လေ့ကျင့်ရေးနယ်မြေ
Vol. 68 Ch. 947
"ရှင်းဟိုင် မင်း တကယ် ဒီလိုလုပ်တော့မှာလား"
နောက်ဆုံးတွင် ဘုရင်သုံးပါးသည် အလွန်တရာ ကြောက်လန့်နေကြပြီဖြစ်သည်။ သူတို့၏ခွန်အားဖြင့် အစီအရင်အတွင်းမှ ရုန်းထွက်နိုင်သော်လည်း ရှင်းဟိုင်က ပစ်မှတ်ကို ရွေးချယ်လိုက်လျှင် လွတ်မြောက်မည် မဟုတ်ပေ။
"မင်းတို့ရုန်းကန်နေရင် သုံးယောက်လုံးကို မသတ်နိုင်ပေမယ့် တစ်ယောက်ကို သတ်ဖို့ ပြဿနာမရှိဘူး။ အရင်ဆုံး ရုန်းကန်တဲ့သူကို သတ်ပစ်မယ်"
ရှင်းဟိုင်က အေးစက်စက် သတိပေးလိုက်သောအခါ ဘုရင်သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး မလှုပ်ရဲကြပေ။ သူတို့က ပထမဆုံး ပစ်မှတ် မဖြစ်လိုသောကြောင့် စိတ်ထဲမှ ကိုယ့်ကိုကိုယ်ပင်ရ က်စက်လွန်းသော ရှင်းဟိုင်ကို ကျိန်ဆဲနေကြသည်။ ဟင်းလင်းပြင်နတ်အများစုသည် အလွန်ဆွဲဆောင်အားပြင်းသော ရတနာများကြောင့်သာ တိုက်ခိုက်ခြင်းဖြစ်ပြီး သာမန်အခြေအနေများတွင် အသက်နှင့် မရင်းလိုကြပေ။ သူတို့က နတ်ပြည်တွင် နတ်ဘုရားများသဖွယ် ထာဝရရှင်သန်နိုင်သောကြောင့် အသက်စွန့် တိုက်ခိုက်စရာ မလိုအပ်ချေ။ ကိုယ့်ကိုကိုယ်ရော ရန်သူကိုပါ ရက်စက်နိုင်သည့် ရှင်းဟိုင်လို ကျင့်ကြံသူမျိုးက အလွန်ရှားပါးသည်။
"ဆရာ မလုပ်ပါနဲ့"
သူ၏တပည့်များက အလွန်တရာ စိုးရိမ်နေကြပြီး ဘုရင်သုံးပါးနှင့် လိုက်ပါလာသော ဟင်းလင်းပြင်နတ်နှစ်ယောက်မှာလည်း တုန်လှုပ်နေကြသည့်အပြင် ဝိညာဥ်မျက်လုံးမျိုးနွယ်တစ်ခုလုံး ဝမ်းနည်းနေကြသည်။
"ရှင်းဟိုင် မင်းမှာ နတ်စက်လုံးမရှိဘူးဆိုတာကို ငါ ယုံပါပြီ။ ငါတို့တိုက်ခိုက်တာက မင်းကို စမ်းသပ်ချင်လို့ပါ။ အစီအရင်ကို ဖယ်ပေးရင် မင်းရော ငါတို့ရော ပြဿနာမရှိတော့ဘူး"
တန်းဖက နှိမ့်ချ၍ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ရှင်းဟိုင်သည်လည်း ရွေးချယ်စရာ မရှိသောကြောင့် သူသေကိုယ်သေ တိုက်ခိုက်ခဲ့ရပြီး အမှန်တကယ် သေချင်မည်မဟုတ်ပေ။
"ငါ့လက်ထဲမှာ နတ်စက်လုံးမရှိဘူးလို့ ပြောတယ်။ ငါ့ကို မယုံကြမှတော့ အသက်စွန့်တိုက်ခိုက်ရမှာပဲ"
သူက အေးစက်စက်ရေရွတ်၍ နဂါးထောင်အစီအရင်အတွင်းမှ ဘုရင်သုံးယောက်ကို လွှတ်ပေးလိုက်သော်လည်း အချိန်မရွေး တိုက်ခိုက်နိုင်ရန် အသင့်ပြင်ထား၏။ တန်းဖက သူ့ကို နက်ရှိုင်းစွာ စိုက်ကြည့်၍ ရေကောင်းကင်တောင်တန်းမှ ထွက်ခွာသွားသကဲ့သို့ ကျန်ဘုရင်နှစ်ယောက်ကလည်း သူနှင့်အတူ မသေလိုသောကြောင့် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြ၏။ ဟင်းလင်းပြင်နတ်များက လောဘတက်နေသော်လည်း ဆုတ်ခွာသွားကြပြီး စန်းရီနယ်မြေတစ်ခုလုံး သူ့အပေါ် အမြင်များ ပြောင်းလဲသွားခဲ့သည်။ သူက နဂါးထောင်အစီအရင်ဖြင့် သူသေကိုယ်သေ တိုက်ခိုက်ခဲ့သောကြောင့် နတ်စက်လုံး အမှန်တကယ် မရှိနိုင်ပေ။ သို့မဟုတ်လျှင် ၎င်း၏စွမ်းအားဖြင့် ဘုရင်သုံးယောက်ကို အလွယ်တကူ အနိုင်ယူနိုင်သည်။ သို့သော် သူက ကောက်ကျစ်စွာဖြင့် အပြင်လူများကို အယုံသွင်းရန် ကြိုးစားသည်မှာ ဖြစ်နိုင်ချေရှိသော်လည်း အနည်းငယ်သာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ မရေမတွက်နိုင်သော လောဘသားကောင်များသည် ထွက်ပေါ်လာတိုင်း သွေးချောင်းစီးစေခဲ့သည့် နတ်စက်လုံးကို ရူးသွပ်စွာ လိုက်လံရှာဖွေကြပေလိမ့်မည်။ သူတို့က မရေမတွက်နိုင်သော လျှို့ဝှက်ချက်များရှိနေသည့် မူလရတနာတစ်ခုကို ရှာတွေ့လျှင် တုံ့ဆိုင်းခြင်းမရှိ တိုက်ခိုက်ကြပေလိမ့်မည်။
ဝိညာဥ်မျက်လုံးမျိုးနွယ်သည် သူတို့၏ကာကွယ်သူ အသက်ရှင်ခဲ့သောကြောင့် ပျော်ရွှင်နေစဥ် ရှင်းဟိုင်က အပြင်းအထန် ဒဏ်ရာရထားဟန်ဖြင့် ကုသရန်အတွက် ဂူထဲသို့ ကျင့်စဥ်ဝင်သွားခဲ့သည်။ သူ၏သတ္တိကြောင့်သာ မဟုတ်လျှင် ဤတိုက်ပွဲအတွင်း သေဆုံးသွားနိုင်သော်လည်း အဆင်ပြေပြေ ကျော်ဖြတ်နိုင်ခဲ့သဖြင့် ယဲ့ချန်က သက်ပြင်းတစ်ချက် ချလိုက်၏။ လူတိုင်းက နတ်စက်လုံးကို လိုက်လံရှာဖွေနေကြပြီး ယဲ့ချန်ထံ ရောက်နေကြောင်း သိလျှင် အရှင်လတ်လတ် အရေခွံခွာ၍ ရှာဖွေကြပေလိမ့်မည်။
"သွားကြစို့"
လင်လုံက ခဏတာစဥ်းစား၍ ကြယ်တံခွန်တစ်စင်းပမာ ကောင်းကင်သို့ ပျံတက်သွားခဲ့ပြီး ယုမင်ကလည်း နီးကပ်စွာ လိုက်ပါလာခဲ့သည်။ ကျန်းရွဲ့လိန်က ယဲ့ချန်ကို တစ်ချက်ပြုံးပြ၍ လေပေါ်သို့ မြင့်တက်သွားသောကြောင့် နင်အာကို မကျေမနပ် ဖြစ်စေခဲ့သည်။ ယဲ့ချန်က သူမ၏ခေါင်းကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်ပြီး နောက်လိုက်များနှင့်အတူ လင်လုံ၏ ဦးတည်ရာအတိုင်း လိုက်ပါသွားခဲ့၏။ အကယ်၍ နတ်တစ်ပိုင်းအဆင့်တစ်ယောက်က နတ်အဆင့်များအထက် ကောင်းကင်တွင် ပျံသန်းမိလျှင် ရိုက်ချခံရမည်ဖြစ်သောကြောင့် ဤအုပ်စုက ခပ်နိမ့်နိမ့်သာ ပျံသန်းခဲ့သည်။ နတ်ပြည်တွင် တောတွင်းဥပဒေကြီးစိုးပြီး သန်မာသူများက အားနည်းသူများကို စိတ်ထင်တိုင်း သတ်ဖြတ်နိုင်သည်။ ရွှေဂျိုမျိုးနွယ်နှင့် ရှင်းဟွမ်မျိုးနွယ်ကဲ့သို့ အစွမ်းထက်သော မျိုးနွယ်များဆိုလျှင် မည်သူမှ မစော်ကားရဲသော်လည်း လူသားမျိုးနွယ်ဝင်များအနေဖြင့် တတ်နိုင်သမျှ နှိမ့်ချနေထိုင်ရသည်။
ရေကောင်းကင်တောင်တန်း၏ အနောက်ဘက် ကီလိုမီတာသောင်းချီအကွာတွင် ပျက်စီးနေသော ခန်းမများရှိပြီး အာကာသနတ်တစ်ပါး၏ လေ့ကျင့်ရေးနယ်မြေဖြစ်ကာ ဝင်ပေါက်၌ ကျင့်ကြံသူများ ဝင်ထွက်သွားလာနေသည်။ အားလုံးက နတ်တစ်ပိုင်းအဆင့်များဖြစ်ပြီး ဤနယ်မြေအတွင်း အထက်အဆင့်များ မဝင်ရောက်နိုင်ပေ။ ထိုအာကာသနတ်က ဤနယ်မြေတွင် တပည့်များကို လေ့ကျင့်ပေးခဲ့သော်လည်း ရန်သူများကြောင့် သေဆုံးသွားသောအခါ ပိုင်ရှင်မဲ့သွားခဲ့သည်။ ထို့နောက် ၎င်းသည် နတ်တစ်ပိုင်းအဆင့်များအတွက် အကောင်းဆုံး လေ့ကျင့်ရေးနေရာတစ်ခုဖြစ်လာပြီး အာကာသနတ်မှ တပည့်များအတွက် စီစဥ်ပေးထားသော ရတနာများရှိသည်ဟု ဆိုကြ၏။ သို့သော် အတွင်း၌ မမြင်ရသော အန္တရာယ်များ ပြည့်နှက်နေသောကြောင့် ကျင့်ကြံသူများစွာ နေ့တိုင်း အသက်ဆုံးရှုံးနေကြသည်။
အုပ်စုတစ်ခုလုံးတွင် ကျင့်ကြံသူခြောက်ဆယ်ကျော် ပါဝင်ပြီး လင်လုံက ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။ ခေါင်းဆောင်နေရာကို ယှဥ်ပြိုင်နိုင်သော်လည်း ယဲ့ချန်က စိတ်မဝင်စားခဲ့ပေ။ သူမက ထိပ်တန်းမဟာမိတ်၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး နတ်ပြည်တွင်လည်း လူသားမျိုးနွယ်ဝင်များကို ဦးဆောင်နိုင်စွမ်းရှိသောကြောင့် ဖြစ်သည် ။ သူမက ကျက်သရေရှိစွာ မတ်တပ်ရပ်နေသော်လည်း အေးစက်လွန်းသော မျက်နှာထားကြောင့် အခြားကျင့်ကြံသူများ မချဥ်းကပ်နိုင်ပေ။ ယုမင်ပင်လျှင် သူမနှင့် ခြေသုံးလှမ်းအကွာ၌ ရပ်နေရသော်လည်း ယဲ့ချန်က ရှေ့တက်လာပြီး ရင်ဘောင်တန်းရပ်ကာ မေးခွန်းထုတ်နေခဲ့သည်။
"အထဲကို ရောက်ဖူးလား"
"အထဲကို နှစ်ကြိမ် ရောက်ပြီးပြီ။ ဒီအာကာသနတ်က လေ့ကျင့်ရေးနယ်မြေထဲမှာ သားရဲတွေ ချန်ထားရစ်ခဲ့တယ်။ ငါတို့က ရတနာတွေ ဖွက်ထားတဲ့ နေရာတစ်ခုကို ရှာတွေ့ခဲ့ပေမယ့် လူအင်အား မလုံလောက်ဘူး"
လင်လုံသည် သူမကို ကြောက်ရွံ့ဟန်လုံးဝမရှိသော ယဲ့ချန်ကို တစ်ချက်ကြည့်ကာ အဖြေပေးလိုက်သည်။
"ဒါဆိုရင် ငါက မင်းကို ကူညီပေးဖို့လား"
"ဟုတ်တယ်။ မင်းမလိုက်ချင်ရင်လည်း အချိန်မရွေး ထွက်ခွာသွားလို့ရတယ်"
"အထဲမှာ ရတနာရှိတယ်ဆိုမှတော့ သေချာပေါက် လိုက်ခဲ့ရမှာပေါ့။ ငါတို့က ရတနာကိုရရင် တစ်ဝက်စီ ခွဲယူကြမယ်"
ယဲ့ချန်နှင့်အတူ နောက်လိုက်သုံးဆယ်ကျော် ပါဝင်လာပြီး ဒန်တန်အတွင်း၌ ကျင့်ကြံသူများ လိုက်ပါလာသောကြောင့် တစ်ဝက်ယူခြင်းက မျှတပေသည်။
"မင်းကိုယ်မင်း ဘယ်သူထင်လို့ တစ်ဝက် လိုချင်နေတာလဲ"
ယုမင်သည် ယဲ့ချန်၏စကားကို ကြားသောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းတို့ဘက်မှာ အယောက်သုံးဆယ်ကျော်ရှိသလို ငါ့နောက်လိုက်ကလည်း အရေအတွက် သုံးဆယ်ကျော်တယ်။ ဘာကြောင့် တစ်ဝက်မယူရမှာလဲ"
ယဲ့ချန်က ပခုံးတွန့်ပြလိုက်သည်။
"ခွန်အားချင်းယှဥ်ရင် မင်းတို့က ဘာမှမဟုတ်ဘူး"
"ဒါဆိုရင် စမ်းကြည့်ပါလား"
ယဲ့ချန်၏မျက်လုံးများက အေးစက်တင်းမာနေပြီး ယုမင်သည် တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။
"ငါတို့အားလုံးက တစ်ဖက်တည်းမလား။ စကားနဲ့ ဖြေရှင်းရအောင်"
ကျန်းရွဲ့လိန်က ယုမင်၏ရှေ့တွင် ပိတ်ရပ်ကာ တားမြစ်လိုက်သည်။
"ဘေးဖယ်စမ်း"
သူက ဒေါသတကြီးဖြင့် သူမကို တွန်းဖယ်ရန် ကြိုးစားလိုက်သည်။
"ငါ မင်းကို တစ်ဝက်ခွဲပေးနိုင်တယ်။ ဒါပေမယ့် ငါလိုချင်တာ တစ်ခုတော့ ရှိတယ်"
လင်လုံက ခေါင်းညိတ်၍ လက်ခံလိုက်သည်။
"မင်းအနေနဲ့ ရတနာတစ်ခုကို အရင်ရွေးယူနိုင်တယ်။ ကျန်တဲ့ရတနာတွေကို တစ်ဝက်စီ ခွဲတာပေါ့"
ယဲ့ချန်သည် သူမလိုချင်သော ရတနာကို မသိသော်လည်း အလျော့ပေးကာ သဘောတူလိုက်၏။ ထိပ်တန်းမဟာမိတ်တွင် လင်လုံနှင့် ယဲ့ချန်သည် အဆင့်အတန်းချင်း အလွန်ကွာခြားခဲ့သော်လည်း လက်ရှိတွင် တန်းတူဖြစ်လာသောအခါ သူမအတွက် ချက်ချင်းအသားမကျပေ။ အမှန်တကယ်အားဖြင့် သူမ၏ပါရမီက အလွန်ထူးချွန်ပြီး လူသားမျိုးနွယ်၏ ကံကြမ္မာသာ ဖိနှိပ်မခံထားရလျှင် လောကနတ်အဆင့်သို့ ကိုယ်တိုင်တက်နိုင်စွမ်းရှိသည်။ သို့သော် သူမက ထိပ်တန်းကြယ်သခင်အဆင့်၌ တစ်ဆို့နေပြီး အခြားလူသားများ ပို၍အစွမ်းထက်လာ၍ အတူတကွပူးပေါင်းကာ အတားအဆီးကို ချိုးဖျက်ရင်း မျိုးနွယ်၏ အောင်ပွဲကို ပြန်လည်တည်ဆောက်ရပေလိမ့်မည်။
"လင်လုံ ဒီကောင်က ရတနာတွေကို တစ်ဝက်ယူဖို့ ဘာအစွမ်းအစရှိလို့လဲ"
ယုမင်က လက်မခံနိုင်ဟန်ဖြင့် ယဲ့ချန်ကို အလွန်ရန်လိုနေသည်။
"ငါက ဘာအစွမ်းအစရှိလဲ မသိချင်ဘူးလား"
သူ၏စကားက ယဲ့ချန်ကို အမှန်တကယ် စိတ်ဆွပေးလိုက်နိုင်ပြီး သင်ခန်းစာမပေးလျှင် ဆက်တိုက်မောက်မာနေပေလိမ့်မည်။
"ယုမင်က ငါနဲ့အတူ ရှိနေတာ အချိန်ကြာပြီ။ သူက အလုပ်တွေ အများကြီး ကူညီပေးခဲ့တယ်။ ပြဿနာ မဖြစ်ပါစေနဲ့"
လင်လုံက တစ်ခုခုကို အာရုံခံမိဟန်ဖြင့် ယဲ့ချန်ကို တောင်းဆိုလိုက်သည်။
"ငါက ဘာပြဿနာလုပ်ရမှာလဲ။ ငါက လူကောင်းတစ်ယောက်ပါ။ အခြားလူတွေကို အနိုင်မကျင့်တတ်ပါဘူး"
ယဲ့ချန်က ပခုံးတစ်ချက်တွန့်ပြ၍ အေးစက်စက် ပြုံးလိုက်လေသည်။