← Chapters

ဘုရင်သုံးယောက် ရောက်လာခြင်း

Vol. 68 Ch. 945

ဘုရင်သုံးယောက် ရောက်လာခြင်း

Vol. 68 Ch. 945

လင်လုံသည် နတ်ပြည်သို့ လာရောက်ရန် လမ်းတစ်ခု ရှာတွေ့ခဲ့ပြီး လူသားမျိုးနွယ် တည်ထောင်ရေးအတွက် နောက်လိုက်များ စုဆောင်းခဲ့သည်။ သို့သော် ယဲ့ချန်၏နောက်လိုက်များက သူမထက် အရေအတွက် များနေသောကြောင့် အံ့သြစေခဲ့ပြီး အကြောင်းအရင်းကို သိချင်နေသည်။ အဝေးတွင် ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် အိမ်တော်များက တစ်ခုပြီးတစ်ခု ရုပ်လုံးပေါ်လာခဲ့ကြသည်။

"မင်းက ဒီနေရာမှာ အင်အားစုတစ်ခု တည်ထောင်မလို့လား။ ပြဿနာ ဖြစ်နိုင်တယ်"

သူမက မျက်မှောင်ကြုတ်၍ သတိပေးလိုက်သည်။ ယဲ့ချန်သည်လည်း လူသားမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီး နတ်ပြည်၌ အင်အားတစ်ခု တည်ထောင်နေသဖြင့် ပန်းတိုင်ချင်း တူညီ၏။

"ဒီအကြောင်း တွေးပြီးပါပြီ။ ရှင်းဟွမ်မျိုးနွယ်က စန်းရီနယ်မြေကို မလာတဲ့အတွက် ပြဿနာက ရွှေဂျိုမျိုးနွယ်တစ်ခုသာ ရှိတယ်။ ဒါပေမယ့် သူတို့က အလွန်မောက်မာပြီး ဘယ်သူ့ကိုမှ မျက်စိထဲမထားလို့ ငါ့ကို ပြဿနာလာရှာမှာ မဟုတ်ဘူး။ နတ်အဆင့် ကျင့်ကြံသူတွေ ရောက်လာနိုင်ပေမယ့် ဝိညာဥ်မျက်လုံးမျိုးနွယ်က ကာကွယ်ပေးလိမ့်မယ်။ သူတို့မ ကာကွယ်ပေးနိုင်ရင်တောင် ရေကောင်းကင်တောင်တန်း ရှိသေးတယ်"

ယဲ့ချန်က အရာရာကို ကြိုတင်တွက်ချက်ထားခဲ့သည်။ အတိတ်တွင် လင်လုံသည် သူ့ကို သူတော်စင်ဘုရင်၏ လူဝင်စားဟု သိထားသော်လည်း လူသားမျိုးနွယ်၏ မျှော်လင့်ချက်ကို တစ်ကိုယ်တော် ထမ်းဆောင်နိုင်မည်ဟု ထင်မထားသဖြင့် အလေးမထားခဲ့ပေ။ သို့သော် လက်ရှိတွင် နတ်ပြည်၌ သူ့ကို တွေ့လိုက်ရသောအခါ ကျင့်ကြံနှုန်း အလွန်မြန်ဆန်ပြီး ကောင်းကင်သခင်၏မျိုးဆက်နှင့် နှစ်တစ်ထောင်မှ တစ်ယောက် ပေါ်လာတတ်သော ပါရမီရှင်ဆိုသည့် သူမပင် မယှဥ်နိုင်သောကြောင့် အမြင်များ စတင်ပြောင်းလဲလာ၏။ ယုမင်သည် သူမ၏စိတ်အခြေအနေ ပြောင်းလဲသွားကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ ဤနေရာသို့ ရောက်မလာခင် သူမသည် အလွန်အေးစက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ခိုင်မာစွာ ဆုပ်ကိုင်ထားကာ ယခုကဲ့သို့ အခြားလူသားတစ်ယောက်ကို တန်းတူဆက်ဆံခြင်း မရှိချေ။ သူမက အလွန်မာနကြီးပြီး အခြားလူများကို အလေးအနက် မထားသော်လည်း လက်ရှိ၌ တစ်စုံတစ်ယောက်ကို ညှိုနှိုင်းတိုင်ပင်သော လေသံမျိုးဖြင့် ပြောဆိုနေခဲ့သည်။

"မျိုးနွယ်ထောင်ချီ အစည်းအဝေးအကြောင်း မှတ်မိသေးလား"

လင်လုံသည် ဤသို့မေးလိုက်သောအခါ ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။

"ဒီစုဝေးပွဲကို ကျင်းပတဲ့ ကျင့်ကြံသူက အာကာနတ်အဆင့်ဖြစ်ပြီး ကောင်းချီးမျိုးနွယ်ဝင်တစ်ယောက် ဖြစ်တယ်။ ဒီမျိူးနွယ်က အရေအတွက် အလွန်နည်းပါးပြီး ဒါဇင်အနည်းငယ်သာရှိပေမယ့် တစ်ယောက်ချင်းစီက အစွမ်းထက် ပါရမီရှင်တွေပဲ။ မင်းသာ ဒီအစည်းအဝေးမှာ ထင်ပေါ်ကျော်ကြားအောင် လုပ်နိုင်ရင် သူ့တပည့် ဖြစ်လာပြီး ဒဏ္ဍာရီလာ ပုကျောက်တောင်ကို ဝင်ရောက်ခွင့်ရလိမ့်မယ်။ လက်ရှိမှာ လူသားမျိုးနွယ်က အားနည်းနေတဲ့အတွက် အာကာသနတ်ရဲ့ ကာကွယ်မှုကိုရရင် ပိုပြီး အ​ခြေအနေ ကောင်းလာလိမ့်မယ်"

လင်လုံက လေးနက်စွာ တိုက်တွန်းလိုက်သော်လည်း ယဲ့ချန်သည် အကြံကောင်းတစ်ခုဟု မထင်ပေ။ လူသားမျိုးနွယ်၏ မျှော်လင့်ချက်ကို အခြားမျိုးနွယ်ဝင်တစ်ယောက်အပေါ် ပုံအပ်ထားရန်က မသင့်လျော်ပေ။ မျိုးနွယ်၏ ကံတရားကို နတ်ဗျတ်စောင်းက ဖိနှိပ်ထားသည့်အပြင် ကောင်းကင်သူတော်မျိုးနွယ်၏ သုတ်သင်မှုကြောင့် လူသားကျင့်ကြံသူများအတွက် နတ်အဆင့်တက်ရန် ခက်ခဲနေသည်။ ထိပ်တန်းကြယ်သခင်တစ်ယောက်ဖြစ်သော လင်လုံသည် အဆင့်တက်ရန် မည်မျှကြိုးစားပါစေ၊ လက်ရှိအဆင့်၌သာ တစ်ဆို့နေ၏။ အကယ်၍ နတ်ကျင့်ကြံသူတစ်ယောက်ပင် မရှိလျှင် လူသားမျိုးနွယ် အစွမ်းထက်လာရန် မျှော်လင့်ချက် မရှိချေ။

"ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းကို ပြန်သွားဖို့ နည်းလမ်း ရှိလား"

ယဲ့ချန်က မေးခွန်းထုတ်လိုက်သည်။

"ရှိတယ်။ ငါက တည်နေရာပြောင်း လမ်းကြောင်းတစ်ခုကို သိထားပေမယ့် ဒီနေရာနဲ့ နည်းနည်းဝေးတယ်"

လင်လုံက ခေါင်းညိတ်ပြလိုက်သည်။ သေမင်း ထိန်းချုပ်ထားသော လမ်းကြောင်းအပြင် နောက်ထပ်လမ်းကြောင်းနှစ်ခု ရှိကြောင်း ယဲ့ချန်က သိလိုက်ရသည်။ အတိတ်တွင် သေမင်းက သူ့ကို အချိန်မရွေး စောင့်ကြည့်နေမည်ဟု သတိပေးခဲ့သောကြောင့် လက်ရှိအခြေအနေကို သိမသိ မပြောနိုင်ပေ။

"နတ်ပြည်က ထွက်ခွာနိုင်ရင် နတ်အဆင့်ကိုတက်ဖို့ နည်းလမ်းတစ်ခု ငါ သိတယ်"

နတ်စက်လုံးတွင် ဤအကျိုးသက်ရောက်မှု ရှိသောကြောင့် ယဲ့ချန်က အသံချင်းဆက်သွယ်ကာ ပြောလိုက်သည်။ ဤအချက်က အလွန်အရေးကြီးသောကြောင့် အခြားကျင့်ကြံသူများ မကြားစေလိုသောကြောင့် ဖြစ်သည်။

"တကယ်လား။ ဒီလမ်း​ကြောင်းက ပြန်ပွင့်ဖို့ အနည်းဆုံး အချိန်လဝက် လိုဦးမယ်။ ဒါပေမယ့် ငါ စောင့်နိုင်ပါတယ်"

စိတ်လှုပ်ရှားမှုကြောင့် သူမ၏မျက်ဝန်းများ တောက်ပသွားကာ လမ်းကြောင်း၏ အခြေအနေကို ရှင်းပြလိုက်သည်။ သူမက အဆင့်တက်ရန် အချိန်ကြာမြင့်စွာ စောင့်နေခဲ့ရသောကြောင့် လဝက်ထပ်မံစောင့်ဆိုင်းရန် ပြဿနာမရှိပေ။ ယဲ့ချန်၏ဝှက်ဖဲကို သူမက မသိထားသော်လည်း လိမ်စရာ အကြောင်းမရှိသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။

"လင်လုံ ငါတို့ ဘာဆက်လုပ်ကြမလဲ။ ဒီနယ်မြေက လုံခြုံတယ်လို့တော့ မထင်ဘူး"

ယုမင်သည် လင်လုံကို ဤနေရာမှ ထွက်သွားစေလိုသောကြောင့် အကြံပေးလိုက်ခြင်း ဖြစ်၏။

"ဒီနေရာနဲ့ မနီးမဝေးမှာ အာကာသနတ်တစ်ပါးရဲ့ လေ့ကျင့်ရေးနယ်မြေတစ်ခု ရှိတယ်။ သူ့တပည့်တွေအတွက် တည်ဆောက်ထားတာ ဖြစ်ပေမယ့် သူ ကွယ်လွန်သွားတဲ့အခါ နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတွေ ဝင်ရောက်ခွင့်ရခဲ့ကြတယ်။ အထက်အဆင့်တွေ ဝင်နိုင်မှာမဟုတ်လို့ အတူလိုက်ခဲ့ဖို့ စိတ်ဝင်စားလား"

လင်လုံ၏ ဖိတ်ကြားချက်ကြောင့် ထိပ်တန်းကြယ်သခင် အဆင့်တက်ရန် အခွင့်အလမ်းရှာဖွေနေသော ယဲ့ချန်ကို ဝမ်းသာစေခဲ့သည်။ ဤနယ်မြေကို စီမံရန်အတွက် သူ၏နောက်လိုက်များက စိတ်ချရပေသည်။

"ကောင်းပြီ"

ထို့ကြောင့် သူက ခေါင်းညိတ်၍ မဆိုင်းမတွ လက်ခံလိုက်သည်။ ထိုနယ်မြေသို့သွားရန်က မူလအစီအစဥ် ဖြစ်သော်လည်း ယဲ့ချန် လိုက်လာခြင်းမှာ ယုမင်ကို မကျေမနပ် ဖြစ်စေခဲ့သည်။

"ဒါဆိုရင် ငါတို့က လမ်းတစ်လျှောက် အချင်းချင်း အကူအညီပေးနိုင်တာပေါ့"

ကျန်းယွဲ့လိန်က ဖော်ရွေစွာပြုံး၍ ဖိတ်ခေါ်လိုက်၏။ နယ်မြေကို စီမံအုပ်ချုပ်ရန်အတွက် နောက်လိုက်များကို မှာကြားပြီးနောက် ယဲ့ချန်သည် အချိန်မရွေး ထွက်ခွာနိုင်ပြီဖြစ်သည်။

"ဘာတွေဖြစ်ကုန်တာလဲ"

"ဟိုကို ကြည့်လိုက်စမ်း"

ထိုအချိန်၌ ရေကောင်းကင် တောင်တန်းတစ်ခုလုံး တုန်ခါသွားကာ ကောင်းကင်၌ ဧရာမပုံရိပ်ကြီးများ ထွက်ပေါ်လာ၍ အစွမ်းထက်အရှိန်အဝါများ ကျဆင်းလာသည်။ ထို့ကြောင့် ရှင်းဟိုင်၏တပည့်များမှာ ဖိအားကြောင့် နာကျင်သွားပြီး ဟင်းလင်းပြင် နတ်အဆင့်နှစ်ယောက်ပင် မနည်းတောင့်ခံနေရ၏။ ဤစွမ်းအားက အဆင့်သုံး နတ်ချီများဖြစ်ပြီး သာမန်ဟင်းလင်းပြင်နတ်များထက် ပို၍သန်မာနေခဲ့သည်။ ကြောက်မက်ဖွယ် ဖိအားကြောင့် ယဲ့ချန်တို့အဖွဲ့မှာ တစ်ကိုယ်လုံး ကြေမွမတတ် ခံစားနေရသည်။ ကောင်းကင်ထက်တွင် ဟင်းလင်းပြင်နတ်အဆင့် ကျင့်ကြံသူငါးယောက် ရောက်ရှိလာပြီး ရေကောင်းကင်တောင်တန်းသို့ ပစ်မှတ်ထားနေခဲ့သည်။

ထို့ကြောင့် အကြောင်းအရင်းကို မသိသော ယဲ့ချန်သည် တုန်လှုပ်သွားကာ ခံစားချက်များ ဆိုးရွားနေသည်။ ရှင်းဟိုင်က သူ့အပေါ် ကောင်းမွန်သော ဟင်းလင်းပြင်နတ်ဖြစ်ပြီး လက်ရှိအခြေအနေသည် မည်သို့ပြောင်းလဲသွားကြောင်း ခန့်မှန်းမရပေ။ နတ်အာရုံငါးခုက ရေကောင်းကင်တောင်တန်းကို ဖိနှိပ်နေစဥ် အစွမ်းထက်အားတစ်ရပ် မြင့်တက်လာကာ ထိုကျင့်ကြံသူများအောက် မနိမ့်ပေ။

"ဟုရန် တန်းဖ လန်ရှောင်း မင်းတို့က ငါ့နယ်မြေကို ဘာကြောင့် ရောက်လာတာလဲ"

လေထဲတွင် ရှင်းဟိုင် ထွက်ပေါ်လာကာ သူ၏စကားသံသည် မိုးချုန်းသံကဲ့သို့ ကျယ်လောင်နေပြီး တောင်တန်းတစ်ခုလုံး ပဲ့တင်ထပ်သွား၏။ ရောက်လာသူများတွင် စန်းရီနယ်မြေ၏ ဘုရင်သုံးယောက် ပါဝင်နေသောကြောင့် လူတိုင်း ကြောက်လန့်သွားသည်။ ဝိညာဥ်မျက်လုံးမျိုးနွယ်ဝင်များက ရှင်းဟိုင်အတွက် ဆုတောင်းပေးနေကြပြီး ဝမ်းနည်းနေကြသည်။ အကယ်၍ သူသာ တစ်စုံတစ်ခု ဖြစ်သွားလျှင် အကျိုးဆက်များက ဝိညာဥ်မျက်လုံးမျိုးနွယ်ထံ ပြင်းထန်စွာ ကျရောက်လာပေလိမ့်မည်။

"ဘုန်း"

ရှင်းဟိုင်နှင့် ဟုရန်က နတ်အာရုံများဖြင့် တစ်ယောက်ကိုတစ်ယောက် စမ်းသပ်လိုက်ကြပြီး ကျယ်လောင်စွာ ပေါက်ကွဲသွားခဲ့၏။ တစ်ဖက်လူက ဘုရင်နေရာကို ယှဥ်ပြိုင်နိုင်လောက်အောင် အစွမ်းထက်နေသောကြောင့် ဟုရန်မှာ အံ့သြနေခဲ့သည်။

"ရှင်းဟိုင် စန်းရီနယ်မြေရဲ့ ညစာစားပွဲမှာ နောက်ဆုံးအကြိမ်တွေ့ပြီး နှစ်ပေါင်း၂၀၀ ကြာခဲ့ပြီ။ မင်းရဲ့ခွန်အားက တော်တော်ကို တိုးတက်လာပါလား"

သူက တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်သောကြောင့် ရန်လိုစိတ်ရှိမရှိ မည်သူမှ ခန့်မှန်းမရနိုင်ပေ။

"ဟုရန် မင်း အခုရောက်လာတာက ငါနဲ့ စကားစမြည်ပြောဖို့ မဟုတ်ဘူးမလား"

ရှင်းဟိုင်က အေးစက်စက် တုံ့ပြန်လိုက်၏။

"ကောင်းပြီ။ ဒါဆိုရင် ဒဲ့ပြောမယ်။ မင်းဆီမှာ နတ်စက်လုံး ရှိနေလား"

တန်းဖက အစွမ်းထက်အရှိန်အဝါကို ရှင်းဟိုင်ထံ ထုတ်လွှတ်ကာ မေးလိုက်သည်။

"ငါ့လက်ထဲမှာ မရှိဘူးလို့ ပြောရင် မင်းတို့ ယုံကြမှာလား"

လှိုင်းလုံးကြီးပမာ ရောက်ရှိလာသော အရှိန်အဝါအောက်တွင် ရှင်းဟိုင်က တည်ငြိမ်စွာ ရှိနေသည်။

"မယုံဘူး။ မင်းက ချီရှုရဲ့ ရွှေနန်းတော်ကို ယူသွားတယ်။ ရှင်းဟိုင် မင်း ဒါကို ဝန်မခံရဲဘူးလား"

တန်းဖက နှာခေါင်းရှုံ့လိုက်သည်။

"ငါ့လက်ထဲမှာ နတ်စက်လုံးရှိနေရင် ငါ ဝန်ခံရဲတယ်။ ငါက ကိုယ့်စကားကို တန်ဖိုးထားတယ်။ ငါမှာသာ နတ်စက်လုံးရှိနေရင် မင်းတို့ကို သတ်ပြီးနေလောက်ပြီ"

ရှင်းဟိုင်က အေးစက်စက် ရယ်မောလိုက်သည်။ သူက အမှန်တကယ် နတ်စက်လုံးကို ပိုင်ဆိုင်ထားလျှင် ဤဘုရင်သုံးပါးကို အနိုင်ယူနိုင်စွမ်းရှိ၏။ ဤစကားများကို ယဲ့ချန်က ရှင်းရှင်းလင်းလင်း ကြားနေရသောကြောင့် ဟင်းလင်းပြင်နတ်များ ရောက်လာသည့် အကြောင်းအရင်းကို နားလည်လိုက်သည်။ နတ်စက်လုံးသည် ရှင်းဟိုင်၏လက်ထဲတွင် မဟုတ်ဘဲ သူ၏လက်ထဲတွင် ရောက်နေကြောင်းကို ထိုကျင့်ကြံသူများ သိနိုင်မည် မဟုတ်ပေ။

All Chapters