← Chapters

လင်လုံနှင့် ပြန်ဆုံခြင်း

Vol. 68 Ch. 944

လင်လုံနှင့် ပြန်ဆုံခြင်း

Vol. 68 Ch. 944

ဝူကျန်းသည် မကျေနပ်သော်လည်း ကျန်အကြီးအကဲများက လင်းရှောင်၏ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သောကြောင့် နှုတ်ဆိတ်နေခဲ့သည်။ နောက်ဆုံးတွင် ယဲ့ချန်သည် တောင်များအကြားရှိ လွင်ပြင်ဒေသတစ်ခုကို ဝယ်ယူနိုင်ခဲ့ပြီး စီးဆင်းနေသော မြစ်တစ်စင်း ပါဝင်နေသည်။ သူက အနာဂတ်တွင် နတ်ပြည်၌ အထိုင်ချရန်အတွက် အဆောက်အအုံများ ဆောက်လုပ်ရန် ကြံစည်ထားပြီး အင်အားတစ်ခု တည်ထောင်ရန်အတွက်မူ အချိန်မတန်သေးပေ။ သူ့တွင် နောက်လိုက်အင်အား နည်းပါးနေသကဲ့သို့ ကိုယ်ပိုင်ခွန်အားကိုလည်း မြှင့်တင်ရပေလိမ့်မည်။ ရက်အနည်းငယ်အကြာတွင် သူက ဒန်တန်အတွင်းမှ နောက်လိုက်များကို ခေါ်ထုတ်ပြီး ဆောက်လုပ်ရေး လုပ်ကိုင်စေကာ ကျင့်ကြံနေခဲ့သည်။

ဝိညာဥ်မျက်လုံးမျိုးနွယ်၏ အိမ်တော်တစ်ခုအတွင်း၌ ဒေါသတကြီးဖြစ်နေသော သားအဖနှစ်ယောက် ရှိနေသည်။

"အဖေ ဒီကောင် လူစွာလုပ်နေတာကို ဒီအတိုင်း ထိုင်ကြည့်နေရတော့မှာလား။ ဒီခွေးကောင်က ဝိညာဥ်မျက်လုံးမျိုးနွယ်ထဲမှာ ရှိနေမှာကို တွေးကြည့်ရင်တောင် အန်ချင်တယ်"

ဝူချီက ပြောလိုက်ခြင်း ဖြစ်သည်။

"ငါ မင်းကို ဘာသင်ပေးထားလဲ။ ပြဿနာ ပိုကြီးလာလေလေ ပိုပြီးတည်ငြိမ်ရလေလေပဲ။ ငါက သူ့ကို လောလောဆယ် မောက်မာခွင့်ပေးထားပြီး ရှင်းပစ်မယ်။ သူက နယ်မြေလေးတစ်ခု ပိုင်သွားတာနဲ့ နတ်ပြည်မှာ နေနိုင်ပြီလို့ ထင်နေတယ်။ လူသားမျိုးနွယ်တစ်ယောက်ကို သေအောင် ကစားဖို့ နည်းလမ်းတွေ ထောင်ပေါင်းများစွာ ရှိတယ်။ ငါတို့ကိုယ်တိုင်တောင် ဘာမှလုပ်စရာ မလိုဘူး"

ဝူကျန်း၏ စကားကြောင့် ဝူချီက ဆိုလိုရင်းကို နားလည်လိုက်သောကြောင့် မျက်လုံးများ အရောင်တောက်လာသည်။ ဝိညာဥ်မျက်လုံးမျိုးနွယ်က ပုံမှန်အတိုင်း တည်ငြိမ်နေပြီး ယဲ့ချန်၏ တည်ဆောက်ရေးလုပ်ငန်းများက စိတ်ဝင်စားစေခဲ့သော်လည်း များစွာလှုပ်ခတ်မသွားခဲ့ပေ။ သို့သော် နတ်ပြည်သို့ ခိုးဝင်လာကြသော လူသားမျိုးနွယ်ဝင်များအကြားတွင် သူ၏သတင်းက စတင်ပျံ့နှံ့လာသည်။ မရေမတွက်နိုင်သော လူသားများက နတ်ပြည်သို့ နေ့စဥ် ခိုးဝင်လာနေကြပြီး စကြဝဠာ၏ နေရာပေါင်းစုံမှ တည်နေရာလမ်းကြောင်းများဖြင့် ရောက်လာခဲ့ကြသည်။ အခြားမျိုးနွယ်ဝင်များ၏ ရက်စက်စွာ အမဲလိုက်မှုကြောင့် အများအပြား အသတ်ခံလိုက်ရပြီး သောင်းချီသော အရေအတွက်လျှင် တစ်ယောက်နှစ်ယောက်သာ အသက်ရှင်လျက် လွတ်​မြောက်နိုင်ခဲ့သည်။ လွတ်မြောက်လာသူများမှာ ကျင့်ကြံဆင့်မြင့်မားခြင်း သို့မဟုတ် အသက်ရှင်နိုင်သော စွမ်းရည်များ ရှိသောကြောင့် ဖြစ်သည်။

မူလတွင် ဤကျင့်ကြံသူများသည် ခြေဦးတည့်ရာ လျှောက်သွားနေကြသောကြောင့် နတ်ပြည်၏ စည်းမျဥ်းများအကြောင်း မသိခဲ့ပေ။ သို့သော် အမဲလိုက်ခံရပြီးနောက် သူတို့က သတင်းအချက်အလက်များ စုဆောင်းခဲ့သောအခါ အတိတ်မှ ဘိုးဘေးများအကြောင်း သိလာကြသည်။ ထို့ကြောင့် သူတို့၏စိတ်ထဲတွင် အတိတ်မှ အောင်မြင်မှုမျိုးကို ပြန်လည်ရယူလိုသော အတွေးများ ဖြစ်ပေါ်လာကာ မျိုးနွယ်၏ဂုဏ်သိက္ခာကို တည်ဆောက်လိုခဲ့ကြ၏။ နတ်ပြည်တွင် လူသားမျိုးနွယ်ဝင်များ အချင်းချင်း ဆက်သွယ်မှုရှိကြသဖြင့် ဝိညာဥ်မျက်လုံးမျိုးနွယ်၌ ယဲ့ချန်က နယ်မြေတစ်ခု ဝယ်ယူလိုက်ကြောင်း ကြားသောအခါ အံ့သြနေကြသည်။ နတ်ပြည်တွင် ရှင်သန်ရန် ရုန်းကန်နေရသူ အားလုံးသည် ယဲ့ချန်၏နယ်မြေထံ အာရုံစိုက်လာကြပြီး သူက နယ်မြေတစ်ခုကို ပိုင်ဆိုင်သော တစ်ဦးတည်းသော လူသား ဖြစ်နေခဲ့သည်။

လူသားမျိုးနွယ်၏ ကံကို ရှင်းဟွမ်မျိုးနွယ်က ဖိနှိပ်ထားသောကြောင့် လူသားကျင့်ကြံသူများ မည်မျှကြိုးစားပါစေ၊ နတ်အဆင့်သို့ မတက်နိုင်ကြသည့်အပြင် နတ်ပြည်တွင် အောက်ဆုံးအလွှာ၌ ရှင်သန်နေကြရသည်။ သူတို့က အဆင်းရဲဆုံးနှင့် အရေအတွက်အနည်းဆုံး ဖြစ်သောကြောင့် မည်သည့်နတ်အဆင့်မဆို အနိုင်ကျင့်နိုင်စွမ်း ရှိကြသည်။ မကျေနပ်သော်လည်း ကူကယ်ရာမရှိသဖြင့် သည်းခံနေကြရသည်။ ထို့ကြောင့် ယဲ့ချန်ကို ခေါင်းဆောင်တစ်ယောက်အဖြစ် မှတ်ယူကာ သူ၏နယ်မြေက ငါးကီလိုမီတာ ကျယ်ဝန်းသော်လည်း လူသားမျိုးနွယ်ဝင်အချို့ ရောက်ရှိလာကြသည်။ သူ့ကို ကပ်ရောဂါသဖွယ် ရှောင်နေကြသော ကျင့်ကြံသူများလည်းရှိပြီး နတ်တစ်ပိုင်းအဆင့်တစ်ယောက်အတွက် စိတ်ကြီးဝင်နေခြင်းဟု သတ်မှတ်ထားကြသည်။ အကယ်၍ ရန်သူမျိုးနွယ်များသာ ဤအကြောင်းကို သိသွားလျှင် သူ၏နယ်မြေက ချက်ချင်းသုတ်သင်ခံရပေလိမ့်မည်။ သူတို့၏အမြင်တွင် ဤအချက်ကြောင့် ရန်သူများက လူသားမျိုးနွယ်ဝင်များအပေါ် ဒေါသ ပေါက်ကွဲလာနိုင်သဖြင့် ယဲ့ချန်ကို ကျိန်ဆဲနေကြသည်။ သို့သော် အကြောင်းပြချက်မရှိ အချိန်တိုင်း သုတ်သင်ခံနေရသော လူသားများကိုမူ မေ့လျော့နေကြ၏။

ကျန်တစ်ဖက်တွင် ယဲ့ချန်၏နယ်မြေသို့ ထိပ်တန်းကြယ်သခင်အဆင့် လူသားများ ဆက်တိုက်ရောက်လာနေကြပြီး နတ်တစ်ပိုင်းအဆင့်နှင့် အလွန်နီးကပ်နေသူများ ဖြစ်သည်။ ခြောက်ရက်အတွင်း ရောက်လာသူများက အရေအတွက်ရာချီပြီး အန္တရာယ်ရှိကြောင်း သိသော်လည်း သူနှင့် ပူးပေါင်းရန် တုံ့ဆိုင်းမနေခဲ့ကြပေ။ သူက အားလုံးကို လက်ခံကြိုဆိုခဲ့ပြီး သတ်ဖြတ်ခြင်းများ ပြည့်နှက်နေသည့် နတ်ပြည်တွင် ပိုးဟပ်များပမာ ရှင်သန်နိုင်ခဲ့သဖြင့် လူသားမျိုးနွယ်၏ မျှော်လင့်ချက်များဟု သတ်မှတ်ခဲ့သည်။ သူက အစွမ်းထက် လူသားကျင့်ကြံသူများကို စုစည်းရန် တွေးတောနေစဥ် နယ်မြေ၏ဝင်ပေါက်သို့ ရောက်လာသူတစ်စုကို သတိထားမိလိုက်သည်။ အရေအတွက်က သုံးဆယ်ကျော်ပြီး ဦးဆောင်လာသူသုံး​ယောက်အနက် အဖြူရောင်ဝတ်ထား၍ ရေခဲပမာ အေးစက်သော မိန်းမလှတစ်ယောက် ပါဝင်သည်။ လူသားမျိုးနွယ်တွင် သူမက ပြည်ပျက်လောက်သည့် အလှပိုင်ရှင်မျိုးဖြစ်ကာ ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ သူ့ကို မင်သက်သွားစေခဲ့သည်။

"သူမက ဘယ်လိုလုပ် နတ်ပြည်ကို ရောက်လာတာလဲ"

ယဲ့ချန်က သူမကို ကြိုဆိုရန် ထွက်လာခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် မြင်လိုက်သောအခါ တစ်ဖက်လူ၏ မျက်နှာထက်တွင် မယုံနိုင်သော ဟန်ပန်မျိုး ဖြစ်ပေါ်လာခဲ့သည်။ သူမက ယဲ့ချန်ကို နတ်ပြည်တွင် တွေ့ရမည်ဟု မျှော်လင့်မထားခဲ့ပေ။

"မင်းက ဒီကို ဘယ်လိုရောက်နေတာလဲ"

ထိပ်တန်းမဟာမိတ်၏ ခေါင်းဆောင် လင်လုံက ယဲ့ချန်ကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် စိုက်ကြည့်နေ၏။ သူမကို ထိတ်လန့်စေသည်မှာ တစ်ဖက်လူ၏ ကျင့်ကြံနှုန်းဖြစ်ပြီး ကောင်းကင်ကြယ်သခင်အဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။ သူတော်စင်ဘုရင်၏ လူဝင်စားဆိုသည့်အတိုင်း ယုံချင်စရာမကောင်းလောက်အောင် မြန်ဆန်နေခဲ့သည်။ သူက လူဝင်စားတစ်ယောက်ဖြစ်ကြောင်း သိထားသော လက်တစ်ဆုပ်စာ လူနည်းစုတွင် သူမအပါအဝင် ဖြစ်သည်။

"ကျုပ်လည်း ဒီမေးခွန်းကိုပဲ မေးချင်ပါတယ်။ ခင်ဗျားရော ဘယ်လိုရောက်လာတာလဲ"

လင်လုံတွင် လျှို့ဝှက်ချက်များ ရှိနိုင်သဖြင့် ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။

"မင်း ငါ့ကို မပြောချင်ရင်လည်း ရပါတယ်"

သူမ၏ ကြည်လင်သော မျက်လုံးများတွင် ထူးဆန်းသော အလင်းတစ်ခု ဖြစ်ပေါ်လာသော်လည်း ချက်ချင်းတည်ငြိမ်သွားခဲ့သည်။ အတိတ်တွင် သူမ၏ကျင့်ကြံဆင့်က မြင့်မားပြီး သန်မာသောကြောင့် ယဲ့ချန်ကို အလေးထားစရာ မလိုအပ်ပေ။ လက်ရှိတွင် သူမက အစွမ်းထက်နေဆဲဖြစ်သော်လည်း ယဲ့ချန်ကိုယ်တိုင်လည်း အသေးအမွှားမဟုတ်တော့သဖြင့် စနောက်လိုက်ရုံသာ ဖြစ်၏။ လင်လုံနှင့်အတူ ရောက်လာသူများမှာ ထိပ်တန်းကြယ်သခင်များ ဖြစ်သော်လည်း ထိပ်တန်းမဟာမိတ်မှ မဟုတ်သောကြောင့် နတ်ပြည်သို့ တစ်ကိုယ်တော် ရောက်လာခဲ့ပုံရသည်။ မျက်ကန်းကြီးသည် လူသားတစ်ယောက်ဖြစ်သော်လည်း ကျင့်ကြံဆင့် မြင့်မားလွန်းသဖြင့် နတ်ပြည်သို့ ရောက်လာလျှင် ချက်ချင်းပစ်မှတ်ထား တိုက်ခိုက်ခံရပေလိမ့်မည်။ လင်လုံနှင့် လိုက်လာသူများတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က အစွမ်းအထက်ဆုံးဖြစ်ကာ ယဲ့ချန်ကို အကဲခတ်နေကြသည်။

အမျိုးသမီးက အနီရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ဆွဲဆောင်အားပြင်းစွာ လှပနေပြီး မျက်လုံးများ ထောင့်ကပ်၍ စနောက်လိုဟန်ဖြင့် ကြာကြည့်တစ်ချက် ပစ်လိုက်သည်။

"လင်လုံ ဒါက ဘယ်သူလဲ။ ငါတို့ကို မိတ်ဆက်မပေးတော့ဘူးလား"

အမျိုးသားက ငွေရောင်ချပ်ဝတ်နှင့် ခန့်ညားသော သူရဲကောင်းတစ်ယောက်အသွင် ဆောင်သော်လည်း ယဲ့ချန်ကို ရန်လိုစွာ ကြည့်နေခဲ့သည်။

"ငါက မီးတောက်မြစ် ကြယ်ဒေသက လာတဲ့ ယုမင်"

သူက မောက်မာစွာဖြင့် ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်သည်။

"ဒီလူက ချောမောပြီး ကျင့်ကြံဆင့်မဆိုးပေမယ့် ခေါင်းဆောင်လင်လို ခံစားချက်မဲ့ ရေခဲတုံးကြီးကို ကြိုက်နေတာလား။ မင်းဘာသာ ကြိုက်တာက ကိစ္စမရှိပါဘူး။ ငါ့ကို ဘာကြောင့် ရန်လိုနေတာလဲဟ"

ယဲ့ချန်က စိတ်ထဲတွင် တအံ့တသြ ရေရွတ်လိုက်ခြင်းဖြစ်သည်။ လင်လုံသည် အမြဲတည်ငြိမ် အေးစက်နေခဲ့သော်လည်း သူ့ကို မြင်သောအခါ ခံစားချက်အချို့ လှုပ်ခတ်သွားခဲ့သည်။ ရေခြားမြေခြား တစ်နေရာတွင် မွေးရပ်မြေတစ်ခုတည်းမှ လာသော လူတစ်ယောက်ကို တွေ့ရလျှင် ဤအချက်က ပုံမှန်သာဖြစ်၏။ အထူးသဖြင့် ရက်စက်ကြမ်းကြတ်လှသော နတ်ပြည်ကြောင့် အေးစက်သော လင်လုံ၏ စကားပြောပုံက အနည်းငယ် ညှင်သာနေသောကြောင့် ယုမင်ကို အထင်လွဲသွားစေခဲ့သည်။

"ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းက ယဲ့ချန်ပါ"

ယဲ့ချန်က ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်သည်။

"ငါက ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းအနားက ဂန်းကြယ်ဒေသက လာခဲ့တာပါ။ ငါ့နာမည်က ကျန်းရွဲ့လိန်ပါ"

မိန်းမပျိုကလည်း လှပသော အပြုံးတစ်ခုနှင့်အတူ မိတ်ဆက်လာခဲ့သဖြင့် ယဲ့ချန်ကို အတွေးများသွားစေသည်။ ယုမင်သည် ဆွဲဆောင်အားပြင်းသော ကျန်းရွဲ့လိန်ကိုကျော်၍ ခံစားချက်မဲ့နေသည့် ရေခဲတုံးကြီးကို စိတ်ဝင်စားနေသော အကြောင်းအရင်းအား စဥ်းစားမရသောကြောင့် ဖြစ်သည်။

"ကျုပ်ရဲ့ နယ်​မြေကနေ ကြိုဆိုပါတယ်"

ယဲ့ချန်၏ ဖော်ရွေသော စကားကြောင့် လင်လုံ၏မျက်လုံးများတွင် အံ့သြမှုများ ထင်ဟပ်လာသည်။ ဤနယ်မြေက ယဲ့ချန်၏အပိုင် ဖြစ်နေသောကြောင့် ဝိညာဥ်မျက်လုံးမျိုးနွယ်မှ ဝယ်ယူထားခြင်း ဖြစ်ပေလိမ့်မည်။ ဤနေရာသို့ မရောက်ခင် သူမသည် ယဲ့ချန်ဖြစ်နေမည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။ နာမည်ကို ကြိုသိခဲ့ရသော်လည်း အခြားတစ်ယောက်သာ ဖြစ်မည်ဟု ထင်နေခဲ့သည်။

ယဲ့ချန်သည် ထိပ်တန်းမဟာမိတ်မှ ထွက်ခွာသွားခဲ့ပြီး စကြဝဠာ၏ တစ်နေရာရာတွင် လေ့ကျင့်နေလိမ့်မည်ဟု လင်လုံက ခန့်မှန်းထားသည်။ တစ်ဖက်လူမှာ သူမ မျှော်လင့်ထားသည့် အတိုင်းအတာကို ကျော်လွန်၍ နတ်ပြည်သို့ အမည်မသိ နည်းလမ်းတစ်ခုဖြင့် ရောက်နေခဲ့သည်။ ပို၍အံ့သြစရာကောင်းသည်မှာ အချိန်တိုအတွင်း သူ၏ကျင့်ကြံနှုန်းက ကြောက်စရာကောင်းလောက်အောင် မြန်နေသည့်အပြင် နယ်မြေတစ်ခုကိုပင် ဝယ်ယူနိုင်ခဲ့သည်။ အခြားသော လူသားမျိုးနွယ်ဝင်များဆိုလျှင် ယဲ့ချန်ကဲ့သို့ အောင်မြင်မှုမျိုး ရယူနိုင်ရန်မှာ အိပ်မက်သာ ဖြစ်ပေလိမ့်မည်။

All Chapters