ရတနာသူခိုး ကောင်းကင်နတ်အရှင်သုံးပါး၊ ကျောက်ယန်ခန်းမ
Vol. 82 Ch. 1066
အရှေ့တွင် ကောင်းကင်နတ်အရှင်ဟောင်သည် အသေးစားအလံကို ကိုက်ကာ မြင်မြင်သမျှ နတ်ဘုရားတိုင်း၊ မိစ္ဆာတိုင်းအား ရက်ရက်စက်စက် သတ်ဖြတ်နေ၏။
သူက အတိုင်းထက်အလွန် အစွမ်းထက်နေပြီ ဖြစ်သည်။ ဧကရာဇ်ပလ္လင်အဆင့်သို့ မရောက်သေးသော်လည်း ကောင်းကင်နတ်ဧကရာဇ်နှင့် ယွမ်မု၏ သားတော်မဟုတ်ပါလော။ သူ့သွေးဆက်၏ စွမ်းအားကား ကြီးကျယ်ခမ်းနားသည့်အလျောက် သူ၏ အတိုက်အခိုက်စွမ်းရည်တို့သည် အံ့ဩမှင်သက်ဖွယ် ကောင်းချေသည်။
ဤအချိန်တွင် မိဖုရားဆောင်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ အင်အားကြီးမားသည့် နတ်ဘုရားများက အားချိုကို ခုခံရန် ကျောက်စိမ်းနန်းတော်သို့ သွားကြပြီဖြစ်ရာ ကျန်ခဲ့သူများမှာ ကောင်းကင်နတ်အရှင်ဟောင်အတွက် ပြိုင်ဘက်မဟုတ်ပေ။ သူတို့မှာ ကောင်းကင်နတ်အရှင်ဟောင်၏ မျက်နှာကိုပင် သဲသဲကွဲကွဲ မမြင်လိုက်ရဘဲ အသက်ထွက်ကုန်ကြသည်။ သူတို့၏ ဝိညာဉ်အားလုံးသည် ကောင်းကင်ယင်သားတော် ဖန်တီးထားသော အဖြူရောင်အလံထဲသို့ စုပ်ယူသိမ်းဆည်းခံလိုက်ရ၏။
ကောင်းကင်နတ်အရှင်ဟောင် ရှေ့ဆက်သွားနေစဉ် ကောင်းကင်နတ်အရှင်ယွင်က နောက်မှလိုက်သွားနေသည်။
မကြာမီ သူတို့နှစ်ယောက် နောက်မှ လိုက်နေသော ချင်မူမှာ ကြောင်အသွားသည်။ သူ ရတနာခန်းမတစ်ခုကို တွေ့လိုက်ရလေသည်။
နံ့သာခန်းမ...
သူ ရင်တဒိန်းဒိန်း ခုန်သွားသဖြင့် သူ၏နှလုံးခုန်သံကို သူ့အရှေ့ရှိ နှစ်ယောက်စလုံး ချက်ချင်း ခံစားလိုက်ကြရသည်။ ကောင်းကင်နတ်အရှင်ယွင်က လှစ်ခနဲ ပုန်းလိုက်ပြီး ချင်မူကလည်း အရည်ပျော်ကျသွားသကဲ့သို့ အရိပ်အသွင် ပြောင်းကာ မြေကြီးပေါ် ကပ်လိုက်သည်။
ကောင်းကင်နတ်အရှင်ဟောင်သည် မည်သည်ကိုမှ မမြင်ရသည့်အခါ ရှေ့ဆက်သွား၏။
မကြာမီ ကောင်းကင်နတ်အရှင်ယွင် ပြန်ထွက်လာပြီး ဟိုဟိုသည်သည် ကြည့်နေသည်။ သူလည်း မည်သည်ကိုမှ မတွေ့ရသည့်အခါ ကောင်းကင်နတ်အရှင်ဟောင်နောက်မှ လိုက်သွားသည်။
ချင်မူလည်း အရိပ်ထဲမှ ထွက်လာကာ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် နံ့သာခန်းမဆီ ကြည့်နေသည်။
ထိုခန်းမသည် ကောင်းကင်နတ်အရှင်ယွီ၏ ဝိညာဉ်၏ ကျန်တစ်စိတ်အပိုင်းအား ဖိနှိပ်ထားခြင်း ဖြစ်၏။ ကောင်းကင်နတ်ဧကရာဇ်၏ တန်ဖိုးအထားဆုံးသော မဟာခန်းမဖြစ်သည့်အလျောက် ၎င်းအပေါ်တွင် သင်္ကေတအမှတ်အသားများနှင့် အတားအဆီးအစီအရင်များလည်း များပြားလှ၏။ ထော့ကျိုးပင်လျှင် မဝင်နိုင်ရာ သူလည်း မ၀င်နိုင်သည့် အဓိပ္ပာယ်ပင်။
ချင်မူမှာ သက်ပြင်းတစ်ချက် ရှိုက်သွင်းလိုက်ရင်း ယွင်နှင့် ဟောင်နောက်မှ ဆက်လိုက်သွားသည်။
မကြာမီ သူသည် ပလ္လင်ခန်းမ ၇၂ ခု၏ ဒုတိယမြောက် ခန်းမ၊ ကျောက်ယန်ခန်းမကို တွေ့လိုက်ရသည်။
ကောင်းကင်နတ်အရှင်ဟောင်က ရှေးဟောင်းချီလင်နတ်ဘုရားနှစ်ပါး စောင့်ရှောက်နေသည့် ခန်းမထဲသို့ ၀င်သွားသည်။ ချီလင်နတ်ဘုရားနှစ်ပါးသည် လေးနက်ပြီး ခက်ထန်မည့် အသွင်အပြင် ရှိကြ၏။ ကောင်းကင်နတ်အရှင်ဟောင်က သူတို့ထံ ရောက်သွားရာ သူတို့က လက်သည်းစွယ်များ မြှောက်၍ ဟိန်းဟောက်လိုက်ကြသည်။ “ဒါက အရေးပါတဲ့ နယ်မြေ.. ကျေးဇူးပြုပြီး ရပ်လိုက်ပါ ကောင်းကင်နတ်အရှင်ဟောင်”
ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလျက် ပြောသည်။ “ခမည်းတော်ရဲ့အမိန့်ကြောင့် လာစစ်ဆေးတာပါ... ကျေးဇူးပြုပြီး ၀င်ခွင့်ပြုပါ စီနီယာတို့”
“ဧကရာဇ်ရဲ့ အမိန့်တော်လား.... အမိန့်စာ ပါသလား”
ကောင်းကင်နတ်အရှင်ဟောင်သည် အမိန့်စာကို ထုတ်လိုက်၏။ “ကျေးဇူးပြုပြီး ကြည့်လိုက်ပါ”
ချီလင်နတ်ဘုရားနှစ်ပါးသည် ရှေးဟောင်းနတ်တောင်တန်းများမှ မွေးဖွားလာသော ရှေးဟောင်းနတ်ဘုရားများ ဖြစ်ကြ၏။ သူတို့ အမိန့်စာကို ကြည့်ရန် ပြင်လိုက်ကြစဉ် ကောင်းကင်နတ်အရှင်ဟောင်က ရုတ်တရက် စာလွှာကို ပြောင်းပြန်လှန်လိုက်သည်။ စာလွှာ၏ အနောက်ဘက်ကား မှန်တစ်ချပ် ဖြစ်ပြီး အလင်းများ ထွက်ပေါ်လာကာ ရှေးဟောင်းချီလင်နတ်ဘုရားနှစ်ပါး၏ မူလဝိညာဉ်များပေါ်သို့ ကျရောက်သွားတော့သည်။
နတ်ဘုရားနှစ်ပါး မလှုပ်နိုင်တော့ပေ။ ကောင်းကင်နတ်အရှင်ဟောင်က ထရပ်၍ သူတို့နှစ်ပါးကို သတ်လိုက်ရင်း မူလဝိညာဉ်များအား ထုတ်ယူသည်။ ထို့နောက်မှ စိတ်အေးသွားပုံရသည်။ သူက ခန်းမဆီသို့ လျှောက်သွားပြီး တစ်ယောက်တည်း ရေရွတ်နေသည်။ “မယ်တော်ပြောတာ ရတနာနှစ်ပါးက ဒီမှာ ရှိကိုရှိရမယ်တဲ့.... အားချို ကောင်းကင်နတ်ဘုံကို လာတိုက်တာက ငါ အဲဒီရတနာတွေကို ခိုးယူနိုင်မယ့် အခွင့်အရေးကောင်းပဲ... ဒီရတနာတွေနဲ့ဆို ကမ္ဘာဦးသတ္တဝါတွေအပေါ် အုပ်ချုပ်နိုင်လိမ့်မယ်...”
ကျောက်ယန်ခန်းမ၏ အရှေ့တွင် မရေမတွက်နိုင်သော အတားအဆီးအစီအရင်များစွာ ရှိချေသည်။ ကောင်းကင်နတ်အရှင်ဟောင်သည် အစီအရင်ချိုးဖျက်နည်းကို သခင်မယွမ်မုဆီမှ သိရှိခဲ့ပြီးဖြစ်လိမ့်မည်။ သူက နောက်ဆုတ်၍ လက်ဝှေ့ရမ်းလိုက်ရာ သူ၏ချီစွမ်းအင်သည် ကူးခတ်နေသော နဂါးများ၊ ပျံသန်းနေသော ဖုန့်ဟွမ်များသဖွယ် အတားအဆီးအစီအရင်များဆီ ပျံသန်းသွား၏။
ချက်ချင်းဆိုသလို မရေမတွက်နိုင်သော သံကြိုးများက ကျောက်ယန်ခန်းမ၏ ပတ်ပတ်လည်တွင် ဖွဲ့တည်လာကာ ခန်းမအား ပိတ်လိုက်သည်။
ကောင်းကင်နတ်အရှင်ဟောင်၏ မျက်လုံးများက လင်းခနဲ တောက်ပသွား၏။ သူက ရင်ခုန်စွာဖြင့် အတားအဆီးအစီအရင်မှန်သမျှ ဖျက်ဆီးနေသည်။ တခဏကြာသော် တစ်ခုမကျန် ဖျက်ဆီးနိုင်ခဲ့ချေပြီ။
ထိုအခိုက်အတန့်တွင် သူ၏ပုံရိပ်သည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားကာ ခန်းမထဲ ၀င်ရောက်သွား၏။
အတားအဆီးအစီအရင်များ ချက်ချင်း ပြန်ပိတ်သွားသည်။
ကောင်းကင်နတ်အရှင်ဟောင် ၀င်ရောက်သွားလျှင်ချင်း ကောင်းကင်နတ်အရှင်ယွင်သည် အပြင်ထွက်လာကာ ကောင်းကင်နတ်အရှင်ဟောင်အတိုင်း လိုက်လုပ်၏။ ကောင်းကင်နတ်အရှင်ဟောင် လုပ်ခဲ့သည့်အရာမှန်သမှှ တသဝေမသိမ်း လုပ်နေချေသည်။
ကျောက်ယန်ခန်းမ၏ ချိပ်တံဆိပ်များကို ဖျက်ဆီးသည့် နည်းလမ်းကား ရှုပ်ထွေးလှသည်။ ဉာဏ်ကြီးရှင်များပင်လျှင် ထိုမျှများပြားသည့် နည်းလမ်းများကို တခဏအတွင်း သင်ယူနိုင်မည်မဟုတ်ချေ။
သို့ထိတိုင် ကောင်းကင်နတ်အရှင်ယွင်သည် ၎င်းတို့အားလုံးကို သင်ယူနိုင်ပြီး တသွေမတိမ်း လိုက်လိုက်နိုင်၏။
သူကား ဧကရာဇ်ပလ္လင်အဆင့်သို့ ပထမဆုံးရောက်ရှိခဲ့သူ မဟုတ်ပါလော။ သူ၏ ခရမ်းရောင်နတ်ဘုံ မိုးကောင်းကင်ပြာကျင့်စဉ်သည် အခြားသူများ၏ ပြိုင်ဘက်ကင်းသိုင်းကွက်များအား တုပရာတွင် အသုံးဝင်၏။ သူ၏မျိုးဆက် ယွင်ကျန်းလီက အဆိုပါကျင့်စဉ်ကို ခေတ်နှင့်အညီ လိုက်လံပြုပြင်ရင်း ခေတ်အသီးသီးမှ ပြုပြင်ပြောင်းလဲမှုတို့၏ အနှစ်သာရများကိုလည်း ထည့်သွင်းထားခဲ့သည်။
ကောင်းကင်နတ်အရှင်ယွင်က အတားအဆီးအစီအရင်များအား ဖျက်ဆီးပြီးနောက် ပွင့်လာသည်နှင့် ခန်းမထဲ ၀င်ရောက်သွားလေသည်။
သူ ၀င်ရောက်သွားသည်နှင့် အတားအဆီးအစီအရင်က ပိတ်သွားပြန်သည်။
ချင်မူလည်း ခန်းမရှေ့သို့ လျှောက်သွား၍ သူတို့ ချိုးဖျက်သွားသည့် နည်းလမ်းကို စဉ်းစားနေသည်။ အတန်ကြာသော် ခေါင်းယမ်းလိုက်သည်။ ‘အကုန်လုံးတော့ မမှတ်မိဘူး... ဒါပေမဲ့ ကံကောင်းချင်တော့ ပန်းချီနဲ့ ဖန်ဆင်းထားတဲ့ မှန်နဲ့ ငါ့အစား ဖွင့်ခိုင်းလို့ ရနိုင်မယ်’
သူက လက်ဝါးဖြန့်ကာ မှန်တစ်ချပ် ထုတ်လိုက်သည်။ ၎င်းသည် အလင်းတန်းများ ထုတ်လွှတ်၍ သူတို့ အတားအဆီးအစီအရင်များအား မည်သို့ချိုးဖျက်သွားသည်ကို ပြသနေ၏။
မှန် တောက်ပနေသော နေရာတွင် ကျောက်ယန်ခန်းမ၏ အတားအဆီးအစီအရင်များ ပွင့်လာသဖြင့် ချင်မူ ၀င်ရောက်နိုင်သွားသည်။
ကျောက်ယန်ခန်းမအထဲ ချင်မူသည် ဗလာနတ္ထိထဲသို့ ကျရောက်သွား၏။ ခန်းမအတွင်း၌ ကြမ်းပြင်ဟူ၍ မရှိဘဲ လေဟာနယ်ကြီးတစ်ခုသာ ဖြစ်နေသည်။
သူ့မှာ ပြုတ်ကျမသွားအောင် အလျင်အမြန် အပေါ်သို့ ပျံတက်လိုက်သည်။
ထို့နောက် ကျောက်ယန်ခန်းမထဲတွင် မျောလွင့်နေသည့် ရတနာအမျိုးမျိုးအား သတိထားမိသွားသည်။ ၎င်းတို့အားလုံးက ရတနာအလင်းရောင်မျိုးစုံ ထုတ်လွှတ်လျက် သိသာထင်းလင်းနေ၏။
ရတနာများအပြင်တွင် နန်းတော်မီးအိမ်များ ရှိနေသည်။
၎င်းတို့က လူတစ်ယောက်အမြင့် ရှိပြီး လေဟာနယ်ထဲ၌ လွင့်မျောလျက် ရတနာအလင်းရောင်များအား ဖိနှိပ်ထားကြသည်။ ထူးဆန်းစွာနှင့် အလင်းတန်းများကား စီစီရီရီ ဖြစ်နေသယောင်ပင်။
ချင်မူ သဘောပေါက်သွားသည်။ “ဒီနန်းတော်မီးအိမ်တွေက ရတနာတိုက်ရဲ့ ရတနာတွေကို စောင့်ရှောက်ပေးနေတဲ့ အတားအဆီးတွေပဲ”
ကျောက်ယန်ခန်းမအတွင်းရှိ ရတနာများမှာ ကြီးမားလှပြီး အဆောင်စက္ကူများစွာ အကပ်ခ့ထားရသည်။ အနားတွင် မည်သည့်အပြစ်အနာဆာမှ မရှိဘဲ ချောမွတ်နေသည့် ပေ ၆၀ ခန့် ရှည်လျားသော ဧရာမအလုံးကြီးတစ်လုံးကိုလည်း ချင်မူ တွေ့လိုက်ရသည်။
‘ဒါက ဘာကြီးတုန်း’
အသေးစိတ်ကြည့်ရန် ပြင်လိုက်သော်လည်း ၎င်းဆီမှ ထူးဆန်းသော နှလုံးခုန်သံများကို ခံစားနေရသဖြင့် ချင်မူ အံ့အားသင့်သွားသည်။ ‘ဒါက သာမန်အလုံးတစ်လုံးမဟုတ်ဘူး... အသက်ရှိတဲ့ ဥတစ်လုံးပဲ’
သူ ရှေ့သို့ မသွားနိုင်ခင် နန်းတော်မီးအိမ်များ တောက်ပလာကြ၏။ အလင်းတန်းများစွာက စုစည်း၍ သူ့အပေါ် ကျရောက်လာသည်။
ချင်မူ့ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး အလင်းတန်းများကို ရှောင်လိုက်သည်။ ခန္ဓာကိုယ်ကိုလည်း အကြိမ်ပေါင်းထောင်နှင့်ချီ ပြောင်းလဲလိုက်၏။ ၎င်းက ထော့ကျိုးသင်ပေးခဲ့သည့် ခန္ဓာကိုယ်သိုင်းကွက်များ ဖြစ်ချေသည်။
ချင်မူ ထိုဥဘေးသို့ သွား၍ လက်ဝါးဖြင့် ဖိလိုက်သည်။ ၎င်းအတွင်း၌ နှလုံးခုန်သံမှာ မဟာတာအိုအသံ ဖြစ်လာကြောင်း ချက်ချင်း ခံစားလိုက်ရ၏။ ၎င်းထဲတွင် တစ်စုံတစ်ယောက်က တာအိုသံအား ရွတ်ဆိုနေသည့်အလားပင်။
‘ရှေးဟောင်းနတ်ဘုရားတစ်ပါးများလား’
ချင်မူ ကြောင်အသွားသည်။ ရှေးဟောင်းနတ်ဘုရားများသည် ကမ္ဘာဦးခေတ်၌ မွေးဖွားခဲ့ခြင်းမဟုတ်ပါလော။ အဘယ်ကြောင့် မမွေးဖွားရသေးသော ရှေးဟောင်းနတ်ဘုရားတစ်ပါးသည် ဤနေရာ၌ ပိတ်လှောင်ခံထားရသနည်း။
ထိုအခိုက်အတန့်တွင် အရှေ့ရှိ အလင်းတန်းမှာ ပိုမိုတောက်ပလာပြီး ဟိုဟိုသည်သည် ပြေးလွှားလာသည်။ ချက်ချင်းဆိုသလို မီးအိမ်များအားလုံး အသက်၀င်လာကြ၏။ ကုဋေနှင့်ချီသော အလင်းတန်းများက နန်းတော်တွင် ထွန်းလင်းတောက်ပလာကြရာ ပုန်းရန် မဖြစ်နိုင်တော့ပေ။
ကောင်းကင်နတ်အရှင်ဟောင်လား၊ ကောင်းကင်နတ်အရှင်ယွင်လားတော့ မသိ။ တစ်ယောက်ယောက်သည် ရတနာများကို ပိတ်လှောင်ထားသော နန်းတော်မီးအိမ်တို့အား အသက်သွင်းမိသွားပြီး မည်သူ့ကိုမဆို အန္တရာယ်ကျသွားစေသည့် ဤကွင်းဆက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့ချေပြီ။
ချင်မူက သူ့ခန္ဓာကိုယ်ကို သဲတစ်မှုန်အရွယ် ကျုံ့၍ ဥပတ်ပတ်လည်တွင် ခုန်ကာ အလင်းရောင်ကို ရှောင်လိုက်သည်။ မကြာခင် သူ့မျက်ခုံးကြားမှ အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး အနီးရှိ မီးအိမ်များအပေါ် ဖြာကျသွား၏။ မီးအိမ်တစ်လုံးကား ချင်စာလုံးမြေပြင်ထဲတွင် သိမ်းဆည်းခံလိုက်ရသည်။
ချင်မူ့မျက်ခုံးကြားသည် တောက်ပလာပြီး အလင်းရောင်အား ဆက်လက်ဖြန့်ကျက်နေ၏။ အနီးရှိ နန်းတော်မီးအိမ်များမှာ ဘေးသို့ ရွေ့သွားပြီး ဘေးကင်းသော နေရာတစ်နေရာ ဖန်တီးပေးလိုက်၏။
အဝေးတွင် ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များ ထွက်ပေါ်လာသဖြင့် မီးအိမ်တစ်လုံးပြီးတစ်လုံး ငြိမ်းသေကုန်သည်။
ချင်မူ ရင်ထဲတွင် တုန်လှုပ်သွားသည်။ ‘ကောင်းကင်နတ်အရှင်ယွင်က ဒီအချိန်မှာ ဧကရာဇ်ပလ္လင်အဆင့် ရောက်နေပြီ... ကောင်းကင်နတ်အရှင်ဟောင်ကလည်း နတ်ကောင်းကင်အဆင့်မှာ... သူတို့စွမ်းအားက ငါ့ထက်သာတယ်... ဒီမီးအိမ်တွေက သူတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်လောက်ဘူး”
မကြာမီ မီးအိမ်အားလုံး ငြှိမ်းသတ်ခံလိုက်ရရာ ကျောက်ယန်ခန်းမ၏ ရတနာများမှ ထုတ်လွှတ်နေသည့် ရတနာအလင်းရောင်များသာ ကျန်ရစ်ခဲ့သည်။
ချင်မူက မျက်ခုံးများကြားမှ အလင်းတန်းများအား ပိုမိုတောက်ပစေလိုက်ပြီး ရှေးဟောင်းနတ်ဘုရားတို့၏ ဥနှင့်ဆင်တူသော ထိုဧရာမဥကြီးအား သိမ်းဆည်းပြီးနောက် ရတနာနောက်တစ်ခုဆီ ပျံသန်းသွားသည်။
ထိုရတနာသည် ရတနာတောင်တစ်လုံးဖြစ်၏။ ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားမှာ တောက်ပလာပြန်ပြီး ထိုတောင်အနားသို့ မရောက်ခင်မှာပင် သိမ်းယူလိုက်သည်။
၎င်းတောင်သည် သူတစ်ခါမှ မမြင်ဖူးသော ကျောက်စိမ်းတစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်လေသည်။ ကောင်းကင်နတ်ဧကရာဇ်၏ ရတနာတိုက်ထဲတွင် သိမ်းဆည်းခံထားရသည့်အလျောက် အရေးပါပေလိမ့်မည်။
‘ဒါတွေက ဘိုးဘေးနန်းတော်ကနေ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် သိမ်းယူလာတဲ့ ရတနာတွေများ ဖြစ်နေမလား’
သူက လေတဟူးဟူးတိုက်နေသော မြစ်တစ်စင်းကိုလည်း သိမ်းလိုက်သည်။ မြစ်သည် သေးငယ်ပြီး ပေ ၅၀၊ ၆၀ ခန့်သာ ရှည်လျား၏။ သို့သော် လေးလံသည်။ ချင်စာလုံးမြေပြင်ထဲ ရောက်သွားသည့်အချိန်တွင်ပင် အလေးချိန်ကြောင့် မျက်ခုံးနှစ်ဖက်ကြားရှိ နေရာ အိကျသွားသလို ချင်မူ ခံစားလိုက်ရသည်။
‘ဒီမြစ်က ဘာတုန်း’
ချင်မူမှာ သူ၏တတိယမျက်လုံး အောက်သို့ကျလာသဖြင့် တုန်လှုပ်သွားသည်။
သို့သော် စဉ်းစားနေရန် အချိန်မရှိပေ။ မကြာမီ ကောင်းကင်နတ်ဧကရာဇ်သည် အားချိုအား အနိုင်ယူ၍ ယိုတုသို့ ပြန်ပို့ပေတော့မည်။ ဤအချိန်အတောအတွင်း ရနိုင်သမျှ အကုန် ယူမှ ဖြစ်မည်။
ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်ဟောင်မှာလည်း အကြံတူနေသည်။ ကျောက်ယန်ခန်းမအတွင်းရှိ ရတနာများ တစ်ခုပြီးတစ်ခု ပြုတ်ပြုတ်ပြုန်းကုန်သည်။ ကေင်းကင်နတ်အရှင်ဟောင်က မြွေရေခွံအိတ်တစ်လုံး ထုတ်၍ ရတနာများ သိမ်းကျုံးထည့်နေသည်ကို ချင်မူ လှမ်းမြင်သွား၏။ ထိုအိတ်ကား ကောင်းမွန်သော ရတနာတစ်ပါး ဖြစ်သည်မှာ ထင်ရှားသည်။
ကောင်းကင်နတ်အရှင်ယွင်တွင်လည်း သာမန်မဟုတ်သော အိတ်တစ်လုံး ရှိနေသည်။ ၎င်းထံမှ ထောင်ကျယ်သားရဲအရှိန်အဝါ ခံစားလိုက်ရသည့်အတွက် ထောင်ကျယ်သားရဲ၏ အရေပြားမှ ချုပ်ထားသော ရတနာတစ်မျိုးဖြစ်ပေလိမ့်မည်။
ခန်းမထဲတွင် ရတနာအလင်းရောင်များ တစတစ လျော့ကျသွားသည့်အလျောက် တစ်နေရာလုံး မှေးမှိန်လာတော့သည်။
ချင်မူမှာ ခပ်သွက်သွက် လှုပ်ရှားနေစဉ် အင်မတန် ထင်းလင်းနေသော ကျောက်စိမ်းတိုင်တစ်တိုင် မြင်လိုက်ရသဖြင့် ရတနာခိုးယူနေခြင်းကို ရပ်တန့်လိုက်မိသည်။ သူ့မှာ အံ့အားသင့်လွန်းသဖြင့် အော်မိလုနီးပါးပင် ဖြစ်သွားချေသည်။
ယင်းကား ရှေးဟောင်းနတ်ဘုရားတို့၏ သင်္ကေတအမှတ်အသားများအပြင် ကောင်းကင်နတ်အရှင်ယွီ၏ ပုံစံကိုပါ ဖန်ဆင်းပေးနိုင်သော တာအိုဘိုးဘေးကြီး၏ အစောင့်အရှောက်ဆောင်မှ တိုင်လုံးကြီးပင် ဖြစ်၏။
‘အဲ့ဒီကျောက်စိမ်းတိုင်လုံးက ဆန်းကြယ်တဲ့ ရတနာတစ်ခု ဖြစ်နေတာလား’
ချင်မူလည်း ရှေ့သို့ အလောတကြီး ပျံသွားသော်လည်း ကောင်းကင်နတ်အရှင်ဟောင် ဦးသွားသည်ကို တွေ့လိုက်ရ၏။ တိုင်လုံကြီးကား ကောင်းကင်နတ်အရှင်ဟောင်၏ အိတ်ထဲသို့ ရောက်သွားချေပြီ။
သူတို့နှစ်ယောက် အကြည့်ချင်း ဆုံသွားသည်။ ချင်မူက လက်ဖဝါး လှန်မြှောက်လိုက်ပြီး ကောင်းကင်နတ်အရှင်ဟောင်ကမူ အရွယ်အစားကြီးမားလာသည်။ ချင်မူသည် ကောင်းကင်နတ်သိုင်းများဖြင့် လမ်းစဉ်သို့ ဝင်ရောက်၍ မဟာခြုံလွှမ်းကောင်းကင်သိုင်းကွက်ကို အသက်သွင်းလိုက်၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ဟောင်ကလည်း သူ၏အလံကို လွှဲရမ်းလိုက်သည်။ ချင်မူ့ခန္ဓာကိုယ်မှာ အသုံးမကျတော့သည့်အလား ယိမ်းယိုင်တုန်လှုပ်သွားသည်။
ကောင်းကင်နတ်အရှင်ဟောင်၏ ချီစွမ်းအား ပေါ်ထွက်လာသည်နှင့် ကောင်းကင်နန်းဆောင်တစ်ဆောင်သည် သူ့အား ချင်မူ၏ကောင်းကင်နတ်သိုင်းဆီမှ ကာကွယ်ပေးရန် ဖွဲ့တည်ပြီးနောက် ပျက်စီးသွား၏။
ချင်မူမှာ ကံဆိုးလှသည့်အကြောင်း တိတ်တဆိတ် ရေရွတ်လိုက်မိသည်။ ယခုအချိန်တွင် ကောင်းကင်နတ်အရှင်ဟောင်၏ သိုင်းအဆင့်သည် သူ့ထက် ကျော်လွန်သော်လည်း ကောင်းကင်နတ်သိုင်းများက သူ့လောက် မကောင်းမွန်ချေ။ သို့သော် သူ၏ရုပ်ခန္ဓာသည် အင်မတန် သန်မာ၏။ အရွက်ရောက်ပြီးသွားပုံပေါ်သည်။
တစ်ယောက်က အရှေ့သို့ ပျံထွက်သွားပြီး နောက်တစ်ယောက်က အနောက်သို့ ပျံသန်းသွားသည်။ နှစ်ယောက်သား ဆက်လက်မတိုက်ခိုက်ဘဲ ရတနာများ ဆက်လက်ခိုးယူနေကြလေသည်။
အချိန်က မရှိသည့်အပြင် ချင်မူ့အား အနိုင်ယူရန် မလွယ်ကူကြောင်း ကောင်းကင်နတ်အရှင်ဟောင် သဘောပေါက်၏။ ချင်မူလည်း အတွေးတူသဖြင့် မတိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ကျောက်ယန်ခန်းမမှာ မှောင်သထက် မှောင်လာနေသည်။ ကျန်ရှိသည့် အလင်းရောင်တို့မှာ ဟိုတစ်ကွက်၊ သည်တစ်ကွက်သာ တောက်ပနေချေသည်။
ထိုအခိုက်အတန့်တွင် ချင်မူ့မျက်လုံးများ တောက်ပလင်းလက်သွားသည်။ သူ့မှာ ပျော်လွန်း၍ ငိုမတတ်ပင် ဖြစ်နေတော့သည်။
မဟာကမ္ဘာဦးအစ မူလကျောက်တုံးအပိုင်းအစအချို့အား သူ ရှာတွေ့လိုက်ချေပြီ။
မဟာကမ္ဘာဦးအစ မူလကျောက်တုံး။
မဟာဧကရာဇ်၏ ရတနာသည် ကောင်းကင်နတ်ဧကရာဇ်၏ ရတနာတိုက်ထဲ၌ သိမ်းဆည်းခံထားရ၏။
ချင်မူက ၎င်းဆီ ပြေးဝင်သွားသော အလင်းတန်းအသွင် ပြောင်းသွားသည်။ တစ်ချိန်တည်းမှာပင် ထိုနေရာသို့ ဦးတည်လာနေသော နောက်ထပ် နတ်ဘုရားအလင်းတန်းနှစ်တန်းအား တွေ့လိုက်ရ၏။ ၎င်းတို့က ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ယွင် ဖြစ်ချေသည်။
သို့သော် သူတို့၏ဦးတည်ရာမှာ သူနှင့်မတူကြောင်း ချင်မူ တွေ့လိုက်ရသည်။
သူတို့သွားနေသည့်နေရာသို့ လှမ်းကြည့်လိုက်သည့်အခါ ချင်မူ တုန်လှုပ်သွား၏။ ကောင်းကင်နတ်အရှင်ယွင်၏ ဦးတည်ရာကား ယဇ်ပလ္လင်အသေးစားလေးဖြစ်ပြီး ကောင်းကင်နတ်အရှင်ဟောင်ကတော့ ဧရာမချိတ်တံဆိပ်ကြီးတစ်ခုထံသို့ ဦးတည်နေသည်။
‘မဟာဧကရာဇ်ရဲ့ ချိပ်တံဆိပ်နဲ့ မဟာဧကရာဇ်ရဲ့ ယဇ်ပလ္လင်ပဲ’
ချင်မူ၏အသိစိတ်အလျဉ်က ပျံထွက်လာပြီး မဟာကမ္ဘာဦးအစ မူလကျောက်တုံးဆီသို့ ပျံသန်းသွားသည်။ သူက ကျောက်တုံးကို ကောက်ယူပြီးနောက် အသိစိတ်အလျဉ်ကို နှစ်ခုခွဲလိုက်သည်။ တစ်ခုက ချိပ်တံဆိပ်ဆီ ဦးတည်သွားပြီး နောက်တစ်ခုက ယဇ်ပလ္လင်ဆီ ပျံသန်းနေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ယွင်တို့၏ အသိစိတ်အလျဉ်များက သူ့ထံ တစ်ပြိုင်နက် ပျံသန်းလာကြသည်။
ချင်မူ့ဦးခေါင်းမှာ ထုံကျင်လာ၏။ သူက သူ့ကိုယ်သူ ကာကွယ်ရန် ရှေးဟောင်းနတ်ဘုရားဥများနှင့် ဆင်တူသော ဥအား ထုတ်လိုက်သည်။ ကောင်းကင်နတ်သိုင်းများသည် ပြေးဝင်လာပြီး ချင်မူနှင့် ဥကြီးအား ရိုက်ခတ်သွားကြ၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ယွင်မှာ ချင်မူ့မျက်နှာကို မှတ်မိသွားသဖြင့် ဇဝေဇဝါဖြစ်သွားသည်။ “လော့ရှောင်၊ ခင်ဗျား သေသွားပြီမဟုတ်လား”
သူ့မှာ အံ့အားသင့်သွားပြီး အာရုံလွတ်သွားသောကြောင့် ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်နတ်သိုင်းဖြင့် တိုက်ခိုက်ခံလိုက်ရသည်။ ကောင်းကင်နတ်အရှင်ဟောင်က ရယ်မောရင်း မဟာဧကရာဇ်၏ ချိပ်တံဆိပ်အား ယူလိုက်သည်။ ထို့နောက် မဟာဧကရာဇ်၏ ယဇ်ပလ္လင်ဆီသို့ ချက်ချင်း ဦးတည်သွား၏။
ကောင်းကင်နတ်အရှင်ယွင်က အလျင်အမြန် ပြန်ပေးလာသည်။ နောက်ကျမှ ပြေးလာခဲ့သော်လည်း ပို၍မြန်လေသည်။ သူတို့နှစ်ယောက်လုံး မဟာဧကရာဇ်၏ ယဇ်ပလ္လင်ဆီသို့ တစ်ချိန်တည်းနီးပါး ရောက်ရှိသွားကြသည်။
ရုတ်တရက် ၎င်းသည် ဖျတ်ခနဲ ပျောက်သွား၏။
နှစ်ယောက်သား လန့်သွားကြသည်။ ကောင်းကင်နတ်အရှင်ဟောင်ကလည်း သူ ကိုင်ထားသော မဟာဧကရာဇ်ချိပ်တံဆိပ် ပျောက်သွားသဖြင့် အထိတ်တလန့် အော်လိုက်သည်။
‘ဘာလဲဟ’ ထိုသို့အတွေးက သူတို့နှစ်ယောက်လုံး၏ ခေါင်းထဲတွင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် ခန်းမအပြင်တွင် ရှေးဟောင်းကောင်းကင်ဧကရာဇ်သည် အားချိုကို တိုက်ခိုက်နေသဖြင့် ကြောက်မက်ဖွယ် ၀ရုန်းသုန်းကား အခြေအနေများ ဖြစ်ပျက်နေ၏။
ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်ဟောင်က ချက်ချင်း ထွက်သွားရန် ဆုံးဖြတ်လိုက်ကြပြီး ခန်းမ၏ထွက်ပေါက်ဆီ အလောတကြီး ဦးတည်သွားကြသည်။
နောက်မှ ထွက်ခွာပါက နောက်ကျသွားပေလိမ့်မည်။ မြေအောက်ဘုံအရှင်သခင် ပြန်လည်၀င်စားခဲ့သူ အားချိုသည် ကောင်းကင်နတ်ဧကရာဇ်၏ ပြိုင်ဘက်မဟုတ်၍ တစ်ချက်တည်းဖြင့် အနိုင်ယူခံရလိမ့်မည်။ ထိုအချိန်၌ သူတို့သာ ကျောက်ယန်ခန်းမအတွင်း၌ ပိတ်မိနေဆဲဖြစ်ပါက မရှုမလှ သေဆုံးကြရလိမ့်မည်။
သူတို့နှစ်ယောက်သည် ရည်မှန်းချက်ကြီးသူများပီပီ ဤနေရာတွင် အသေခံကြမည်မဟုတ်ချေ။
သူတို့ တံခါးပေါက်ထံ ပျံသန်းသွားသည်နှင့် ချင်မူက သူ့ကိုယ်သူ တည်ငြိမ်စေပြီးနောက် ချိပ်တံဆိပ်နှင့် ယဇ်ပလ္လင်တို့ ပျောက်ကွယ်သွားသည့်နေရာသို့ ပျံသန်းသွားသည်။ သူ့လက်ထဲတွင်လည်း ချိတ်တံဆိပ်နှင့် ယဇ်ပလ္လင် ရှိနေသည်။
သူက လက်ထဲရှိ အရာတို့ကို မျက်ခုံးနှစ်ဖက်ကြားသို့ ထည့်လိုက်သည့်အခါ ကျောက်ယန်ခန်းမအထဲရှိ ယဇ်ပလ္လင်နှင့် ချိပ်တံဆိပ်တို့မှာ ပြန်ပေါ်လာ၏။
ချင်မူသည် ၎င်းတို့ကို ယူ၍ ခန်းမအပြင်သို့ အလောတကြီး ထွက်သွားတော့သည်။