ရှေးဟောင်းနတ်ဘုရားဥကို ခုတ်ဖွင့်လိုက်သည့် အဆုံးမဲ့တိမ်တိုက်ဧကရာဇ်
Vol. 82 Ch. 1068
ချင်မူ မီးငှက်ကောင်းကင်နန်းတော်ဆီ ရောက်သွားသော်လည်း တောင်နတ်မင်းကျုချွဲမှာ မရှိတော့ချေ။ နန်းတော်ကို စောင့်ကြပ်နေသည့် နတ်ဘုရားတစ်ပါးက ပြော၏။ “တောင်နတ်မင်းက အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်ပြီးတဲ့နောက်ပိုင်း မြောက်နတ်မင်းနဲ့ အရှေ့နတ်မင်းဆီ အလည်သွားပါတယ်”
ချင်မူက မျက်မှောင်ကြုတ်သွားပြီး ထိုနတ်ဘုရားထံမှ စာရွက်နှင့် မှင်တံ တောင်းယူလိုက်သည်။ သူက စာတစ်စောင်ရေး၍ နတ်ဘုရားအား ပေးကာ ပြောသည်။ “သူ ပြန်လာရင် ပေးလိုက်ပါ.... သူ့ရဲ့ မောင်တော် ရောက်လာခဲ့ပြီး စာထဲ ရေးတဲ့အတိုင်း လုပ်ပါလို့ မှာသွားတယ်ဆိုတာ ပြောပေးပါ”
နတ်ဘုရားက ထိုစာကို သိမ်းထား၏။
မကြာမီ ကျောက်ယန်ခန်းမဖောက်ထွင်းမှုကို လူတိုင်း သိရှိသွားကြချေပြီ။
ကောင်းကင်နတ်ဧကရာဇ်မှာ အမျက်တချောင်းချောင်း ထွက်သွားပြီး မဟာနေဧကရာဇ်ကို ကြယ်တာရာအရှင်သခင်များအား ဦးဆောင်စေ၍ ကောင်းကင်နတ်ဘုံရှိ လူတိုင်းကို မေးမြန်းစစ်ဆေးခိုင်းလိုက်သည်။ နတ်မင်းလေးပါး၏ ကောင်းကင်နန်းဆောင်များကိုပင် အလွှတ်မပေးချေ။
မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်း၊ အမိကမ္ဘာမြေ၊ ကောင်းကင်ယင်နှင့် ကောင်းကင်နတ်ဧကရီတို့ ညီမနှစ်ဖော်တို့၏ ကောင်းကင်နန်းဆောင်များ၊ အစရှိသော ကောင်းကင်နတ်ဘုံရှိ ကောင်းကင်နန်းဆောင်မှန်သမျှ မွှေနှောရှာဖွေခြင်းခံရသည်။
ကောင်းကင်နတ်ဘုံ၏ မထိုးဖောက်နိုင်သော ပိုက်ကွန်ကိုလည် ဖြန့်ကျက်ထားသည်။ သိပ်သည်းလှသော အလင်းတန်းများသည် ကောင်းကင်အထက် နေရာတိုင်းတွင် လွင့်မျောနေကြပြီး မဟာတာအို အလင်းသံကြိုးများအား ဖွဲ့တည်လျက် ရှိကြ၏။ ထို့ကဲ့သို့ အခြေအနေမျိုးတွင် ကောင်းကင်နတ်ဘုံမှ ထွက်သွားရန် မဖြစ်နိုင်သလောက်ပင်။
‘ငါ အတိတ်ကပစ္စည်းတွေကို အနာဂတ်ကို ယူသွားလို့ရလားမသိဘူး”
ချင်မူ တွေးလိုက်မိသည်။ မပြောင်းလဲသော ဒြပ်ထု၏စ ည်းမျဉ်းများအရ ထိုသို့လုပ်နိုင်သည်ဟု ဆိုသော်လည်း မသေချာချေ။
ထိုအခိုက်အတန့်တွင် စစ်တပ်က သူ ရှိနေသော နေရာအား ရှာဖွေတော့မည်ဖြစ်သဖြင့် မီးအိမ်ကို ငြှိမ်းသတ်ရန် ဆုံးဖြတ်လိုက်သည်။
ရုတ်ရုတ်သဲသဲ အခြေအနေများ ပြီးဆုံး၍ အချိန်တချို့ ကုန်ဆုံးသွားပြီးနောက် တောင်နတ်မင်းကျုချွဲသည် ရှေးဟောင်းနတ်မင်းသုံးပါးဆီ အလည်အပတ်သွားနေရာမှ သူမ၏နန်းတော်ထံ ပြန်ရောက်လာ၏။
တံခါးကို စောင့်ကြပ်နေသည့် နတ်ဘုရားက သူမကို စာတစ်စောင် ပေး၍ လျှောက်တင်သည်။ “အရှင်မ၊ မီးအိမ် ကိုင်ထားတဲ့ မျက်လုံးပြူးပြူး၊ မျက်ခုံးထူထူ လူငယ်တစ်ယောက်က အရှင်မရဲ့ မောင်တော်ဆိုပြီး ရောက်လာခဲ့ပါတယ်... သူက စာတစ်စောင်ထားခဲ့ပါတယ်.... ထူးဆန်းစွာနဲ့ စာရေးစရာ ဘာမှမပါဘဲ ကျွန်တော်တို့ဆီကနေပဲ တောင်းခဲ့ပါတယ်”
“မောင်တော်.... မီးအိမ်တဲ့လား”
တောင်နတ်မင်းမှာ ဇဝေဇဝါဖြစ်နေသည်။ သူမက စာကို ယူရင်း အတွေးများဖြင့် နန်းတော်ထဲ ၀င်လာ၏။ “ဟိုမျိုးမစစ်အဘိုးကြီးနှစ်ယောက် ပြောတာမှန်တယ်... ကောင်းကင်နတ်ဧကရာဇ်က ရှေးဟောင်းနတ်ဘုရား ၂၈ ပါးကို ငါတို့၀င်ရိုးစွန်းတွေကို သိမ်းယူပြီး အုပ်ချုပ်စေခဲ့တာ... အခု မြေအောက်ဘုံအရှင်သခင်ကြောင့် သူတို့တတွေ သေသွားပြီဆိုတော့ ၀င်ရိုးစွန်းလေးခုမှာ အုပ်ချုပ်ဖို့ နတ်ဘုရားမရှိဘူး....ဆိုတော့ ဖရိုဖရဲတွေ ဖြစ်နေမယ့်အဓိပ္ပာယ်ပဲ... ငါတို့ပြန်သွားဖို့ အခွင့်အရေးဖြစ်လာလိမ့်မယ်”
သူမက အသိုက်ပေါ်တွင် ထိုင်ချလိုက်ရာ သူမ၏အနီရောင်အ၀တ်များသည် ၎င်းအပေါ် ဖုံးအုပ်သွား၏။ တစ်နေရာလုံးကား ရဲရဲတောက်လျက် အနီရောင်များဖြင့် ပြည့်နှက်နေချေသည်။ မီးတောက်တစ်ခုသဖွယ် တရိပ်ရိပ်လည်း လှုပ်ရှားလင်းလက်နေသဖြင့် သူမ၏အသားအရည်ကို ဖွေးဥနေစေသည်။
တောင်နတ်မင်းက စာကို ဘေးသို့ချလျက် တွေးနေသည်။ ‘ကောင်းကင်နတ်ဧကရာဇ်က စေတနာကောင်းလွန်းလို့ ငါတို့အတွက် ကောင်းကင်နန်းဆောင်တွေ ဆောက်ပေးထားတာ ဆိုပြီး ထင်ကောင်းထင်ရနိုင်တယ်... ဒါပေမဲ့ တကယ်က သူက ငါတို့ကို ကောင်းကင်တတ်ဘုံမှာ အကျဉ်းသားတွေလို ထိန်းသိမ်းထားချင်နေတာ... ဒီနေရာကနေ ထွက်သွားဖို့ အကြီးအကျယ် ပုန်ကုန်ဖို့ လိုတယ်... အားချိုရဲ့ တိုက်ခိုက်မှုထက် ပိုကြီးတာမျိုး'
“လူတစ်ယောက်ဟာ အာဏာနဲ့ အဝေးမှာရှိနေရင် အာဏာရှင်တွေအနေနဲ့ ၀င်ရောက်ပတ်သက်နိုင်မှာ မဟုတ်ဘူး.... ငါ ၀င်ရိုးစွန်းကို ပြန်သရွေ့ လွတ်လပ်သွားလိမ့်မယ်... ကောင်းကင်နတ်ဘုံရဲ့ ထိန်းချုပ်မှုကို ခံရတော့မှာမဟုတ်ဘူး”
၀မ်းနည်းမှု အရိပ်အယောင်များသည် သူမ၏မျက်နှာထက်၌ ဖြတ်ပေးသွား၏။ အားချို၏ တိုက်ခိုက်မှုထက် ကြီးမားသည့် ပုန်ကန်မှုကား မည်သည့်နေရာမှ ပေါ်ပေါက်လာမည်နည်း။
တခဏကြာသော် သူမက သက်ပြင်းတစ်ချက် ဖြည်းညင်းစွာ ချ၍ ချင်မူ့စာကို ကောက်ယူလိုက်သည်။ ၎င်းအပေါ်တွင် မီးငှက်အမှတ်အသားဖြင့် တံဆိပ်တစ်ခုအား တွေ့လိုက်ရ၏။
သူမ အံ့အားသင့်သွားသည်။ အမှတ်အသားက အသက်၀င်နေပြီး ၎င်းအပေါ်ရှိ သင်္ကေတများမှာ မီးငှက်အသွင်သဏ္ဍာန်များ ဖြစ်ကြသည်။ သူမနှင့် အတော်လေးရင်းနှီးသူများပင်လျှင် မီးငှက်မဟာတာအိုများသင်္ကေတများ၌ ကျွမ်းကျင်ကြမည်မဟုတ်ချေ။ သို့ပင်ငြား စာကို ထားခဲ့သူကား ပြည့်စုံလုနီးပါး မီးငှက်အမှတ်အသားကို ထားရစ်ခဲ့လေသည်။
သူမသာလျှင် တံဆိပ်အား ဖွင့်နိုင်၏။ တခြားသူများသာ တံဆိပ်ကို အသာလေး ထိလိုက်ပါက စာရွက်သည် မီးလောင်ပြာကျသွားပေလိမ့်မည်။
‘ဒါကို ထားခဲ့သူက ငါ့မောင်တော်တဲ့လား... မဟုတ်မှ'
သူမ တံဆိပ်ကို ဖျက်၍ စာဖွင့်လိုက်သ ည့်အခါ စာလုံးများက ခုန်ထွက်လာပြီး လေထုထဲတွင် ဖြည်းဖြည်းချင်း လောင်ကျွမ်းသွားကြသည်။
စာလုံးများသည် မီးတောက်များသဖွယ် ကျွမ်းလောက်လျင် ပုံစံပေါ်လာကြ၏။
တောင်နတ်မင်းကျုချွဲက အချိန်အတော်ကြာ စိုက်ကြည့်ရင်း စာဖတ်နေသည်။ ထို့နောက် စာသည် ပြာကျသွား၏။
“တကယ်ကြီး မောင်လေးမူချင်းပဲ”
တောင်နတ်မင်းကျုချွဲမှာ မျက်တောင်တစ်ချက် ခတ်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သူက ငါအနာဂတ်မှာ သေရမှာမလို့ ကြိုတင်ပြင်ဆင်ဖို့ ပြောထားတာပဲ... ငါ့ကို ရွေးချယ်စရာနှစ်ခု ပေးသွားတယ်... ပထမတစ်ခုက လူသားတွေရဲ့ ကောင်းကင်နတ်အရှင်ယွဲ့ကို ဆက်သွယ်၊ ငှက်မွှေးတစ်ချောင်း ပေးပြီး လုံလုံခြုံခြုံ သိမ်းထားခိုင်းဖို့... နောက်တစ်ခုက ငါ့ဝိညာဉ်ကို ခွဲပြီး လူဝင်စားဖို့ ပြင်ဆင်ထားခိုင်းတာပဲ”
တောင်နတ်မင်းက သူမ၏အသိုက်ထဲတွင် လှဲချလိုက်ရာ ပိန်သွယ်သွယ်ခြေထောက်လေးများသည် ၀တ်ရုံအတွင်းမှ ထွက်လာ၏။ သူမက တွေးနေသည်။ ‘ဒါပေမဲ့ အရှေ့နတ်မင်းက ကောင်းကင်နတ်အရှင်မူလို လူသားတွေရဲ့ ကောင်းကင်နတ်အရှင်တွေကို သတိထားစေချင်တယ်.... ကောင်းကင်နတ်အရှင်မူက ရှေးဟောင်းနတ်ဘုရားတွေကို သတ်ခဲ့တဲ့အတွက် ငါတို့အတွက် အကြီးမားဆုံး အန္တရာယ်ပဲ.. သူ ပြောတာမှန်တယ်... ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်တွေက သူ့လက်ချက်နဲ့ သေခဲ့ရတာလေ...”
သူမမှာ ဝေခွဲမရ ဖြစ်နေရှာသည်။ ထို့နောက် ထရပ်၍ ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ မကြာမီ စိတ်ပိုင်းဖြတ်လိုက်သည်။ ‘ကောင်းကင်နတ်အရှင်ယွဲ့ကို အရင်သွားတွေ့မယ်... ကောင်းကင်နတ်အရှင်မူက အကျင့်စရိုက်မကောင်းတဲ့အပြင် ဒါက လှည့်ကွက်တစ်ခုဆိုရင် ငါ သူနဲ့ဝေးဝေးမှာ နေရမယ်... အကျင့်စာရိတ္တကောင်းတယ်ဆိုရင်တော့ မိတ်ဆွေဖွဲ့ဖို့ အပန်းမကြီးပါဘူး... ငါ အဲ့ဒီကလေးမလေး ကောင်းကင်နတ်အရှင်လင်ကိုတော့ မှတ်မိတယ်... အို ဟုတ်သားပဲ...သူက မောင်လေးမူချင်းနဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့တာပါ”
ထိုနှစ်မှာပင် ကောင်းကင်နတ်အရှင်ယွဲ့သည် မဟာလေဟာနယ်သို့ သွားရောက်၍ မဟာကမ္ဘာဦးအစ မူလကျောက်တုံးအား ဖန်ဆင်းရှင်များထံ ပေးကာ ပြောသည်။ “လော့ရှောင်က ခင်ဗျားတို့အားလုံး မဟာလေဟာနယ်တံတားနဲ့ ပရမတ္တလောကကို တည်ဆောက်ဖို့အတွက် တန်ဖိုးရှိတဲ့ ကျောက်တုံးတစ်တုံး ပေးခဲ့တယ်”
ဖန်ဆင်းရှင်အားလုံးသည် အံ့ဩမှင်သက်နေကြသော်လည်း ထွေထွေထူးထူး မမေးမြန်းကြချေ။
ကောင်းကင်နတ်အရှင်ယွင်မှာ ရိုးသားသော ဖန်ဆင်းရှင်များကို ကြည့်ကာ ခေါင်းခါရမ်းမိသည်။
မဟာဧကရာဇ်၏ ကျူးကျော်ခြင်းအား ခုခံရန် ဖန်ဆင်းရှင်များအတွက် ခက်ခဲပေလိမ့်မည်။
သူ လန်ဝူနှင့်လည်း ထပ်မံတွေခဲ့ရပြန်သည်။ ဖန်ဆင်းရှင်မိန်းကလေးတိုင်းမှာ အင်မတန်လှပကာ စိတ်လှုပ်ရှားအောင် ဆွဲဆောင်နိုင်ကြ၏။ သူမကို မြင်လိုက်တိုင်း မနှစ်မြို့ဖွယ်အတွေးများသည် သူ့စိတ်ထဲတွင် ပေါ်လာတတ်၏။
သူ့တွင် စိတ်ကူးတစ်ခု ရှိပါသော်လည်း ဤမိန်းကလေးအား အန္တရာယ်ကျရောက်ခွင့် မပြုနိုင်ချေ။
သူ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံသို့ ပြန်ရောက်သောအခါ ဖန်ဆင်းခြင်းလမ်းစဉ်ကို တိုးတက်အောင် လုပ်နေသော ကောင်းကင်နတ်အရှင်လင်ကို တွေ့ရှိသွားသည်။ သူမသည် ထူးဆန်းသော မျိုးစိတ်များစွာ ဖန်ဆင်းထား၏။ သူ့မှာ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် မေးမိလေသည်။ “လင်၊ မင်း လူအစစ်တစ်ယောက်ကို ဖန်ဆင်းလို့ရလား”
ကောင်းကင်နတ်အရှင်မှာ သိသိသာသာ ဇဝေဇဝါဖြစ်သွားပြီး မရေမတွက်နိုင်သော စာလိပ်များကြားမှ ခေါင်းထောင်၍ သူ့ကို ကြည့်လာ၏။
“ပြီးပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ပေါ့”
ကောင်းကင်နတ်အရှင်ယွင်၏ မျက်ဝန်းများက ဖျတ်ခနဲ လက်သွားပြီး သူက ပြောသည်။ “ငါ နင့်ကို သူနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်”
မကြာမီ ကောင်းကင်နတ်အရှင်လင်သည် လန်ဝူကို တွေ့မြင်လိုက်ရသည့်အခါ သူမ၏အလှတွင် နစ်မြောစွာဖြင့် ချီးကျူးလိုက်၏။ “နှင်းထက် ဖြူဆွတ်သော အသားအရေနဲ့ ဒီမိန်းကလေးကို အဘယ်မိန်းကလေး ယှဉ်နိုင်ပါ့မလဲ... တစ်ချက် မြင်လိုက်ရုံနဲ့ ဖုန့်ဟွမ်ငှက်တွေ တောင်ပံဖြန့်လျက် အချစ်သီချင်းတွေ သီဆိုမိကြလိမ့်မယ်... ကျောက်စိမ်းတောင်တန်းကဲ့သို့ ဖြူမွတ်သော အသားအရေ၊ ခြေတစ်သိန်း ကုဋေတစ်သန်းနဲ့ ရှုမငြီးတဲ့ သူ့အလှမှာ ရင်ခုန်စိတ်မလှုပ်ရှားမိသူ မရှိဘဲ နေပါ့မလား... မိုးမခသစ်ကိုင်းခက်လို သေးသွယ်သော ခါး၊ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်နဲ့ ဒီမိန်းကလေးကို... ကျွယ်ဝူချိန်လို့သာ ခေါ်သင့်ပါတော့တယ်”
လန်ဝူမှာ သူမ၏ချီးကျူးစကားကို ကြားလျှင် ရှက်သွေးဖြာသွားတော့သည်။
ကောင်းကင်နတ်အရှင်ယွင်က မေး၏။ “မင်း ဖန်ဆင်းခြင်းလမ်းစဉ်နဲ့ ကျွယ်ဝူချိန်ကို ဖန်ဆင်းလို့ရမလား”
ကောင်းကင်နတ်အရှင်လင်က စဉ်းစားကြည့်ပြီးနောက် ဖြေသည်။ “ကြိုးစားကြည့်လို့တော့ရပေမယ့် အဲ့ဒါက မပြည့်စုံသေးဘူး... ငါ အချိန်နည်းနည်းလိုတယ်... ပြည့်စုံအောင် လုပ်ပြီး နတ်ဘုရားလက်နက်တစ်ခု ဖန်ဆင်းနိုင်ရင် ကျွယ်ဝူချိန်ကိုလည်း ဖန်ဆင်းလို့ရပြီ”
“အချိန်ဘယ်လောက်လိုလဲ”
“မသိဘူး... နင် စောင့်ရလိမ့်မယ်”
ကောင်းကင်နတ်အရှင်ယွင်မှာ ရွေးချယ်စရာမရှိချေ။ သူက လော့ရှောင်အကြောင်း တွေးမိသဖြင့် စဉ်းစားနေ၏။ ‘အဲ့ဒီလော့ရှောင်က တကယ်ပဲ လော့ရှောင်လား... ဒါမှမဟုတ် လော့ရှောင်က လော့ရှောင်မဟုတ်ဘဲ အဲ့ဒီလူ...”
မူချင်း၏ပုံရိပ်က သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။ သူက ခေါင်းခါရမ်း၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “မဖြစ်နိုင်တာ... လင်ပြောတာ သူက အနာဂတ်က လူတဲ့... ငါ သူနဲ့တွေ့ဖို့ မျှော်လင့်မိတယ်.... သူ့ကို ပြောပြချင်တဲ့ ရည်မှန်းချက်တွေ အများကြီးရှိတယ်...”
သူက မဟာလေဟာနယ်ထဲရှိ အပူအပင်ကင်းသော ဖန်ဆင်းရှင်များကို ငေးမောနေရင်း တွေးနေသည်။ ‘ငါတို့က တူတယ်လို့ ခံစားနေရပေမယ့်... ဘာလို့ သူက အနာဂတ်ကလဲ... ဒီခေတ်မှာ ငါ့အတွက် တာအိုရောင်ရင်းတစ်ယောက်မှ မရှိဘူး... ရှိတဲ့တစ်ယောက်ကလည်း ဘာလို့ အနာဂတ်က ဖြစ်နေရတာလဲ...’
သူနှင့် အနာဂတ်မှ တာအိုရောင်ရင်းသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဝေးကွာနေသော်လည်း ရှေ့ဆက်သွားနိုင်အောင် တစ်ဦးနှင့်တစ်ဦး ကူညီပေးနေသည့်အလား ခံစားနေရသည်။ သို့ထိတိုင် သူတို့နှစ်ဦးလုံးမှာ များစွာ ဝေးကွာနေချေသည်။
နှစ်ပေါင်း ရာဂဏန်းမျှ ကြာမြင့်ပြီးနောက် အိမ်ရှေ့စံမင်းသားချီသည် ကောင်းကင်နတ်ဘုံ၏ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့ကို ဦးဆောင်၍ ပုန်ကန်ခဲ့ရာ ကောင်းကင်နတ်ဘုံတစ်ခုလုံး ကမောက်ကမ ဖြစ်သွားချေသည်။ ရှေးဟောင်းနတ်ဘုရားများစွာလည်း သူနှင့်အတူ ပါ၀င်ခဲ့၏။
ပုန်ကန်မှုသည် မိဖုရားဆောင်မှ စတင်ခဲ့၏။ အိမ်ရှေ့စံမင်းသားချီက အင်အားအကြီးဆုံး နတ်ဘုရားတစ်ပိုင်းဖြစ်သည့်အပြင် ကောင်းကင်နတ်ဧကရီနှင့် ကောင်းကင်နတ်ဧကရာဇ်တို့၏ သွေးကိုလည်း ပိုင်ဆိုင်ထားသည်။ အရွယ်လည်း ရောက်လာပြီဖြစ်ရာ နတ်ဘုရားတစ်ပိုင်းတို့အနက် ကြောက်မက်ဖွယ်အကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်လာသည်။
သူသည် စွမ်းအားကြီးလွန်းသောကြောင့် နတ်ဧကရာဇ်လန်ရွှမ်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့ထက်ပင် ကြောက်စရာကောင်းချေသည်။
သူ ဖြစ်ပေါ်စေခဲ့သည့် ဂယက်များကား ကြီးမားလှ၏။ ပုန်ကန်မှုအား သူ့နောက်လိုက် နတ်ဘုရားတစ်ပိုင်းများနှင့် ရှေးဟောင်းနတ်ဘုရားတို့သာ ထောက်ခံထားခြင်းမဟုတ်ပေ။ ကောင်းကင်နတ်ဧကရီကလည်း ထောက်ခံပေးထားသည်။
အိမ်ရှေ့မင်းသားချီ အဆုံးသတ်မြို့ပျက်ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်၍ ကောင်းကင်နတ်ဘုံကို မြိုချခဲ့သည့်အခါတွင် ရှေးဟောင်းနတ်ဘုရားများပင် တုန်လှုပ်ခဲ့ရသည်။
သို့ထိတိုင် သူကား ရှုံးနိမ့်သွားသေး၏။ သူ၏ တိုက်ကွက်မှန်သမျှမှာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ဖိနှိပ်ခြင်းခံခဲ့ရလေသည်။ ကောင်းကင်နှင့် မြေကြီးက သူ့အား ယိုတု၏ ကျောက်စိမ်းအကျဉ်းထောင်တံခါးအတွင်းထဲသို့ တွန်းချပစ်ခဲ့သည်။
အပေါ်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ “ဒီနေ့ကစပြီး မင်းရဲ့မျိုးရိုးနာမည်ဆိုတာ မရှိတော့ဘူး.. မင်းမှာ မကောင်းမှုတွေနဲ့ အပြစ်တွေပဲ ကျန်တော့တယ်... ဒီနေ့ကစပြီး မင်းဟာ မီးတောက်တွေကြားမှာ ထာဝရ ငရဲခံပြီး အပြစ်ပေးခံရတယ်.. ဒီနေ့စပြီး မင်းက...”
“ရှဲ့ဝူချီ”
ထိုတိုက်ပွဲသည် အားချိုနှင့် တိုက်ပွဲတုန်းကထက် ကောင်းကင်နတ်ဘုံတွင် အသေအပျောက် များစေခဲ့သည်။ ကောင်းကင်နတ်ဧကရီပင်လျှင် နယ်နှင်ဒဏ်ပေးခံခဲ့ရသည်။
အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့လုံးလည်း အသစ်စက်စက် တည်ဆောက်ထားသော နတ်ဘုရားစီရင်ရာစင်မြင့်ထက်တွင် ကွပ်မျက်ခံခဲ့ရသည်။ ကွပ်မျက်မှုသည် ရက်ပေါင်းတစ်ရာကျော် ကြာမြင့်ခဲ့ပြီး မရေမတွက်နိုင်သော ဦးခေါင်းများစွာ ဖြတ်ခံခဲ့ရ၏။
ကွပ်မျက်မှုများစွာ လုပ်ဆောင်ပြီးနောက် နတ်ဓားမအသစ်မှာ အင်မတန် ထက်ရှလာခဲ့သည်။ အန္တရာယ်ရှိသော လေနှစ်ဝေ့မှာ မပျက်စီးနိုင်တော့သည်အထိ ဖြစ်လာပြီး မူလဝိညာဉ်များနှင့် ရုပ်ခန္ဓာတို့အား ဟင်းသီးဟင်းရွက်များ လှီးဖြတ်သကဲ့သို့ ဖြတ်တောက်နိုင်လာတော့သည်။
ကောင်းကင်နတ်ဧကရာဇ်က အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့တွင် အစားထိုးရန် မျိုးနွယ်စုတစ်စုစီမှ ကျင့်ကြံသူအသစ်များအား ရွေးချယ်ခဲ့ပြီး အတော်တကာ့ အတော်ဆုံးများကို ရွေးထုတ်ခဲ့သည်။ ယခင်က ကောင်းကင်နတ်ဘုံ၏ အစောင့်များမှာ စွမ်းအားကြီးမားသော နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြ၏။ ယခုတွင်ကား ကျောက်စိမ်းမြို့တော်အဆင့်အထိ ကျင့်ကြံထားသော နတ်ဘုရားများဖြင့် ဖွဲ့စည်းထားလေသည်။
ကောင်းကင်နတ်ဘုံ၏ အင်အားသည် ထိုသို့ဖြင့် ပြောင်းလဲသွားခဲ့၏။
အားချို၊ မြေအောက်ဘုံအရှင်သခင်နှင့် ရှဲ့ဝူချီတို့ကြောင့် ဖြစ်ပေါ်လာသော အခြေအနေများအရ ကောင်းကင်နတ်ဘုံ၏ အစောင့်တပ်အင်အားမှာ သမိုင်းတလျှောက် အနိမ့်ကျဆုံးဖြစ်ခဲ့သည်။
ဤသို့ဖြင့် ခေတ်သစ်တစ်ခေတ်သို့ အမှုမဲ့အမှတ်မဲ့ ရောက်ရှိလာခဲ့ချေပြီ။
ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်သည် သွေးဆက်စနစ်ကို အစားထိုးပြီး မျိုးနွယ်တိုင်းအတွက် အဓိကဖြစ်လာခဲ့၏။
ဤမတိုင်ခင်က သွေးဆက်က ရာထူးနှင့် အင်အားကို သတ်မှတ်ပေးခဲ့သည်။
ယခုတွင်တော့ သိုင်းအဆင့်ကသာ ထိုအရာများကို ဆုံးဖြတ်ပေးချေသည်။
ရှေးဟောင်းနတ်ဘုရားတို့သည် သူတို့၏သွေးဆက်များကြောင့် လောကကို အုပ်ချုပ်နိုင်ခဲ့ကြ၏။ သို့သော် ဤဖြစ်ရပ်များပြီးနောက် ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်က တိုးတက်လာခဲ့လေသည်။
ဤသည်ကား နဂါးဟန်ခေတ်၏ တော်လှန်ရေး ဖြစ်ပေ၏။ တော်လှန်ရေးမှာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ မသိမသာ ကြိုးကိုင်မှုအောက်တွင် တိတ်တဆိတ် ပြီးဆုံးသွားခဲ့သည်။
ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ပို၍အင်အားကြီးမားလာအောင် ဟန့်တားနေသည်မှာ ရှေးဟောင်းနတ်ဘုရားများ ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်နတ်ဧကရာဇ်သည် ကမ္ဘာခေတ်နှောင်းမျိုးနွယ်များနှင့် နတ်ဘုရားတစ်ပိုင်းတို့၏ အင်အားကို အသုံးချကာ သူတို့နှင့် သူတို့၏မျိုးဆက်များကို ဖိနှိပ်ခဲ့၏။
ရှေးဟောင်းနတ်ဘုရားများ အားနည်းသွားသော်လည်း သူကတော့ ထိုသို့မဟုတ်ချေ။
သူ၏အာဏာစက်က ပို၍ပင် ခိုင်မြဲလာသည်။
တစ္ဆေသင်္ဘောပေါ်တွင် ချင်မူသည် ကျောက်ယန်ခန်းမမှ ခိုးယူလာခဲ့သည့် ဥကို ဝေစွေ့ဖုန်းနှင့်အတူ လေ့လာစူးစမ်းနေ၏။
ဝေစွေ့ဖုန်းက ဥကို ခေါက်ကြည့်သည်။ ဥအတွင်း လာသော အသံကား တာအိုအသံ ဖြစ်နေသည်။ တစ်ယောက်ယောက် စကားပြောနေသည်နှင့်တူသော်လည်း ထူးဆန်းလွန်းပြီး နားလည်ရခက်ချေသည်။
ဝေစွေ့ဖုန်းက တခဏ လေ့လာပြီးနောက် နတ်မျက်လုံးမျိုးစုံ သုံးကာ အထဲသို့ ကြည့်သော်လည်း အသုံးမ၀င်ချေ။ “ရှေးဟောင်းနတ်ဘုရားတစ်ပါးတော့ မဖြစ်နိုင်ဘူး... ရှေးဟောင်းနတ်ဘုရားတွေအကုန်လုံး မွေးဖွားပြီးတဲ့အပြင် အသစ်လည်း ပေါ်မလာနိုင်ကြဘူးလေ... ဧကန္တ နဂါးသွေးဆက် ဒါမှမဟုတ် တောင်တန်းအဆီအနှစ်ကနေ ဖြစ်တည်လာတဲ့ သဘာ၀နတ်ဘုရားလား... အထဲမှာ နတ်ဘုရားတစ်ပိုင်းများ ရှိနေတာလား”
သူက ၀မ်းလျားမှောက်ကာ ဥကို နားထောင်ကြည့်သည်။ ၎င်းမှ ထွက်ပေါ်နေသည့် တာအိုအသံမှာ အင်မတန် ထူးဆန်းလှ၏။ နှလုံးခုန်သံမှာလည်း သူမတူဘဲ အဝေးမှလာနေသည့်အလားပင်။
“ငါ ဖောက်ကြည့်လို့ရလား” ဝေစွေ့ဖုန်းက မေးသည်။
ချင်မူက ပြောသည်။ “ကျွန်တော် ကောင်းကင်နတ်အရှင်မူနဲ့ ကောင်းကင်အရှင်ဟောင်ရဲ့ တိုက်ကွက်တွေကို ခုခံဖို့ ထုတ်သုံးကြည့်ခဲ့သေးတယ်... ကွဲမသွားဘူး.... ကောင်းကင်နတ်အရှင်ယွင်က ဧကရာဇ်ပလ္လင်အဆင့်.... ပြီးတော့ ကောင်းကင်နတ်အရှင်ဟောင်က နတ်ကောင်းကင်ခန်းအဆင့်မှာ... သူ့မှာ သန်မာတဲ့ သွေးဆက်စွမ်းအားရှိတဲ့အပြင် အရွယ်လည်း ရောက်ခါနီးနေပြီ”
“မင်းသွားတဲ့ခေတ်ရဲ့ ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်ဟောင်က ကွဲစေနိုင်လောက်တဲ့အထိ မသန်မာသေးဘူးလေ.... သူတို့က အခုလက်ရှိ ငါ့လောက် မသန်မာသေးဘူး”
ဝေစွေ့ဖုန်းက အော်ဟစ်လိုက်သည့်အခါ မရေမတွက်နိုင်သော ကြယ်များသည် သူ့အထက်တွင် တောက်ပလာ၏။ ၎င်းတို့က လှည့်ပတ်ရင်း ကောင်းကင်တစ်ခုသဖွယ် ဖြစ်တည်လာသည်။
ချင်မူ့ရင်မှာ လှုပ်ခတ်သွားသည်။ သူ့အစ်ကိုကြီး၏ တန်ခိုးသည် တန်ခိုးရှင်သစ်ခုတ်သမားထက် များစွာ သာလွန်ချေသည်။
ကောင်းကင်သည် လည်နေပြီး ကောင်းကင်နတ်မြစ်ကလည်း ၎င်းကို လှည့်ပတ်စီးဆင်းနေသဖြင့် ကောင်းကင်ခုနစ်စဉ်ကြယ်အပေါ် ကောင်းကင်နတ်မြစ် ခြုံလွှမ်းနေသည့် ထူးဆန်းသောမြင်ကွင်းတစ်ခု ပေါ်လွင်လာသည်။
မဟာကောင်းကင်နတ်မြစ် ခုနစ်စဉ်ကြယ်
ယင်းကား မျိုးဆက်သစ်များ မတွေ့မြင်နိုင်တော့မည့် အရာတစ်ခုဖြစ်သည်။ ရွှမ်တု၏ ပုံစံအစစ်အမှန်ကို နဂါးဟန်ခေတ် သို့မဟုတ် ထိုထက်စောသည့် ခေတ်များတွင်သာ တွေ့မြင်နိုင်သည်။
သိသိသာသာပင် ဝေစွေ့ဖုန်းသည် နဂါးဟန်ခေတ်သို့ ပြောင်းရွှေ့နေထိုင်၍ ယွီလင်နန်းစောင့်တပ်၏ ခေါင်းဆောင်ဖြစ်လာသည့်အခါ ရွှမ်တုကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီး သူ၏ကိုယ်ပိုင်ကျင့်စဉ်များ၊ သိုင်းကွက်များကို ဖန်တီးနိုင်ခဲ့ပေလိမ့်မည်။
ဝေစွေ့ဖုန်းက ညာလက်မြှောက်လိုက်ရာ မဟာကောင်းကင်နတ်မြစ် ခုနစ်စဉ်ကြယ်သည် သူ၏လက်နှင့် တစ်သားတည်း ပေါင်းသွား၏။ သူက လက်ကို ဓားမအဖြစ် သုံးကာ ဥအား ခွဲချလိုက်သည်။
သူ၏အစွမ်းအစသည် အမှန်တကယ်ပင် ထိုခေတ်၏ ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့ထက် သာလွန်ချေသည်။
ထိုခုတ်ချက်ကြောင့် ဥသည် တောက်ပလာပြီး ရုတ်တရက် တဝီဝီမြည်သံတစ်ခုအား သင်္ဘောပေါ်ရှိ လူတိုင်းကြားလိုက်ရ၏။ အသံမှာ စကြ၀ဠာပွင့်ဟသွား၍ ရှေ့သို့ တိုးလာလာသည့်အလား ထင်ရသည်။
မရေမတွက်နိုင်သော တာအိုအမှတ်အသားများက လှပစွာ ပျံထွက်လာပြီး တစ္ဆေသင်္ဘောတစ်ခုလုံးအား သိပ်သည်းလှသည့် တာအိုအမှတ်အသားအလင်းရောင်များအောက်သို့ ကျရောက်သွားစေသည်။
ထိုအခိုက်အတန့်တွင် တစ္ဆေသင်္ဘောသည် မပြောင်းလဲသော ဒြပ်ထုအခြေအနေအား ဖယ်ရှားနေသည်ကို ချင်မူနှင့်ဝေစွေ့ဖုန်း ခံစားလိုက်ကြရ၏။ ထိုအစား ယင်နှင့်ယန်ပေါင်းစည်းထားသည် အသွင်သဏ္ဍန်မဲ့ ဝိုးတဝါးအခြေအနေ ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် ရှုပ်ထွေးနက်နဲသော တာအိုအသံမျိုးစုံ ထွက်ပေါ်လာသည်။ အသံတို့သည် စူးရှပြီး နားကွဲလုမတတ် ကျယ်လောင်နေရာ ရှေးဟောင်းနတ်ဘုရားများစွာ တစ်ပြိုင်နက်တည်း ရွတ်ဆိုနေသည့်အလား ထင်ရသည်င်။ လူအုပ်ကြီးသည် ထူးဆန်းပြီး မြင့်မြတ်သည့် နာမည်တစ်ခုကို အော်ခေါ်နေသည်နှင့် တူ၏။
မကြာမီ အသံတို့ ပျောက်ကွယ်သွားပြီး အမှတ်အသားများက ဥထဲ ပြန်လည်၀င်ရောက်သွားသည်။ တစ္ဆေသင်္ဘောလည်း မပြောင်းလဲသော ဒြပ်ထုအခြေအနေသို့ ပြန်ရောက်သွားသည်။
ဝေစွေ့ဖုန်း၏ မျက်လုံးများ ပင့်တက်သွားပြီး ညာလက်မှာ ညွတ်ကျသွားသည်။ သူ့လက်တွင် ကြက်သီးမွေးညင်းများ ထနေ၏။ “ကွဲသွားပြီလား” ချင်မူက ဥပတ်ပတ်လည်တွင် ပျောက်ကွယ်နေသော တာအိုအမှတ်အသားများကို ကြည့်လျက် လေးနက်စွာ မေးသည်။
“အေး”
ဝေစွေ့ဖုန်းက နဖူးမှ ချွေးများ စီးကျလျက် ဖြေသည်။ “ငါ့ လက်ဆစ်သုံးဆစ် ကျိုးသွားပြီး ငါ့လက်သန်းအရိုးတွေလည်း ကြေသွားပြီ... ဒီဥက တော်တော်မာတာပဲ”