မှော်သွေးပုလင်း
Vol. 68 Ch. 953
ယဲ့ချန်၏ စိတ်ထဲတွင် ဘိုးဘေးနတ်များသည် မရိုးရှင်းဘဲ အခြားသော ရည်ရွယ်ချက်များရှိမည်ဟု ခံစားနေရသည်။ သို့သော် သူတို့ ချမှတ်ထားသော စည်းမျဥ်းများကို လူသားမျိုးနွယ်၏ ကောင်းကျိုးအတွက် အသုံးချနိုင်၏။ အကယ်၍ လူသားမျိုးနွယ်သာ အဆင့်နှစ်မျိုးနွယ်တစ်ခု ဖြစ်လာလျှင် ဘိုးဘေးနတ်များထံမှ ရလာမည့် ဆုလာဘ်ကို သူက သိချင်စိတ် ဖြစ်ပေါ်လာသည်။
"အခု ငါတို့ လိုက်ရှာနေတာက မြေအဆင့် နတ်ရတနာတစ်ခုဖြစ်ပြီး ရှားပါးတယ်။ ဒါကို ရနိုင်ဖို့အတွက် နင့်ကို အားကိုးရလိမ့်မယ်"
လင်လုံက ယဲ့ချန်၏ နောက်လိုက်တစ်သောင်းကျော်ကို တစ်ချက်ဝေ့ကြည့်၍ ပြောလိုက်သည်။
"စိတ်ချပါ"
နှစ်ယောက်လုံးသည် လူသားမျိုးနွယ်၏ အနာဂတ်အတွက် တိုက်ပွဲဝင်နေသောကြောင့် သူက တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ နာရီဝက်ကြာအောင် အနားယူပြီးနောက် အဖွဲ့က စတင်ထွက်ခွာလိုက်ပြီး ရှေ့ဆုံးတွင် ယုမင်က ဦးဆောင်နေရသည်။ ထို့နောက် သားရဲများနှင့် ဆက်တိုက်ရင်ဆိုင်နေရသောကြောင့် သူက စိတ်ဓာတ်ကျနေသော်လည်း ယဲ့ချန်ကို ကျိန်ဆဲနေရုံမှတစ်ပါး မတတ်နိုင်ပေ။ သူ၏အခြေအနေက ဆိုးရွားသည်ဟု ပြောနိုင်ပြီး ကျိုင်းကောင်အုပ်ကြီးများပမာ တိုးဝင်လာနေခဲ့သည်။ သူ၏အခြေအနေက သနားစရာကောင်းသော်လည်း လင်လုံကမူ ထိုက်တန်သည်ဟု သတ်မှတ်ကာ လျစ်လျူရှုထားလိုက်၏။ ယဲ့ချန်သည် နောက်လိုက်တစ်သောင်းကျော်ကို ဦးဆောင်ရင်း လမ်းတလျှောက် သတ်ဖြတ်ထိုးဖောက်နေသည်။ လင်လုံ၏အမြင်တွင် ဤတပ်ဖွဲ့က ပရမ်းပတာဖြစ်နေသောကြောင့် အချင်းချင်း ဂရုမစိုက်နိုင်ဘဲ သားရဲများအကြား မကြာခဏ တိုက်ခိုက်ခံနေရသည်။
"နင်က အစီအရင်အကြောင်း သိလား"
သူမက မျက်မှောင်ကြုတ်၍ ခဏတာစဥ်းစားလိုက်ပြီး ယဲ့ချန်ကို မေးခွန်းထုတ်လိုက်သည်။
"မသိဘူး"
လင်လုံနှင့်ယှဥ်လျှင် သူ၏အသက်က အလွန်ငယ်ရွယ်ပြီး အချိန်အများစုကို ကျင့်ကြံခြင်းတွင် အသုံးပြုခဲ့သောကြောင့် အစီအရင်ကို လေ့လာရန် အချိန်မရှိချေ။
"ရော့ ဒါက ငါ့လက်ဆောင်"
သူမက ရှေးဟောင်းစာလိပ်တစ်ခုကို ကမ်းပေးလာသဖြင့် သူက စစ်ဆေးလိုက်သောအခါ ရှေးဟောင်းစာပေများကို တွေ့လိုက်ရသည်။ ပထမဆုံးစာကြောင်းတွင် မဟာတာအို ကောင်းကင်သခင် ရေးသားသော အစီအရင်ဟူ၍ မှတ်တမ်းတင်ထားသည်။ ဤအစီအရင်က အလွန်ရှုပ်ထွေးပြီး ကျင့်ကြံသူတစ်သောင်းကျော် ပါဝင်သော စစ်တပ်ကြီးများ လိုအပ်ကာ လေ့ကျင့်ပြီးလျှင် တိုက်ခိုက်ရေးအင်အားက ဆယ်ဆကျော် မြင့်တက်လာပေလိမ့်မည်။ သို့သော် ကျင့်ကြံသူတိုင်းကို အစီအရင်၏ ပြောင်းလဲမှုများနှင့် အသားကျစေရန် လေ့ကျင့်ပေးရမည်က ခက်ခဲလွန်းသည်။ သူက စိတ်ထဲတွင် အစီအရင်ကို စတင်သင်ယူလိုက်ပြီး အစွမ်းထက်လာသော ဝိညာဥ်အသိစိတ်ကြောင့် လွယ်ကူစွာ တတ်မြောက်ခဲ့သည်။ သာမန်အခြေအနေအောက်တွင် ကျင့်ကြံသူများက လေ့ကျင့်ရေးအတွက် အချိန်လပေါင်းများစွာ လိုအပ်သော်လည်း သူ၏ လက်အောက်ငယ်သားများကို ဝိညာဥ်အသိစိတ်နှင့် ထိန်းချုပ်နိုင်သောကြောင့် စိုးရိမ်စရာမရှိပေ။ သူက အစီအရင်ကို နားလည်သွားသောအခါ နောက်လိုက်များကို ဆက်သွယ်၍ ညွှန်ကြားလိုက်သဖြင့် ကောင်းကင်စက်ဝိုင်း အစီအရင် ဖြစ်တည်လာသည်။
ဤမြင်ကွင်းကြောင့် လင်လုံသည် ယဲ့ချန်၏သင်ယူနိုင်စွမ်းကို အလွန်အံ့သြနေရသည်။ ရှုပ်ထွေးသော အစီအရင်ကို သူက လျင်မြန်စွာ တတ်မြောက်သွားသည့်အပြင် အခက်အခဲဆုံး အပိုင်းကိုလည်း ကျော်လွှားနိုင်ခဲ့သည်။ လက်အောက်ငယ်သား တစ်သောင်းကျော်က စိတ်ချင်းဆက်နေသည့်အလား တညီတညာတည်း လှုပ်ရှားနေသောကြောင့် သြချရလောက်သည်။ သူမသည် ယဲ့ချန် မည်သို့စွမ်းဆောင်လိုက်ကြောင်း နားမလည်သဖြင့် မင်သက်နေခဲ့၏။ ကောင်းကင်စက်ဝိုင်း အစီအရင် ဖြစ်ပေါ်လာသောအခါ သေဆုံးနှုန်း လျော့ကျသွားပြီး ကျင့်ကြံသူတစ်သောင်းကျော်သည် စက်ဝိုင်းရှစ်ခုအဖြစ် ခွဲထွက်ကာ အသားကြိတ်စက်များပမာ သားရဲများကို အမှုန့်ချေနိုင်ခဲ့သည်။ အစီအရင်၏ စွမ်းအားကြောင့် သားရဲပေါင်းသန်းချီ အသတ်ခံခဲ့ရပြီး အမြုတေများ ထွက်ကျလာသောအခါ ယဲ့ချန်က သိမ်းယူခဲ့သည်။ ၎င်းတို့ကို သန့်စင်လိုက်လျှင် ကျင့်ကြံခြင်း၌ အကျိုးရှိသောကြောင့် လေ့ကျင့်ရေးနယ်မြေသို့ နတ်တစ်ပိုင်းအဆင့်များ ဝင်ရောက်သော အကြောင်းအရင်းတစ်ခု ဖြစ်၏။
ကံမကောင်းသည်မှာ အမြုတေကျနှုန်းက အလွန်နိမ့်ကျပြီး သားရဲအကောင်သောင်းသိန်းချီမှ တစ်ကောင်သာ အမြုတေ ဖြစ်တည်နိုင်၏။ ကောင်းကင်စက်ဝိုင်း အစီအရင်အားကိုးဖြင့် ယဲ့ချန်နှင့် နောက်လိုက်များသည် နယ်မြေ၏ အတွင်းပိုင်းသို့ ရောက်ရှိလာကြသည်။ တတိယမြောက် နန်းဆောင်သို့ ရောက်သောအခါ ယခင်နန်းဆောင်နှစ်ခုထက် ပို၍ကြီးမားကြောင်း တွေ့လိုက်ရသည်။ သားရဲများကလည်း ပို၍အစွမ်းထက်နေပြီး အားလုံး အဆင့်မြင့်ကြယ်သခင်များ ဖြစ်ကြ၏။ သူတို့၏သတ်ဖြတ်နှုန်းက နိမ့်ကျသွားကာ နေရာတိုင်း သားရဲများ ပြည့်နှက်နေသောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် အခြားမျိုးနွယ်များမှ ကျင့်ကြံသူများလည်း ရောက်ရှိလာကြပြီး ရွှေဂျိုမျိုးနွယ်ဝင်မှ အရေအတွက်နှစ်သောင်းကျော် ပါဝင်သော တပ်ဖွဲ့ကြီးတစ်ခု ရောက်လာခဲ့သည်။ သို့သော် ယဲ့ချန်၏ အင်အားစုတွင် မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများ ပါဝင်နေသောကြောင့် သူတို့က အရေးမစိုက်ဘဲ လှည့်ထွက်သွားကြသည်။
ဤအတွေ့အကြုံက ယဲ့ချန်ကို အချက်တစ်ခု သင်ပြပေးခဲ့ပြီး အနာဂတ်တွင် ရွှေဂျိုမျိုးနွယ်၏ အာရုံစိုက်ခြင်းကို ရှောင်ရှားရန် အခြားမျိုးနွယ်ဝင်များကို စုဆောင်းရပေလိမ့်မည်။ ရန်သူများ၏အမြင်တွင် လူသားကျင့်ကြံသူ တစ်ယောက် နှစ်ယောက်က အရေးစိုက်စရာ မဟုတ်ပေ။ အခြားမျိုးနွယ်များ ရောက်ရှိလာသောအခါ ယဲ့ချန်တို့အပေါ်မှ ဖိအားများ လျော့ကျသွားသော်လည်း များပြားလှသော သားရဲများကြောင့် ခက်ခဲစွာ ရှေ့ဆက်နေရသည်။
"သူတို့ကလည်း ဒီရတနာအတွက် ရောက်လာတာ ဖြစ်လိမ့်မယ်"
"ဘာရတနာလဲ"
လင်လုံသည် စိုးရိမ်သော အမူအရာဖြင့် အသံချင်း ဆက်သွယ်လာသောကြောင့် ယဲ့ချန်က မေးခွန်းထုတ်လိုက်သည်။
"ဒီရတနာကို မှော်သွေးပုလင်းလို့ခေါ်ပြီး ထူးခြားတယ်။ အာကာသနတ်တွေအတွက် အရေးမပါပေမယ့် အောက်အဆင့်တွေအတွက် အဖိုးတန်တယ်။ ဒါကို အသုံးပြုပြီး နတ်သွေးစက်ကို သိုလှောင်ထားနိုင်တယ်။ အထဲမှာ နေရာလပ်ရာချီရှိပြီး ပိုပြီးအရေးကြီးတာက နတ်သွေးရဲ့ အာနိသင်ကို ထိန်းသိမ်းပေးနိုင်စွမ်း ရှိတယ်။ ထိပ်တန်းမဟာမိတ်မှာတုန်းက ငါဟာ နတ်အရိုး ပေါင်းစပ်ထားတဲ့ ရန်သူနဲ့ တိုက်ခိုက်ခဲ့ပီး နတ်ရတနာတွေရဲ့ ဆန်းကျယ်မှုအချို့ကို သိလာရတယ်"
လင်လုံက ခဏတာစဥ်းစား၍ ရှင်းပြလိုက်၏။
"ဘယ်လိုဆန်းကျယ်တာလဲ"
"နတ်ရတနာတွေကို အဆင့်မြင့်၇၂မျိုး၊ မဟာဆရာသခင် အဆင့်၃၆မျိုးနဲ့ သူတော်စင် အဆင့်၁၈မျိုး စုစုပေါင်း ၁၂၆မျိုး ခွဲခြားထားတယ်။ နတ်အဆင့်ကိုရောက်ရင် နတ်ရတနာတွေကို စတင်ပိုင်ဆိုင်လာမှာ ဖြစ်တယ်။ သာမန်အခြေအနေမှာဆိုရင် လူသားတစ်ယောက်က နတ်သွေးတစ်စက်နဲ့ ပေါင်းစပ်လိုက်ရင်တောင် ပေါက်ကွဲပြီး သေဆုံးနိုင်တယ်။ ဒါပေမယ့် ချွင်းချက်တစ်ခု ရှိတယ်"
လင်လုံ၏စကားကြောင့် နတ်သွေးနှင့် ကောင်းကင်သခင်၏ နတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားသော်လည်း အသုံးမချတတ်သည့် ယဲ့ချန်က မျက်လုံးများ တောက်ပလာသည်။
"ဘယ်လိုချွင်းချက်မျိုးလဲ"
"ကိုယ်နဲ့ ကိုက်ညီတဲ့ နတ်ရတနာကို ရှာဖွေရမယ်"
သူက မျှော်လင့်တကြီး မေးလိုက်သော်လည်း လင်လုံ၏ အဖြေအရ အမျိုးအစားများစွာရှိသော နတ်ရတနာများကြောင့် စိတ်ပျက်သွားခဲ့၏။
"ဒါက ရိုးရှင်းပါတယ်။ နတ်သွေးစက်ရဲ့ စွမ်းအင်နဲ့ မင်းရဲ့ခန္ဓာကိုယ်ထဲက စွမ်းအင် ကိုက်ညီရင် အသုံးပြုနိုင်တယ်။ အနည်းဆုံး အမျိုးအစားဆယ်မျိုးလောက် ရှာဖွေပြီး အကိုက်ညီဆုံးကို ရွေးချယ်ရမယ်။ ဒါပေမယ့် သူတော်စင်အမျိုးအစား နတ်ရတနာတွေကို အာကာသနတ်တွေ ပိုင်ဆိုင်တာဖြစ်လို့ မစဥ်းစားနဲ့။ အဆင့်မြင့်နဲ့ မဟာဆရာသခင်အဆင့်တွေကတော့ ရှာဖွေရတာ ပိုပြီးလွယ်ကူလိမ့်မယ်"
နောက်ဆုံးတွင် သူက လင်လုံ၏ ဆိုလိုရင်းကို သဘောပေါက်လိုက်၏။
"နတ်အဆင့်ကို ကိုယ်တိုင်ချိုးဖျက်နိုင်ရင် နတ်ရတနာတွေကို မလိုအပ်ဘူး။ ဒါပေမယ့် ခွန်အားမလုံလောက်ရင်တော့ ဒီနည်းလမ်းက အကောင်းဆုံးပဲ။ ဒါပေမယ့် အလွန်အန္တရာယ်များပြီး အယောက်တစ်ရာမှ တစ်ယောက်သာ အောင်မြင်နိုင်လိမ့်မယ်"
အောင်မြင်နိုင်ချေက တစ်ရာခိုင်နှုန်းသာ ရှိသောကြောင့် လင်လုံသည် သက်ပြင်းတစ်ချက် ချလိုက်၏။ သို့သော် ကျန်တစ်ဖက်တွင် နတ်တစ်ပိုင်းအဆင့် အယောက်တစ်ရာတွင် တစ်ယောက် အဆင့်တက်နိုင်ပါက ထိုက်တန်ပေသည်။
"ဒီနည်းလမ်းက လူသားမျိုးနွယ်ရဲ့ ကံတရားကို ပြောင်းလဲဖို့ ကူညီပေးနိုင်တယ်"
လင်လုံသည် လူသားမျိုးနွယ်၏ ကံတရား ဖိနှိပ်ခံထားရသည့် အဖြစ်မှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်သော နည်းလမ်းများကို ရှာဖွေ့ခဲ့သည်။
"ငါ့မှာ ရှင်းဟွမ်မျိုးနွယ်ရဲ့ ဖိနှိပ်မှုကို ချိုးဖျက်ဖို့ နည်းလမ်းတစ်ခု ရှိတယ်။ မင်းရဲ့နည်းလမ်းက အန္တရာယ်များလွန်းတယ်။ ငါတို့လူသားမျိုးနွယ်မှာ ကျင့်ကြံသူအရေအတွက်က အကန့်အသတ်ရှိပြီး စမ်းသပ်မှု ကျရှုံးသွားရင် သေနိုင်တဲ့အတွက် ပါရမီရှင်တွေ ဆုံးရှုံးနိုင်တယ်။ ဒါပေမယ့် လောလောဆယ်တော့ ဒီပုလင်းကို ရအောင် ယူကြမယ်။ ပြီးရင် နတ်ရတနာတွေကို စုဆောင်းကြတာပေါ့"
ယဲ့ချန်က ခေါင်းတစ်ချက်ယမ်း၍ အကြံပေးလိုက်သည်။
"နတ်ရတနာတွေကို ဘယ်လိုစုဆောင်းမှာလဲ။ အခြားမျိုးနွယ်ရဲ့ နတ်အဆင့်တွေကို အမဲလိုက်ဖို့ ငါတို့အင်အားက မလုံလောက်ဘူးလေ"
"ငါတို့က အခြားမျိုးနွယ်ဝင်တွေရဲ့ နတ်ရတနာတွေကို အသုံးပြုနိုင်တာလား"
"ရတယ်။ ဒါတွေအားလုံးကို ဘိုးဘေးနတ်ဘုရားတွေ ဖန်တီးထားတာဖြစ်လို့ တူညီနိုင်တယ်"
"ဒါဆိုရင် အခြေအနေက ပိုပြီးလွယ်ကူသွားပြီ။ ငါတို့က အခြားမျိုးနွယ်ရဲ့ နတ်အဆင့်တွေကို အမဲလိုက်စရာ မလိုပါဘူး။ ဒါက ကြမ်းကြုတ်လွန်းလို့ ငြိမ်းငြိမ်းချမ်းချမ်း ကိုင်တွယ်ကြရအောင်။ နတ်ရတနာတွေဆိုတာက ပြန်ပြီး ဖြစ်ပေါ်လာနိုင်တယ်မလား။ ဝယ်လိုက်လို့ ရပါတယ်"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။
"ဝယ်ဖို့ဆိုရင် သူတို့က ရောင်းပါ့မလား"
လင်လုံက မျက်မှောင်ကြုတ်လိုက်သဖြင့် သူက ရယ်မောလိုက်မိသည်။ သူမသည် မွေးစထဲမှ ရွှေဇွန်းကိုက်၍ ကြီးပြင်းလာသောကြောင့် လောကကြီး၏ ဆင်းရဲမွဲတေမှုများအကြောင်း မသိထားပေ။ သူမက ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရန် လိုအပ်ပြီး ပြဿနာတစ်ခုခုတွေ့လျှင် အားသုံးဖြေရှင်းနိုင်သဖြင့် ယဲ့ချန်နှင့် အတွေးအခေါ်ချင်း ကွာခြားနေသည်။ သူ၏အမြင်တွင် ဤလောကရှိ ကိုးဆယ်ရာခိုင်နှုန်းသော အရာများကို ဝယ်ယူနိုင်ပြီး မရောင်းချင်သော အကြောင်းအရင်းမှာ လုံလောက်သော တန်ဖိုးမရသောကြောင့် ဖြစ်၏။ မျိုးနွယ်ပေါင်းစုံတွင် နတ်အဆင့် ကျင့်ကြံသူများ ရှိသောကြောင့် နတ်ရတနာများ ဝယ်ယူရန်မှာ ဖြစ်နိုင်ချေ ရှိလေသည်။