ရွှေဂျိုမျိုးနွယ်နှင့် တိုက်ပွဲ
Vol. 68 Ch. 948
လေ့ကျင့်ရေးနယ်မြေ၏ ဝင်ပေါက်တွင် မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများသည် အရေအတွက်သောင်းချီရှိနေပြီး အချို့က အလွန်အရပ်မြင့်ကာ အချို့မှာ ဝိညာဥ်အသွင်ဖြစ်သည်။ အရေအတွက်အများဆုံးမှာ ရွှေဂျိုမျိုးနွယ်များ ဖြစ်သောကြောင့် လူသားမျိုးနွယ်အဖွဲ့သည် အစွန်အဖျားတွင် နှိမ့်ချစွာနေထိုင်၍ ဝင်ရောက်ရန် ပြင်ဆင်ခဲ့သည်။ သို့သော် နတ်မျက်လုံးဟုခေါ်သော ရွှေဂျိုမျိုးနွယ်ဝင်တစ်ယောက်က နေရာတစ်ခုလုံးကို စစ်ဆေးနေသည်။ သူက နတ်တစ်ပိုင်းအဆင့်သာ ဖြစ်သော်လည်း အဆင့်တစ်နတ်ချီကို နားလည်ထားပြီး လူသားမျိုးနွယ်ထံ အကြည့်ရောက်လာသောအခါ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။
"လူသားတွေလား"
လူသားမျိုးနွယ်ကို နတ်ပြည်မှ မောင်းထုတ်ရာတွင် ရွှေဂျိုမျိူးနွယ်က အဓိကနေရာမှ ပါဝင်သောကြောင့် နတ်ပြည်တွင် ပေါ်လာသော လူသားတိုင်းကို အလွတ်မပေးခဲ့ပေ။ နတ်မျက်လုံးကိုယ်တိုင်ပင် လူသားအချို့ကို သတ်ခဲ့ဖူးပြီး ရွှေဂျိုမျိုးနွယ်ဝင်တစ်ယောက်အနေဖြင့် လူသားများကို နတ်ပြည်တွင် သွားလာခွင့် မပြုနိုင်ချေ။
"မင်းတို့က လေ့ကျင့်ရေးနယ်မြေကို ဝင်ရောက်ချင်နေမှတော့ ငါက အဖော် လုပ်ပေးရမှာပေါ့"
သူက အေးစက်စက် ပြုံးနေစဥ် ယဲ့ချန်တို့သည် အတွင်းသို့ ဝင်ရောက်သွားကာ သားရဲများနှင့် ရင်ဆိုင်နေပြီဖြစ်သည်။ ၎င်းတို့က ပျားကောင်အုပ်များသဖွယ် ကောင်းကင်၌ ပြည့်နှက်နေပြီး ခေါင်းတွင် ဂျိုများရှိကာ အမွေးအမျှင်မရှိသောကြောင့် အလွန်အရုပ်ဆိုးလှ၏။ သူတို့၏လက်သည်းများနှင့် သွားများက အလွန်ထက်ရှပြီး အားလုံးက နတ်တစ်ပိုင်းအဆင့်များ ဖြစ်ကြသည်။ လင်လုံက နှာခေါင်းတစ်ချက်ရှုံ့၍ ဖောက်ထွင်းမြင်ရသော ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်သောအခါ အေးစက်စက် အရှိန်အဝါနှင့်အတူ ကြောက်မက်ဖွယ်စွမ်းအင်များ ထွက်ပေါ်လာသည်။ ၎င်းက ထိပ်တန်းမဟာမိတ်၏ မြေအဆင့်လက်နက် ဝိညာဥ်ဓားရှည်ဖြစ်ကာ တစ်ချက်ခုတ်ပိုင်းလိုက်ရုံဖြင့် မရေမတွက်နိုင်သည့် ဓားအလင်းများ ဖြစ်ပေါ်လာကာ များပြားလှသော သားရဲများသည် နာကျင်စွာအော်ဟစ်ရင်း ပြာဖြစ်ကုန်သည်။ ဤမြင်ကွင်းကြောင့် သူမ၏ခွန်အားကို ယဲ့ချန်က အံ့သြနေပြီး နတ်တစ်ပိုင်းအဆင့်တွင် တစ်ဆို့နေသော်လည်း ဝိညာဥ်ဓားရှည်ဖြင့်ဆိုလျှင် မည်သည့်နတ်အဆင့်ကိုမဆို ရင်ဆိုင်နိုင်ပေလိမ့်မည်။ အကယ်၍ လူသားမျိုးနွယ်၏ကံတရားသာ လွတ်မြောက်သွားလျှင် သူမက နတ်အဆင့်သို့ ချက်ချင်းရောက်သွားပေလိမ့်မည်။ ကံကောင်းစွာ အသက်ရှင်ကျန်ရစ်ခဲ့သော ရှေးလူသားများမှလွဲလျှင် သူမ၏ခွန်အားက လက်ရှိလူသားမျိုးနွယ်တွင် အမြင့်ဆုံးအဆင့်သို့ ရောက်နေခဲ့သည်။
ယုမင်သည် လင်လုံကို စတွေ့ချိန်မှ စတင်ပြီး သူ၏မိန်းမအဖြစ် သိမ်းပိုက်မည်ဟု တွေးထားခဲ့သဖြင့် ဤမျှအစွမ်းထက်နေသောအခါ တုန်လှုပ်နေသည်။ လူသားကျင့်ကြံသူ ခြောက်ဆယ်ကျော်က သွေးလမ်းခင်း၍ လေ့ကျင့်ရေးနယ်မြေအတွင်း ခရီးဆက်နေကာ သားရဲများသည်လည်း မိုးရွာသကဲ့သို့ ကျဆင်းလာ၏။ ဦးဆောင်တိုက်ခိုက်နေသူများတွင် ယုမင်သည် ယဲ့ချန်နှင့် တမင်လိုက်လံ ယှဥ်ပြိုင်နေပြီး သူ၏ဓားရှည်ဖြင့် သားရဲများကို ခုတ်ပိုင်းနေကာ ထိပ်တန်းကြယ်သခင်များတွင် အလွန်သန်မာသည်ဟု ဆိုနိုင်၏။ သို့သော် ယဲ့ချန်ကမူ လင်လုံ၏အနောက်မှသာ လိုက်ပါနေပြီး သူမ လွဲချော်သွားသော သားရဲများကိုသာ ဆည်းဆာနတ်ဓားဖြင့် လိုက်လံသတ်ဖြတ်နေသည်။ ထို့ကြောင့် ယုမင်သည် စိတ်ထဲမှ သူ့ကို ကဲ့ရဲ့နေပြီး ရတနာတစ်ဝက်ပေးရန် မထိုက်တန်ဟု တွေးနေခဲ့သည်။
နင်အာက ယဲ့ချန်၏ပခုံးပေါ်တွင် ထိုင်နေပြီး ပျင်းရိနေဟန်တူသည်။ ထို့နောက် သူမက တစ်ခုခုကို စိတ်ဝင်တစား အာရုံစိုက်လိုက်ပြီး ပုံရိပ်ယောင်ချီများ ထွက်ပေါ်လာသည်။ သူမနှင့် အဝေးတွင်ရှိနေသော သားရဲနှစ်ကောင်မှာ အခြားသားရဲများထံ ခုန်အုပ်၍ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ နောက်ဆုံးတွင် သူမက သားရဲခြောက်ကောင်အထိ ထိန်းချုပ်နိုင်လိုက်သောကြောင့် ကျေနပ်စွာ ပြုံးနေခဲ့ပြီး ယဲ့ချန်ကို အံ့သြစေခဲ့သည်။ ဤသားရဲများမှာ နတ်တစ်ပိုင်းအဆင့်များ ဖြစ်သော်လည်း ခြောက်ကောင်အထိ ထိန်းချုပ်နိုင်ရန် သူမ၏ ပုံရိပ်ယောင်ပညာက များစွာတိုးတက်လာရပေလိမ့်မည်။ ထိုအချိန်တွင် ရွှေဂျိုမျိုးနွယ်ဝင် ငါးရာကျော်သည် လူသားကျင့်ကြံသူများကို ဝိုင်းဝန်းပိတ်ဆို့ရန် ချီတက်လာကြ၏။
"သွားကြစို့"
အခြေအနေကို အကဲခတ်မိသော လင်လုံသည် အော်ဟစ်သတိပေးကာ ယဲ့ချန်ကလည်း ထူးဆန်းမှုကို သတိထားမိခဲ့သည်။ သူက နောက်လိုက်များကို စိတ်ချင်းဆက်သွယ်၍ စတင်လှုပ်ရှားလိုက်သောအခါ ချက်ချင်းလိုက်ပါလာကြ၏။ လူသားခြောက်ဆယ်ကျော်သည် သားရဲအုပ်များကို ရှောင်တိမ်း၍ ပျံသန်းရင်း ခရီးပြင်းနှင်နေကြသည်။
"ရွှေဂျိုမျိုးနွယ်ဝင်တွေ"
လူသားမျိုးနွယ်၏ မဟာရန်သူတော်များကို မြင်လိုက်ရသောကြောင့် လင်လုံက မျက်မှောင်ကြုတ်လိုက်ပြီး တစ်ဖက်မျိုးနွယ်မှာ အရေအတွက်များသည့်အပြင် ရင်ဆိုင်ရန် ခက်ခဲလောက်အောင် အစွမ်းထက်ကြသည်။ သူမ၏စကားကြောင့် ကျန်လူသားများမှာ မျက်နှာပျက်သွားကြပြီး ရွှေဂျိုမျိုးနွယ်ဝင်များ၏ မောက်မာမှု၊ သွေးဆာရက်စက်မှုနှင့် ကြမ်းကြုတ်မှုတို့ကြောင့် ဖြစ်သည်။ ထို့အပြင် သူတို့က ပစ်မှတ်တစ်ခုကို ရွေးချယ်ပြီးလျှင် မသတ်နိုင်ပါက ရပ်တန့်ကြမည် မဟုတ်ချေ။ လင်လုံနှင့် ယဲ့ချန်သည် နောက်လိုက်များကို ဦးဆောင်ကာ လေ့ကျင့်ရေးနယ်မြေ၏ အတွင်းပိုင်းသို့ ဦးတည်နေကြသည်။ ၎င်းကို နန်းဆောင်များဖြင့် တည်နေရာခွဲခြား သတ်မှတ်ထားကာ တစ်ခုချင်းစီက အလွန်ကျယ်ဝန်းလှ၏။ ပထမဆုံးနန်းဆောင်အတွင်း ရှိနေသော သားရဲများက အဆင့်နိမ့်ကြယ်သခင်များ ဖြစ်သော်လည်း အရေအတွက် များလွန်းသောကြောင့် ရင်ဆိုင်ရခက်ခဲနေသည်။ ဒုတိယနန်းဆောင်အတွင်း ဝင်ရောက်သွားလျှင် အလယ်အဆင့် ကြယ်သခင်သားရဲများကို ရင်ဆိုင်ရမည်ဖြစ်ပြီး အရေအတွက် များပြားသောကြောင့် ဝန်းရံခံလိုက်ရလျှင် ဖောက်ထွက်ရန် ခက်ခဲပေလိမ့်မည်။
"ဘန်း ဘန်း ဘန်း"
လင်လုံသည် ကြယ်တံခွန်တစ်စင်းပမာ သားရဲများအကြား ထိုးဖောက်နေသော်လည်း ရွှေဂျိုမျိုးနွယ်ဝင်များက ပို၍မြန်ဆန်နေသည်။ သူတို့သည် ရက်စက်မှုကြောင့်သာမက အလွန်လျင်မြန်သောကြောင့် ကျော်ကြားပြီး ရွှေရောင်လျှပ်စီးပမာဖြင့် လူသားများကို ခဏအတွင်း ဝိုင်းဝန်းပိတ်ဆို့ထားလိုက်ကြသည်။
"ဘုန်း"
လင်လုံ၏ နောက်လိုက်နှစ်ဦးက ရန်သူငါးရာထံမှ လွတ်မြောက်ရန် ကြိုးစားလိုက်သော်လည်း ချက်ချင်းသတ်ဖြတ်ခံလိုက်ရပြီး သွေးများ စွန်းထင်းကုန်သည်။ နတ်မျက်လုံး၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခုရှိနေပြီး နတ်ဘုရားတစ်ပါးမှ ပုရွက်ဆိတ်များကို ငုံ့ကြည့်နေသကဲ့သို့ ယဲ့ချန်တို့ကို အထင်သေးစွာ ကြည့်နေ၏။
"ဟား ဟား မင်းတို့က ဘာကြောင့် ဆက်မပြေးတာလဲ။ ပြေးကြလေ"
သူက လှောင်ပြောင်ရယ်မောနေသဖြင့် လင်လုံ၏မျက်နှာမှာ တင်းမာနေသည်။ အကယ်၍ သူမသာ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားလျှင် လွတ်မြောက်နိုင်သော်လည်း နောက်လိုက်များကို ငဲ့နေရသဖြင့် အရှိန်နှေးနေခဲ့သည်။ လက်ရှိတွင် ရန်သူအရေအတွက် များပြားစွာဖြင့် ဝိုင်းဝန်းပိတ်ဆို့ခံလိုက်ရသောအခါ မလွတ်မြောက်နိုင်တော့ပေ။
"လူသားတွေ မင်းတို့က ဘာတွေလုပ်နိုင်မှာမို့လဲ။ တကယ်လို့ မင်းတို့က ငါ့ကျွန်တွေအဖြစ် ခစားမယ်ဆိုရင် အသက်ချမ်းသာပေးမယ်။ အရင်ဆုံး ငါ့ပေါင်ကြားထဲကနေ လေးဘက်ထောက် သွားစမ်း"
နတ်မျက်လုံးက ခြေနှစ်ချောင်းခွဲရပ်လျက် လှောင်ပြောင်ရင်း ခြိမ်းခြောက်လိုက်သကဲ့သို့ ရွှေဂျိုမျိုးနွယ်ဝင်များသည်လည်း ရယ်မောနေကြ၏။
"ခွေးကောင်တွေ သတ္တိရှိရင် ရှေ့တက်လာစမ်း။ ငါတို့နဲ့အတူ မင်းတို့ပါ သေစေရမယ်"
လင်လုံ၏ နောက်လိုက်တစ်ဦးက ဒေါသတကြီး ကျိန်ဆဲနေသကဲ့သို့ ကျန်းရွဲ့လိန်၏ ညှို့အားပြင်းသော အမူအရာလည်း ပျောက်ကွယ်နေကာ မျက်ဝန်းလှလှလေးများက အေးစက်နေသည်။ ယဲ့ချန်နှင့် နောက်လိုက်များက တိတ်ဆိတ်နေပြီး သူ၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်နေသည်။ လူသားမျိုးနွယ်၏ အနေအထားဖြင့် မျိုးနွယ်စစ်ပွဲစတင်ရန် မဖြစ်နိုင်သောကြောင့် တိုက်ပွဲစလျှင် သူက ရန်သူအားလုံးကို သတ်ဖြတ်ရပေလိမ့်မည်။ ရန်သူအရေအတွက်က အလွန်များပြားနေပြီး အဆင့်တူချင်းတွင် ပိုမိုသန်မာသည်ဟု ကျော်ကြားသဖြင့် ယုမင်က မျက်မှောင်ကြုတ်နေသည်။ သူက လင်လုံ၏နောက်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး မည်သို့တွေးနေကြောင်း မည်သူမှ မသိရပေ။
"အခေါင်းကိုမြင်မှ မျက်ရည်ကျမယ့် လူသားတွေ သေစမ်း"
နတ်မျက်လုံးက လက်ဖြင့် အချက်ပြလိုက်သောအခါ ရွှေဂျိုမျိုးနွယ်ဝင် ခုနစ်ယောက်သည် လူသားများထံ ခုန်ဝင်လာကြသည်။ သူတို့က မောက်မာသော်လည်း လူသားကျင့်ကြံသူများကို သတ်ဖြတ်ရန်အတွက် နတ်အဆင့်တက်ကာနီး စစ်သည်ခုနစ်ယောက်ကို စေလွှတ်ခဲ့သည်။ သူတို့က နတ်မျက်လုံးပြီးလျှင် အစွမ်းအထက်ဆုံးဖြစ်ကာ မာနကြီးသော်လည်း တစ်ဖက်ကို အထင်မသေးခဲ့ပေ။ အထူးသဖြင့် လင်လုံ၏ခွန်အားက သူ့အောက် မနိမ့်ကြောင်း ခံစားနေရပြီး မြေအဆင့် နတ်လက်နက်ကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။
"ဒီကောင်က ငါတို့ကို အထင်သေးနေတာလား"
လင်လုံက တိုက်ခိုက်ရန် ပြင်ဆင်နေသည်။
"ငါ့ကို တိုက်ခွင့်ပေးပါ။ မင်းက အခြေအနေကို စောင့်ကြည့်ထား"
ယဲ့ချန်က ဤသို့တောင်းဆိုလိုက်သောကြောင့် လင်လုံသည် ခေါင်းညိတ်၍ သဘောတူလိုက်သည်။
"ငါတစ်ယောက်တည်းက မင်းတို့ကို ရင်ဆိုင်ဖို့ လုံလောက်တယ်"
သူက အော်ဟစ်ကြုံးဝါးရင်း ညာလက်ထဲတွင် ဟင်းလင်းပြင်နတ်လှံ ထွက်ပေါ်လာကာ ရန်သူခုနစ်ယောက်နှင့် ရင်ဆိုင်ရာ၌ အထင်မသေးခဲ့ပေ။
"မြေအဆင့် နတ်လက်နက်"
နတ်ပြည်၌ မြေအဆင့် နတ်လက်နက်များ ရှားပါးသောကြောင့် လူတိုင်း အံ့သြနေကြကာ ယဲ့ချန်၌ ဝိညာဥ်ဓားရှည်အောက် မနိမ့်သော လက်နက်တစ်ခု ပိုင်ဆိုင်ထားမည်ဟု မထင်ခဲ့ကြပေ။
"ဒီလူသားတွေ ဘယ်ကရောက်လာတာလဲ။ သူတို့မှာ မြေအဆင့် နတ်လက်နက်နှစ်ခုတောင် ရှိနေတယ်"
ကျန်တစ်ဖက်တွင် နတ်မျက်လုံးကလည်း မျက်မှောင်ကြုတ်၍ တွေးနေစဥ် ယဲ့ချန်သည် နတ်လှံဖြင့် ရန်သူများကို စတင်တိုက်ခိုက်လိုက်လေသည်။