နတ်ခန္ဓာ ... ။
Vol. 152 Ch. 2119
ကျရှုံးမှု အတွေ့အကြုံကို အနည်းအကျဉ်း သုံးသပ်ပြီးနောက် ထပ်မံ ကြိုးစား လိုက်သည်။ နှစ်ရက် အကြာတွင် ကျရှုံးသွားပြန်၏။
အသက်ပြင်းပြင်း ရှူလျက် ခဏမျှ အနားယူကာ၊ တဖြည်းဖြည်း ထရပ်လိုက်ပြီး၊ လက်သီး နည်းစနစ်ကို လေ့ကျင့် နေလိုက်သည်။
ဤရက်များ အတွင်း ပို၍ သန်မာလာ သည်ဟု ခံစားရသည်။ နဂါးနေနှင့် လတံဆိပ်ကို နားလည်ရန် အခွင့်အရေး ရနိုင်၏။
တစ်ချိန်တည်းမှာပင် ရုပ်ခန္ဓာ ပြန်လည် ကောင်းမွန်လာနှုန်းကို အလေးအနက် လေ့လာ ဆင်ခြင်နိုင်မည်။
နှစ်ကြိမ် ကျရှုံးပြီးနောက် သွေးအတွင်း ပြောင်းလဲမှုအချို့ ရှိနေ၏။ ပထမ အဆင့်၏ ပထမ ပုံစံသည် သွေးကို နဂါးသွေး အဖြစ်သို့ ရောက်သွားစေရန် ဖြစ်သည်။
ယခင်က သူ့သွေး၌ နဂါးသွေး အချို့သာ ပါရှိခဲ့ပြီး၊ ဤတစ်ကြိမ်မူ လုံးဝ ပြောင်းလဲခြင်း ဖြစ်ချေပြီ။
ထို့နောက် တတိယမြောက် ကြိုးစားမှုကို စတင် လိုက်သည်။ (၄)ရက် အကြာတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး ကျရှုံးသွား၏။
သွေးချောင်း ဆိုးလျက် အရေပြားများ အက်ကွဲကာ အရိုးများ ပေါ်လာသည်။ ပြန်လည် ကောင်းမွန် လာစေရန် (၇)ရက် အချိန်ယူ ခဲ့ရ၏။
စိတ်ပိုင်းဆိုင်ရာအရ များစွာ ပြောင်းလဲ သွားသည်။ သုံးကြိမ် အတွင်း မသေခဲ့ သဖြင့်၊ ပို၍ တည်ငြိမ် လာ၏။
သတ္တမအကြိမ် ကျရှုံးပြီး အဋ္ဌမအကြိမ်၌ သူ့သွေးသည် နဂါးသွေးအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
“ မိုပြာနဂါး နတ်ခန္ဓာ ... ။ ”
လင်းယွန်မှ အော်ငေါက်လျက် မျက်လုံး ဖွင့်လိုက်သည်။ မိုးပြာနဂါး နတ်ခန္ဓာ ပထမ ပုံစံ အကောင်အထည် ဖော်နိုင်ပြီ ဖြစ်သည်။
နတ်ခန္ဓာသည် ကောင်းကင်ဘုံ၏ တားမြစ်ချက် ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် ထိုနတ်ဘုရား စွမ်းအားကို လူတစ်ဦးမှ ပိုင်ဆိုင် လာခြင်းကြောင့် ဖြစ်သည်။
ဥပမာ အားဖြင့် မိုးပြာနဂါး နတ်ခန္ဓာ ဟူသည် မိုးပြာနဂါး စွမ်းအားဖြစ်သော လေနှင့် လျှပ်စီးကို ရယူနိုင်သည်။
ဤသည်မှာ ပြီးပြည့်စုံသော ခန္ဓာကိုယ် မဟုတ်သော်လည်း ဆင့်ခေါ် စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်း၏။
“ ဖျစ် ဖျစ် ဖျစ် ... ။ ”
လင်းယွန်ကို ဗဟိုပြုလျက် လျှပ်စီးနှင့် မိုးသက်လေပြင်း တိုက်ခတ်ကာ၊ ပတ်ဝန်းကျင် တစ်ခုလုံး ခရမ်းရောင် ပြောင်းကုန်၏။
အာကာပြင်၌ လှိုင်း အသင့်အတင့် ထကြွလျက် အက်ကွဲကြောင်းများ ပြန့်ကျဲကာ စွမ်းအင်စုပ်ဝဲ ဖြစ်ပေါ် လာသည်။
ချက်ချင်းပင် ခန္ဓာကိုယ် ပေါ်၌ လျှပ်စီးကြောင်းများ ခတ်နေပြီး၊ မိုးများ ရွာကျ လာ၏။
ကြောက်စရာ ကောင်းသော ဖြစ်စဉ် တစ်ရပ်ပေပင်။ ထိုဖြစ်စဉ်သည် ပြင်ပကမ္ဘာ၌ ဖြစ်သော် ပို၍ပင် တုန်လှုပ်ဖွယ် ကောင်းနိုင် ပေမည်။
ဖီးနစ်သစ်ပင် ပေါ်တွင် ထိုင်နေသော ခရမ်းငယ်က ထိတ်လန့်တကြီး မျက်လုံးများ ပြူးကုန်သည်။
“ ဒီကောင် တကယ် အောင်မြင်ခဲ့တာပဲ။ ”
ခရမ်းငယ်မှ ကောင်းကင်ပေါ် ပျံတက်ပြီး လင်းယွန်ထံ လက်ဖဝါး တစ်ချက် ရိုက်ချလိုက် လေသည်။
“ ဝှစ် ... ။ ”
ဖီးနစ်တစ်ကောင် သူမ လက်ဖဝါးမှ ပျံထွက်လာ၏။ ဤနယ်မြေ အတွင်း၌ ဆိုသော် သူမ အစွမ်းသည် ပြိုင်ဘက်ကင်း ချေပြီ။
“ ဟိတ် ... ။ ”
လင်းယွန်မှ လေထဲ ခုန်တက်လာပြီး၊ ပြုံးလျက် နတ်ခန္ဓာကို အသက်သွင်းလိုက်သည်။ သွေးများ ပွက်ပွက်ဆူကာ ပြိုးပြိုး ပြက်ပြက် လင်းလက် လာ၏။
“ ဘုန်း ... ။ ”
“ ခရစ် ... ။ ”
ဝင်လာသော ဖီးနစ် ကွဲအက်ကာ၊ ရွှေရောင်မီးတောက်များ အဖြစ်သို့ ပျော်ဝင် ပျောက်ကွယ် သွားလေသည်။
“ ငါ့ရဲ့ လက်ဖဝါးကို လွယ်လွယ် ဖြေရှင်းနိုင်တာလား၊ နတ်ခန္ဓာက တကယ့်ကို အစွမ်းထက်ပါ ပေတယ်။ ”
ဤရှောင်တခင် တိုက်ခိုက်မှုသည် မိုးပြာ မူလအဆင့် အမည်ခံ သူတော်စင် တစ်ပါးကို သတ်ပစ်ရန် လုံလောက်ချေ၏။
“ အခု မိုးပြာမူလ အဆင့်က အမည်ခံ သူတော်စင် တွေကို ... ရုပ်ခန္ဓာ တစ်ခုတည်းနဲ့ နင် နှိမ်နှင်းနိုင်ပြီ။ ”
ခရမ်းငယ်က အုပ်စိုးရှင် နတ်ရူရ်ကို အသုံးပြုကာ စမ်းကြည့်လို သော်လည်း အလွန် အစွမ်းထက် သဖြင့်၊ စွန့်လွှတ် လိုက်သည်။
လင်းယွန်၏ နတ်ခန္ဓာသည် ပြီးပြည့်စုံခြင်း မရှိသေးချေ။ စွမ်းအားအပေါ် ရင်းနှီးရန် အချိန် အနည်းငယ် လိုအပ်နေသေးသည်။
နတ်ခန္ဓာကို ရပ်တန့် လိုက်သဖြင့်၊ ပတ်ဝန်းကျင်မှ ဖြစ်စဉ်များ ပျောက်ကွယ် သွားခဲ့သည်။ မြေပြင်ပေါ် ဆင်းသက်ကာ လက်ကို ပြန်ကြည့်ပြီး၊
“ ဒါ ... နတ်ခန္ဓာရဲ့ မူလအဆင့် တန်ခိုးပဲ၊ မူလနဂါး မဟာ သူတော်စင် ပြောတာ ... မှားပုံ မရဘူး။ ”
သွေးကို နဂါးသွေး အဖြစ်သို့ ပြောင်းလဲ ပြီးနောက် သိပ်သည်း စင်ကြယ်မှု မြင့်မားလာ ချေပြီ။
“ နင်က တကယ်ကို လူယုတ်မာပဲ၊ အကြိမ်ကြိမ် သေလုနီးပါး ဖြစ်ပြီး ငါထိတ်လန့် နေရတယ်။ ”
ခရမ်းငယ်က ပြစ်တင်သော လေသံနှင့် ပြောကြား လာသည်။ လင်းယွန်မှ ပြုံးရုံသာ ပြုံးပြ လိုက်သည်။
သူ့၌ ရွေးချယ်စရာ ရှိပါက ဤသို့ စွန့်စားမည်ချေ။ ပြိုင်ဘက်မှာ သူကိုယ်တိုင် ဖြစ်ပြီး ပန်းတိုင်သည် ဓားနတ်ဘုရား ဖြစ်၏။
ထို့ကြောင့် သူ လုပ်သမျှ အောင်မြင် ရပေမည်။ ကျန်ရှိနေသေးသော အချိန်များကို ကနဦးဓား လေ့ကျင့်ခဲ့သည်။
၎င်းကို ခွဲခြမ်း စိတ်ဖြာခြင်း အဆင့်သို့ ရောက်ရှိလာ၏။ ပိုးစုန်းကြူး နတ်ဓားထက် ပို၍ အသုံးဝင်သည်။
လူတိုင်း အလင်းမူလ ကိုသာ သိပြီး မပြည့်စုံဟု ယူဆကြသည်။ ၎င်း၌ နောက်ထပ် လှုပ်ရှားမှုများ ရှိပြီး ကြောက်မက်ဖွယ် ကောင်းကြောင်း မသိကြချေ။
သို့သော် အချိန် အနည်းငယ် အတွင်း နောက်ထပ် ဓားပုံစံ ငါးမျိုးကို ကျွမ်းကျင်ရန်မှာ ခက်ခဲလှသည်။ ဘီလူး တစ်ကောင်သာ လုပ်နိုင်၏။
ဤရက်များ အတွင်း ဓားပညာကို လေ့ကျင့်နေကာ၊ နတ်ခန္ဓာ ကိုယ်လည်း ရင်းနှီး စေခဲ့သည်။ ကြယ်ဓားကို နတ်ခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာ အထွတ်အထိပ်သို့ ရောက်နိုင် မလား စမ်းကြည့်မိ၏။
သည့်အပြင် နောက်ထပ် ဝှက်ဖဲအဖြစ်၊ နဂါးနေမင်းနှင့် လမင်း တံဆိပ်လည်း ရှိနေခဲ့ လေသည်။
ကြယ်ဓား၏ စွမ်းအားကို ဤသုံးမျိုးထံ အပြည့်အဝ ပေါင်းစပ်ကာ ထုတ်လွှတ်နိုင်သော် ကောင်းချေမည်။
အချိန်ကြာလာ သည်နှင့်အမျှ နတ်ခန္ဓာ၊ ကနဦးဓား၊ ဓားရည်ရွယ်ချက် စသည့် အရာများ ရောထွေး ကုန်သည်။
ဆိုလိုသည်မှာ နတ်ခန္ဓာသည် ဓားရည်ရွယ်ချက်ကို ပို၍ သက်ရောက်မှု ရှိလာ စေသည်။
ထို့ကြောင့် ကနဦးဓား၏ နိဗ္ဗာန်ပုံစံ အပါအဝင် အရာခပ်သိမ်းကို ဖန်တီးနိုင်စွမ်း ရှိလာခဲ့၏။
“ ဓားနဲ့ တစ်သားတည်း ... ။ ”
ယခင်က ထိုအဓိပ္ပါယ်ကို သူ နားလည် သည်ဟု ထင်ခဲ့သော်လည်း အစွန်အဖျား မျှသာ ဖြစ်နေချေသည်။ ယခုမူ နက်နက်နဲနဲ နားလည် လာသည်။
“ ဝှစ် ... ။ ”
ခရမ်းငယ်က သစ်ပင်ပေါ်မှ ခုန်ဆင်းကာ လင်းယွန်ရှေ့ ရပ်လိုက်၏။
“ နဂါးပြာ မှတ်တမ်း မကြာခင် ပေါ်လာ တော့မယ်၊ သွားရအောင် ဒီထက်နောက်ကျရင် နင် လက်လွှတ်လိုက်ရ လိမ့်မယ်။ ”
လင်းယွန်က သူ့လက်ထဲမှ ပန်းသင်္ချိုင်းကို ကြည့်ကာ၊
“ နဂါးပြာ မှတ်တမ်းက ကိစ္စ ကြီးကြီးမားမား ဖြစ်လာတော့ မယ်လို့ ... သတိ ပေးနေတာလို့ ငါ ခံစားမိတယ်။ ”
-ဟု ပြောကြား လိုက်၏။
“ ရှင်းနေတာပဲ၊ နဂါးပြာ မှတ်တမ်းက ကြီးမားတဲ့ဖြစ်စဉ်ပဲ၊ ခွန်လွန်ရဲ့ ကံကြမ္မာကို သတ်မှတ်နိုင်တယ်၊ ...
... နဂါးတံခါး ရှိစဉ်တုန်းက ... ပါရမီရှင်တွေက သူတို့နာမည်ကို ရေးထွင်းချင် ကြတယ်၊ အသန်မာဆုံးက နဂါးသခင် ခုနစ်ပါးပဲ၊ သူတို့ရဲ့ ဘုန်းကျက် အသရေက ခွန်လွန်ပေါ် လွှမ်းမိုးတယ်။ ”
“ မင်းရော ပါခဲ့လား။ ”
လင်းယွန်က စိတ်ဝင်တစား မေးသည်။
“ အဟွတ် ဟွတ် ... ။ ”
ခရမ်းငယ်က ချောင်းဆိုးပြီး မျက်နှာ နီမြန်းလျက်၊
“ ငါစကား ပြောနေတုန်း ဖြတ်မမေးနဲ့ ကျင့်ဝတ်ကို နားလည်ပါ၊ အဲဒီတုန်းက ငါက ငယ်သေးတဲ့ အတွက် ပြိုင်ခွင့်မရခဲ့ဘူး။ ”
“ ဟုတ်လား ... ။ ”
လင်းယွန်မှ ပြုံးသည်။ ဤအဖြေမှာ မရိုးသားကြောင်း ခံစားမိ၏။ သူမ ပြိုင်ပွဲဝင်ခဲ့ပြီး ကျရှုံးခဲ့ပုံရသည်။
လင်းယွန် မျက်နှာပေါ်ရှိ အပြုံးကို မြင်လိုက်ချိန်၌ ခရမ်းငယ်က တစ်ယောက် ရှက်ရွံ့ လာလေသည်။
“ ဘာကြည့် တာလဲ၊ ငါ့ခေတ်တုန်းက ... ပါရမီရှင်တွေ အများကြီး ရှိတယ်။ ”
လင်းယွန်မှ မယုံချေ။ ဤကမ္ဘာပေါ်ရှိ ဉာဏ်ကြီးရှင် အားလုံးနှင့် ယှဉ်ပြိုင်ရန် နဂါးပြာ မှတ်တမ်းကို သူလည်း မျှော်နေခြင်း ဖြစ်သည်။
အခြားသော ကောင်းကင်လမ်း ချန်ပီယံများသည် ခွန်လွန်သို့ ရောက်ရှိပြီး ၎င်းတို့၏ အမည်များကို ရေးထွင်း ထားနိုင်ကြသည်။
သူ သည်လည်း နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံ ဖြစ်သောကြောင့် ၎င်းတို့ကို တွေ့ဖူးလိုသည်။
အနယ်နယ် အရပ်ရပ်မှ လီတာ့ယန် ကဲ့သို့သော ထူးထူးခြားခြား သားတော်များနှင့် သမီးတော်များ ကိုလည်း မြင်ခွင့်ရပေမည်။
ခွန်လွန်နယ်မြေသည် ကျယ်ပြောပြီး၊ တွေးထင် ထားသည်ထက် အဆပေါင်းများစွာ ထက်မြက်သော ဉာဏ်ကြီးရှင်များ ရှိသည်။
“ နဂါးပြာ မှတ်တမ်းကို ထိန်းချုပ်နေတဲ့ လူက မုရွယ်လင်ပဲ ... ဒီပွဲမှာ နင် သူ့ကို ပြန်တွေ့ ရနိုင်တယ်။ ”
“ အဆင်ပြေတယ် ... ငါလည်း အဲဒါကို မျှော်နေတာ ။ ”
“ ဟမ့် ... နင်က တကယ့် လူယုတ်မာပဲ။ ”
ခရမ်းငယ်မှ လှောင်ပြောင် လေသည်။ ယွဲ့ဝေဝေကို မတွေ့ရသည်မှာ ကြာပြီ ဖြစ်သဖြင့် သူမ အကြောင်း လင်းယွန်မှ မေးလို၏။
သည့်အပြင် အရှေ့ဘက် ပျက်စီးမြေမှ ရင်းနှီးသော မျက်နှာများနှင့် ကျော်ကြားသော လူတိုင်းကို မြင်ခွင့်ရပေမည်။
***