ခုနစ်ယောက်တစ်ယောက် တိုက်ပွဲ
Vol. 68 Ch. 949
လင်လုံသည် မြေအဆင့် နတ်လက်နက်ကို မျက်ကန်းကြီးထံမှ ရရှိထားပြီး ယဲ့ချန်တွင် မည်သို့ရှိနေကြောင်း မသိသဖြင့် အံ့သြနေသည်။ သူက ဟင်းလင်းပြင်နတ်လှံဖြင့် ခုနစ်ယောက်တစ်ယောက် တိုက်ခိုက်နေပြီး လေထဲတွင် ပြင်းထန်စွာ ရင်ဆိုင်ခဲ့သည်။ သူ၏အထက်တွင် သားရဲကြီးတစ်ကောင်၏ပုံရိပ် ထွက်ပေါ်လာသကဲ့သို့ ခန္ဓာကိုယ်ပတ်လည်၌ ကောင်းကင်ကြယ်တာရာ ရုန်းများသည်လည်း တဖိတ်ဖိတ်တောက်နေကြသည်။ ထိုအချိန်တွင် သူ၏ဆံပင်ရှည်များက လေထဲတွင် မျောလွင့်နေပြီး အရှိန်အဝါကြီးစိုးစွာဖြင့် လှံတစ်ချက် ယမ်းလိုက်တိုင်း ရုန်းများ ဆက်တိုက်ပေါက်ကွဲနေ၏။
ရွှေဂျိုမျိုးနွယ်ဝင် ခုနစ်ယောက်သည် မျက်နှာပျက်သွားကာ တစ်ဖက်လူက ဤမျှခွန်အားရှိနေမည်ဟု မျှော်လင့်မထားကြပေ။ သူတို့က နတ်အဆင့်ရောက်အောင် တစ်လှမ်းသာ လိုအပ်ပြီး ပူးပေါင်းလိုက်လျှင် နတ်တစ်ယောက်ကို သတ်ဖြတ်နိုင်စွမ်းရှိသော်လည်း ယဲ့ချန်က လက်ရည်တူ တိုက်ခိုက်နိုင်နေသည်။
"ဒီလူသားက သန်မာလွန်းတယ်"
ကိုယ်တိုင်ပင် အနိုင်မယူနိုင်လောက်ကြောင်း စဥ်းစားမိသဖြင့် နတ်မျက်လုံးက မျက်မှောင်ကြုတ်၍ တိုက်ပွဲဝန်းကျင်သို့ ချဥ်းကပ်သွားရင်း မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။ ထို့ကြောင့် လင်လုံသည်လည်း သတိထားမိသွားကာ တစ်ဖက်လူမှ လှုပ်ရှားလာလျှင် ချက်ချင်းတားမြစ်ရန် အသင့်ပြင်လိုက်၏။ ယဲ့ချန်သည် ရန်သူခုနစ်ယောက်ကို ပြင်းထန်စွာ ရင်ဆိုင်နေပြီး ပခုံးထက်တွင် ပုံရိပ်ယောင်ချီများ ရစ်သိုင်းနေသည့် နင်အာ ရှိနေခဲ့သည်။ သူမက ကြည်လင်သော မျက်လုံးများဖြင့် ရန်သူများကို စိုက်ကြည့်နေပြီး ပစ်မှတ်ကို ရွေးချယ်နေသည်။ ရန်သူများက ဖိအားအတွင်း ကျရောက်နေစဥ် တစ်ယောက်ကိုတစ်ယောက် ရာနှုန်းပြည့်နားလည်သော ဤစုံတွဲက ပစ်မှတ်ကို ရွေးချယ်လိုက်သည်။
ကျင့်ကြံသူများ၏ တိုက်ပွဲတွင် တစ်စက္ကန့်သည် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သောကြောင့် ပုံရိပ်ယောင်များကြောင့် ရန်သူတစ်ယောက်က တန့်သွားသည်။ ထိုအချိန်တွင် ဟင်းလင်းပြင်နတ်လှံဖြင့် နှစ်ခြမ်းခွဲခံလိုက်ရပြီး တစ်ချိန်တည်းမှာပင် ရုန်းများ မိုးပေါက်မိုးသီးပမာ ကျဆင်းလာ၍ ပေါက်ကွဲသွားသဖြင့် အပိုင်းပိုင်းအစစ ဖြစ်သွားကြသည်။
"မင်းက ရွှေဂျိုမျိုးနွယ်ဝင်တစ်ယောက်ကို သတ်ရဲတယ်ပေါ့"
ကျန်ခြောက်ယောက်က ဒေါသတကြီးဖြစ်သွားကာ လက်ထဲတွင် ပုဆိန်ကြီးတစ်လက်စီ ထွက်ပေါ်လာကြသည်။ အေးစက်ထက်ရှသော ပုဆိန်သွားများက ယဲ့ချန်ထံ ပြိုင်တူကျဆင်းလာသကဲ့သို့ သူတို့က တည်နေရာခြောက်ခု ပြောင်းရွှေ့ရင်း လက်ဟန်များ ပြုလုပ်လိုက်ကြ၏။ ဆယ်မီတာကျော်မြင့်သော ဧရာမရုန်းကြီးများ ထွက်ပေါ်လာကာ သူ့ထံ ကျဆင်းလာပြီး နတ်မျက်လုံးက အခွင့်ကောင်းယူရန် ကြိုးစားလိုက်သည်။
"နင့်ပြိုင်ဘက်က ဒီမှာ"
လင်လုံက အေးစက်စက် နှာခေါင်းရှုံ့၍ တာအိုရုန်းတစ်ခု ဖန်တီးကာ ချက်ချင်းပစ်ခတ်လိုက်သည်။ နတ်မျက်လုံးက အနည်းငယ်လှုပ်ရှားသည်နှင့် တပြိုင်နက် သူမက ဝိညာဥ်ဓားရှည်ဖြင့် ဝင်ရောက်တိုက်ခိုက်ပေလိမ့်မည်။ လေ့ကျင့်ရေးနယ်မြေအတွင်းသို့ နတ်တစ်ပိုင်း အထက်အဆင့်များ မမြင်နိုင်သော်လည်း မျိုးနွယ်ဝင်ပေါင်းစုံ ရှိနေသောကြောင့် ကောင်းကင်သခင်၏ အမွေ မဟာတာအိုရုန်းကို သူမက အသုံးမပြုခဲ့ပေ။ ၎င်းဖြင့် တိုက်ခိုက်၍ အခြားသူများ သိရှိသွားလျှင် ပြဿနာဖြစ်နိုင်သောကြောင့် အခြားရုန်းကျင့်စဥ်တစ်ခုကိုသာ အသုံးပြုလိုက်ရသည်။
ပျံသန်းဝင်ရောက်လာသော ရုန်းကြီးခြောက်ခုထံမှ ဖျက်ဆီးရေးစွမ်းအားကြောင့် ယဲ့ချန်က ဖိအားများ ခံစားလိုက်ရသည်။ ၎င်းက ရွှေဂျိုမျိုးနွယ်၏ လျှို့ဝှက်ကျင့်စဥ် ရုန်းပေါင်းစပ်တိုက်ကွက်ဖြစ်ကာ ပစ်မှတ်ထားခံလိုက်ရလျှင် လွတ်မြောက်ရန် မလွယ်ချေ။ သူ၏မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ ဝိညာဥ်နတ်ဘုရားကို ဆင့်ခေါ်၍ နီးကပ်လာသော ရုန်းများကို တားမြစ်လိုက်၏။
"ဘုန်း"
တန်ပြန်လှိုင်းများ ပြန့်ထွက်လာကာ ဖိအားအောက်တွင် ၎င်းက ကျုံ့ဝင်နေပြီး ဒန်တန်အတွင်း မရပ်မနား လည်ပတ်နေသော ကြယ်ကိုးလုံးထံမှ စွမ်းအင်အထောက်အပံ့များ ရနေသော်လည်း မလုံလောက်ချေ။ ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် ဝိညာဥ်နတ်ဘုရားက ဆက်လက်ခုခံနိုင်မည် မဟုတ်သောကြောင့် ယဲ့ချန်သည် အစွမ်းကုန်ထုတ်သုံးရန် ဆုံးဖြတ်ကာ ကောင်းကင်ဓားပျံများဖြင့် ဘက်ပေါင်းစုံသို့ ပစ်ခတ်လိုက်သည်။
"ရွှစ် ရွှစ် ရွှစ်"
၎င်းတို့က ရုန်းများကို မဖျက်ဆီးနိုင်ခဲ့သော်လည်း ဖောက်ထွက်သွားပြီး ထိန်းချုပ်နေသူ ရန်သူခြောက်ယောက်ထံ တိုးဝင်လာသည်။ သူတို့က အလျင်အမြန် ရှောင်တိမ်းလိုက်ကြသော်လည်း ကံဆိုးသူ မောင်ရှင်တစ်ယောက်မှာ လက်တစ်ဖက်ကို ထိမှန်သွားသဖြင့် ပေါက်ကွဲသွားကာ ဆုံးရှုံးလိုက်ရ၏။ ရုန်းပေါင်းစပ်တိုက်ကွက်တွင် ပြစ်ချက်တစ်ခု ထွက်ပေါ်လာသောကြောင့် ယဲ့ချန်က ကြုံးဝါး၍ ဖောက်ထွက်ချင်ခဲ့သည်။
"ဒီကောင့်ကို အလွတ်မပေးနဲ့"
"မြန်မြန် နေရာယူကြစမ်း"
ကျန်ငါးယောက်က တည်နေရာကို ချက်ချင်းထိန်းညှိလိုက်ပြီး ရုန်းကြီးငါးခုဖြင့် တိုက်ကွက်ကို ထိန်းကျောင်းနိုင်ခဲ့သည်။ မူလတွင် ရန်သူတစ်ယောက် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်လျှင် ဤတိုက်ကွက် ပျက်စီးသွားမည်ဟု တွက်ထားသော်လည်း ငါးယောက်တည်းဖြင့် ဆက်လက်တောင့်ခံနိုင်နေသောကြောင့် ယဲ့ချန်မှာ စိတ်ညစ်နေသည်။ နတ်မျက်လုံးသည် သူ၏နောက်လိုက်များက လူသားတစ်ယောက်တည်းကို အနိုင်မယူနိုင်သောကြောင့် စိုးရိမ်တကြီး ဖြစ်လာခဲ့သည်။ ဤလူသားများက ထင်ထားသည်ထက် ကိုင်တွယ်ရခက်ခဲနေသောကြောင့် စိတ်မရှည်တော့သဖြင့် အမိန့်ကို စောင့်နေကြသော ရွှေဂျိုမျိုးနွယ်ဝင်များထံ လက်ပြလိုက်သည်။ ထို့ကြောင့် သူတို့က ရှေ့တက်လာကြသောအခါ လင်လုံသည် အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်လိုက်ပြီး ယဲ့ချန်၏ အခြေအနေကိုမူ မသိရပေ။ ဝိုင်းရံထားသော စက်ဝိုင်းက ဖြည်းဖြည်းချင်း ကျဥ်းမြောင်းလာနေသဖြင့် တိုက်ပွဲဖြစ်ကာနီးတွင် ယုမင်သည် ရုတ်တရက် အော်ဟစ်၍ ရှေ့တက်လာခဲ့၏။
"ခဏရပ်ပါဦး"
"အခု မတိုက်ခိုက်ကြပါနဲ့။ ငါတို့အင်အားနဲ့ ရွှေဂျိုမျိုးနွယ်ကို အခု ရင်မဆိုင်နိုင်သေးဘူး။ ငါက သူတို့ကို ဖြောင်းဖျကြည့်မယ်။ သူတို့က အရေအတွက် အရမ်းများလွန်းနေတော့ တိုက်ပွဲဖြစ်ရင် ငါတို့အတွက် ဆိုးကျိုးချည်းပဲ"
သူ၏အော်သံကြောင့် နှစ်ဖက်လုံးက ခဏတာ ရပ်တန့်သွားသောအခါ လင်လုံထံ အသံချင်း ဆက်သွယ်လိုက်သည်။
"ယုမင် နင် ဘာလုပ်ချင်နေတာလဲ"
သူမက အေးစက်စက် စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
"လူတစ်ယောက်က ဘယ်အချိန်မှာ ခေါင်းမာပြီး ဘယ်အချိန်မှာ အလျှော့ပေးရမယ်ဆိုတာကို သိသင့်တယ်။ ဒီနေ့ တကယ်တိုက်ခိုက်ကြရင် ငါတို့အားလုံး ရှင်းပစ်ခံရလိမ့်မယ်။ ငါ့စကားကို နားထောင်ပါ။ အနာဂတ်ကျရင် ဒီနေ့ ခံစားရသမျှကို နှစ်ဆ ပြန်ပေးဆပ်နိုင်မှာပါ။ ငါတို့က လူသားမျိုးနွယ်ရှင်သန်ရေးအတွက် တာဝန်ယူထားရလို့ ဒီနေရာမှာ သေလို့မဖြစ်ဘူး"
ယုမင်က ရှင်းပြလိုက်သည်။
"မင်းက ကြောက်နေတာလား"
လင်လုံ၏အကြည့်တွင် အထင်သေးမှုများ ဖြစ်တည်လာ၏။ သူမ၏စကားက အရှိုက်ထိသွားသောကြောင့် သူက မျက်နှာပျက်သွားကာ သေရမည်ကို အမှန်တကယ် ကြောက်လန့်နေခဲ့သည်။ သူက ထိပ်တန်းကြယ်သခင်တစ်ယောက် ဖြစ်သောကြောင့် လူ့ဘဝ၏ စည်းစိမ်များကို ခံစားလိုသဖြင့် မသေချင်သေးပေ။
"နင်က ရွှေဂျိုမျိုးနွယ်ကို အညံ့ခံရင်လည်း ငါ မတားမြစ်ပါဘူး။ ဒါပေမယ့် ဒီနေ့ကစပြီး ငါတို့ရန်သူတွေ ဖြစ်သွားကြလိမ့်မယ်"
လင်လုံက ပြတ်သားစွာ ပြောလိုက်ပြီး ကျန်လူသားမျိုးနွယ်ဝင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေသော်လည်း အညံ့မည့်ပုံ မပေါ်ချေ။
"အညံ့ခံရမှာလား တိုက်ခိုက်ရမှာလား"
ယုမင်သည် အညံ့ခံလိုက်လျှင် လင်လုံ၏ အထင်သေးခြင်းကို တစ်သက်လုံး ခံရမည်ဖြစ်သောကြောင့် တုံ့ဆိုင်းနေ၏။
"မင်းတို့က အညံ့ခံမှာလား တိုက်ခိုက်မှာလား။ သုံးအထိ ရေလို့မှ မဖြေရင် သေရမယ်"
ထိုအချိန်တွင် နတ်မျက်လုံး၏ စိတ်ရှည်မှုက ကုန်ဆုံးသွားသောကြောင့် ယုမင်သည် စိတ်တင်းကာ အညံ့မခံခဲ့ပေ။
"အနည်းဆုံးတော့ နင့်မှာ ကျောရိုးရှိသားပဲ"
လင်လုံက တစ်ချက်စိုက်ကြည့်၍ နှာခေါင်းရှုံ့လိုက်သောကြောင့် သူက အရှက်ရနေပြီး မျက်နှာပင် မပြဝံ့တော့ပေ။
"မင်းတို့က သေချင်နေမှတော့ ငါ့အဆိုးမဆိုနဲ့"
ယုမင်က သူ့ကို ကစားနေသည်ဟု အထင်ရောက်သွားသောကြောင့် နတ်မျက်လုံးသည် ဒေါသူပုန်ထသွားခဲ့သည်။ မူလတွင် သူက ဤလူသားများကို လက်ခုပ်ထဲမှ ရေကဲ့သို့ ဆော့ကစားနိုင်မည်ဟု မျှော်လင့်ထားသော်လည်း ယဲ့ချန်၏ ခွန်အားနှင့် လင်လုံ၏ အရှိန်အဝါမှာ ရိုးရှင်းပုံမရချေ။ ထို့ကြောင့် သူတို့က လူသားမျိုးနွယ်တွင် အရေးပါအရာရောက်နိုင်ပြီး အနာဂတ်၌ ပြဿနာမရှိစေရန် အမြန်ဆုံး ရှင်းပစ်ရပေလိမ့်မည်။
"အကုန်သတ်စမ်း။ တစ်ယောက်မှ အရှင်မထားနဲ့"
သူ၏အမိန့်ကြောင့် ရွှေဂျိုမျိုးနွယ်ဝင်များထံမှ သတ်ဖြတ်လိုစိတ်များ ဝုန်းခနဲ ထွက်ပေါ်လာသည်။ ယဲ့ချန်သည် ရုန်းကြီးများ၏ ဖိအားကို တောင့်ခံနေရသော်လည်း ပတ်ဝန်းကျင် အခြေအနေကို သိနေခဲ့သည်။ တိုက်ပွဲသာ အမှန်တကယ်ဖြစ်ပွားလျှင် သူနှင့် လင်လုံက ရှင်သန်နိုင်သော်လည်း အခြားသူများ အသတ်ခံရနိုင်သောကြောင့် ဤနေရာမှ လွတ်မြောက်အောင် အမြန်ဆုံး ကြိုးစားရပေလိမ့်မည်။
"နင်အာ လုပ်လိုက်ကြစို့"
သူက အော်ဟစ်ကြုံးဝါးလိုက်သောအခါ အချိန်လေဟာနယ် ချီကိုးမျိုး ထွက်ပေါ်လာ၍ ဟင်းလင်းပြင်နတ်လှံနှင့် ဝိညာဥ်နတ်ဘုရားကို ထောက်ပံ့ပေးလိုက်သည်။ ၎င်းက ဝေါင်းခနဲ ဟိန်းဟောက်ကာ ရုန်းများကို တွန်းဖယ်နေစဥ် ပုံရိပ်ယောင်ချီများမှာ ရန်သူငါးယောက်ထံ လှိုင်းလုံးကြီးများပမာ ဝင်ရောက်လာခဲ့၏။
"ဘာတွေဖြစ်နေတာလဲ"
ဝိညာဥ်နတ်ဘုရား၏ အင်အားက ရုတ်တရက် တိုးတက်လာသောကြောင့် သူတို့က ရင်ထိတ်သွားကာ ရုန်းများ တွန်းဖယ်ခံလိုက်ရကြောင်း ခံစားခဲ့ရသည်။ ရုန်းပေါင်းစပ်တိုက်ကွက်သည် ကျင့်ကြံဆင့်ပိုမြင့်သူများကို သတ်ဖြတ်နိုင်ခဲ့ပြီး နတ်အဆင့်တစ်ယောက်ပင် ထိန်းချုပ်ခံလိုက်ရလျှင် လွတ်မြောက်ခြင်း မရှိပေ။ နတ်တစ်ပိုင်းအဆင့်တစ်ယောက်ဖြစ်သည့် ယဲ့ချန်က ဤမျှကိုင်တွယ်ရခက်ခဲနေမည်ဟု မျှော်လင့်မထားပေ။
"ငါ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး"
ငါးယောက်ထဲတွင် အားအနည်းဆုံး ရန်သူက ညည်းတွားလိုက်ပြီး သူသာ ထိခိုက်သွားလျှင် တိုက်ကွက်က ချက်ချင်းပျက်စီးသွားပေလိမ့်မည်။ ရုန်းပေါင်းစပ်တိုက်ကွက်ကို ထောက်ပံ့ပေးရန်အတွက် သူ၏ အချိန်လေဟာနယ်ချီများက ကုန်ခမ်းနေပြီဖြစ်သည်။ ထို့ကြောင့် ဝိညာဥ်နတ်ဘုရား၏ ခွန်အားအောက်တွင် ဧရာမ ရုန်းကြီးငါးခုအထက်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့လေသည်။