နယ်မြေဝယ်ယူခြင်း
Vol. 68 Ch. 943
ယဲ့ချန်သည် ဝိညာဥ်မျက်လုံးမျိုးနွယ်၏ နယ်မြေတစ်ခုကို ဝယ်ချင်နေသော သတင်းက အားလုံးကို လှုပ်ခတ်သွားစေသည်။ နယ်မြေကို လူသားတစ်ယောက်ထံ ရောင်းချခြင်းမျိုး မရှိဖူးသဖြင့် မျိုးနွယ်ဝင်တိုင်း ဆွေးနွေးနေကြသည်။ ၎င်း၏အကျယ်အဝန်း ငါးကီလိုမီတာအထိသာဖြစ်ပြီး မျိုးနွယ်၏ ပိုင်နက်တစ်ခုလုံးနှင့်ယှဥ်လျှင် သေးငယ်သော်လည်း နယ်မြေတစ်ခု ဖြစ်နေခဲ့သောကြောင့် လောကနတ်အဆင့် အကြီးအကဲများ၏ နတ်အာရုံများက ခန်းမတွင် စုဝေးနေကြသည်။
"ငါ သဘောမတူဘူး။ နယ်မြေတစ်ခုကို ဘယ်လိုလုပ် ရောင်းရမှာလဲ"
ပထမဆုံး ကန့်ကွက်လိုက်သူမှာ ဝူကျန်းဖြစ်ပြီး လေသံတင်းမာနေကာ လင်းရှောင်ကို မကျေနပ်ကြောင်း ထုတ်ပြောလိုက်၍ နောက်လိုက်များကလည်း ထောက်ခံလိုက်ကြ၏။
"ဒါက ငါးကီလိုမီတာသာ ကျယ်ဝန်းတဲ့ နယ်မြေတစ်ခုပဲ။ ပြီးတော့ ငါက အလကားပေးပစ်မှာ မဟုတ်ဘူး။ တန်ဖိုးတစ်ခုနဲ့ ရောင်းမှာ"
မျိုးနွယ်ခေါင်းဆောင်ဖြစ်သော်လည်း သူ၏ဆုံးဖြတ်ချက်ကို မချေမငံ ကန့်ကွက်နေကြသဖြင့် လင်းရှောင်၏မျက်နှာက မည်းနက်နေသည်။ အထူးသဖြင့် မျိုးနွယ်ခေါင်းဆောင်နေရာကို လောဘတက်နေသော ဝူကျန်း ဖြစ်၏။ သူက ပေါ်တင်စိန်ခေါ်ရန် သတ္တိမရှိသောကြောင့် ဝူချီအား လင်းတုန်၏ သတို့သားဖြစ်လာစေရန် ကြံစည်ခဲ့ဖူးသည်။ အကယ်၍ သူမက သဘောကျလျှင် ပြဿနာမရှိသော်လည်း ခါးခါးသီးသီး ငြင်းဆန်နေသောကြောင့် လင်းရှောင်ကို အဆုံးမရှိအောင် ဆက်တိုက်ပြဿနာရှာနေခြင်း ဖြစ်သည်။ လင်းရှောင်၏နတ်အာရုံက ဖိအားပြင်းထန်စွာ ကျဆင်းလာပြီး လူတိုင်းကို ဖိနှိပ်ထားသော်လည်း ဝူကျန်းက ဆက်၍ကန့်လန့်တိုက်နေခဲ့သည်။
"ဒါဆိုရင် နတ်တစ်ပိုင်းအဆင့် တစ်ယောက်က တန်ဖိုးဘယ်လောက် ပေးနိုင်မှာလဲ"
နတ်ပြည်တွင် နတ်တစ်ပိုင်းအဆင့်များသည် အောက်ခြေကျင့်ကြံသူများဖြစ်ပြီး ကျင့်ကြံခြင်းအတွက် လိုအပ်သော ဆေးပင်များကိုပင် မဝယ်နိုင်သောကြောင့် သူက အထင်သေးနေခြင်းဖြစ်သည်။ အကယ်၍ ဆန့်ကျင်နေသူမှာ တစ်ယောက်တည်းဆိုလျှင် အားသုံးဖိနှိပ်ခြင်းက ပြဿနာမရှိသော်လည်း အကြီးအကဲများစွာက စောဒကတက်နေသောကြောင့် လင်းရှောင်အနေဖြင့် အခက်တွေ့နေသည်။
"မူလကျောက် တန်ငါးသောင်းနဲ့ ရောင်းလိုက်မယ်"
သူက ခဏတာစဥ်းစား၍ နယ်မြေတန်ဖိုးကို သတ်မှတ်လိုက်သည်။
"လုံးဝမရောင်းဘူး။ ဒီပမာဏနဲ့ ငါတို့က နယ်မြေတစ်ခုကို ရောင်းရမှာလား"
ဝူကျန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ နတ်ပြည်တွင် မူလကျောက်ကို ငွေကြေးအဖြစ် အသုံးချပြီး တန်ငါးသောင်းဆိုသော အရေအတွက်က မများသဖြင့် လင်းရှောင်သည် ထိုနယ်မြေကို ယဲ့ချန်အား လက်ဆောင်အဖြစ်ပေးရန် ကြံစည်ထားခြင်းဖြစ်သည်။ သူက လင်းတုန်ကို အသက်ရှင်လျက် ပြန်ပို့လာသောကြောင့် ကျေးဇူးရှင်အဖြစ် မှတ်ယူရပေလိမ့်မည်။ သို့သော် ဝူကျန်းနှင့် အကြီးအကဲများက ဤအချက်ကို လုံးဝဂရုမစိုက်ပေ။
"ငါးသောင်းက နည်းလွန်းတယ်"
"မှန်တယ်။ ဒီလောက်လေးနဲ့ဆိုရင် အလကားပေးပစ်တာနဲ့ ဘာမှမထူးဘူး"
"ငါလည်း မူလကျောက် တန်ငါးသောင်း ပေးနိုင်တယ်။ ခေါင်းဆောင် ဒီနယ်မြေကို ရောင်းပေးပါလား"
ဝူကျန်း၏ နောက်လိုက်များက တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်နေကြစဥ် ယဲ့ချန်၏အတွေး၌ လင်းရှောင်သည် သူ့ကို အလကားပေးပစ်ရန် ကြိုးစားနေကြောင်း နားလည်လိုက်သည်။ ငါးကီလိုမီတာကျယ်ဝန်းသော နယ်မြေတစ်ခု၏ တန်ဖိုးက အနိမ့်ဆုံး မူလကျောက် တန်ချိန်ငါးသိန်း ထိုက်တန်ပေသည်။
"ဒါဆိုရင် မင်းတို့က ဘယ်လောက်လိုချင်တာလဲ။ ယဲ့ချန်က လင်းတုန်ကို ပြန်ခေါ်လာတဲ့အတွက် ဝိညာဥ်မျက်လုံးမျိုးနွယ်ရဲ့ ကျေးဇူးရှင်ဆိုတာကို မေ့နေကြတာလား"
လင်းရှောင်က ဒေါသကို ထိန်းချုပ်ရင်း အေးစက်စက် သတိပေးလိုက်သောအခါ အကြီးအကဲများစွာ ပါးစပ်ပိတ်ကုန်သည်။ လင်းတုန်သည် မျိုးနွယ်ခေါင်းဆောင်၏ သမီးဖြစ်သကဲ့သို့ နှစ်ပေါင်းများစွာအတွင်း အထူးချွန်ဆုံး ပါရမီရှင်လည်း ဖြစ်၏။ သူမက ကောင်းကင်မျက်လုံးကို ပိုင်ဆိုင်ထားပြီး မျိုးနွယ်၏မျှော်လင့်ချက် ဖြစ်သောကြောင့် အလွန်အရေးပါသူဖြစ်သည်။
"ယဲ့ချန်ကို ကျေးဇူးပြန်ဆပ်သင့်ပေမယ့် နယ်မြေကို အလကားမပေးနိုင်ဘူး။ ဒီနယ်မြေက ဝိညာဥ်မျိုးနွယ်ရဲ့ မျိုးရိုးစဥ်ဆက် ပိုင်ဆိုင်လာတာဖြစ်တယ်။ ဒါကို ရောင်းချတာနဲ့တင် ဘိုးဘေးတွေကို စော်ကားရာကျနေပြီ။ အလကား ပေးမယ်ဆိုရင်တော့ လက်မခံနိုင်ဘူး"
"ခေါင်းဆောင် ဒီစကားက မှန်တယ်။ သူက လင်းတုန်ကို ကယ်ပေးတဲ့အတွက် ဘိုးဘေးတွေကို စော်ကားလို့မဖြစ်ဘူး။ သူ့ကို ကျေးဇူးဆပ်ချင်ရင်တောင် နယ်မြေကို စျေးပေါပေါနဲ့ မရောင်းသင့်ဘူး"
လက်မလျှော့လိုသော ဝူကျန်းက နောက်ထပ်အကြောင်းပြချက်တစ်ခု ဆွဲထုတ်လာပြန်သဖြင့် အကြီးအကဲများမှာ သဘောတူလိုက်ကြသည်။ လင်းရှောင်တွင် နောက်လိုက်အကြီးအကဲများ ရှိသော်လည်း နယ်မြေတစ်ခုကို ပေးပစ်ရန်အတွက် လက်တွန့်နေကြသည်။ စျေးမြင့်လျှင်လည်း လင်းရှောင်သည် ယဲ့ချန်ကို လျှို့ဝှက်ကူညီမည်ဟု ဆုံးဖြတ်ကာ စိတ်ပြောင်းလဲလိုက်၏။ ဤမူလကျောက်များကို ကူညီလိုက်လျှင် သူက ယဲ့ချန်ကို ကျေးဇူးဆပ်ရာ ရောက်ပေလိမ့်မည်။
"ကောင်းပြီ။ ဒါဆိုရင် မင်းတို့ ဘယ်လောက်လိုချင်လဲ"
"အနည်းဆုံး ငါးသန်းရမှ ဖြစ်မယ်"
နတ်ပြည်က အလွန်ကျယ်ဝန်းပြီး ဝိညာဥ်မျက်လုံးမျိုးနွယ်၏ ပိုင်နက်သည် ကီလိုမီတာခြောက်ထောင် ကျော်သောကြောင့် ငါးကီလိုမီတာသာ ကျယ်ဝန်းသည့် နယ်မြေ၏စျေးမှာ နှစ်သန်းကျော်သာ ဖြစ်သင့်သည်။ သို့သော် လောကနတ်အဆင့်များအတွက်ပင် များပြားသော ပမာဏကို နတ်တစ်ပိုင်းအဆင့်တစ်ယောက်က မတတ်နိုင်ဟု ဝူကျန်းက အပိုင်တွက်ကာ အကျပ်ကိုင်လိုက်သည်။
"မူလကျောက်တ န်ငါးသန်းက ဒီခွေးကောင်အတွက် များနေပြီလား။ ဒါတွေက ဒီလောက်အဖိုးတန်ရင် ငါ့သားရဲတွေက အစာငတ်နေလောက်ပြီ"
ဝူကျန်း၏ စကားကြောင့် ယဲ့ချန်က စိတ်ထဲမှ လှောင်ရယ်လိုက်သည်။ မူလကျောက်များကို ရွှေပိုင်နက်သားရဲများက စားသောက်နေသော်လည်း တန်ပေါင်းသန်းရာချီ ကျန်ရစ်သဖြင့် သူက အလွန်ကြွယ်ဝနေ၏။ ထို့အပြင် စန်းရီနယ်မြေ၏ ဘုရင်တစ်ပါးဖြစ်ခဲ့သော ချီရှု၏ ပိုင်ဆိုင်မှုများကိုလည်း သူက သိမ်းယူလာခဲ့သည်။ စွမ်းအား၊ ကြွယ်ဝမှုနှင့် လွှမ်းမိုးနိုင်စွမ်းတွင် ဝိညာဥ်မျက်လုံးမျိုးနွယ်၏ ဘိုးဘေးပင် ချီရှုကို ယှဥ်နိုင်မည် မဟုတ်ချေ။
"ဒါက များလွန်းတယ်။ သာမန်နယ်မြေတစ်ခုက မူလကျောက်တန်ငါးသန်း ဘယ်လိုလုပ်တန်မှာလဲ"
လင်းရှောင်သည် ဒေါသတကြီး ဖြစ်နေသောကြောင့် လူကောင်းတစ်ယောက်ဟု ယဲ့ချန်က ယူဆလိုက်သည်။
"ဝိညာဥ်မျက်လုံးမျိုးနွယ်ရဲ့ နယ်မြေက ကွဲပြားတယ်"
ဝူကျန်းက အလျှော့မပေးဘဲ အကျပ်ကိုင်နေသော်လည်း များပြားလှသော စျေးကြောင့် အကြီးအကဲများပင် မထောက်ခံကြတော့ပေ။
"ခေါင်းဆောင်လင်း စကားမများပါနဲ့ဗျာ"
လင်းရှောင်က ပြဿနာကို ဖြေရှင်းနေစဥ် ယဲ့ချန်က တည်ငြိမ်စွာ ဝင်ပြောလိုက်သည်။ ဝူကျန်း၏အမြင်တွင် တစ်ဖက်လူက လက်လျှော့ရန် ဆုံးဖြတ်သွားပြီဟု ထင်မှတ်သောကြောင့် ကျေနပ်နေခဲ့သည်။
"မစိုးရိမ်နဲ့။ ငါက စျေးကို မူလကျောက်နှစ်သန်းအထိ ရောက်အောင် လျှော့ပေးပြီး မင်းကို ပိုက်ဆံပေးမယ်။ အရာရာကို ငါ ထိန်းချုပ်နိုင်ပါတယ်"
"ကျုပ်အထင် ဒီစျေးက နည်းလွန်းပါတယ်"
လင်းရှောင်က ယဲ့ချန်ထံ အသံချင်းဆက်သွယ်နေစဥ် သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သဖြင့် အကြီးအကဲများပါ မင်သက်ကုန်သည်။ ဝိညာဥ်မျက်လုံးမျိုးနွယ်၏ လောကနတ်များအတွက်ပင် ဤပမာဏက များပြားပြီး တစ်ချက်တည်း ထုတ်မသုံးနိုင်ပေ။ သူတို့က ဤပမာဏအထိ စုဆောင်းရန်အတွက် ရတနာများနှင့် နတ်ဆေးပင်များကို ထုတ်ရောင်းရပေလိမ့်မည်။
"ဒါဆိုရင် ထုတ်လိုက်လေ။ မင်းက မူလကျောက် တန်ငါးသန်း ထုတ်ပေးနိုင်ရင် ဒီနယ်မြေကို ယူလိုက်"
ဝူကျန်းက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်၏။ လင်းတုန်နှင့် နင်အာသည် ယဲ့ချန်၏ဒန်တန်အတွင်း၌ များပြားသော မူလကျောက်များကို မြင်ခဲ့ရသဖြင့် တည်ငြိမ်နေကြသည်။ မူလကျောက် တန်ငါးသန်းက သူ့အတွက် ပြောပလောက်သော ပမာဏ မဟုတ်ပေ။ သူက ဒန်တန်အတွင်းမှ ကြယ်တစ်လုံးအရွယ်အစားရှိ မူလကျောက်တစ်တုံးကို သိုလှောင်လက်စွပ်အတွင်း ထည့်သွင်းကာ လင်းရှောင်ထံ ကမ်းပေးလိုက်သည်။
"ခေါင်းဆောင် ဒီမူလကျောက်ရဲ့ အလေးအချိန်က တန်ဆယ်သန်းကျော်မယ် ထင်တယ်။ ယူလိုက်ပါ"
လင်းရှောင်က လက်စွပ်အတွင်း ကြည့်လိုက်ပြီး တစ်ဖက်လူသည် ဤပမာဏကို အလွယ်တကူ ထုတ်ယူနိုင်မည်ဟု ထင်မထားသောကြောင့် မင်သက်နေသည်။ ထိုအချိန်တွင် ကျန်အကြီးအကဲများသည်လည်း လက်စွပ်အတွင်း နတ်အာရုံဖြင့် စစ်ဆေးလိုက်ကြပြီး အံ့သြနေကြသည်။ ထိုမူလကျောက်၏ အလေးချိန်က တန်ငါးသန်း မဆိုထားနှင့်၊ ဆယ်သန်းအထက် ကျော်သောကြောင့် ဆွံ့အသွားကြ၏။ သူတို့တောင်းဆိုသော စျေးနှုန်းထက် တစ်ဖက်လူက နှစ်ဆ ပေးလာသောကြောင့် စောဒကတက်ရန် အကြောင်းမရှာနိုင်တော့ပေ။
လင်းရှောင်သည် ယဲ့ချန်ကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး ကူညီပေးချင်ခဲ့သော်လည်း မလိုအပ်ကြောင်း နားလည်လိုက်သည်။ တစ်ဖက်လူက ဤပမာဏကို မျက်တောင်ပင်မခတ်ဘဲ ထုတ်ပေးလာသောကြောင့် အလွန်ချမ်းသာခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ၏အမြင်တွင် ရှင်းဟိုင်နှင့် ယဲ့ချန်၏ ဆက်ဆံရေးက ထင်ထားသလောက် မရိုးရှင်းတော့ပေ။ ရှင်းဟိုင်၏ အထောက်အပံ့ကြောင့်သာ မဟုတ်လျှင် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူက ဤမျှချမ်းသာစရာ အကြောင်း မရှိချေ။
"ဒါဆိုရင် မင်းကို ဒီနယ်မြေ ပေးလိုက်ပါပြီ"
သူက တစ်ချက်ပြုံး၍ ယဲ့ချန်ကို ခေါင်းညိတ်ပြလိုက်သည်။
"အကြီးအကဲတို့ ငါ့ဆုံးဖြတ်ချက်ကို ကန့်ကွက်မနေနဲ့။ ငါ့အထင်ပြောရရင် သူက အရှင်ရှင်းဟိုင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလိမ့်မယ်။ မဟုတ်ရင် ရေကောင်းကင်တောင်တန်းမှာ ဘယ်လိုလုပ် လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးထားမှာလဲ။ နတ်တစ်ပိုင်းအဆင့်တစ်ယောက်က ဒီလောက်ချမ်းသာနေစရာ အကြောင်း ရှိလို့လား"
ထို့နောက် လင်းရှောင်က ဝူကျန်းမှလွဲ၍ အခြားအကြီးအကဲများထံ အသံချင်းဆက်သွယ်ကာ သတိပေးလိုက်သည်။
"ခေါင်းဆောင်ရဲ့အစီအစဥ်ကို ကျုပ်တို့ နားလည်ပါပြီ"
"ခေါင်းဆောင်ရဲ့ အားထုတ်မှုကို ငါ နားမလည်ခဲ့ဘူး။ ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်ပါတယ်"
သူ၏ ဆိုလိုရင်းကို နားလည်လိုက်သော အကြီးအကဲများက တစ်ယောက်ကို တစ်ယောက်ကြည့်၍ တိတ်ဆိတ်သွားကာ အသံဖြင့် ပြန်လည်ဆက်သွယ်လာခဲ့လေသည်။