နဂါးထောင်အစီအရင်
Vol. 68 Ch. 946
"ရှင်းဟိုင် မင်းက ငါတို့ကို အရူးလုပ်နိုင်မယ်လို့ ထင်နေတာလား။ ချီရှုရဲ့ ရွှေနန်းတော်က မင်းလက်ထဲမှာဆိုတော့ နတ်စက်လုံး ရှိလိမ့်မယ်။ ဟင်းလင်းပြင်နတ်တစ်ယောက်မှသာ ဒီရတနာကို သိမ်းယူနိုင်တယ်။ မင်းက ဝန်မခံဘူးဆိုရင်တောင် မင်းတစ်ယောက်တည်းနဲ့ ရတနာကို ကာကွယ်ဖို့ မဖြစ်နိုင်ဘူး"
တန်းဖက အေးစက်စက် သတိပေးလိုက်သည်။
"မင်းတို့က ဒီလိုထင်နေရင် လာကြစမ်း။ လက်ဗလာနဲ့ မပြန်ချင်ဘူးမလား။ ခွန်အားချင်းယှဥ်ရင် ငါက မင်းတို့သုံးယောက်ကို မယှဥ်နိုင်ပေမယ့် ငါ့တောင်တန်းမှာ ငါ သေရင်တောင် တစ်ယောက်ကို အပါခေါ်သွားမယ်"
ရှင်းဟိုင်က စတင်ဒေါသထွက်လာသောကြောင့် ရန်သူများမှာ တုန်လှုပ်နေကြသည်။ သူတို့က ရေကောင်းကင်တောင်တန်းတွင် ဆန်းကျယ်သော စွမ်းအင်တစ်ရပ် ရှိနေကြောင်း မြင်လိုက်ရသဖြင့် တစ်ဖက်လူသည် အချိန်ကြာမြင့်စွာ ပြင်ဆင်ထားကြောင်း သိသာနေသည်။ ရှင်းဟိုင်က သူ၏အခြေအနေကို ကောင်းစွာနားလည်ထားပြီး ဘုရင်သုံးယောက် ပူးပေါင်းလျှင် သေရမည်ဖြစ်သော်လည်း အစီအရင်အားကိုးဖြင့် တစ်ယောက်ကို သတ်ဖြတ်နိုင်ပေလိမ့်မည်။ ဟင်းလင်းပြင်နတ်တစ်ယောက်က အစွမ်းကုန်ထုတ်သုံးလျှင် အလွန်ကြောက်စရာကောင်းသောကြောင့် ဘုရင်သုံးယောက်မှာ မျက်နှာပျက်နေကြ၏။
"ရှင်းဟိုင် ငါတို့က မိတ်ဆွေတွေပါ။ မင်းသာ နတ်စက်လုံးကို လွှဲပေးရင် အခုချက်ချင်း ထွက်သွားပေးမယ်။ ဆက်ပြီးခေါင်းမာနေရင် ဘယ်သူ့အတွက်မှ ကောင်းကျိုး မရှိဘူး"
ဟုရန်က ဝင်ရောက်ညှိုနှိုင်းလိုက်သည်။
"ဟုရန် ငါတို့က စန်းရီနယ်မြေမှာ နှစ်ပေါင်းများစွာ နေထိုင်လာလို့ အချင်းချင်း သိကျွမ်းကြတယ်။ ငါ့လက်ထဲမှာ နတ်စက်လုံး မရှိဘူး။ ဒါကို မယုံရင်လည်း တိုက်ခိုက်ကြတာပေါ့"
ရှင်းဟိုင်က အေးစက်စက်ပြောလိုက်ပြီး ထက်ရှသော တိုက်ခိုက်လိုစိတ် ဖြစ်တည်လာသည်။ နတ်စက်လုံးက သံသယဝင်စရာ ကောင်းလောက်အောင် ပျောက်ကွယ်နေသဖြင့် ဘုရင်သုံးပါးက စိတ်ရှုပ်နေကြသည်။ သူတို့က ချီရှု၏နန်းတော်အတွင်း ဝင်ရောက်ခဲ့သော ငယ်သားများထံ စုံစမ်းခဲ့ပြီး တစ်ယောက်မှ နတ်စက်လုံးကို မတွေ့ခဲ့ကြပေ။ သူတို့အရင်ဝင်ရောက်သွားသော ကျင့်ကြံသူတစ်ယောက် ရှိသော်လည်း နတ်တစ်ပိုင်းအဆင့် ဖြစ်သောကြောင့် နတ်စက်လုံးကို ရယူရန် မဖြစ်နိုင်သဖြင့် သံသယမဝင်ခဲ့ချေ။ ၎င်း၏လက်နက်ဝိညာဥ်က အစွမ်းထက်သောကြောင့် သန်မာသူများသာ ထိန်းချုပ်နိုင်ပေလိမ့်မည်။ သို့သော် သူတို့က ချီရှု၏နန်းတော်ကို ရှာတွေ့ပြီး နတ်စက်လုံး ပျောက်ကွယ်နေသော အချက်ကို လက်မခံနိုင်ခဲ့ကြပေ။ ဘုရင်သုံးပါး၏ နတ်အာရုံများက ရေကောင်းကင်တောင်တန်းထံ ကျဆင်းလာပြီး လောကနတ်များနှင့် နတ်များက သွေးအန်၍ ကောင်းကင်မှ ပြုတ်ကျကုန်သည်။ ကြောက်မက်ဖွယ်ဖိအားကြောင့် ယဲ့ချန်တို့သည်လည်း ကီလိုမီတာထောင်ချီအထိ နောက်ဆုတ်သွားကြရ၏။
"ဒီအဘိုးကြီးတွေ နတ်စက်လုံး ရှာမတွေ့တာကို လက်မခံနိုင်ဘဲ ရှင်းဟိုင်ကို တိုက်ခိုက်ကြတော့မှာလား"
သူ၏လက်ထဲတွင် ရောက်နေသော နတ်စက်လုံးကြောင့် ရှင်းဟိုင် အသတ်ခံလိုက်ရလျှင် အပြစ်မကင်းဟု တွေးနေခဲ့သည်။ သို့သော် နတ်စက်လုံးကို ထုတ်ပေးလိုက်လျှင်လည်း သူက အရှင်လတ်လတ် မြေမြုပ်ခံလိုက်ရနိုင်သောကြောင့် မဖြစ်နိုင်ပေ။
"ရှင်းဟိုင် ဆက်ပြီးခေါင်းမာနေရင် ငါတို့ အဆိုးမဆိုနဲ့"
တန်းဖက စိတ်မထိန်းနိုင်တော့သဖြင့် နတ်ချီများ စုစည်းကာ ရှင်းဟိုင်ထံ ရိုက်ချလိုက်သည်။ သူကလည်း အားနည်းကြောင်း မပြဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်သောကြောင့် ကောင်းကင်ပင် အရောင်ပြောင်းသွားခဲ့၏။ နှစ်ယောက်လုံးသည် ကြယ်များကိုပင် လက်ဝါးတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်သူများ ဖြစ်သောကြောင့် ဟင်းလင်းပြင်ပင် ပြိုကျနေပြီး ထိမှန်ခံလိုက်ရလျှင် အရာရာ အပိုင်းပိုင်းအစစ ဖြစ်သွားပေလိမ့်မည်။ သို့သော် စန်းရီနယ်မြေတွင် စည်းမျဥ်းစည်းကမ်းများ ရှိသောကြောင့် သူတို့က ဟင်းလင်းပြင်အတွင်း၌သာ တိုက်ခိုက်နေကြသည်။ သူတို့ကြောင့် အခြားကျင့်ကြံသူများစွာ သေဆုံးသွားလျှင် အထက်အဆင့်ကျင့်ကြံသူများ ရောက်ရှိလာနိုင်သောကြောင့် ဖြစ်သည်။ မည်မျှထိန်းချုပ်တိုက်ခိုက်နေပါစေ၊ စန်းရီနယ်မြေခံများသည် ကြောက်မက်ဖွယ်တိုက်ပွဲကို မြင်နေရပြီး စိတ်များ လေးလံနေကြ၏။
"ဘာတွေဖြစ်နေတာလဲ။ ရှင်းဟိုင်နဲ့ တန်းဖက ဘာကြောင့် တိုက်ခိုက်နေတာလဲ"
တံခါးပိတ် ကျင့်စဥ်ဝင်နေကြသော ဘုရင်များနှင့် ဟင်းလင်းပြင်နတ်များသည် ဤတိုက်ပွဲကို သတိထားမိခဲ့ပြီး စုံစမ်းလိုက်သောအခါ အကြောင်းအရင်းကို နားလည်လိုက်သည်။ သူတို့က နတ်စက်လုံး၏ ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်များကြောင့် စိုးရိမ်နေကြပြီး အတိတ်တွင် ရွှေနီလင်းနို့မျိုးနွယ်ပင် ၎င်းကြောင့် ပျက်စီးခဲ့ရသည်။ ဤမျိုးနွယ်က အထွတ်အထိပ်တွင် မည်သူမှ လောဘမတက်ရဲသော်လည်း ကျဆင်းလာသောအခါ ဘုရင်များက ချီရှုကို ဖိအားပေးခဲ့ကြသည်။ မျိုးနွယ်၏ အမွေခံရတနာကို ထုတ်ပေးရန် မဖြစ်နိုင်သောကြောင့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ချီရှု၏လက်ချက်ဖြင့် ဘုရင်သုံးပါးနှင့် ဟင်းလင်းပြင်နတ်၁၆ယောက် အသတ်ခံခဲ့ရသည်။ သူကိုယ်တိုင်က ဝိညာဥ်အကြွင်းအကျန်အဖြစ် လွတ်မြောက်သွားသော်လည်း နတ်စက်လုံးပါ ပျောက်ကွယ်သွားခဲ့၏။ ရွှေနန်းတော်ထွက်ပေါ်လာခြင်းက လူတိုင်းကို နတ်စက်လုံးအကြောင်း တွေးစေခဲ့ပြီး ကိုယ်ပိုင်အကြံအစည်များနှင့် လက်ရှိတိုက်ပွဲအား စောင့်ကြည့်နေကြသည်။ မူလရတနာတစ်ခုဖြစ်သော နတ်စက်လုံးကို မည်သူမှ လောဘမတက်ဘဲ မနေနိုင်ချေ။
"ဘန်း ဘန်း ဘန်း"
တိုက်ပွဲက ပို၍ပြင်းထန်လာပြီး တန်းဖနှင့် ရှင်းဟိုင်သည် အဆင့်သုံး နတ်ချီများဖြင့် ကြမ်းတမ်းစွာ ရင်ဆိုင်နေကြသည်။ သူတို့၏စွမ်းအားက ကြယ်ဒေသတစ်ခုကို ဖျက်ဆီးနိုင်ပြီး အဝေးတွင် တိုက်ခိုက်နေခြင်းမဟုတ်လျှင် တိုက်ကွက်တစ်ခုဖြင့် ဝိညာဥ်မျက်လုံးမျိုးနွယ်ကို ချေမွပစ်လိုက်ပေလိမ့်မည်။ ရေကောင်းကင် တောင်တန်း၏ အစီအရင်က စတင်လည်ပတ်လာကာ ရှင်းဟိုင်ကို ထောက်ပံ့ပေးနေပြီး ပိုမိုသန်မာလာသောကြောင့် တန်းဖအတွက် အခက်ကြုံနေရသည်။
"မင်းတို့က ဘာတွေစောင့်နေကြတာလဲ"
တန်းဖသည် ရှင်းဟိုင်ကို တစ်ကိုယ်တော် မတိုက်ခိုက်နိုင်တော့သဖြင့် အော်ဟစ်လိုက်သောအခါ လန်ရှောင်းနှင့် ဟုရန်လည်း တိုက်ပွဲအတွင်း ဝင်ရောက်လာကြ၏။
"ဘုရင်သုံးယောက်က အရှင်ရှင်း တစ်ယောက်တည်းကို ဝိုင်းတိုက်နေကြတယ်။ ယုတ်မာလိုက်တာ"
ဝမ်းနည်းဒေါသထွက်နေသော ဝိညာဥ်မျက်လုံးမျိုးနွယ်ဝင်များက ကျိန်ဆဲလိုက်ခြင်း ဖြစ်သည်။ ရှင်းဟိုင်တစ်ယောက်တည်းဖြင့် ဘုရင်သုံးယောက်ကို အနိုင်မယူနိုင်သဖြင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်၏။
"မင်းတို့သုံးယောက်က ဘယ်လောက်အရှက်မဲ့တယ်ဆိုတာကို ဒီနေ့ သိလိုက်ရပြီ"
ရှင်းဟိုင်ကအော် ဟစ်လှောင်ရယ်လိုက်သောကြောင့် ဘုရင်သုံးယောက်က အရှက်ရသွားကြ၏။ သုံးယောက်တစ်ယောက် တိုက်ခိုက်ခြင်းက အလွန်ရှက်စရာကောင်းသည့်အပြင် စန်းရီနယ်မြေတစ်ခုလုံး သူတို့ကို စောင့်ကြည့်နေကြသည်။
"ရှင်းဟိုင် နတ်စက်လုံးကို ထုတ်ပေးရင် အသက်ချမ်းသာပေးမယ်"
တန်းဖက ဒေါသတကြီးအော်ဟစ်၍ လက်ဝါးဖြင့် ရိုက်ချလိုက်သောအခါ ထောင်ချီသည့် အလင်းတန်းများ ကျဆင်းလာ၏။
"ငါ့လက်ထဲမှာ မရှိဘူးလို့ ပြောပြီးပြီ။ မင်းတို့ကို ဘယ်နှခါလောက် ထပ်ပြောရဦးမှာလဲ။ မင်းတို့ သတ်ချင်တယ်ဆိုရင်လည်း သတ်ကြ။ ငါကတော့ ငရဲမှာ အထီးကျန်မှာကြောက်လို့ တစ်ယောက်တော့ ခေါ်သွားရမယ်"
ရှင်းဟိုင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး အစီအရင်ကို အသက်သွင်းလိုက်သောအခါ သန်းရာချီသော ရုန်းများ လေထဲသို့ မျောလွင့်လာကြ၏။ ရှင်းဟိုင်၏အခြေအနေကြောင့် တပည့်များမှာ ဝမ်းနည်းနေကြပြီး တစ်ယောက်ပြီးတစ်ယောက် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ သူတို့က အစီအရင်နှင့် ပေါင်းစပ်လိုက်ကြပြီး ဆရာဖြစ်သူကို ကူညီရန်အတွက် ကိုယ့်ကိုကိုယ် ရုန်းများအဖြစ် ပြောင်းလဲလိုက်ကြသည်။
"ဝုန်း"
အစီအရင်၏ အဖျက်အဆီးစွမ်းအင်က ကြောက်စရာကောင်းလွန်းသောကြောင့် ဘုရင်သုံးယောက်က တုန်လှုပ်နေကြသည်။ ထိုစွမ်းအင်က ဟင်းလင်းပြင်နတ်တစ်ယောက်ကို အမှန်တကယ် သုတ်သင်နိုင်စွမ်း ရှိနေ၏။
"ဘာတွေဖြစ်နေတာလဲ"
သူတို့က ဝိညာဥ်များ တုန်ယင်သွားကာ ပုံမှန်ဆိုလျှင် အစီအရင်တစ်ခုသည် ဘုရင်များကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။
"ဒီအစီအရင်ကို နဂါးထောင်အစီအရင်လို့ခေါ်ပြီး ငါ့ဘိုးဘေး အာကာသနတ်တစ်ယောက်ရဲ့ အမွေ ဖြစ်တယ်"
ရှင်းဟိုင်က ဂုဏ်ယူစွာ ပြောလိုက်သောအခါ ထိုအစီအရင်အကြောင်း ကြားဖူးထားသည့် ဘုရင်သုံးယောက်က မျက်နှာပျက်သွားကြသည်။
"ရှင်းဟိုင် မင်း ဒီလိုလုပ်စရာ မလိုပါဘူး"
ဟုရန်က စိုးရိမ်တကြီး တားမြစ်လိုက်ပြီး နဂါးထောင်အစီအရင်သည် ဟင်းလင်းပြင်နတ်တစ်ယောက်၏ စွမ်းအင်များကို ဝါးမျိုပြီး ရန်သူများကို သုတ်သင်နိုင်သဖြင့် ကြောက်မက်ဖွယ်ကောင်းသောကြောင့် ဖြစ်သည်။ အကယ်၍ ရှင်းဟိုင်သာ ၎င်းကို အမှန်တကယ် အသက်သွင်းလိုက်လျှင် သုံးယောက်အနက် တစ်ယောက်ကို သေချာပေါက် သတ်ဖြတ်နိုင်သည်။
"ငါ့ကို ဒီလိုလုပ်ဖို့ မင်းတို့ ဖိအားပေးခဲ့တယ် မဟုတ်ဘူးလား"
ရှင်းဟိုင်က တည်ငြိမ်စွာ ပြောလိုက်ပြီး နဂါးထောင်အစီအရင်ကို ဆက်လက်အသက်သွင်းနေ၏။ တစ်ချိန်တည်းမှာပင် ရေကောင်းကင် တောင်တန်း၏ မြေမျက်နှာသွင်ပြင်နှင့် သစ်ပင်များက အစီအရင်ကြောင့်ခြောက်ကပ်သွားအောင် စုပ်ယူခံနေရသည်။ ထို့အပြင် ရှင်းဟိုင်၏ လက်တစ်ဖက်ကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်နေစဥ် ဘုရင်သုံးယောက်သည် ထောင်သောင်းချီသော နတ်စွမ်းအင်များဖြင့် ချုပ်နှောင်ခံလိုက်ရပြီး ဖျစ်ညှစ်ခံလိုက်ရကာ ကိုယ်ပိုင်စွမ်းအင်များ စုပ်ယူခံနေရလေသည်။