပေးနိုင်မယ့် မြေဆီဆိုတာ မရှိရင် အတိတ်မှာ နှစ်တစ်ထောင်မကလို့ ၊ နှစ်တစ်သောင်းပဲ သိုင်းကျင့်နေပါစေ သာမန်ဧကရာဇ်အဆင့်အထိပဲ ရောက်လိမ့်မယ်”
ချင်မူသည် အကြည့်လွှဲလိုက်ရင်း အေးအေးဆေးဆေး ပြောလိုက်၏။ “အဲဒါဆို ကျွန်တော်ဟာ ကျန်တဲ့သူတွေနဲ့ ဘယ်ကွာတော့မလဲ... ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်အရှင်ဟွေ့တို့လို လူစားမျိုးတွေနဲ့ပဲ ယှဉ်ပြိုင်နေရလိမ့်မယ်.... ဘယ်တော့မှ ကမ္ဘာလောကကြီးအပေါ် အုပ်စိုးနိုင်မှာမဟုတ်သလို၊ ကောင်းကင်နတ်အရှင်ဆယ်ပါးကိုလည်း အနိုင်မယူနိုင်တော့ဘူး... ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုကို ကြုံတွေ့ခဲ့မှ ကျွန်တော်တို့ သူတို့ကို ကျော်တက်နိုင်မှာ... ကျွန်တော့်ရဲ့ အောင်မြင်မှုအားလုံးက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက လာတာ... အတိတ်က မဟုတ်ဘူး”