← Chapters

ဝိညာဉ်မျက်လုံး မျိုးနွယ်ခေါင်းဆောင်

Vol. 68 Ch. 942

ဝိညာဉ်မျက်လုံး မျိုးနွယ်ခေါင်းဆောင်

Vol. 68 Ch. 942

လင်းတုန်သည် ရွှေကျီးရေကန်တွင် ဝူချီ၏ကောက်ကျစ်ပုံကို မြင်ခဲ့ရသောကြောင့် ပြန်တွေ့ရသောအခါ မျက်နှာပျက်သွားခဲ့သည်။ ဝူချီသည် မျိုးနွယ်သို့ ပြန်ရောက်သောအခါ လင်းတုန်က ယဲ့ချန်ကြောင့် သေဆုံးသွားပြီဟု ကုန်းချောထားခဲ့သည်။ သို့သော် သူမက အသက်ရှက်လျက် ပြန်ရောက်လာသောအခါ မကျေမနပ် ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် ငွေရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူတစ်ယောက် ရောက်ရှိလာကာ ကြမ်းတမ်းသော ဖိအားမျိုးကို တမင်သက်သက် ထုတ်ဖော်ထားသည်။

"အဖေ"

ဝူချီက ထိုလူကို မြင်သောအခါ လေးစားစွာ ကြိုဆိုလိုက်သဖြင့် ယဲ့ချန်က တစ်ချက်ကြည့်လိုက်၏။

"သခင်မလေး ပြန်ရောက်လာတာ ကောင်းတယ်"

ထိုလူက ဝူချီ၏အဖေ ဝူကျန်းဖြစ်ကာ လင်းတုန်၊ ယဲ့ချန်နှင့် နင်အာကို မလိုလားသော အကြည့်မျိုးဖြင့် အထက်စီးမှ ဆက်ဆံခဲ့သည်။ သူမက မျိုးနွယ်ခေါင်းဆောင်၏သမီး ဖြစ်သော်လည်း လေးစားသော အမူအရာမျိုး ရှိမနေခဲ့ပေ။ လမ်းတွင် သူမသည် ယဲ့ချန်ကို ဝိညာဥ်မျက်လုံးမျိုးနွယ်အကြောင်း ပြောပြခဲ့ပြီး ဝူကျန်းသည် အကြီးအကဲတစ်ယောက်ဖြစ်ကာ လောကနတ်အဆင့် ကျင့်ကြံသူဖြစ်ပြီး ဘိုးဘေးနှင့် မျိုးနွယ်ခေါင်းဆောင်ပြီးလျှင် အသန်မာဆုံးဟု သိခဲ့ရသည်။ မျိုးနွယ်တစ်ခုလုံးတွင် လောကနတ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူခြောက်ယောက်ရှိပြီး သာမန်လောကနတ်အဆင့် ၃၇ယောက် ပိုင်ဆိုင်ထားကာ အင်အားသုံးခု ကွဲပြားနေပြီး လင်းတုန်၏ဖခင် ပိုင်ဆိုင်သော နောက်လိုက်များက အရေအတွက် အများဆုံး ဖြစ်သည်။

"ခေါင်းဆောင်ကို မြန်မြန်သွားတွေ့လိုက်ပါ။ မင်း ပျောက်နေတဲ့အတွက် သူက စိုးရိမ်နေတယ်။ မင်းတို့နှစ်ယောက် ငါနဲ့ လိုက်ခဲ့စမ်း"

ဝူကျန်းက အေးစက်စက် အမိန့်ပေးလိုက်သည်။

"မလိုအပ်ဘူး။ ငါက ဒီနှစ်ယောက်ကို အဖေနဲ့ တွေ့ဖို့ ခေါ်သွားမယ်"

လင်းတုန်က စိုးရိမ်သွားကာ ချက်ချင်းငြင်းဆန်လိုက်သည်။

"ဘေးဖယ်နေစမ်း။ လူသားတစ်ယောက်နဲ့ သားရဲတစ်ကောင်က ခေါင်းဆောင်ကို တွေ့ဖို့ မထိုက်တန်ဘူး။ ငါ လုပ်စရာရှိတာ လုပ်ရမယ်"

ဝူကျန်း၏ပြောဆိုပုံအရ ယဲ့ချန်ကို အန္တရာယ်ပေးလိုကြောင်း သေချာနေသဖြင့် လင်းတုန်က မျက်မှောင်ကြုတ်လိုက်သည်။

"မရဘူး"

သူမက တင်းမာသောလေသံဖြင့် ခွန်းတုံ့ပြန်လာသောကြောင့် ဝူကျန်းကို ဒေါသထွက်သွားစေသည်။

"ဒါက မင်းကိစ္စ မဟုတ်ဘူး။ မျိုးနွယ်အပြင်ကို ခွင့်ပြုချက်မရှိဘဲ ထွက်သွားတာက အပြစ်တစ်ခုဖြစ်ပြီး အပြစ်ပေးတာ ခံရမယ်။ မင်းက ငါတို့မျိုးနွယ်ထဲကို လူစိမ်းတွေတောင် ခေါ်လာသေးတယ်။ အကြီးအကဲတစ်ယောက်အနေနဲ့ သူတို့ရဲ့နောက်ခံကို စုံစမ်းမယ်"

လင်းရှောင်နှင့် ဝူကျန်းက အဆင်မပြေသည့်အပြင် လင်းတုန်ကပါ ဆန့်ကျင်နေသောကြောင့် သူ၏ဒေါသက တောက်လောင်လာသည်။ ဝူချီကမူ ဖခင်အားကိုးဖြင့် မောက်မာနေကာ လှောင်ပြုံးတစ်ချက်ဖြင့် ယဲ့ချန်ကို စိုက်ကြည့်နေ၏။ တစ်ဖက်လူ၏ မောက်မာမှုကြောင့် ယဲ့ချန်က ဒေါသထွက်သွားကာ စူးစူးရဲရဲ စိုက်ကြည့်၍ တစ်လုံးချင်း ပြောလိုက်သည်။

"ငါက အရှင်ရှင်းနဲ့ တွေ့ပြီးပြီ။ သူက ငါ့ကို ရေကောင်းကင်တောင်တန်းမှာ စိတ်ကြိုက်သွားလာနိုင်တယ်လို့ ပြောပြီးပြီ။ ဝိညာဥ်မျက်လုံးမျိုးနွယ်က သူ့ကိုတောင် ဂရုမစိုက်ဘူးလား"

သူ၏စကားကြောင့် ဝူကျန်းမှာ ကြောက်လန့်သွားကာ အကယ်၍ ရှင်းဟိုင်သာ ဤစကားမျိုးပြောခဲ့လျှင် တစ်ဖက်လူကို ထိပါးရန် မဖြစ်နိုင်ပေ။ ဝိညာဥ်မျက်လုံးမျိုးနွယ်၏ ပိုင်နက်က ရေကောင်းကင် တောင်တန်းအပြင်တွင် ရှိသော်လည်း ရှင်းဟိုင်၏ လက်အောက်ခံ ဖြစ်သောကြောင့် လုံလုံခြုံခြုံ ရှိနေခြင်း ဖြစ်၏။

"အရှင်ရှင်းက မင်းလိုလူသားတစ်ယောက်နဲ့ ဘယ်လိုလုပ် တွေ့မှာလဲ"

"အရှင်ရှင်းက ဒီနေရာမှာ အရာရာကို မြင်နိုင်တယ် မဟုတ်ဘူးလား။ ငါက သူ့နာမည်ကို အလွဲသုံးစားလုပ်ပြီး ဒီနေရာမှာ သောင်းကျန်းနေတယ်လို့ ပြောချင်တာလား"

ယဲ့ချန်က တစ်ဖက်လူကို တည်ငြိမ်စွာ စိုက်ကြည့်၍ လှောင်ရယ်လိုက်သည်။ ရှင်းဟိုင်က ဟင်းလင်းပြင်နတ်အဆင့် ဖြစ်သောကြောင့် ကျင့်ကြံနေလျှင်ပင် ကီလိုမီတာထောင်ချီအတွင်း အရာရာကို မြင်နိုင်သောကြောင့် ဤစကားမှာ အဓိပ္ပါယ်ရှိနေသည်။ အကယ်၍ ယဲ့ချန်သာ သူ့နာမည်ကို အလွဲသုံးစားလုပ်မိလျှင် သေလမ်းရှာနေခြင်း ဖြစ်ပေလိမ့်မည်။ ရှင်းဟိုင်၏ စကားတစ်ခွန်းက ဝိညာဥ်မျက်လုံးမျိုးနွယ်အတွက် တစ်ချက်လွှတ်အမိန့် ဖြစ်သောကြောင့် ဝူကျန်းအနေဖြင့် မလေးမစား မလုပ်ရဲပေ။

"ဒါဆိုရင် မင်းက ဘာကြောင့် ငါ့မျိုးနွယ်ကို ရောက်လာတာလဲ"

"ငါက လင်းတုန်ကို လိုက်ပို့ရုံသက်သက်ပဲ။ ဘာလဲ၊ ငါက ဝိညာဥ်မျက်လုံးမျိုးနွယ်ကို လာခွင့်မရှိဘူးလား"

ဝူကျန်းက လောကနတ်တစ်ယောက် ဖြစ်သော်လည်း ယဲ့ချန်ကို မထိပါးရဲသောကြောင့် သူက ကြောက်စိတ်မရှိပေ။ ဝိညာဥ်မျက်လုံးမျိုးနွယ်သည် လူသားမျိုးနွယ်ကို ကာကွယ်ရန် ရှင်းဟိုင်က ညွှန်ကြားခဲ့ပြီး မျိုးနွယ်ချင်း ရင်းနှီးမှုရှိသောကြောင့် ဝူကျန်းအနေဖြင့် သူ့ကို တားမြစ်ခွင့် မရှိချေ။

"ငါ့နယ်မြေမှာ သတိထားနေရင် ကောင်းလိမ့်မယ်။ အရှင်က မင်းကို သွားလာခွင့်ပေးထားပေမယ့် စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖျက်ရင် ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး"

ဝူကျန်းက ယဲ့ချန်ကို မထိရဲသော်လည်း စကားဖြင့် ခြိမ်းခြောက်ကာ လှည့်ထွက်သွားသောကြောင့် ဝူချီမှာ ခွေးအကြီး လှည်းနင်းထားသကဲ့သို့ ဆွံ့အနေသည်။ သူ၏ဖခင်အားကိုးဖြင့် တစ်ဖက်လူကို အနိုင်ကျင့်နိုင်မည်ဟု ထင်ထားခဲ့သော်လည်း တစ်ဖက်လူ၏နောက်ခံက ပို၍ကြီးမားနေသဖြင့် မုန်းတီးစွာ ထွက်သွားရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။

"သွားကြစို့"

"အစ်ကိုယဲ့ သတိထားရမယ်နော်။ ဒီအဘိုးကြီးက ပြဿနာရှာဖို့ နည်းလမ်းတွေ ရှိလိမ့်မယ်"

ယဲ့ချန်က လင်းတုန်ကို တစ်ချက်ပြုံးပြ၍ ဝိညာဥ်မျက်လုံးမျိုးနွယ်အတွင်း ဦးဆောင်ဝင်ရောက်သွားခဲ့သည်။ သူမကို ဝူကျန်းက အကြီးအကဲရာထူးဖြင့် အမြဲတမ်း ဖိနှိပ်တတ်သောကြောင့် လင်းတုန်ကိုယ်တိုင်လည်း မကျေနပ်ပေ။ ဤတစ်ကြိမ်တွင် တစ်ဖက်လူက အရှိုက်ထိသွားသောအခါ ကျေနပ်သွားကာ ယဲ့ချန်ကို သတိပေးလိုက်၏။

"အဆင်ပြေပါတယ်။ ငါက သူတို့ကို ဖြေရှင်းနိုင်တယ်"

ယဲ့ချန်က သူမကို နှစ်သိမ့်ပေးနေစဥ် မျိုးနွယ်၏ခန်းမကြီးအတွင်း သက်လတ်ပိုင်းလူတစ်ယောက် ရှိနေသည်။ သူက ဝူကျန်းထက် ပို၍ငယ်ရွယ်ချောမောပြီး ခမ်းနားသော အရှိန်အဝါကို ပိုင်ဆိုင်ထားကာ မျိုးနွယ်ခေါင်းဆောင်နေရာ၌ ထိုင်နေသည်။ သူက မျိုးနွယ်ခေါင်းဆောင် လင်းရှောင်ဖြစ်ကာ လင်းတုန်နှင့် ယဲ့ချန်တို့ ရောက်လာချိန်မှစ၍ အရာရာကို စောင့်ကြည့်နေခဲ့သည်။

"ဒီလူသားက စိတ်ဝင်စားစရာပဲ"

သူ့ကို အံ့သြစေသည်မှာ ရှင်းဟိုင်က ယဲ့ချန်ကို တွေ့ခွင့်ပေးသောကြောင့်ဖြစ်သည်။ သူက တစ်ဖက်လူ၏ လက်အောက်ခံ မျိုးနွယ်ခေါင်းဆောင်ဖြစ်သော်လည်း ရှင်းဟိုင်နှင့် အကြိမ်အနည်းငယ်သာ တွေ့ဆုံဖူးသည်။ တစ်ကြိမ်မှာ မျိုးနွယ်ခေါင်းဆောင်အဖြစ် ရာထူးပေးခံရစဥ် ဘိုးဘေးနှင့်အတူ သွားရောက်တွေ့ဆုံရခြင်း ဖြစ်သည်။ နောက်တစ်ကြိမ်မှာ ရွှေဂျိုမျိုးနွယ်က ဝိညာဥ်မျက်လုံးမျိုးနွယ်၏ ပိုင်နက်ကို ကျူးကျော်လာသောကြောင့်ဖြစ်ပြီး ရှင်းဟိုင်ထံ အကူအညီတောင်းရန် သွားရောက်တွေ့ဆုံခဲ့သည်။ ယဲ့ချန်သည် နတ်တစ်ပိုင်းအဆင့်သာ ဖြစ်သော်လည်း ရှင်းဟိုင်နှင့် တွေ့ခွင့်ရသည့်အပြင် ရေကောင်းကင်တောင်တန်း၌ လွတ်လပ်စွာ သွားလာခွင့်ရထားခြင်းက ထူးဆန်းနေသည်။ ရှင်းဟိုင်က သာမန်ကာလျှံကာ ပြောလိုက်ခြင်း ဖြစ်နိုင်သော်လည်း ဝိညာဥ်မျက်လုံးမျိုးနွယ်အတွက် ၎င်းက အမိန့်ဖြစ်ပြီး မည်သူမှ ယဲ့ချန်ကို ထိပါးခွင့်မရှိပေ။ ဝူကျန်းက ခြိမ်းခြောက်ခဲ့သော်လည်း လေကြီးနေခြင်းသာဖြစ်၍ ယဲ့ချန်ကို အမှန်တကယ် ပြဿနာရှာလျှင်လည်း လင်းရှောင်က ဝင်ရောက်တားမြစ်ရပေလိမ့်မည်။ ဝိညာဥ်မျက်လုံးမျိုးနွယ်ကြောင့် ရှင်းဟိုင် ဒေါသထွက်သွားလျှင် အကျိုးဆက်များက ပြင်းထန်ပေလိမ့်မည်။ သူတို့က စန်းရီနယ်မြေတွင် ကိုယ်ပိုင်ဒေသနှင့် နေထိုင်နိုင်ခြင်းမှာ ရှင်းဟိုင်၏ အထောက်အပံ့ ရထားသောကြောင့် ဖြစ်သည်။

လင်းတုန်နှင့်အတူ ယဲ့ချန်သည် ခန်းမအတွင်း ဝင်ရောက်လိုက်သောအခါ စောင့်ကြိုနေသည့် လင်းရှောင်ကို မြင်လိုက်ရ၏။

"အဖေ"

လင်းတုန်က ဖခင်ဖြစ်သူထံ ပြေးဝင်သွားပြီး ပွေ့ဖက်လိုက်သည်။ သူက လင်းတုန်၏ခေါင်းကို ချစ်ခင်ကြင်နာစွာ ပွတ်သပ်ပေးလိုက်ပြီး ယဲ့ချန်ထံ အကြည့်ရောက်လာ၏။

"သမီးကို ပြန်လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါက ဒီနေ့ည မင်းကို ကြိုဆိုဖို့ ညစာစားပွဲတစ်ခု လုပ်ပေးပါမယ်"

"ဒီလောက်အားနာစရာ မလိုပါဘူး။ ကျုပ်က လင်းတုန်ကို ပြန်ပို့ပြီးပြီဆိုတော့ ခွင့်ပြုပါဦး"

ယဲ့ချန်သည် ဝိညာဥ်မျက်လုံးမျိုးနွယ်၏ အခြေအနေကို လာရောက်အကဲခတ်ခဲ့ပြီး လူသားမျိုးနွယ်အတွက် အထောက်အကူဖြစ်မဖြစ် စုံစမ်းလိုခြင်းသာ ဖြစ်သည်။ သူ၏စိတ်ထဲတွင် အစီအစဥ်တစ်ခု ရှိသော်လည်း တစ်ဖက်လူ၏ အကျင့်စရိုက်ကို မသိသောကြောင့် အမှန်အတိုင်းပြောရန် မလိုအပ်သေးပေ။

"မင်းက သမီးကို အသက်ကယ်ပေးတဲ့ ကျေးဇူးရှင်ဖြစ်တယ်။ လိုအပ်တာရှိရင် ပြောပါ၊ ငါ တတ်နိုင်တယ်ဆိုရင် သေချာပေါက် ကျေနပ်စေရမယ်"

လင်းရှောင်၏ စကားက ပေါ့ပါးသော်လည်း အာဏာရှိသူတစ်ယောက်၏ဟန်ပန်မျိုး ပါဝင်နေသည်။

"ကျုပ်က ရေကောင်းကင်တောင်အနီးမှာ လွတ်လပ်တဲ့ နေရာတစ်ခု လိုချင်ပါတယ်။ ခေါင်းဆောင်လင်း ကူညီပေးနိုင်မလား"

ယဲ့ချန်က ခဏတာ တိတ်ဆိတ်သွား၍ တောင်းဆိုလိုက်သောအခါ လင်းရှောင်သည် မင်သက်သွားကာ တစ်ဖက်လူ၏ အကြောင်းအရင်းကို စဥ်းစားနေဟန်ဖြင့် မျက်လုံးများ လေးနက်နေသည်။ နတ်ပြည်တွင် မျိုးနွယ်များက အချိန်တိုင်း စစ်ဖြစ်နေကြပြီး ထူးခြားသော နေရာအချို့မှလွဲလျှင် ပိုင်နက်များကို သီးခြားသတ်မှတ်ထားသည်။ သာမန်အခြေအနေများတွင် ကျင့်ကြံသူများက အခြားမျိုးနွယ်၏ ပိုင်နက်ကို ကျူးကျော်လျှင် စစ်မက်ဖြစ်ပွားနိုင်သည်။ လူသားမျိုးနွယ်သည် နတ်ပြည်၌ ခြေကုပ်ရယူလိုလျှင် ပထမဆုံးအဆင့်မှာ ကိုယ်ပိုင်နယ်မြေတစ်ခု တည်ထောင်ရန်ဖြစ်သည်။ ၎င်းကို အမှီပြု၍ အင်အားကို ဖြည်းဖြည်းချင်း တိုးပွားလာစေမည်ဖြစ်ကာ အခြားမျိုးနွယ်ဝင်များကို လက်အောက်ခံအဖြစ် သွတ်သွင်းရန် ယဲ့ချန်က ဆုံးဖြတ်ထားခြင်းဖြစ်သည်။ နတ်ပြည်တွင် မျိုးနွယ်တိုင်းက နယ်မြေကိုယ်စီ သိမ်းပိုက်ထားသောကြောင့် နယ်မြေမရှိလျှင် မောင်းထုတ်ခံရရန် လွယ်ကူသောကြောင့် အိမ်တစ်ခုရှိနေရန်က အရေးအကြီးဆုံး ဖြစ်သည်။

"ခေါင်းဆောင်လင်းက အထင်မှားနေတာလား။ ကျုပ်က သေးငယ်တဲ့ မြေနေရာတစ်ခုကိုသာ လိုချင်တာပါ။ ဒီနေရာမှာ အိမ်တော်တစ်ခု တည်ဆောက်ပြီး နတ်ပြည်မှာ နေထိုင်ချင်ရုံသက်သက်ပါပဲ"

ရေကောင်းကင်တောင်တန်းသည် ဝိညာဥ်မျက်လုံးမျိုးနွယ်နှင့် နီးကပ်ပြီး ဟင်းလင်းပြင်နတ်တစ်ယောက်၏ အကာအကွယ် ရှိသောကြောင့် နေရာကောင်းတစ်ခုဟု ယဲ့ချန်က သတ်မှတ်ထားသည်။

"ငါက မင်းအတွက် နေရာတစ်ခု စီစဥ်ပေးပါမယ်။ ဒီနေရာက အချင်းဝက် ငါးကီလိုမီတာ ကျယ်ဝန်းပေမယ့် မျိုးနွယ်ရဲ့ပိုင်နက်ဖြစ်နေလို့ စျေးတစ်ခုတော့ ပေးရမယ်။ မဟုတ်ရင် အကြီးအကဲတွေ ကန့်ကွက်မှာ သေချာတယ်"

နယ်မြေတစ်ခုပေးအပ်ရန်မှာ ဝိညာဥ်မျက်လုံးမျိုးနွယ်အတွက် ထိခိုက်မှု မရှိသောကြောင့် လင်းရှောင်က သဘောတူလိုက်၏။ သို့သော် ယဲ့ချန် မည်မျှရှင်းပါစေ၊ သူက ရာနှုန်းပြည့် မယုံကြည်ပေ။

"ကောင်းပါပြီ။ ကျုပ်က ခင်ဗျားကို ခက်ခဲအောင် မလုပ်ပါဘူး။ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်လင်း"

ယဲ့ချန်က လက်နှစ်ဖက်ဆုပ်၍ တစ်ချက် ပြုံးပြလိုက်လေသည်။

All Chapters