မင်း ... မနိုင်ရင် မင်းအစ်ကို ရှိတယ်။
Vol. 152 Ch. 2115
တစ်ယောက် တစ်ယောက်တွင် ကျောထောက်နောက်ခံ မရှိသော် မည်သူ သတ်ခဲ့သည် ဟူသော အချင်းအရာမှာ အရေးမကြီး တော့ချေ။
သွေးလ နတ်သားတော် ကဲ့သို့သော လူမျိုးသည်ပင် မဟာသူတော်စင် တစ်ပါးကို နောက်ခံ မထားပါက စီနီယာ အစ်ကိုမှ သတ်ပြီးဖြစ် ပေမည်။
“ သွားကြရအောင်။ ”
ယဲ့ကူယန်က လင်းယွန်ကို ပခုံးမှ ဖမ်းကိုင်ကာ၊ ကောင်းကင်ပေါ် ပျံတက်တော့၏။ ဤနည်းလမ်းသည် ကျောက်တျန်းယွီ ထွက်ခွာ သွားသည့် ပုံစံမျိုးနှင့်ယှဉ်က တိုက်ရိုက် ဆန်ပေသည်။
“ ဝုန်း ... ။ ”
ဓားအလင်းက ဂူမျက်နှာကြတ်ကို ထိုဖောက်လျှက် မျှားတစ်စင်းလို ပြေးထွက် လာခြင်း ဖြစ်၏။
“ ခရစ် ... ။ ”
“ ဝုန်း ... ။ ”
တောင်ကြီး တစ်ခုလုံး တုန်ခါသွားပြီး၊ လှိုဏ်ဂူ ပြိုကျလာသည်။ ထိုမြင်ကွင်း အပေါ် ကျောက်တျန်းယွီမှ ရပ်ကြည့်နေရ၏။
သူ့ဝန်းကျင်တွင် ကြက်သွေးရောင် လမင်းကြီး ဖြစ်ပေါ်ကာ၊ လရောင်ခြည်များ ဖြန့်ကျက်ထား လေသည်။ ဤသည်မှာ သွေးလမင်း နယ်မြေ ဖြစ်၏။
လင်းယွန်၏ ဓားနယ်မြေကဲ့သို့ တစ်စုံတစ်ဦး၏ သွေးလမင်း ကမ္ဘာကြီး ဖြစ်သည်။
သို့သော် ၎င်းဧရိယာသည် လင်းယွန် ဓားနယ်မြေထက် ပို၍ ကြီးမားပြီး မိုင်တစ်ရာ ပတ်လည်အထိ ရှိ၏။
ထိုနယ်မြေကို ဖန်တီးထားသော မဟာ သူတော်စင်က အနက်ရောင် ရုပ်တုတစ်ခု ကဲ့သို့ ဂူပြိုကျမှုကို ငြိမ်သက်စွာ ရပ်ကြည့်နေ၏။
“ ညီအစ်ကို ငါသွားပြီ ... ။ ”
တစ်ဖက်လူသည် ကြက်သွေးရောင် ဧရိယာကို ဓားအလင်းဖြင့် ခွဲလျက် နှုတ်ဆက် စကားဆိုသွား တော့သည်။
အထက်ပါ ဖြစ်ရပ်များက ကျောက်တျန်းယွီကို စိတ်တိုစေသည်။ သို့သော် သူ့အုပ်ထိန်းသူသည် ရန်သူ သူတော်စင် ဘုရင် နှင့် တိုက်ရန် ယုံကြည်ချက် မရှိကြောင်း နားလည် ထား၏။
အရေးအကြီးဆုံးမှာ ဤသို့ တိုက်ခိုက်နေ ခဲ့သော် သူ့လုံခြုံရေးအတွက် စိုးရိမ် နေရမည်ကို ထည့်တွက်နေခြင်းလည်း ဖြစ်သည်။
များမကြာခင် စိတ်ခံစားချက်များ တည်ငြိမ်သွား၏။
“ မူယန် ပြောတာမှန်တယ် ... ဒီယဲ့ချင်းရှန်ကို လျစ်လျူရှုနေရင် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ် ... ။ ”
ကျောက်တျန်းယွီက ပြောကြားလိုက်၏။၏
“ အခု ဒုတိယ အစီစဉ်ကို ... ဆက်သွား ရအောင်၊ ဗုဒ္ဓဧကရာဇ် ရွှေကြာပန်း လှံကို ရသွား ရင်တောင် ... လျှို့ဝှက်နည်းပညာ မရှိရင် သူက အစွမ်းကို ထုတ်သုံးနိုင်မှာ မဟုတ်ပါဘူး။ ”
အနက်ဝတ် မဟာ သူတော်စင်က သက်ပြင်းချကာ ပြောကြားလာ တော့သည်။
“ သေလိုက် ... ။ ”
ကျောက်တျန်းယွီမှ ကျိန်ဆဲလိုက်၏။ ယဲ့ချင်းရှန်ကို သတ်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ဟု ခံစားလာမိသည်။
တစ်ဖက်လူသည် နိဗ္ဗာန် အဆင့်ဖြင့်ပင် မဟာ တာအိုနှင့် တန်ခိုးပေးထားသော နတ်မိစ္ဆာ လျှပ်စီး မျက်လုံးများကို ခံနိုင်ရည် ရှိနေ၏။
ယင်းက ပထမတန်းစား အရည်အချင်း ဖြစ်သည်ကို သက်သေပြရန် လုံလောက်ချေပြီ။ သို့သော် သူ လုပ်နိုင်စရာ မရှိတော့ချေ။
“ သွားရအောင် ... ငါတို့ ဒီမှာ ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်မိခဲ့ပြီ။ ”
“ ဝှစ် ... ။ ”
အနက်ဝတ် မဟာ သူတော်စင်က ဦးတည်ရာ တစ်ရပ်ထံ လှမ်းကြည့်ကာ ကျောက်တျန်းယွီနှင့် အတူ ထွက်ခွာသွားလေသည်။
“ အစ်ကိုကြီး ... မင်းဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။ ”
တစ်ဖက်တွင် ကောင်းကင် တာအို ဂိုဏ်းသို့ ပြန်ရောက် ပြီးနောက် လင်းယွန်မှ ယဲ့ကူဟန်ကို မေးမြန်းလိုက်သည်။
သူ့ဒဏ်ရာများမှာ သက်သာသွား သော်လည်း နတ်မိစ္ဆာ လျှပ်စီး မျက်လုံးများ၏ တန်ခိုးကြောင့် နှုန်းချိနေသေး၏။
“ အဲဒီ သွေးလ နတ်သားတော်မှာ ... အုပ်ထိန်းသူ ရှိတယ် ... မင်းမှာတော့ မရှိဘူး၊ မူလနဂါး မဟာ သူတော်စင်က ဆန္ဒရှိပေမယ့်၊ သူ့အဆင့်အတန်း အရ ... ဒီလိုလုပ်ဖို့ မသင့် လျော်တဲ့အတွက် သဘာဝ အတိုင်း ... ငါက မင်းရဲ့ အုပ်ထိန်းသူ ဖြစ်လာရ တာပဲ။ ”
ထိုစကားကို ကြားသောအခါ လင်းယွန် တစ်ယောက် နှလုံးသားထဲ နွေးထွေးမှု လှိုင်းများ ဖြတ်ပြေး သွားသည်။
“ ဒါဆို ဓားညီလာခံ သွားတုန်း ကရော စီနီယာ အစ်ကို လိုက်ခဲ့သေးလား။ ”
“ ဓားစံအိမ်ကိုလား ... မလိုက်ဘူး၊ သိုင်းအဒေါ်နဲ့ သတ်ဖြတ်ခြင်း မဟာ သူတော်စင် ကိုယ်တိုင် အဲဒီကို သွားခဲ့တာမို့ ငါ ... မလိုဘူး။ ”
ယဲ့ကူဟန်က နတ်နဂါး မက်မွန်သီးကို ထုတ်ယူပြီး ကိုက်ဝါးလျက်မှ ပြန်ဖြေလိုက်၏။
“ မျိုးဆက်သစ် လူငယ်တွေ ကြားမှာ ပဋိပက္ခဖြစ်ရင် ... အုပ်ထိန်းသူတွေ ပါဝင်ခွင့် မပြုဘူး မဟုတ်လား။ ”
“ ဟား ... ဟား ... ဟား ... ဒါက လုံးဝ မိုက်မဲတဲ့ ကိစ္စပဲ၊ မင်းသာ သူ့ကို ရိုက်နိုင်ရင် ငါ ဝင်မပါ ပါဘူး၊ ဒါပေမယ့် ... မင်း အရိုက်ခံ နေရ မှတော့ ... ငါ ရပ်ကြည့်နေလို့ ရပါဦးမလား၊ ...
... မင်းသိထား ရမှာက အရှေ့ဘက် ပျက်စီးမြေမှာ ငါတို့ကသာ တခြားလူတွေကို အနိုင်ကျင့်မယ်၊ ငါတို့ကို ဘယ်သူမှ အနိုင် ကျင့်ခွင့် မရှိဘူး။ ”
“ ဒါ ဘယ်သူ ထုတ်ထားတဲ့ စည်းမျဉ်းလဲ။ ”
“ ငါ ... ။ ”
ယဲ့ကူဟန်က ပြုံးလျက်၊
“ မင်း ... မယုံရင် ဘယ်သူ့ကိုမဆို အနိုင်ကျင့်လို့ ရတယ် ... ၊ မင်းမှ မနိုင်ရင် မင်းရဲ့ စီနီယာ အစ်ကိုက ကူညီပေးမယ်၊ မင်းရဲ့ စီနီယာ အစ်ကိုကမှ အဲဒါကို မလုပ်နိုင်ရင် ... မင်းရဲ့ ဆရာ မူလနဂါး မဟာ သူတော်စင် လာလိမ့်မယ်။ ”
-ဟု ဂုဏ်ယူစွာ ပြောကြား လာသည်။
“ သူလည်း မနိုင်ရင်ရော ... ။ ”
“ စိတ်မပူနဲ့ ... ၊ မင်းရဲ့ ... သခင်မ နှစ်ယောက် ရှိသေးတယ်၊ သူတို့ကို ခေါ်ပြီး အဲဒီ လူကို အသေရိုက်ခိုင်းလိုက် ... ။ ”
ထိုစကားကို ကြားသောအခါ လင်းယွန် တစ်ယောက် ပါးစပ်ဟောင်းလောင်း ပွင့်သွား၏။ တစ်နေရာရာ၌ တစ်စုံတစ်ရာ မှားယွင်း နေသည်ဟု ခံစားလိုက်ရသည်။
( ဘယ်လို နည်းလမ်းကြီးလဲ။ )
“ ဘာလဲ မယုံဘူးလား၊ တကယ်တော့ မင်းက ... အရမ်း အမြင်ကတ် လောက်အောင် မောက်မာတယ်၊ အဲဒီအတွက် အခုချိန်ထိ မင်းကို ဘယ်သူမှ လာမရိုက်တာ ...
... မင်းကိုယ်မင်း ကံကောင်းတာလို့ ထင်နေလား၊ ငါတို့ကသာ ကာကွယ်မှု မပေးရင် မင်းအရိုးကို ငါကောက်နေရတာ ကြာပြီ။ ”
ယဲ့ကူဟန်က ပြုံးကာ မေးဆတ်ပြသည်။ ထိုအပြုံးသည် လင်းယွန်ကို ရှက်ရွံ့လာစေ၏။ ယင်းကြောင့် အကြောင်းအရာကို အမြန် ပြောင်းလိုက်ရသည်။
“ စီနီယာ အစ်ကို ... ၊ နတ်မိစ္ဆာ လျှပ်စီး အလင်းမျက်စိက ဘာလဲ ... အဖြူဝတ် သခင်ရဲ့ မဟာတာအိုကို ရင်ဆိုင် နိုင်ပေမဲ့ ... သူ့ကို ငါ ဘာလို့ ရင်မဆိုင်နိုင် ရတာလဲ၊ ကြယ်ဓားတောင် ပြိုကျသွားတယ်။ ”
ဤအခြေအနေမျိုး ကြုံတွေ့ရ သည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။ ထိတ်လန့်မှု အရ အဆုံးမရှိခဲ့ချေ။
ကြယ်ဓား ရည်ရွယ်ချက်သည် သူ၏ ယုံကြည်ချက် ဖြစ်သည်။ ၎င်းမရှိသော် မရဏ မူလအဆင့် အမည်ခံ သူတော်စင်ကို နိဗ္ဗာန်-ဒသမမြောက် ကျင့်ကြံမှု ခွန်အားဖြင့်သာ ရင်ဆိုင်နိုင် ပေမည်။
ယဲ့ကူဟန်က နတ်နဂါး မက်မွန်သီးကို တဂျွတ်ဂျွတ် ကိုက်ဝါးလျက် ချက်ချင်း ပြန် မဖြေချေ။ ပြန်ဖြေရန် စကားလုံး စီစဉ်နေခြင်း ဖြစ်နိုင်၏။
“ ဒါက ရှင်းပါတယ် ... သူတော်စင် တာအိုဆိုတာကို သိပ်ပြီး မစဉ်းစားနဲ့၊ အဲဒါက သိုင်း ရည်ရွယ်ချက်ကို မြှင့်တင်နိုင်တဲ့၊ ...
... မြောက်ဖော်ကိန်းပဲ ... ၊ သိုင်း ရည်ရွယ်ချက် အဆင့်မြင့် လေလေ သူတော်စင် တာအိုရဲ့ စွမ်းအား ... ကြီးလေလေပဲ။ ”
ယဲ့ကူဟန်၏ ရှင်းပြချက်ကို နားထောင် ပြီးနောက်၊
“ ဒါဆို အဖြူဝတ် သခင်ရဲ့ ... သိုင်း ရည်ရွယ်ချက်က သွေးလ နတ်သားတော်ထက် အားနည်းတာမို့၊ သူတော်စင် တာအိုနဲ့ ခွန်အား ပေးထား ရင်တောင် ... စွမ်းအား ကွာနေတယ် ဒီလို အဓိပ္ပါယ်လား။ ”
-ဟု မေးမြန်းလိုက်သည်။
“ မှန်တယ် ... ။ ”
ယဲ့ကူဟန်က ကျေနပ် အားရဖွယ် အမူအရာကို ထုတ်ဖော်လျက် ခေါင်းညိတ်လိုက် လေသည်။
“ အရေးကြီးဆုံးက ... သွေးလ နတ်သားတော်ရဲ့ သိုင်းရည်ရွယ်ချက်က သူတော်စင် တာအို မပါဘဲနဲ့တောင် မင်းကို ရင်ဆိုင်နိုင်တယ်၊ ...
... ဒါကြောင့် သူတော်စင် တာအိုနဲ့ ... အစွမ်းကို မြှင့်တင်လိုက်တဲ့ အခါ ... ကွာဟချက် ချက်ချင်း ကျယ်ပြန့်သွားတာပဲ၊ ...
... မင်းတို့ နှစ်ယောက်လုံးရဲ့ ... သိုင်း ရည်ရွယ်ချက်က နဝမတန်းမှာ အတူတူ ရှိမယ် ရင်တောင်၊ သူတော်စင် တာအိုနဲ့ နှစ်ကြိမ်- သုံးကြိမ်လောက် မြှင့်တင် ပြီးတဲ့နောက်၊ ...
... စွမ်းအား အဆင့်က တစ်ဆယ့်ရှစ်-နှစ်ဆယ့်ခုနစ် အထိ ကွာဟ သွားလိမ့်မယ် ... ၊ အချိန်ကြာလာတာနဲ့ အမျှ ... မင်းသူ့ကို ဘယ်လိုလုပ် ခုခံနိုင်တော့မှာလဲ။ ”
ယဲ့ကူဟန်က စကားကို ခဏရပ်ကာ လင်းယွန်ကို အကဲခတ်သည်။ သူ့ဆိုလိုရင်းကို နားလည်ကြောင်း မြင်ချိန်မှသာ ဆက်ပြော၏။
“ အဖြူဝတ် သခင်ရဲ့ ... သိုင်း ရည်ရွယ်ချက်က ... အစွမ်းထက် ပေမယ့် စတုတ္ထတန်းမှာပဲ ရှိတယ်၊ အဲဒီတော့ သူအဆင့် မြှင့်တင်လိုက်ဦး ... မင်းရဲ့ ကြယ်ဓားကို မယှဉ်နိုင်သေးဘူး၊ ...
... ဒါကြောင့် မင်းက သူ့ကို ... သဘာဝ အတိုင်း အနိုင်ယူနိုင်သလို ... သတ်ပစ်လို့လည်း ရတယ်၊ တစ်ခါတလေမှာ ကွာဟချက်က မပြောပလောက်ဘူး ဆိုရင်တောင်၊ ...
... ဒါက အချိန်ကြာလာတာနဲ့ အမျှ မင်းတစ်သက်မှာ ဘယ်တော့မှ လိုက်မမီနိုင်တဲ့ အရာမျိုး ဖြစ်သွားတတ်တယ်။ ”
“ ကျွန်တော် ... နားလည်ပြီ။ ”
လင်ယွန်က ခေါင်းညိမ့်သည်။
“ မင်းတကယ် နားလည်လို့လား။ ”
“ ဟုတ်ကဲ့ ... ။ ”
ဤဖြစ်စဉ်သည် အတိတ် ဘဝနှင့် တူ၏။ သူတို့အားလုံးသည် တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ မဖြေခင်၌ အားလုံး အတူတူ ပေပင်။ သို့သော် စာမေးပွဲ ပြီးနောက် အမှတ် အနည်းအများ အလိုက် ကွာခြားချက်များ ဖြစ်လာ၏။
မတူညီသော တက္ကသိုလ်များကြောင့် မြှောက်ဖော်ကိန်းများ ကွာခြားသည်။ (၄)နှစ် ကြာသော် တစ်စုံတစ်ဦးသည် လစဉ် လစာငွေ (၃၀၀၀) ရပြီး၊ အချို့မှာ (၁၀၀၀၀) ရကြ၏။
ဤအချိန်၌ ကွာခြားချက် ဟူသည် သုံးဆမျှသာ ဖြစ်သော်လည်း၊ အချိန် ကြာလာ သည်နှင့် တစ်သက်တာ လိုက်မမီသော ပမာဏမျိုး အထိ ရောက်ရှိ လာပေမည်။
“ မင်းဆရာ ပြန်ရောက်နေပြီ သူ့ဆီ သွားလိုက်ဦး။ ”
“ ဆရာ ... ဘယ်သူလဲ ... ၊ မူလ နဂါး မဟာ သူတော်စင်လား ... ၊ သူ ပြန်ရောက်ပြီလား။ ”
မူလ နဂါး မဟာ သူတော်စင်သည် သူ၏ မိုးပြာနဂါး နတ်ခန္ဓာကိုယ်ကို ပြီးပြည့်စုံ စေရန် နတ်ဘုရား အသွေးတော် ရှာနေခြင်း ဖြစ်၏။
“ ဟုတ်တယ် ... နတ်နဂါး သင်္ချိုင်းကနေ ပြန်ရောက်နေပြီ။ ”
“ အဆင်ပြေ ရဲ့လား ... ။ ”
ယဲ့ကူဟန်မှ လင်းယွန် မေးခွန်းကို မည်သို့ပြန်ဖြေ ရမည်မှန်း မသိချေ။ မူလ နဂါး မဟာ သူတော်စင်၏ အဖြစ်သည် အနည်းငယ် သနားစရာ ကောင်းချေ၏။
“ တကယ်တော့ သူ ပြန်ရောက် နေတာကြာပြီ၊ ဒါပေမယ့် ... ”
ယဲ့ကူဟန်က ပြုံးလိုက်ပြီး၊
“ မေ့လိုက်ပါ ... သူ့အခြေအနေက သိပ်မကောင်းဘူး၊ နတ်နဂါးသင်္ချိုင်း အတွင်းမှာ လိပ်နက် တစ်ကောင်က သူ့ကို လှည့်စားသွား ခဲ့ပြီး ... သူ တစ်လခွဲလောက် ပိတ်လှောင် ခံလိုက်ရတယ်။ ”
လင်းယွန် တစ်ယောက် မျက်လုံးပြူး သွားသည်။ မဟာသူတော်စင် တစ်ပါး အနေဖြင့် ဤမျှအထိ နာစရာ အကြောင်း မရှိချေ။
“ ကျွန်တော့် ... ဒဏ်ရာတွေ အရင် ကုလိုက်ဦးမယ် ... ပြီးရင်သွား ကြည့်လိုက်မယ်။ ”
အစောပိုင်းတွင် စီနီယာ အစ်ကို ယဲ့ကူဟန်ကို နတ်ဘုရား အသွေးတော် သူ့တွင် ရှိကြောင်း ပြောပြလိုခဲ့သည်။
သို့သော် မူလနဂါး မဟာ သူတော်စင်ကို တိုက်ရိုက် ပြောခြင်း သည်သာ အကောင်းဆုံး ဖြစ်ပေမည်။
မဟုတ်သော် သူ့တွင် နတ်ဘုရား အသွေးတော် ပိုင်ဆိုင်ကြောင်း သိရှိပါက မူလ နဂါး မဟာ သူတော်စင်ကို လှောင်ပြောင်ရန် ချက်ချင်း သွားရောက် ပေလိမ့်မည်။
“ မင်း ကြည့်ရတာ တစ်ခုခု ထူးဆန်းနေတယ်၊ ထားတော့ ... မြန်မြန် မင်းဒဏ်ရာတွေကို သွားကုချေ။ ”
ယဲ့ကူဟန်က လင်းယွန် အမူအရာကို သတိထားမိ သော်လည်း သံသယ မဝင်ခဲ့ချေ။ သူသည် ဗုဒ္ဓဧကရာဇ် ရွှေကြာပန်း လှံကိုပင် မမေးဘဲ ထွက်သွားတော့သည်။
မရဏ မိုးကြိုး တောင်ထိပ်သို့ ရောက်သည်နှင့် ဒဏ်ရာများကို နဂါးပြာ အရိုးဖြင့် ကုသ နေမိ၏။
ပြန်ကောင်း လာစေရန် အချိန်သိပ် မကြာလိုက်ချေ။ ပြီးနောက် နတ်မိစ္ဆာ လျှပ်စီး အလင်း မျက်လုံးများကို ကိုင်တွယ် ဖြေရှင်းရန် နည်းလမ်း ရှာဖွေနေမိ၏။
စီနီယာ အစ်ကိုယဲ့ စကားအရ သူသည် အမည်ခံ သူတော်စင် မဖြစ်ခင်၊ နတ်သားတော် အပေါ် မယှဉ်နိုင်ဟု အဓိပ္ပါယ်ရသည်။
သို့သော် နဂါးနေနှင့် လတံဆိပ်သည် ဤတိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည်ဟု ခံစား မိနေ၏။
ဒုတိယ ပုံစံဖြစ်သော ယင်-ယန် ပြောင်းပြန် နိယာမသည် အာကာသ တာအိုဖြင့် ထိတွေ့နေ သဖြင့် အစွမ်းထက်သည်။
ထို့ကြောင့် ပထမ တိုက်ခိုက်မှုကို ဖြေရှင်း ပြီးသည်နှင့် ဓားနှလုံးသား အသက် သွင်းကာ၊ ကြယ်ဓားနှစ်လက်ဖြင့် ဆက်လက် ပိတ်ဆို့ နိုင်ပေမည်။
လိုအပ်ပါက မိုးပြာ နဂါး ဓားနှလုံးသား နယ်မြေကို ဖွင့်ကာ တန်ပြန်တိုက်ခိုက် နိုင်မည် ထင်၏။
“ ငါ့ခွန်အား အပေါ် ဒီလောက် အထိ အဆိုးမြင်နေဖို့ မလိုပါဘူး ... အနည်းဆုံးတော့ ဘေးကင်းစွာ ထွက်ခွာနိုင် ပါလိမ့်မယ်။ ”
ကြယ်ဓားသည် အရေးအကြီးဆုံး ခွန်အားဖြစ်ပြီး၊ ၎င်းကို ပြီးပြည့်စုံသော ကျွမ်းကျင်မှု အထွတ်အထိပ်သို့ ရောက်ရန် လိုအပ်ချက် ရှိနေသေးသည်။
နဂါးပြာ မှတ်တမ်း မပေါ်မီ၊ ထိုကျွမ်းကျင်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိ နိုင်မည်ဟု ယုံကြည်၏။
အထက်ပါ ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ပြီးနောက် ဓားသေတ္တာထဲ ဝင်ရောက် လာခဲ့သည်။ အတွင်း၌ အလင်းရောင်များ တောက်ပ လွန်းချေ၏ ။
ဖီးနစ်သစ်ပင် အပါအဝင် နေရာတိုင်း၌ ရွှေရောင်အလင်းများ ရှိနေသည်။ ဤသည်မှာ ဗုဒ္ဓဧကရာဇ် ရွှေကြာပန်းလှံမှ လာခြင်း ဖြစ်၏။
ခရမ်းငယ်က သူ့နယ်မြေ ဖြစ်သော်လည်း ဗုဒ္ဓဧကရာဇ် ရွှေကြာပန်း လှံတံကို သတိကြီးစွာ ကြည့်နေခဲ့သည်။ ၎င်းကို မထိသေးချေ။
“ ဧကရီ ... ငါ့အစ်ကို ပြောတာက ... အဓိပ္ပါယ် ရှိတယ်လို့ ... မင်းထင်လား။ ”
လင်းယွန်မှ မေး၏။ ခရမ်းငယ်က မထီမဲ့မြင် ဟန်ဖြင့်၊
“ သူတော်စင် ဘုရင်လေး တစ်ပါးက ဘာများ သိနိုင်မှာမို့လဲ၊ သူပြောတဲ့ သူတော်စင် တာအိုရဲ့ ... အချက်အလက် တွေက အသေးအမွှား တွေပါ ...
... တကယ်တော့ ... နတ်မိစ္ဆာ လျှပ်စီး မျက်လုံးတွေက ရိုးရှင်းတဲ့ အရာ မဟုတ်ဘူး၊ ကေျာက်တျန်းယွီ မှာသာ လုံလောက်တဲ့ အခွင့်အရေးတွေ ရှိသွားရင်၊ သူက အဲဒီ မျက်လုံးတွေကို ...
... ရှေးခေတ် နတ်ဘုရား မျက်လုံး ... ရှစ်လုံးထဲက တစ်လုံးအဖြစ် ပြောင်းလဲနိုင်တယ်၊ သူမျက်လုံးရဲ့ မူလက ဖျက်ဆီးခြင်း နတ်ဘုရား မျက်လုံးကနေ ဆင်းသက် လာတာပဲ၊ ...
... လောလောဆယ် အဲဒါကို ထားဦး၊ ဒီဗုဒ္ဓဧကရာဇ် ရွှေကြာပန်းလှံက သခင်အဖြစ် အသိအမှတ် ပြုအောင် လုပ်ရမယ်၊ သူက အရမ်း အစွမ်းထက်တဲ့ လက်နက်ပဲ၊ ဒါကမှ တကယ့် ရတနာ ... ။ ”
ခရမ်းငယ်မှ ဗုဒ္ဓဧကရာဇ် ရွှေကြာပန်း လှံတံကို စိုက်ထားကာ စိတ်လှုပ်ရှား နေခဲ့သည်။
“ အဆင်ပြေ ပါ့မလား။ ”
လင်းယွန်မှ စိုးရိမ်နေသေး၏။
“ အန္တရာယ်တော့ ရှိတယ် ... ဒါပေမယ့် ကြိုးစားရကျိုးနပ်ပါတယ်၊ ငါ ... ပြင်ဆင်ပေး ထားတယ်။ ”
ခရမ်းငယ် အဖြေကြောင့် လင်းယွန်မှ သက်ပြင်းချ လိုက်သည်။ အသက် သေလုနီးပါး ဖြစ်စဉ်ကြောင့်၊ ထိတ်လန့် နေမိဆဲ ဖြစ်၏။
***