← Chapters

နတ်သခင်၏ သရုပ်မှန်

Vol. 68 Ch. 954

နတ်သခင်၏ သရုပ်မှန်

Vol. 68 Ch. 954

"တကယ်လို့ နတ်ရတနာတွေကို ဝယ်လို့ရရင် ပိုပြီးအဆင်ပြေတာပေါ့"

ထိပ်တန်းမဟာမိတ်တွင် ရှိစဥ်ထဲက လင်လုံသည် ယဲ့ချန်မှာ ဘောင်အပြင်သို့ ဖောက်ထွက်၍ ကြံစည်နိုင်သူဖြစ်ကြောင်း နားလည်ထားသည်။

"နည်းလမ်း ရှိပါတယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်လိုက်၏။

"နတ်သွေးကို သိုလှောင်နိုင်တဲ့အပြင် မှော်သွေးပုလင်းက ပြင်းထန်တဲ့ စွမ်းအားကိုလည်း ထိန်းချုပ်ပေးတယ်။ ဒီအချက်က အဆင့်မြင့် အမျိုးအစားအတွက်သာ အသုံးဝင်ပေမယ့် အလွန်အဖိုးတန်တယ်"

သူမက မှော်သွေးပုလင်းကို လိုချင်နေသော အကြောင်းအရင်းကို ရှင်းပြလိုက်သည်။ ယဲ့ချန်က ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သောအခါ ကျင့်ကြံသူပေါင်း သုံးသောင်းကျော်နှင့် တပ်ဖွဲ့အသီးသီးကို တွေ့လိုက်ရသည်။ သူတို့က သတ်ဖြတ်၍ လမ်းဖောက်နေစဥ် သူက နောက်လိုက်များကို အသာလိုက်ပါသွားရန် ညွှန်ကြားခဲ့သည်။ ရှေ့ဆုံးမှ ဦးဆောင်နေသော ယုမင်က သနားစရာဖြစ်နေသော်လည်း သင်ခန်းစာပေးရန် ထိုက်တန်သည်။ ရွှေဂျိုမျိုးနွယ်ဝင်များနှင့် တိုက်ပွဲတွင် ထိုလူတစ်ယောက်တည်းသာ အညံ့ခံရန် ထုတ်ပြောခဲ့ပြီး သူ၏လျှို့ဝှက်ချက်များကို သိထားသော်လည်း ယုံကြည်ရသူ မဟုတ်ပေ။

"ခေါင်းဆောင်လင် ယုမင်က မင်းရဲ့ နောက်လိုက်တစ်ယောက်ဆိုတော့ တာဝန်ယူပေးပါ။ သူ့ကြောင့် သတင်းပြန့်သွားလို့ ရွှေဂျိုမျိုးနွယ်နဲ့ ရန်သူတွေ သိသွားရင် အကျိုးဆက်က ကောင်းမှာ မဟုတ်ဘူး"

ယဲ့ချန်သည် ယုမင်ကို မသတ်ခြင်းဖြင့် လင်လုံကို မျက်နှာသာပေးခဲ့သောကြောင့် လေးနက်စွာ သတိပေးလိုက်သည်။

"ငါ နားလည်ပါတယ်"

ဤသတင်းသာ ပြန့်သွားလျှင် ယဲ့ချန်တစ်ယောက်တည်းသာမက လူသားမျိုးနွယ်တစ်ခုလုံး ပြဿနာဖြစ်နိုင်သောကြောင့် လင်လုံက ခေါင်းညိတ်ပြလိုက်၏။

"သူတို့နောက်က လိုက်သွားပြီး ဘာဆက်ဖြစ်မလဲ ကြည့်ရအောင်"

သူက ကောင်းကင်စက်ဝိုင်းအစီအရင်များကို ညွှန်ကြားပြီး အခြားမျိုးနွယ်ဝင်များနောက်မှ လိုက်ပါသွားကာ လမ်းတလျှောက် သားရဲများကို သတ်ဖြတ်နေသည်။ သူက ဒန်တန်အတွင်း သားရဲအမြုတေများကို သန့်စင်နေပြီး ကောင်းကင်သခင်၏ နတ်ဝိညာဥ်ကလည်း ခရမ်းရောင်နတ်သန္ဓေကို အားဖြည့်ပေးနေသည်။ ၎င်းကို သန့်စင်မရသော်လည်း ကျန်တစ်ဖက်တွင် သားရဲအမြုတေများမှာ ဒန်တန်အတွင်း ရောက်ရောက်ချင်း အလင်းတန်းများအဖြစ် ပြောင်းလဲကာ ဝိညာဥ်များနှင့် ပေါင်းစပ်သွား၏။ သူက ပခုံးပေါ်ရှိ နင်အာနှင့် ဝိညာဥ်အသိစိတ်ချင်း ပေါင်းစပ်ကာ ကျင့်ကြံနေစဥ် အဝေးမှ နေရာတစ်ခုကို မြင်လိုက်ရသည်။ လှပသော သဘာဝရှုခင်းများအနက် တောင်တစ်လုံးပေါ်တွင် ကျောက်စာတစ်ချပ်ကို မြင်လိုက်ရသောအခါ လင်လုံပြောခဲ့ဖူးသော မျိုးနွယ်ကျောက်စာ ဖြစ်သောကြောင့် အလွန်ဝမ်းမြောက်နေသည်။ သူက ၎င်းကို အာရုံစိုက်လိုက်သောအခါ ပုံရိပ်များ ထွက်ပေါ်လာပြီး စကြဝဠာအတွင်း လူသားမျိုးနွယ် သတ်ဖြတ်ခံနေရသည့် မြင်ကွင်း ဖြစ်နေသည်။ လူသားကျင့်ကြံသူများက အစွမ်းကုန်ကြုံးဝါး၍ မီးကုန်ယမ်းကုန် တိုက်ခိုက်နေကာ နောက်ဆုံး သွေးတစ်စက်ကျန်သည်အထိ လက်မလျှော့ခဲ့ကြပေ။ ဤအခြေအနေက လူသားမျိုးနွယ် လက်ရှိကြုံတွေ့နေရသောကြောင့် သူ၏စိတ်ထဲတွင် ဝမ်းနည်းမှုများ ဖြစ်ပေါ်လာသည်။

ယဲ့ချန်က ဆက်၍ကြည့်ရှုနေစဥ် ခေါင်းဆောင်များ၏ ပုံရိပ်များ ထွက်ပေါ်လာကာ ပထမဆုံးသည် လင်လုံ ဖြစ်နေခဲ့သည်။ နောက်ထပ်ခေါင်းဆောင်တစ်ယောက်က နန်းကုန်းဇီ ဖြစ်နေသောကြောင့် သူက အံ့သြနေခဲ့သည်။ နန်းကုန်းဇီက သွေးပြည်ထောင်တွင် အရှင်သခင်တစ်ယောက် ဖြစ်နေပြီး အင်အားများ စုဆောင်းထားနိုင်ကာ ကျင့်ကြံဆင့် မြင့်မားနေသည်။ နောက်ထပ်ခေါင်းဆောင်တစ်ယောက်မှာ နတ်ဆိုးဘုရင်ပြည်ထောင်မှ ဖြစ်သောကြောင့် သူက အာရုံစိုက်နေစဥ် ထွက်ပေါ်လာသူ၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ စကားဖြင့် မဖော်ပြနိုင်လောက်အောင် မင်သက်နေသည်။ တစ်ဖက်လူက ကြယ်သခင်ရှင်းဖြစ်နေပြီး ကောင်းကင်မူလကြယ်တွင် သူက ထိုပုံရိပ်ကို မြင်ဖူးထားခဲ့သည်။ နန်းကုန်းဇီနှင့် ရှင်းရွှမ်က ရုပ်ချင်းဆင်တူသော်လည်း အမူအရာကွဲပြားပြီး နတ်ဆိုးဘုရင်ပြည်ထောင်မှ လူသားခေါင်းဆောင်သည် တစ်ထပ်တည်း တူညီနေရုံသာမက အပြောအဆို ဟန်ပန်များပါ မကွဲပြားပေ။

ကောင်းကင်နတ်ဆိုးပြည်ထောင်တွင် ရှင်းရွှမ်၏ တစ်ကိုယ်လုံးကို နတ်ဆိုးချီများ ရစ်သိုင်းနေပြီး ပလ္လင်တစ်ခုထက်တွင် ထိုင်နေခဲ့သည်။ နတ်ဆိုးချီများက သိပ်သည်းလွန်းသဖြင့် အနက်ရောင် အလင်းကွင်းကြီးတစ်ခုပင် ဖြစ်ပေါ်နေ၏။ သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်နေပြီး ယဲ့ချန်သည် တစ်ဖက်လူက မည်သည့်နေရာမျိုး ရထားကြောင်း မသိသော်လည်း အာဏာများစွာ ရထားပုံပေါ်၏။ သူ၏အနားတွင် လူသားကျင့်ကြံသူ တစ်သောင်းကျော်ရှိပြီး အားလုံးက နတ်ဆိုးလမ်းစဥ်ကို ကျင့်ကြံထားကြ၏။ လက်ရှိတွင် ရှင်းရွှမ်သည် ကောင်းကင်မူလကြယ်၏ ရှင်းရွှမ်နှင့် ကွဲပြားသွားပြီဖြစ်ကြောင်း ယဲ့ချန်က နားလည်လိုက်သည်။ သူက လူသားမျိုးနွယ်၏ နံပတ်လေးခေါင်းဆောင် ဖြစ်သော်လည်း လူသားမျိုးနွယ်၏ အနာဂတ်ကို တည်ဆောက်ခြင်းအပြင် အခြားရည်ရွယ်ချက်များလည်း ရှိနေနိုင်သည်။

မျိုးနွယ်ကျောက်စာမှတဆင့် အခြားခေါင်းဆောင်များ၏ တည်နေရာကို မြင်ရသော်လည်း အတိအကျ မမြင်ရသည့်အပြင် အသံများကိုလည်း မကြားနိုင်ပေ။ ရှင်းရွှမ်၏ ငယ်သားများမှာ ဒူးထောက်၍ တစ်စုံတစ်ခုကို အော်ဟစ်နေသောကြောင့် ယဲ့ချန်က နှုတ်ခမ်းများကို အာရုံစိုက်လိုက်သောအခါ နတ်သခင်ဟု အဓိပ္ပါယ်ဖော်နိုင်ခဲ့သည်။ ယုလု၊ ချန်းယွမ်နှင့် ရှန်းရန်တို့ကို ထိန်းချုပ်ထားသူမှာ နတ်သခင် ဖြစ်သောကြောင့် အမှန်တကယ် ရှင်းရွှမ်သာဆိုလျှင် အလွန်တုန်လှုပ်စရာ ကောင်းနေသည်။ ဤအချက်ကို သူက လက်ခံရန် ခက်ခဲနေပြီး ရှင်းဟွမ် ပျောက်ကွယ်သွားပြီးနောက် နတ်ဆိုးပြည်ထောင်သို့ ရောက်ရှိကာ နတ်ဆိုးကျင့်ကြံသူ ဖြစ်နေမည်ဟု လုံးဝမျှော်လင့်မထားချေ။ ငါးယောက်မြောက် ခေါင်းဆောင်ကမူ အလွန်ဝေးကွာသော မူလပြည်ထောင်တွင် ရှိနေသောကြောင့် သူက ဝေဝေဝါးဝါး ပုံရိပ်တစ်ခုကိုသာ မြင်တွေ့နိုင်ခဲ့သည်။ နောက်တစ်ကြိမ် ရှင်းရွှမ်နှင့် ပြန်တွေ့လျှင် ရန်သူများ ဖြစ်နိုင်သောကြောင့် သူက သက်ပြင်းချလိုက်မိသည်။ တစ်ဖက်လူက လူသားမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သော်လည်း ကောင်းကင်နတ်ဆိုးများ၏ အသုံးချခံ ဖြစ်နေဟန်တူသည်။

"နင်လည်း မျိုးနွယ်ကျောက်စာကို မြင်ရပြီလား"

လင်လုံက မေးခွန်းထုတ်လိုက်သည်။ မူလတွင် ထာဝရပြည်ထောင်ရှိ လူသားခေါင်းဆောင် နောက်တစ်​ယောက်က မည်သူဖြစ်ကြောင်း မသိရသော်လည်း ယဲ့ချန်က မျိုးနွယ်ကျောက်စာကို မြင်ရသောအခါ သူမသည်လည်း မြင်နိုင်ခဲ့သည်။ လူသားမျိုးနွယ်တွင် ခေါင်းဆောင်အသစ်များ ထပ်မံထွက်ပေါ်လာလျှင် မျိုးနွယ်ကျောက်စာမှ ဖော်ပြပေးသောကြောင့် ဖြစ်သည်။ ယဲ့ချန်က ခေါင်းညိတ်ပြလိုက်ပြီး မျိုးနွယ်ကျောက်စာရှိ လူသားမျိုးနွယ်၏ ခွန်အားအမှတ်ကို စစ်ဆေးနေသည်။ ၎င်းက ခြောက်ထောင်ကျော်တွင် တစ်ဆို့နေသောကြောင့် အဆင့်နှစ်မျိုးနွယ်တစ်ခု ဖြစ်လာရန် ခက်ခဲပေလိမ့်မည်။ သို့သော် ရှင်းဟွမ်မျိုးနွယ်၏ တပ်ဖွဲ့များက လူသားများကို သတ်ဖြတ်ရင်း ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းထံ ရောက်လာရန် နီးကပ်နေခဲ့သည်။

"နင်လည်း ဒါကို မြင်ခဲ့တယ်မလား"

လင်လုံက သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဒီခွေးမသားတွေက ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းကို ရောက်ဖို့ ဘယ်လောက်လိုဦးမလဲ"

မျိုးနွယ်ကျောက်စာမှတဆင့် ရက်စက်စွာ အသတ်ခံနေရသည့် လူသားများ၏ အခြေအနေကို ယဲ့ချန်က မြင်တွေ့ခဲ့ရသည်။

"လဝက်နေရင် သူတို့ရဲ့ ရှေ့ပြေးစစ်တပ်က ရောက်လာလိမ့်မယ်။ ဒါပေမယ့် အစွမ်းထက်ကျင့်ကြံသူတွေ ပါမှာမဟုတ်လို့ လူသားမျိုးနွယ်က လောလောဆယ် ကိုင်တွယ်နိုင်မှာပါ။ ဒါပေမယ့် နှစ်တစ်ရာအတွင်း ဒီအဆင့်မြင့် ရှင်းဟွမ်တွေက စကြဝဠာတစ်ခုလုံးရဲ့ လူသားတွေကို သတ်ဖြတ်ပစ်လိမ့်မယ်"

လင်လုံ၏ မျက်လုံးများတွင် ဆုံးဖြတ်ချက်များ ပြတ်သားစွာ ဖြစ်တည်နေပြီး ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းရှိ လူသားမျိုးနွယ်နှင့် သေအတူရှင်မကွာ တိုက်ခိုက်ပေလိမ့်မည်။ ရှေးဦးခေတ်တွင် လူသားမျိုးနွယ်၌ အစွမ်းထက်မဟာမိတ်များ ရှိသော်လည်း လက်ရှိ၌ သူတို့လည်း ကျဆင်းနေသောကြောင့် ရှင်းဟွမ်မျိုးနွယ်သည် အားလုံးကို သုတ်သင်ရန် ကြံစည်နေ၏။ ကောင်းကင်နတ်ဆိုးမျိုးနွယ်ကြောင့် ရှင်းဟွမ်မျိုးနွယ်က လူသားမျိုးနွယ်ကို အစေခံများအဖြစ် အသက်ရှင်ခွင့်ပေးထားခြင်း ဖြစ်သည်။ သို့သော် နတ်ဆိုးလမ်းစဥ်ကိုလည်း လူသားများက လျှောက်လှမ်းနိုင်သောကြောင့် သူတို့က လက်မခံနိုင်သဖြင့် စတင်သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့သည်။ ရှင်းဟွမ်ဖြစ်စေ၊ ကောင်းကင်နတ်ဆိုးဖြစ်စေ အစွမ်းထက်မျိုးနွယ်များဖြစ်ပြီး အင်အားနည်းပါးသော လူသားမျိုးနွယ်ကို အသုံးချခံအဖြစ် ရှုမြင်နေကြ၏။ ဤကား စကြဝဠာ၏ တောဥပဒေဖြစ်ကာ အားနည်းသူများသည် သန်မာသူများ၏ စစ်ပွဲတွင် မြေစာပင်များ ဖြစ်ရပေလိမ့်မည်။ သာမန်ရှင်းဟွမ်များက အဆင့်နိမ့်ပြီး တိုက်ခိုက်နိုင်စွမ်း မရှိသောကြောင့် လူသားမျိုးနွယ်ကို မခြိမ်းခြောက်နိုင်သော်လည်း အဆင့်မြင့် ရှင်းဟွမ်များက ကွဲပြားပေသည်။ အချိန်လဝက်အကြာတွင် အဆင့်မြင့်ရှင်းဟွမ် အရေအတွက် မည်မျှရောက်ရှိလာနိုင်ကြောင်း မသိရသဖြင့် ယဲ့ချန်၏စိတ်များ လေးလံနေသည်။

"ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းကို ဘယ်လိုပြန်ရမလဲ"

"မဟာလမ်းစဥ် တော်ဝင်သင်္ချိုင်းမှာ တည်နေရာပြောင်း လမ်းကြောင်းတစ်ခု ရှိတယ်"

လင်လုံ၏အဖြေကို ယဲ့ချန်က မျှော်လင့်မထားသော်လည်း တော်ဝင်သင်္ချိုင်းအား တည်ဆောက်ခဲ့သူသည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားပုံရသည်။ သို့သော် ၎င်းကို တည်ဆောက်ခဲ့သူမှာ ယဲ့ချန်၏ အတိတ်ဘဝဖြစ်ကြောင်း လင်လုံက သိထားပြီး ထုတ်မ​ပြောခဲ့ပေ။ အတိတ်မှ စစ်ပွဲကြီးတွင် လူသားကျင့်ကြံသူများက သွေးတစ်စက်ကျန်သည်အထိ တိုက်ပွဲဝင်ခဲ့ကြောင်းမှလွဲ၍ သူမက မည်သည့်အသေးစိတ်ကိုမျှ မသိပေ။

"ဒီလမ်းကြောင်းနဲ့ဆိုရင် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းကို ရောက်ဖို့ အချိန် ဘယ်လောက်လိုမလဲ"

"ခုနစ်ရက်"

ယဲ့ချန်၏အမေးကို လင်လုံက ခဏတာစဥ်းစား၍ အဖြေပေးလိုက်၏။

"ဒါဆိုရင် လေ့ကျင့်ရေး နယ်မြေ အပြင်ကို ပြန်ရောက်ရင် ချက်ချင်းပြန်ကြမယ်"

မိသားစု၊ ယဲ့မျိုးနွယ်နှင့် လူသားများကို စိုးရိမ်သောကြောင့် ယဲ့ချန်က ချက်ချင်းဆုံးဖြတ်လိုက်သည်။

"မစိုးရိမ်နဲ့။ အခုရောက်လာမှာက ရှင်းဟွမ်မျိုးနွယ်ရဲ့ ရှေ့ပြေးတပ်ဖွဲ့သာဖြစ်လို့ ထိပ်တန်းမဟာမိတ်က ရင်ဆိုင်နိုင်ပါတယ်"

လင်လုံက နှစ်သိမ့်ပေးလိုက်ပြီး နတ်ပြည်တွင် ကျင့်ကြံဆင့်ကို မြှင့်တင်၍ အင်အားကိုစုဆောင်းရန် ရည်ရွယ်ထား၏။ ရှေ့ပြေးတပ်ဖွဲ့သာ ဖြစ်သော်လည်း ယဲ့ချန်ကမူ ချစ်ရသူများအတွက် ရတက်မအေး ဖြစ်နေရလေသည်။

All Chapters