ပူးပေါင်းခြင်း
Vol. 68 Ch. 955
ယဲ့ချန်သည် လူသားမျိုးနွယ်နှင့် ရှင်းဟွမ်မျိုးနွယ်၏ မဟာစစ်ပွဲကြီးက ယခုမှသာ စတင်ကြောင်း နားလည်လိုက်သည်။ အကယ်၍ သူသာ ခွန်အားနိမ့်ကျနေလျှင် ရန်သူများလက်ချက်ဖြင့် သေနိုင်ပြီး ပြန်လည်တုံ့ပြန်ရန်အတွက် ကိုယ်ပိုင်ခွန်အားသာမက နောက်လိုက်များ စုဆောင်းရန် လိုအပ်နေ၏။ လူသားမျိုးနွယ်တွင် ကိုယ်ပိုင်အကြံအစည်များဖြင့် ဂိုဏ်းဂဏများ ကွဲပြားနေကာ အတွင်းပြိုင်ဆိုင်မှုများမှာ ပြင်းထန်သည်။ သူ၏စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်နေရင်း ခွန်အားမြှင့်တင်ရန် ဆုံးဖြတ်ကာ လေ့ကျင့်ရေးနယ်မြေအတွင်း ဆက်လက်ခရီးဆက်နေသည်။ ကျင့်ကြံသူများက အတွင်းပိုင်းသို့ သွေးလမ်းခင်း၍ ချီတက်ခဲ့သောအခါ နောက်ဆုံးတွင် စင်မြင့်တစ်ခုထံ ရောက်ရှိလာကြသည်။
စင်မြင့်အထက်တွင် ရတနာပေါင်းစုံရှိနေပြီး အရေအတွက်ထောင်ချီကာ အလင်းများ တလက်လက် ဖြစ်ပေါ်နေသည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ ထောင့်တစ်နေရာတွင် ခရမ်းရောင် ပုလင်းတစ်လုံးကို တွေ့လိုက်ရပြီး လင်လုံ လိုချင်သည့် သွေးမှော်ပုလင်းဖြစ်သည်။ ၎င်းက မြင်ရသူတိုင်း၏ စိတ်နှလုံးကို နွေးထွေးစေသော အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်နေ၏။ ရတနာများမှာ အာကာသနတ်တစ်ပါး၏ အမွေအနှစ်များ ဖြစ်သောကြောင့် တစ်ခုချင်းစီက အဖိုးထိုက်တန်သည်။ စင်မြင့်၏အနားတွင် မီတာထောင်ချီမြင့်မား၍ ရက်စက်ကြမ်းကြုတ်သော ဧရာမသားရဲကြီး ခြောက်ကောင် စောင့်ကြပ်နေသည်။ ၎င်းတို့အပြင် ပိုမိုသေးငယ်သော သားရဲထောင်ချီလည်း ရှိနေခဲ့သည်။ ဤမြင်ကွင်းကြောင့် ယဲ့ချန်သည် လေ့ကျင့်ရေးနယ်မြေအတွင်းရှိ ရတနာများကို အခြားကျင့်ကြံသူများ မယူနိုင်သော အကြောင်းအရင်းကို နားလည်လိုက်၏။ ရတနာများကို ရယူလိုလျှင် အစောင့်သားရဲများကို ကျော်ဖြတ်ရန် လိုအပ်ပြီး စင်မြင့်အထက်တွင် မှော်သွေးပုလင်းအပြင် သူ၏အာရုံကို ဆွဲဆောင်နိုင်သော ရတနာများလည်း ရှိနေခဲ့သည်။
ထူးဆန်းသော အသွင်အပြင်နှင့် ဓားကောက်တစ်လက်သည် သံချေးများ တက်နေသော်လည်း ယဲ့ချန်က မရိုးရှင်းကြောင်း ခံစားနေရပြီး လက်ကိုင်တွင် ရှေးကျကာ ဆန်းကျယ်သော ရုန်းများ ရေးထွင်းထားသည်။ နောက်ထပ်ရတနာတစ်ခုက လက်တစ်ဝါးအရွယ်သာ ရှိသော်လည်း ယာဥ်တစ်စီးနှင့် အနည်းငယ် တူညီသည့်အပြင် ခံတပ်ကြီးတစ်ခုနှင့်လည်း ဆင်တူနေ၏။ သူက ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ အတွင်းပိုင်းက အလွန်အနုစိတ်ပြီး နေရာတိုင်း၌ ရုန်းများ ရေးထွင်းထားသည်။ ၎င်းမှာ ပန်းပဲဆရာများက ရတနာများပြုလုပ်ရာတွင် အသုံးပြုသည့် ပုံစံငယ်တစ်ခုဖြစ်ကြောင်း သူက နားလည်လိုက်သည်။ အသေးစိတ် စစ်ဆေးခဲ့သောကြောင့် ပုံစံငယ်၏ ရုန်းများမှာ နတ်ဆိုးတိုက်လှေ၏ ရုန်းများထက် ပို၍အဆင့်မြင့်ပြီး များစွာအစွမ်းထက်ကြောင်း သိခဲ့ရသည်။ ကွဲပြားသည်မှာ ဤပုံစံငယ်ဖြင့် ယာဥ်များပြုလုပ်လိုက်လျှင် ဟင်းလင်းပြင်ခရီးသွားရာတွင် ပိုမိုမြန်ဆန်ရုံသာမက အတွင်းပိုင်း၌ ကျင့်ကြံသူများနှင့် လက်နက်များ သယ်ဆောင်ရန် အလွန်ကျယ်ဝန်းနေသည်။ အကယ်၍ အဖိုးတန်ကုန်ကြမ်းများ အသုံးပြုကာ ကာကွယ်ရေးရုန်းများ ဖန်တီးလိုက်လျှင် နတ်အဆင့်များနှင့် လောကနတ်အဆင့်များပင် ထိုးဖောက်နိုင်မည် မဟုတ်ချေ။ မည်သူက ဤပုံစံငယ်ကို ပြုလုပ်ခဲ့ကြောင်း မသိရသော်လည်း ပန်းပဲဆရာသခင်ဖြစ်ကြောင်း သေချာသောကြောင့် ယဲ့ချန်သည် အရယူရန် ဆုံးဖြတ်လိုက်၏။
"မင်းက မှော်သွေးပုလင်းကို ယူ၊ ငါက ဒီယာဥ်ပုံစံငယ်ကို ယူမယ်"
ယဲ့ချန်၏အမြင်တွင် ယာဥ်ပုံစံငယ်က မှော်သွေးပုလင်းထက် ပို၍အရေးကြီးသောကြောင့် လင်လုံနှင့် တိုင်ပင်လိုက်၏။ အကယ်၍ သူသာ ဤပုံစံငယ်ဖြင့် ယာဥ်များပြုလုပ်နိုင်လျှင် တိုက်ပွဲရလဒ်ကို ပြောင်းပြန်လှန်နိုင်သောကြောင့် လိုချင်နေသည်ဟု လင်လုံက နားလည်လိုက်၏။ သို့သော် ယာဥ်များ ဖန်တီးရန်အတွက် အလွန်တရာခက်ခဲခြင်းက ပြဿနာဖြစ်ပြီး အရင်းအမြစ်များစွာ လိုအပ်ကာ မူလကျောက်တန်ချိန် ထရီလီယံပင် မလုံလောက်နိုင်ချေ။
"ကောင်းပြီ"
သူမက ခေါင်းညိတ်၍ သဘောတူလိုက်သည်။
"နင်အာ မင်းကို အားကိုးမယ်နော်"
နင်အာ၏ ပုံရိပ်ယောင်ပညာသည် ရတနာများ အလစ်သုတ်ရာတွင် အလွန်အသုံးဝင်သောကြောင့် ယဲ့ချန်က အကူအညီတောင်းလိုက်၏။ သူမက တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြနေစဥ် ကျင့်ကြံသူစစ်တပ်များသည် အစောင့်သားရဲများကြောင့် ရပ်တန့်ကုန်သည်။ သူတို့က ရတနာများကို လုယူရန် ကြိုးစားဖူးသော်လည်း ၎င်းတို့က အစွမ်းထက်လွန်းသောကြောင့် အကျအဆုံးများစွာဖြင့် ဆုတ်ခွာခဲ့ရသည်။ ဤတစ်ကြိမ်တွင် သူတို့က ဂရုတစိုက်လှုပ်ရှားရန် စီစဥ်ကာ အင်အားများ ထပ်မံစုဆောင်းလာကြ၏။ အရေအတွက်သောင်းချီသော စစ်တပ်လေးခုနှင့် ထောင်ချီပါဝင်သော တပ်ဖွဲ့ခြောက်ခုရှိကာ အရင်ဆုံး တိုက်ခိုက်သူသည် အခြားတပ်ဖွဲ့များ၏ ခြေနင်းတုံးအဖြစ် ရောက်သွားမည် ဖြစ်သောအခါ မည်သူမှ အခြားတစ်ယောက်၏ အကျိုးအတွက် မစွန့်စားလိုပေ။
ရွှေဂျိုမျိုးနွယ်၏တပ်ဖွဲ့တွင် အရေအတွက် သုံးသောင်းကျော်ပါဝင်ပြီး ခေါင်းဆောင်လာသူမှာ ဝူယွဲ့ဆိုသူ ဖြစ်သည်။ သူ၏အင်အားက နတ်မျက်လုံးအောက် မနိမ့်ကျသည့်အပြင် အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားသောကြောင့် အဆင့်အတန်း ပိုမြင့်ပေလိမ့်မည်။ သူတို့က အင်အားအကြီးဆုံးဖြစ်ကာ ကျန်စစ်တပ်နှစ်ခုတွင် တစ်ခုက ဟင်းလင်းပြင်မျိုးနွယ်ဖြစ်ပြီး ကျန်တစ်ခုတွင် မျိုးနွယ်ပေါင်းစုံ ပါဝင်သည်။ ဟင်းလင်းပြင်မျိုးနွယ်၏ ခေါင်းဆောင်မှာ ကိရှုဖြစ်ပြီး ကျန်တပ်ဖွဲ့၏ ခေါင်းဆောင်မှာ ကျောက်ဝိညာဥ်မျိုးနွယ်မှ ပိုအာ ဖြစ်သည်။ ထိုမျိုးနွယ်ဝင်တစ်ယောက်ချင်းစီက အလွန်ကြီးမားပြီး ရုပ်ခန္ဓာက ကျောက်တုံးပမာ သန်မာသည်။ နတ်မျက်လုံး ဦးဆောင်သော ရွှေဂျိုမျိုးနွယ်ဝင်ငါးရာသည် ဝူယွဲ့၏လက်အောက်မှ ဖြစ်ကာ လူသားအုပ်စုကို သတ်ဖြတ်ရန်အတွက် ကိုယ့်သဘောနှင့်ကိုယ် ခွဲထွက်လာခြင်းဖြစ်သည်။ နောက်ဆုံးတွင် ယဲ့ချန်၏လက်ချက်ဖြင့် အားလုံး ပျက်စီးခြင်းသို့ ရောက်သွားခဲ့သည်။ ယဲ့ချန်၏စစ်တပ်တွင် အရေအတွက် တစ်သောင်းကျော်ပါဝင်ပြီး ဒန်တန်အတွင်း၌ နောက်ထပ်နှစ်သောင်းကျော်ကို ဖုံးကွယ်ထားခဲ့၏။ ဤနန်းတော်က အလွန်ကျယ်ဝန်းပြီး လူတိုင်းကို သတ်ဖြတ်ရန် ခက်ခဲသောကြောင့်သာ မဟုတ်လျှင် သူက ရွှေပိုင်နက်သားရဲကို ဆင့်ခေါ်ပြီး အစောင့်သားရဲများကို သတ်ဖြတ်၍ ရတနာများကို မောင်ပိုင်စီးပေလိမ့်မည်။
"လူတိုင်း ငါတို့က အစောင့်တွေကို သတ်ဖြတ်ဖို့ မလွယ်ဘူးဆိုတော့ ပူးပေါင်းကြရန် မကောင်းဘူးလား"
ဝူယွဲ့၏အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသောကြောင့် နန်းဆောင်အတွင်းရှိ လူတိုင်း ကြားနိုင်ခဲ့သည်။ အကယ်၍ အင်အားအကြီးဆုံး စစ်တပ်လေးခုသာ ပူးပေါင်းလိုက်လျှင် ကျန်တပ်ဖွဲ့ငယ်များက နာခံရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ သက်ဆိုင်ရာခေါင်းဆောင်များ ရှေ့ထွက်လာကာ ကိရှုက တစ်ချက်စိုက်ကြည့်၍ မေးခွန်းထုတ်လိုက်သည်။
"ဘယ်လိုပူးပေါင်းမှာလဲ"
"အစောင့်သားရဲတွေကို ပူးပေါင်းပြီး သတ်ဖြတ်ကြမယ်။ ပြီးရင် ရတနာတွေကို ငါက တစ်ဝက်နဲ့ မင်းတို့က တစ်ဝက်စီ ခွဲယူကြမယ်"
ဝူယွဲ့က မောက်မာစွာ ဖြေလိုက်၏။ သူ၏အမြင်တွင် ရွှေဂျိုမျိုးနွယ်စစ်တပ်က အကြီးမားဆုံးဖြစ်သောကြောင့် ရတနာများကို ခွဲဝေပေးခြင်းမှာ သနားကြင်နာရာ ရောက်နေခဲ့သည်။ ကျန်တပ်ဖွဲ့များတွင် အရေအတွက် တစ်သောင်းကျော်သာရှိပြီး ပြန့်ကြဲနေသော တပ်ဖွဲ့ငယ်များ စုပေါင်းလိုက်လျှင် နှစ်သောင်းနီးပါးသာ ရှိ၏။
"ဒီလိုခွဲဝေတာက ပြဿနာ မရှိပါဘူး။ ဒါပေမယ့် အစောင့်သားရဲတွေကို ဘယ်သူက အရင်ဆုံး တိုက်ခိုက်မှာလဲ။ မင်းတို့က တစ်ဝက်လိုချင်တယ်ဆိုရင် အရင်ဆုံး တိုက်ခိုက်သင့်တယ်မလား"
ယဲ့ချန်က အချက်တစ်ချက်ကို ထောက်ပြလိုက်သောအခါ ကျန်ခေါင်းဆောင်များသည် ဝူယွဲ့ကို တပြိုင်နက် စိုက်ကြည့်လိုက်ကြသည်။ အကယ်၍ ရွှေဂျိုမျိုးနွယ်သာ ရှေ့ဆုံးမှ တိုက်ခိုက်မည်ဆိုလျှင် တစ်ဝက် မဆိုထားနှင့်၊ သုံးပုံနှစ်ပုံ ပေးလိုက်ရန်ပင် ပြဿနာမရှိပေ။ သို့သော် ရွှေဂျိုမျိုးနွယ်က တစ်ဝက်ယူပြီး သူတို့ကို ခြေနင်းတုံးအဖြ စ်အသုံးချမည်ဆိုလျှင် လုံးဝလက်ခံနိုင်စရာ မရှိချေ။ ဝူယွဲ့က အကင်းပါးလှသော ယဲ့ချန်ကို စိတ်ထဲမှ ကျိန်ဆဲနေပြီး မေးခွန်းကို လှည့်ထွက်လိုက်သည်။
"ဘယ်သူက အရင်ဆုံး တိုက်ခိုက်မယ်ဆိုတာကို သေချာဆွေးနွေးရမယ်"
အစောင့်သားရဲ ခြောက်ကောင်က အလွန်တရာ အစွမ်းထက်သောကြောင့် ရှေ့ဆုံးမှ ဦးဆောင်တိုက်ခိုက်လျှင် ရွှေဂျိုမျိုးနွယ်ဝင် တစ်ဝက်ကျော် သေဆုံးသွားပေလိမ့်မည်။ ဤဆုံးရှုံးမှုမျိုးက ထိချက်နာသောကြောင့် သဘောတူရန် မဖြစ်နိုင်ပေ။
"မင်းတို့က ရှေ့ကဦးမဆောင်ရင် ဘာကြောင့် ရတနာတစ်ဝက် လိုချင်နေရတာလဲ"
ကျန်ခေါင်းဆောင်များက မကျေမနပ်ဖြင့် အော်ဟစ်လိုက်ကြသည်။ ရွှေဂျိုမျိုးနွယ်၏ မောက်မာမှုကြောင့် သူတို့အတွက် ယုံကြည်ရန် ခက်ခဲနေပြီး အသုံးချခံရမည်ကို စိုးရိမ်နေကြသည်။ တစ်ဖက်လူက သူတို့ကို ရှေ့ဆုံးမှ တိုက်ခိုက်စေပြီး ရတနာများကို မောင်ပိုင်စီးသွားလျှင် မခက်ပါလော။
"မင်းတို့လည်း နောက်လိုက်တွေကို မသေစေချင်ဘူးမလား။ ဒါဆိုရင် ငါတို့စစ်တပ်လေးခုက နောက်မှာနေပြီး ကျန်တပ်ဖွဲ့ငယ်တွေကို အရင်တိုက်ခိုက်ခိုင်းလိုက်ရင် မကောင်းဘူးလား"
ဝူယွဲ့က ယဲ့ချန်၊ ပိုအာနှင့် ကိရှုတို့ထံ အသံဖြင့် လျှို့ဝှက်ဆက်သွယ်လိုက်သည်။ သူက တစ်စုံတစ်ရာ အားမထုတ်ရဘဲ ရတနာများကို ရမည်ဆိုလျှင် ကျန်ခေါင်းဆောင်များက ငြင်းပယ်မည်မဟုတ်ဟု အပိုင်တွက်ထားသည်။ ကိရှုနှင့် ပိုအာက သူတို့၏နောက်လိုက်များ သေမည် မဟုတ်သောကြောင့် အတွေးနက်နေကြသည်။ တပ်ဖွဲ့ငယ်များကို စုပေါင်းလိုက်လျှင် အရေအတွက် နှစ်သောင်းကျော်သဖြင့် အစောင့်သားရဲများကို ပထမဆုံးအကြိမ် တိုက်ခိုက်စေ၍ သူတို့က အကျိုးအမြတ်များကို ချွေးတစ်စက်မှမထွက်ဘဲ အပိုင်သိမ်းနိုင်ပေလိမ့်မည်။ ထိုအချိန်တွင် ယဲ့ချန်က အေးစက်စက်ပြုံးလိုက်ပြီး ဝူယွဲ့၏စကားကို လျှို့ဝှက်ကျင့်စဥ်တစ်ခုဖြင့် အသံဖမ်းကာ ပြန်လည်ထုတ်လွှင့်လိုက်သောကြောင့် ပတ်ဝန်းကျင်တစ်ခွင် မြည်ဟီးသွားလေသည်။
"မင်းက ဘာတွေကြံစည်နေတာလဲ"
"ရွှေဂျိုမျိုးနွယ်က ကောက်ကျစ်လှချည်လား"
ဝူယွဲ့၏စကားက ခေါင်းဆောင်များထံ ဆက်သွယ်လိုက်သည့်အတိုင်း အတိအကျ ထွက်ပေါ်လာသောအခါ အရေအတွက် ထောင်ချီသာရှိသော တပ်ဖွဲ့ငယ်များကို ဒေါသထွက်စေခဲ့လေသည်။