စကြဝဠာ၏ စည်းမျဥ်းများ
Vol. 68 Ch. 952
လင်လုံသည် လောကဝိညာဥ်များမှာ ဘိုးဘေးနတ်များ၏ စွမ်းအား ဖြန့်ကျက်မှုဖြစ်ကြောင်း ရှင်းပြလိုက်သောအခါ ယဲ့ချန်ကို အလွန်တရာ အံ့သြစေခဲ့သည်။ နဂါးဘုရင်သည် အလွန်ကျယ်ဝန်းသော စကြဝဠာအတွင်း အဝါရောင်ချီ၊ ရှေးဦး ခရမ်းရောင်ချီ၊ မိုးပြာရောင် ထိပ်တန်းချီစသော လောကဝိညာဥ်များစွာ တည်ရှိနေကြောင်း ပြောခဲ့ဖူးသည်ကို သူက အမှတ်ရလိုက်သည်။ အကယ်၍ ၎င်းတို့သာ ဘိုးဘေးနတ်များ၏ စွမ်းအားများဖြစ်နေလျှင် စကြဝဠာတွင် သူတို့က အစွမ်းအထက်ဆုံး ဖြစ်ပေလိမ့်မည်။ သူက လက်ဝါးတွင် ရှိနေသော ကောင်းကင်သိုင်းချီသည် ဘိုးဘေးနတ်ဘုရားတစ်ပါး၏ စွမ်းအားဖြစ်ကြောင်း လုံးဝထင်မထားခဲ့ပေ။
"ငါ သိထားတဲ့ ဘိုးဘေးနတ်က သုံးယောက်ပဲရှိပြီး နောက်ထပ်လည်း ရှိနေလိမ့်မယ်။ သူတို့အားလုံးက လောကဝိညာဥ်နဲ့ ဆက်နွယ်နေလို့ အချိန်နဲ့လေဟာနယ်ကို အုပ်စိုးတဲ့ နတ်ရယ်၊ ဝိညာဥ်တွေကို ထိန်းချုပ်တဲ့ နတ်ရယ် ရှိနိုင်လိမ့်မယ်။ ဒါပေမယ့် ငါ့အထင်သက်သက်ပါ။ သူတို့က ဆန်းကျယ်လွန်းတယ်"
လင်လုံက လေးနက်စွာ ရှင်းပြလိုက်သောအခါ သူ့ကို အတွေးနက်သွားစေသည်။ လောကဝိညာဥ်များကို အုပ်စိုးသော နတ်များအပြင် နောက်ထပ်ဘိုးဘေးနတ် အရေအတွက် မည်မျှရှိကြောင်း မည်သူမှ မပြောနိုင်ချေ။
"ဒီဘိုးဘေးနတ်တွေက ပြိုင်ဘက်ကင်းပြီး စကြဝဠာရဲ့ စည်းမျဥ်းတွေကို ချမှတ်ခဲ့တယ်။ နောက်ပိုင်းမျိုးဆက်တွေက ဒီအဆင့်ရောက်အောင် ကျင့်ကြံဖို့ မဖြစ်နိုင်တော့ဘူး။ သူတို့က ရှင်းဟွမ်မျိုးနွယ်ထက် စောပြီး ဖြစ်ပေါ်လာကြတယ်။ စကြဝဠာရဲ့အစမှာ သူတို့က စကြဝဠာကြီးနဲ့ အတူတကွ ထွက်ပေါ်လာတယ်လို့ ကောလဟာလတွေ ရှိတယ်"
လင်လုံက ဆက်၍ရှင်းပြလိုက်သောအခါ ယဲ့ချန်က ခေါင်းညိတ်ပြလိုက်၏။
"ဒါဆိုရင် လူသားမျိုးနွယ်ရဲ့ ကံကို ပြောင်းလဲဖို့အတွက် ဘိုးဘေးနတ်ရဲ့ အစွမ်းကို အားကိုးလို့ ရနိုင်မလား"
"မဖြစ်နိုင်ဘူး။ သူတို့က မျိုးနွယ်တိုင်းကို ပုရွက်ဆိတ်တစ်ကောင်လို သဘောထားပြီး အတက်အကျတွေကို ဂရုမစိုက်ဘူး။ သူတို့က မျိုးနွယ်တွေရဲ့ အနိမ့်အမြင့်ကို စောင့်ကြည့်နေရုံပဲ ရှိတယ်။ အမှောင်ထဲက အမြဲတမ်း စောင့်ကြည့်နေတဲ့ ဘိုးဘေးနတ်တွေကသာ အစစ်အမှန် နတ်ဘုရားဖြစ်ပြီး အောက်အဆင့်တွေကတော့ အတုအယောင် နတ်ဘုရားအဆင့် ဖြစ်တယ်။ ပြောကြတာကတော့ ဘိုးဘေးနတ်တစ်ယောက်ချင်းစီဟာ တိကျတဲ့ ရာထူးတွေ ပိုင်ဆိုင်ထားကြတယ်"
နတ်ပြည်သို့ စောစီးစွာ ရောက်နေသည့်အပြင် မျက်ကန်းကြီးထံမှ များစွာသိထားသောကြောင့် လင်လုံသည် ယဲ့ချန်ထက် ပို၍သိရှိနေ၏။
"ရှင်းဟွမ်မျိုးနွယ် ခေါင်းဆောင်ကရော ဘယ်အဆင့်လဲ"
ယဲ့ချန်က မေးခွန်းထုတ်လိုက်ခြင်း ဖြစ်၏။
"ဒါက ငါလည်း သိချင်နေတဲ့ မေးခွန်းတစ်ခုပဲ။ တကယ်လို့ သူသာ အာကာသနတ်အဆင့်ဆိုရင် အဓိပ္ပါယ်ရှိတယ်။ ဒါပေမယ့် ဘိုးဘေးနတ်တစ်ပါးရဲ့ ရာထူးကို ယူထားနိုင်တဲ့ အချက်လည်း ရှိနေတယ်"
လင်လုံက သက်ပြင်းတစ်ချက် ချလိုက်သည်။ အကယ်၍ တစ်ဖက်လူက ဘိုးဘေးနတ်ဆိုလျှင် လူသားမျိုးနွယ်၏ အခြေအနေကို ပြောင်းလဲရန် အလွန်ခက်ခဲပေလိမ့်မည်။ အာကာသနတ်များသာရှိလျှင် အတုအယောင် နတ်ဘုရားအဆင့် ဖြစ်သောကြောင့် ပို၍ကိုင်တွယ်ရ လွယ်ကူနိုင်သည်။
"ဘိုးဘေးနတ်တွေက နတ်ပြည်ရဲ့စည်းမျဥ်းတွေကို ချမှတ်ထားပြီး ဥပမာအနေနဲ့ ဝိညာဥ်တွေရဲ့ ခွန်အား၊ အချိန်လေဟာနယ်ချီကို ကျင့်ကြံရမယ့် နည်းလမ်း၊ လောကဝိညာဥ်တွေကို ပေါင်းစပ်ရမယ့် နည်းလမ်း စသဖြင့်ပေါ့။ နတ်ပြည်ရဲ့ မျိုးနွယ်ထောင်ချီကိုလည်း ခွန်အားအရ အဆင့်ခုနစ်ဆင့် ခွဲခြားထားပြီး အဆင့်တစ်က အားအနည်းဆုံး ဖြစ်တယ်။ ရှင်းဟွမ်မျိုးနွယ်နဲ့ ရွှေဂျိုမျိုးနွယ်က အဆင့်ခုနစ်မျိုးနွယ် အနည်းငယ်ထဲမှာ ပါဝင်တယ်။ လူသားမျိုးနွယ်က နတ်ပြည်ကနေ ဖယ်ထုတ်ခံထားရပေမယ့် အဆင့်တစ်မျိုးနွယ်အဖြစ် သတ်မှတ်ထားပြီး ရေခဲကောင်းကင်မျိုးနွယ်နဲ့ ဝိညာဥ်မျက်လုံးမျိုးနွယ်က အဆင့်သုံး ဖြစ်တယ်"
"ဒီအဆင့်တွေက ဘယ်နေရာမှာ အသုံးဝင်တာလဲ"
"ငါတို့က အဆင့်တစ်မျိုးနွယ်ဖြစ်နေတော့ လက်ရှိမှာ ဘာအကျိုးကျေးဇူးမှ မရနိုင်ဘူး။ ဘိုးဘေးနတ်တွေက မျိုးနွယ်တွေကို ထိန်းညှိုပေးပြီး သန်မာတဲ့ မျိုးနွယ်စုတွေက အဆင့်ကျော်မလာအောင် ကာကွယ်ထားတယ်။ ငါတို့က ဒီစည်းမျဥ်းတွေကို အသုံးချနိုင်သရွေ့ လူသားမျိုးနွယ်ကို တိုးတက်လာအောင် လုပ်နိုင်တယ်"
လင်လုံက စိတ်ရှည်လက်ရှည် ရှင်းပြနေခဲ့သည်။
"ဘယ်လိုစည်းမျဥ်းတွေ ချမှတ်ထားတာလဲ"
ယဲ့ချန်က နတ်ပြည်၏ စည်းမျဥ်းများအကြောင်း အလွန်တရာ သိချင်လာခဲ့သည်။
"ပထမဆုံး စည်းမျဥ်းကတော့ ကံတရားဖြစ်ပြီး မျိုးနွယ်တစ်ခုမှာ ကျင့်ကြံသူတွေ၊ နတ်လက်နက်နဲ့ အရင်းအမြစ်များလေလေ ကံတရား ပိုကောင်းလေလေဖြစ်တယ်။ ဒုတိယကတော့ အစွမ်းထက် ခေါင်းဆောင်တွေ ရှိရမယ်။ ဒီခေါင်းဆောင်တွေက ပိုပြီးသန်မာလေလေ မျိုးနွယ်ရဲ့ ပါရမီက အဆင့်ပိုမြင့်လေလေ ဖြစ်လာလိမ့်မယ်။ အတိတ်မှာ တော်ဝင်ယဲ့မျိုးနွယ်နဲ့ ကောင်းကင်သခင်ခြောက်ယောက်က လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်ဖြစ်ပြီး အဆင့်ခြောက် မျိုးနွယ်တစ်ခု ဖြစ်စေခဲ့တယ်။ နောက်ပိုင်းမှာ အတွင်းရေး ပြိုင်ဆိုင်မှုတွေကြောင့် အဆင့်ကျသွားခဲ့ပြီး ရန်သူတွေရဲ့ လက်ချက်နဲ့ နောက်ဆုံးမှာ နတ်ပြည်က မောင်းထုတ်ခံလိုက်ရတယ်"
သူမ၏စကားကြောင့် ဘိုးဘေးနတ်များသည် မျိုးနွယ်တစ်ခု၏ မွေးရာပါ အရည်အချင်းကို စွက်ဖက်နိုင်ကြောင်း သိလိုက်ရသဖြင့် ယဲ့ချန်က တုန်လှုပ်နေသည်။ ဤအချက်များက စကြဝဠာအပေါ် နားလည်ထားသော သူ၏ အသိအမြင်အားလုံးကို ပြောင်းလဲသွားစေခဲ့သည်။
"ငါက နတ်ပြည်ကို ရောက်နေတာ အချိန်ကြာပြီ။ ငါက လူသားမျိုးနွယ်ဝင်တွေကို ဦးဆောင်ပြီး အဆင့်နှစ်မျိုးနွယ်တစ်ခု ဖြစ်လာအောင် ကြိုးစားနေတယ်။ ဒီလုပ်ငန်းသာ အောင်မြင်ရင် လူသားတွေရဲ့ ပါရမီက မြင့်မားလာလိမ့်မယ်"
လင်လုံသည် လွန်စွာကြိုးစားနေသော်လည်း လူသားမျိုးနွယ် ကျဆင်းခဲ့သည်မှာ အလွန်ကြာမြင့်နေသောကြောင့် အပြောထက် အလုပ်က ပို၍ခက်ခဲနေသည်။
"လူသားမျိုးနွယ်မှာ အစွမ်းထက် ကျင့်ကြံသူတွေ ရှိတယ်လေ။ ဘာကြောင့် အဆင့်မတက်ရတာလဲ"
ကျိုးလီ၊ ယဲ့ဂျန်၊ မျက်ကန်းကြီးနှင့် သေမင်းကဲ့သို့ ကျင့်ကြံသူများက အလွန်အစွမ်းထက်ကြောင်း ယဲ့ချန်သည် နားလည်ထားသဖြင့် မေးခွန်းထုတ်လိုက်၏။
"သူတို့က ခေါင်းဆောင် မဟုတ်ကြဘူး။ ရှေးခေတ်ဟောင်းမှာ သူတို့က သူတော်စင်ဘုရင်နဲ့ ကောင်းကင်သခင်တွေရဲ့ နောက်လိုက် ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကို ပြောင်းလဲမရဘူး။ လူသားမျိုးနွယ် ပြန်လည်မြင့်တက်လာဖို့အတွက် ခေါင်းဆောင်အသစ်တွေ လိုအပ်နေတယ်"
လင်လုံက ရှင်းပြလိုက်သဖြင့် သူတော်စင်ဘုရင်နှင့် ကောင်းကင်သခင်များမှာ သူ ထင်ထားသည်ထက် ပို၍အစွမ်းထက်ကြောင်း ယဲ့ချန်က နားလည်လိုက်၏။
"ဒါဆိုရင် လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်အသစ်ဖြစ်ဖို့ ဘာလုပ်ရမလဲ"
"ဘယ်သူမှ မသိကြဘူး။ ငါသိတာကတော့ လူသားမျိုးနွယ်ရဲ့ ကံတရားကို ခေါင်းဆောင်အနည်းငယ်ကသာ ပြောင်းလဲနိုင်တယ်။ နတ်ပြည်ရဲ့ တစ်နေရာမှာ မျိုးနွယ်တိုင်းရဲ့ အခြေအနေနဲ့ အဆင့်ကို မှတ်တမ်းတင်ထားတဲ့ မျိုးနွယ်ကျောက်စာတစ်ခု ရှိတယ်။ နင်က ခေါင်းဆောင်တစ်ယောက် ဖြစ်လာမယ်ဆိုရင် ကျင့်ကြံနေရင်းနဲ့ ဒါကို မြင်နိုင်လိမ့်မယ်"
"ခင်ဗျားရော မြင်နိုင်လား"
"မြင်နိုင်တယ်"
လင်လုံက ခေါင်းညိတ်ပြလိုက်သောကြောင့် လူသားမျိုးနွယ်၏ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သိသာနေသည်။ ယဲ့ချန်က ၎င်းကို မမြင်နိုင်သောကြောင့် လက်ရှိတွင် ခေါင်းဆောင်ဖြစ်လာရန် အရည်အချင်း မပြည့်မီသေးပေ။ သူက ကျင့်ကြံနေစဥ် နတ်ပြည်ကို မကြာခဏ မြင်ဖူးခဲ့သော်လည်း မျိုးနွယ်ကျောက်စာအား တစ်ကြိမ်မှ မတွေ့ဖူးပေ။
"လူသားမျိုးနွယ်ရဲ့ လက်ရှိသတ်မှတ်အင်အားက ခြောက်ထောင်ဖြစ်ပြီး အဆင့်နှစ်မျိုးနွယ်ဖြစ်လာဖို့ တစ်သောင်း လိုအပ်တယ်။ အစတုန်းကတော့ ငါးထောင်သာရှိပေမယ့် ခြောက်ထောင်အထိ ရုတ်တရက် တိုးလာတာကို ငါ နားမလည်ခဲ့ဘူး။ အခုတော့ ဒီအချက်က နင်နဲ့ ပတ်သက်နေတာ ဖြစ်ရမယ်"
လင်လုံ၏စကားကြောင့် ဤတိုးတက်မှုသည် မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများစွာကို နောက်လိုက်အဖြစ် စုဆောင်းခဲ့သော ယဲ့ချန်ကြောင့် ဖြစ်သည်။ သို့သော် ဤသတ်မှတ်ချက် မြင့်တက်လာခြင်းက လူသားမျိုးနွယ်၏ ခေါင်းဆောင်နှင့်သာ ပတ်သက်သောကြောင့် သူက ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်သော်လည်း မျိုးနွယ်ကျောက်စာကို မမြင်နိုင်သော အချက်က တွေးစရာ ဖြစ်နေ၏။
"ငါ သိထားသလောက်ဆိုရင် လူသားခေါင်းဆောင် ငါးယောက်အထိ ရှိတယ်။ ထာဝရနတ်ပြည်ထောင်မှာ နှစ်ယောက်၊ သွေးပြည်ထောင်မှာ တစ်ယောက်၊ နတ်ဆိုးဘုရင်ပြည်ထောင်မှာ တစ်ယောက်နဲ့ အဝေးက မူလပြည်ထောင်မှာ တစ်ယောက် ရှိတယ်"
လင်လုံ၏ စကားကြောင့် ယဲ့ချန်၏စိတ်ထဲတွင် ထာဝရနတ်ပြည်ထောင်ရှိ ခေါင်းဆောင်နှစ်ယောက်အနက် တစ်ယောက်က လင်လုံဖြစ်ပြီး ကျန်တစ်ယောက်အကြောင်း မေးခွန်းထုတ်နေမိသည်။
"ဒုတိယတစ်ယောက်က နင် ဖြစ်လိမ့်မယ်။ ငါတို့က အတူတူပူးပေါင်းပြီး လူသားမျိုးနွယ်ရဲ့ ကံတရားကို ပြန်လည်တည်ဆောက်ကြမယ်"
လင်လုံက သူ့ကို စိုက်ကြည့်၍ လေးနက်စွာ တောင်းဆိုလိုက်သည်။
"ကောင်းပြီ"
ယဲ့ချန်က ခေါင်းညိတ်၍ မျိုးနွယ်ကျောက်စာကို မြင်နိုင်ရန်အတွက် ကြိုးစားကြည့်ရန် ဆုံးဖြတ်ထား၏။
"ဘိုးဘေးနတ်တွေက နတ်ပြည်ရဲ့ စည်းမျဥ်းတွေကို ချမှတ်ထားပြီး စကြဝဠာရဲ့ အရာရာတိုင်းကို စောင့်ကြည့်နေကြတယ်။ ဥပမာအားဖြင့် အချိန်လေဟာနယ်ချီတွေနဲ့ နတ်ချီတွေကို ကျင့်ကြံဖို့အတွက် ထောက်ပံ့ပေးကြတယ်။ ငါတို့က လောလောဆယ်မှာ အရမ်းစိုးရိမ်စရာ မလိုအပ်သေးဘူး။ တစ်ကြိမ်မှာ တစ်လှမ်းသာ ရှေ့တိုးရမယ်။ မဟုတ်လို့ ရန်သူတွေက အခြေအနေကို သိသွားရင် မျိုးနွယ်တစ်ခုလုံး ကပ်စိုက်လိမ့်မယ်"
လင်လုံက လေးနက်စွာ သတိပေးလိုက်သည်။
"သူတို့ကရော မျိုးနွယ်ကျောက်စာမှာ လူသားမျိုးနွယ်ရဲ့ အခြေအနေကို မြင်နိုင်လား"
ယဲ့ချန်က မေးလိုက်သည်။
"မျိုးနွယ်တိုင်းက ကိုယ့်မျိုးနွယ်ရဲ့ အခြေအနေကိုသာ မြင်နိုင်ပြီး အခြားမျိုးနွယ်တွေအကြောင်း သိချင်ရင် တန်ကြေးတစ်ခု ပေးဆပ်ရတယ်"
"နားလည်ပြီ"
သာမန်အခြေအနေများတွင် ရန်သူမျိုးနွယ်များ၏ အမြင်တွင် လူသားမျိုးနွယ်က ကျဆင်းနေပြီး အာရုံစိုက်ရန် မထိုက်တန်သောကြောင့် အလေးထားမည် မဟုတ်ပေ။ လူသားမျိုးနွယ်၏ ကံတရားကို ပြောင်းလဲရန်အတွက် ခေါင်းဆောင်များ၏ ကျင့်ကြံဆင့်ကို မြှင့်တင်ခြင်း၊ နောက်လိုက်များ စုဆောင်းခြင်းနှင့် အရင်းအမြစ်များ၊ ရတနာများ ပိုင်ဆိုင်ခြင်းတို့ လိုအပ်လေသည်။