ရမ္မက်ပြင်းသော ပါရမီရှင်။
Vol. 152 Ch. 2120
လင်းယွန်နှင့် ခရမ်းငယ်က ဓားသေတ္တာ အတွင်းမှ ထွက်လာခဲ့သည်။ အပြင် ရောက်ပြီး မကြာခင် ခြံဝင်းကို ကာကွယ်ထားသော ဝိညာဉ် ရေးရာ အစီရင် အသက်ဝင် လာ၏။
မရဏ မိုးကြိုး တောင်ထိပ်တွင် သူ့ခြံဝင်း အကာအကွယ်သည် အကောင်းဆုံး ဖြစ်သည်။ အမည်ခံ သူတော်စင်ပင် ဝင်ရန်ပင် အချိန်ပေး ရ၏။ ခြံဝင်းအပြင်၌ ပိုင်ချင်းယွီက အစီရင်ထံ စူးစိုက်ကြည့်ကာ၊
“ အစ်ကိုယဲ့က ... ထွက်မလာ သေးတာလား၊ တစ်ခုခု ဖြစ်သွားလား။ ”
-ဟု စိတ်ပျက် လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။
“ မင်း လူယုတ်မာ ... ငါ့တပည့် ဘယ်လောက် စိတ်ပူနေလဲ ကြည့်စမ်း ... ၊ သူ့ ကြည့်ရတာ ဒီကို ခဏခဏ လာကြည့် နေပုံရတယ်။ ”
“ ချင်းယွီ ... ဝင်လာပါ။ ”
လင်းယွန်က ဝိညာဉ်ရေးရာ အစီရင်ကို ဖယ်ရှားပေး လိုက်သည်။
“ ဆရာ ... ။ ”
ပိုင်ချင်းယွီက ခရမ်းငယ်ကို မြင်ချိန်၌ မျက်ဝန်းများ တောက်ပလျက် ချက်ချင်း နှုတ်ဆက် တော့သည်။
“ အစ်ကိုယဲ့ ... မင်း အမည်ခံ သူတော်စင် နယ်ပယ်ကို ရောက်ပြီလား။ ”
မီးလျှံ ရွှေကြာပန်းသည် အမည်ခံ သူတော်စင်ဘုံသို့ ရောက်ရှိအောင် ကူညီပေးနိုင် မည်ဟု မျှော်လင့်ကာ၊ လင်းယွန်ထံ လှည့်မေးသည်။
“ မရောက်သေးဘူး။ ”
လင်းယွန်က ရိုးရိုးသားသား ပြန်ဖြေ၏။ အမည်ခံ သူတော်စင် နယ်ပယ် အတားအဆီးမှာ ထင်ထားသည်ထက် ပိုခက်ခဲ နေသည်။
ခရမ်းငယ် အဆိုအရ သူ၏ နိဗ္ဗာန် ရောင်ဝါသည် သူတော်စင် ရောင်ဝါနှင့် များစွာ နီးစပ်လာပြီ ဖြစ်၏။ ထို့ကြောင့် အောင်မြင်ပါက မရဏ မူလအဆင့်သို့ တိုက်ရိုက် တက်နိုင် ပေမည်။
“ အဓိပ္ပါယ် မရှိတာ ... မီးလျှံ ရွှေကြာပန်းကတောင် ဒဏ်ရာတွေကို မကုသ နိုင်ဘူးလား ။ ”
ဤတစ်သက် အမည်ခံ သူတော်စင် နယ်မြေသို့ မရောက်ရှိ နိုင်တော့မည်ကို သူမ စိုးရိမ်လာ၏။
“ သူ့ကို စိတ်မပူပါနဲ့ ... ဒီလူယုတ်မာက နိဗ္ဗာန်-ဒသမမြောက် အသွင် ကူးပြောင်းမှုကို ရောက်နေပြီ၊ မရဏ မူလအဆင့်က သာမန် ကျွမ်းကျင်သူတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ”
ခရမ်းငယ်မှ ဝင်ပြောသည်။ သို့မှသာ ပိုင်ချင်းယွီ တစ်ယောက် ဝမ်းသာ ရွှင်မြူးသွား တော့၏။
“ အစ်ကိုယဲ့ ... မျှော်မှန်းထားတဲ့ အတိုင်းပါလား၊ နိဗ္ဗာန်-ဒသမမြောက် အသွင် ကူးပြောင်းမှု ဆိုတာ ... အမည်ခံ သူတော်စင် ဖြစ်ဖို့ထက် ပိုခက်ပါတယ်။ ”
ပိုင်ချင်းယွီက သူမ၏ မိသားစုဝင် တစ်ယောက်ကဲ့သို့ လင်းယွန်ကို စိုက်ကြည့်လာ တော့၏။ ထို့ကြောင့် လင်းယွန်မှ အနေခက်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
“ ချင်းယွီ ... ဒီနေ့ ဘာနေ့လဲ။ ”
“ ဒီနေ့ဟာ ... နတ်နဂါး ပြက္ခဒိန်ရဲ့ သက္ကရာဇ်(၃၃၀၆)ခုနှစ် ... (၈)လပိုင်း (၇) ရက်နေ့ပဲ။ ”
နဂါးပြာ မှတ်တမ်းသည် (၈)လပိုင်း (၁၅)ရက်နေ့တွင် ပေါ်လာမည် ဖြစ်လေသည်။ ထို့ကြောင့် (၇)ရက်သာ ကျန်ရှိတော့၏။
“ စကားမစပ် ... အစ်ကိုယဲ့ .... နင်က ဘယ်အဆင့်မှာ ရောက်နေတယ် ထင်လဲ။ ”
ပိုင်ချင်းယွီက စိတ်လှုပ်ရှားစွာ မေးမြန်းလာသည်။
“ ဘာအဆင့်လဲ။ ”
လင်းယွန် ခမျာ ရှုပ်ထွေးသွား၏။ သူသည် အရှေ့ဘက် ပျက်စီးမြေ၏ ဘုရင်အဆင့် ပထမ မဟုတ် သည်လော။ သို့သော် ရုတ်တရက် တစ်စုံတစ်ရာကို သတိ ရလာ ပြန်သည်။
နဂါးပြာ မှတ်တမ်း မပေါ်မီ၊ မြင့်မြတ်သော မဟာမိတ်အဖွဲ့မှ လူတိုင်းအတွက် အဆင့်များ သတ်မှတ် ပေးထားသည်။
၎င်းကို နတ်နဂါး အထက်တန်းစား အဆင့်ဟူ၍ အမည်ပေးထား၏။ မြင့်မြတ်သော မဟာမိတ် အဖွဲ့သည် လျှို့ဝှက် ဆန်းကြယ်သော အင်အားစု ဖြစ်သည်။
နတ်နဂါး အင်ပါယာ အပါအဝင် ဖြောင့်မတ်သော ဂိုဏ်းများ၊ မိစ္ဆာ ဂိုဏ်းများ စသည် တို့နှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး ရှိ၏။
သက်တမ်း တစ်လျှောက် ကြားနေ အဖွဲ့အစည်း ပေပင်။ နဂါး အင်ပါယာသည် ၎င်းတို့ ဆောင်ရွက်ရန် အဆင်မပြေသည့် အလုပ်များစွာကို ထိုမဟာမိတ် အဖွဲ့ထံ အပ်နှင်းကြသည်။
နတ်နဂါး အထက်တန်းစား အဆင့် ထွက်ပေါ်လာသည်နှင့် အလောင်းအစား များလည်း ဖြစ်ပေါ် လာသည်။
အဆင့် သတ်မှတ်ခြင်း ခံထားရသူများ အတွက် လောင်းကြေး ဖွင့်၏။ ယင်းကြောင့် အဆင့် သတ်မှတ်ချက် မူပွားများကို မြင့်မြတ်မြေ အသီးသီးထံ ပေးပို့ထားပြီ ဖြစ်သည်။
ဤအဆင့် သတ်မှတ်ချက်တွင် လူတစ်ရာသာ ရှိသော်လည်း တစ်ဦးစီသည် ဂုဏ်သိက္ခာ ကြီးမားချေ၏။
“ ငါတို့ အစ်ကိုယဲ့က ... နိဗ္ဗာန် အဆင့်မှာ ရှိနေတဲ့ တစ်ဦးတည်းသော အထက်တန်းစားပဲ၊ ကျန်တဲ့လူ အားလုံးက အမည်ခံ သူတော်စင် နယ်ပယ် ရောက်နေပြီ။ ”
ပိုင်ချင်းယွီက ဂုဏ်ယူစွာ ပြောကြား၏။ ထို့နောက် လင်းယွန်ထံ အဆင့် သတ်မှတ်ချက် စာရင်းစာရွက်ကို ကမ်းပေးလိုက်သည်။
ထိပ်ဆုံးတွင် သူ့အမည်ကို ဦးစွာ မြင်လိုက်ရ၏။
“ လင်းယွန် - လင်းယွန် ဟူသည် သက်တံဓား သူတော်စင်၏ အမွေခံ တပည့် ဖြစ်ပြီး ပန်းသင်္ချိုင်းဟု ခေါ်တွင်၏။
နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံဖြစ်သည်။ ခွန်လွန်သို့ ရောက်ရှိပြီး အင်ပါရီယန် နယ်ပယ်နှင့် ပင်မ နတ်ဘုရား နယ်ပယ်တို့၌ ချန်ပီယံ ဖြစ်လာ၏။
အရှေ့ဘက် စစ်မြေပြင်၌ နဂါး သွေးလွှတ်ကြော နယ်ပယ်ဖြင့် သူတော်စင် သခင်ကို သတ်ခဲ့သည်။
ငရဲ နတ်ဘုရား မဟာသူတော်စင်ကို သတ်ရန် ဘဝကို ပေးအပ်ကာ ကောင်းကင် ချပ်ဝတ်ဖြင့် အောင်မြင်ခဲ့၏။
ဒဏ်ရာ ကြီးကြီးမားမား ရရှိကာ သူ သေသွားပြီဟု လူတိုင်း သတ်မှတ် နေကြသည်။ သို့သော် လင်းရှောင်အဖြစ် နိဗ္ဗာန်ပွဲတော်၌ ပြန်ပေါ်လာကာ၊ ချန်ပီယံ ဖြစ်လာပြီး ဘဝ-သုံးပါး သစ်ပင်ကို ပွင့်စေခဲ့၏။
ထို့နောက် နိဗ္ဗာန်ချန်ပီယံ လင်းရှောင် အမည်ဖြင့်ပင် နဂါးသွေးလွှတ်ကြော၌ ပထမ ဖြစ်လာသည်။
လက်ရှိ အချိန်၌ လူမြင်ကွင်းမှ ပျောက်ကွယ်နေ သည်မှာ တစ်နှစ်ရှိပြီ ဖြစ်၏။ ထို့ကြောင့် ပန်းသင်္ချိုင်းသည် အထက်တန်းစား များ၌ ပထမအဆင့် ဖြစ်မည်မှာ သံသယ ဖြစ်စရာ မလိုချေ။ ”
နိဒါန်းကို ဖတ်ကြည့်ပြီး လင်းယွန် တုန်လှုပ် သွားသည်။ သူ့ကို ပထမ နေရာ၌ သတ်မှတ်လိမ့် မည်ဟု မထင်မိချေ။
ထိပ်ဆုံး ဆယ်ယောက်တွင် ပါဝင် သူများသည် မရဏ မူလ အဆင့်တွင် ရှိကြ၏။ လူတိုင်း မဟာတာအိုကို ဆုပ်ကိုင်ထားသည်။
“ စိတ်ဝင်စားစရာပဲ ... ပန်းသင်္ချိုင်းရဲ့ နာမည်က ဘာကြောင့် ပထမနေရာ ရောက်နေ ရတာလဲ၊ ဒါကို လူတော်တော် များများက မယုံကြဘူး ထင်တယ်။ ”
လင်းယွန်မှ ပြုံးပြီး ပြောကြားလိုက်၏။ ယခုအချိန်၌ သူသည် ယဲ့ချင်းရှန် ဖြစ်နေသည့် အတွက် ကံကောင်းချေပြီ။
လင်းယွန် အဖြစ်သာ ထွက်မိသော် လူအများက စိတ်ချမ်းသာ ကြမည် မဟုတ်ချေ။ သန့်ရှင်းသော သားတော်နှင့် သန့်ရှင်းသော သမီးတော်များပင် ပြဿနာ ရှာလာနိုင်၏။
“ ဘာကြည့် နေတာလဲ ... အဲဒါက ပန်းသင်္ချိုင်း နာမည်ပါ ... အစ်ကိုယဲ့ ကြည့်ရမှာ အောက်ဆုံးကို ဟိုဘက်လှည့် ... ။ ”
ပိုင်ချင်းယွီက အဆင့် စာရွက်ကို ယူကာ တစ်ဖက်လှန်ကာ ဖတ်ပြလာသည်။
“ ဒီမှာ ... ယဲ့ချင်းရှန်သည် ကောင်းကင် တာအိုဂိုဏ်း၏ ဓားသမား ဖြစ်ပြီး လွန်ခဲ့သော နှစ်မှစကာ ထမြောက်လာသည့် ခွေးဆိုး တစ်ကောင် ဖြစ်၏။
သန့်ရှင်းသော သမီးတော် သတ်သူ ဟူသည့် ဘွဲ့ကို ပိုင်ဆိုင်ထားသည်။ အမျိုးသမီး များထက် ပို၍ မိန်းမဆန်သော အသွင်အပြင်မျိုး ရှိ၏။
သူ့ဂိုဏ်းမှ သန့်ရှင်းသော သမီးတော် သုံးပါးနှင့်ပင် မရှင်းလင်းသည့် ဆက်ဆံရေး ရှိချေပြီ။ ”
ပိုင်ချင်းယွီက နိဒါန်းကို ကျယ်လောင်စွာ ရွတ်ဖတ်ပြ လိုက်သည်။ နားထောင် နေခဲ့သော လင်းယွန်ခမျာ နှာခေါင်းကို ပွတ်လျက် တဖြည်းဖြည်း ရုပ်ဆိုးလာ၏။
“ ၎င်းကို လိင်စိတ် ပြင်းပျသော ပါရမီရှင် အဖြစ် လူအချို့မှ သတ်မှတ်ပြီး၊ အချို့က လူကြီး လူကောင်း အဖြစ် ရှုမြင်ချေ၏။
နဝမမြောက် သမီးတော်နှင့် ခါးဖက်ကာ မြင်းတစ်စီးတည်း အတူစီးခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သူ့၌ ဓားသမား တစ်ယောက်၏ အရည်အချင်း ရှိချေ၏။
မျိုးဆက်ဟောင်း ဓားသူတော်စင်များ သည်ပင် ချီးမွမ်းခမ်း ဖွင့်ကြသည်။ သက်တံဓား သူတော်စင် ပြီးနောက် တတိယ အသန်မာဆုံး ဖြစ်နိုင်မည်ဟု ထင်ကြေးပေး၏။
ဓားသမား တစ်ယောက် အနေဖြင့် ပန်းသင်္ချိုင်းပြီးနောက် ဒုတိယ နေရာ၌ ရပ်တည် နိုင်ကာ၊ မြှာပွေလိုသော နှလုံးသား ရှိသည်။ ”
“ ဟား ဟား ဟား ... ။ ”
ခရမ်းငယ်က မနေနိုင် တော့ချေ။ အော်ဟစ် ရယ်မောလျက်၊
“ ဟား ဟား ဟား ... ဟုတ်တယ် ... ဒီကောင်က ရမ္မက်ပြင်းတဲ့ ပါရမီရှင်ပဲ၊ ငါ့အမြင် အရတော့ ... သူတို့တစ်ခု ကျန်နေခဲ့ သေးတယ်၊ လူယုတ်မာ ဆိုတဲ့ ဂုဏ်ပုဒ် ... ။ ”
-ဟု ဝင်ရောက် ဖြည့်စွက်လိုက်၏။
လင်းယွန်မှ စာရွက်ကို မျက်နှာလွှဲကာ၊
“ ဒီအဆင့် သတ်မှတ်ချက်နဲ့ ... စာပါ အကြောင်းအရာ တွေက မတိကျဘူး ... မယုံနဲ့။ ”
-ဟု ငြင်းဆန်တော့သည်။
“ ဖတ်လို့ မပြီးသေးဘူးလေ ... ။ ”
ပိုင်ချင်းယွီက မကျေမနပ်ဖြင့် ဆက်ဖတ်ရန် ပြင်သည်။
“ ငါ့ အမြင်အရတော့ မှန်ပါတယ်၊ ဆက်ဖတ်ပါ။ ”
ခရမ်းငယ်မှ သူမ တပည့်ကို မြောက်ပေး လိုက်သည်။ ပိုင်ချင်းယွီသည် ခရမ်းငယ် အပေါ် အမှန်ပင် ဆရာအဖြစ် အလေးအနက် ထား၏။
ခရမ်းငယ် သာလျှင် သူမကို လျစ်လျူရှုသည်။
“ ဟုတ်တယ် ... ဒါက တိကျတယ်၊ လူတော်တော် များများ ... မကျေနပ် ရင်တောင် အဆင့် တက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး၊ အများစုက အစ်ကိုယဲ့ အပေါ် မနာလို ဖြစ်နေ ကြတယ်။ ”
“ ဒါပေါ့ လူလို လူယုတ်မာကို သင်ခန်းစာ တစ်ခု သင်ပေးသင့်တယ်။ ”
ခရမ်းငယ်မှ ပြုံးပြီး ခေါင်းညိတ် လိုက်၏။
“ ဟမ့် ... သူတို့ ဘာများ လုပ်နိုင်မှာလဲ၊ အမှန်ဆို အစ်ကိုယဲ့သာ အမည်ခံ နယ်ပယ်မှာ ဆိုရင် ထိပ်တန်း ဆယ်ယောက် အဆင့်ဝင်မှာ သေချာတယ်၊ ဒီလူတွေ ဘာမှ မသိဘူး။ ”
ဤတစ်ကြိမ်၌ ပိုင်ချင်းယွီက ခရမ်းငယ် စကားကို ချက်ချင်း ငြင်းဆန်သည်။
“ ဒါဆို ... ဒီလူယုတ်မာရဲ့ သန့်ရှင်းသော သမီးတော် သတ်သူဆိုတဲ့ ဘွဲ့အမည် ကိုရော ... ။ ”
ခရမ်းငယ်မှ မျက်ခုံးပင့်ကာ မေးသည်။
“ ဒါ ပုံကြီးချဲ့ နေကြတာ၊ ဒါပေမယ့် လုံးဝ မှားတယ် လို့တော့ ပြောလို့မရဘူး၊ အစ်ကိုယဲ့က ဝမ်မူယန်နဲ့ လေ့ကျင့်နေတာ ငါမြင်ခဲ့တယ်။ ”
ပိုင်ချင်းယွီက မကျေမနပ်ဖြင့် လင်းယွန်ထံ မော့ကြည့်၏။ လင်းယွန်မှ အဆင်မပြေ ဟန်ဖြင့် နှာခေါင်းကို ပွတ်လိုက်သည်။
“ အဆင့် သတ်မှတ်ချက်က တကယ် အဓိပ္ပါယ် မရှိပါဘူး၊ လူတော်တော် များများက ငါ့အဆင့် ဝင်တာကို မယုံကြသလို၊ ပန်းသင်္ချိုင်း ပထမ ဆိုတာကိုလည်း မယုံကြဘူး။ ”
သို့သော် လင်းယွန် စကားကို ပိုင်ချင်းယွီမှ ခေါင်းယမ်းပြ၏။
“ ဘာများ မယုံစရာ ရှိလို့လဲ ... ကျန်တဲ့ ကောင်းကင်လမ်းရဲ့ ချန်ပီယံ တွေတောင် ဒါကို မပြောဝံ့တာ ... ဘယ်သူ စောဒက တက်ဝံ့မှာလဲ၊ ပန်သင်္ချိုင်း ဆိုတာ ဘဝ-သုံးပါး သစ်ပင်ကို ပွင့်စေတဲ့ နိဗ္ဗာန်ပွဲရဲ့ ချန်ပီယံ၊ ...
... အချစ်က ဘယ်လောက် အထိ စိတ်ကူးယဉ်ဆန်ပြီး နူးညံ့လဲ သိကြလား ... ၊ သစ်တစ်ပင် အတွက် ပန်းတစ်ပွင့်ပဲ ပွင့်ရမယ်၊ အဲဒီ သတ်မှတ်ချက် အတိုင်း နတ်သမီးရဲ့ လက်ကို ဆွဲပြီး ပန်းပွင့်စေတယ်၊ ...
... ဒီလို ယောကျ်ားမျိုးကို ... ဘယ် အမျိုးသမီးက မလိုချင်ပဲ ရှိမလဲ၊ ပန်းသင်္ချိုင်းက အမျိုးသမီးတိုင်း အတွက် အိမ်မက်ပဲ။ ”
“ ဒါကိုတော့ ... ငါသဘော မတူဘူး။ ”
ခရမ်းငယ်မှ အထင်အမြင် သေးစွာဖြင့် ခေါင်းယမ်း လိုက်သည်။ ပိုင်ချင်းယွီ၏ အပြစ် ကင်းစင်သော မျက်နှာပေါ်၌ ရှက်ရွံ့သော အရိပ်အယောင် ဖြတ်ပြေးလာ၏။
သူမ လျှာချော် သွားချေပြီ။
“ ဟီးဟီး ... ဟုတ်တယ်၊ အဲဒါကို ချင်းယွီလည်း သဘော မတူပါဘူး၊ အစ်ကိုယဲ့က ပိုကြည့်ကောင်းတယ်၊ အစ်ကိုယဲ့က အကောင်းဆုံးပဲ။ ”
သူမ၏ ‘ပိုကြိုက်’-ဟူသည် ချစ်ခြင်းအပေါ် ရည်ညွှန်းခြင်း မဟုတ်ချေ။ သို့သော် ပိုင်ချင်းယွီ တစ်ယောက် ချက်ချင်း လွမ်းဆွတ်သွားပြီး၊
“ ဒါပေမယ် ... ချင်းယွီ ကတော့ ... ပန်းသင်္ချိုင်းကို ကြိုက်တယ်။ ”
-ဟု ဝန်ခံလာ တော့သည်။
လင်းယွန်မှာ စကား မပြောနိုင် တော့ချေ။ နဖူးကုတ်လျက် စာရင်း စာရွက်ထံ ငုံ့ကြည့်နေ လိုက်သည်။
သည်သန့်ရှင်းသော သမီးတော် သတ်သူ ဟူသည့် သူ့အမည်ကို ဤတစ်သက် ဖယ်ရှားရန် ဖြစ်နိုင်တော့မည် မဟုတ်ချေ။
***