လျှို့ဝှက် နယ်မြေ ကိုးပါး။
Vol. 152 Ch. 2123
တျန်ရှင်းကို နှုတ်ဆက် ပြီးနောက် ကြိုးကြာနတ်သမီးက တိမ်ပင်လယ် ဖြတ်ပြီး တောင်ခြေသို့ သယ်ဆောင် လာ၏။
အမျိုးသမီး သုံးဦးက ကျောက်တုံးကြီး တစ်တုံးပေါ်တွင် အချိန်အကြာကြီး စောင့်ဆိုင်း နေခဲ့ပုံ ရလေသည်။
၎င်းတို့ထဲမှ တစ်ဦးသည် မကြာခဏ ဆိုသလို တိမ်ပင်လယ်ထံ မော့ကြည့်ပြီး စိုးရိမ် ပူပန်နေ၏။
သူမနှင့် ယှဉ်သော် ကျန်နှစ်ယောက်မှ ငြိမ်သက်ကာ မျက်စိမှိတ် တရား ထိုင်နေသည်။ သိပ်မဝေးသော အရပ်၌ ပျော်မြူး နေသော နဂါးသွေမြင်းများ အသံကို ကြားရ၏။
တစ်ကောင်သည် နဂါးဖြူမြင်း ဖြစ်ပြီး နောက်တစ်ကောင်မှာ ကြက်သွေးရောင် မြင်း ဖြစ်သည်။
ရုတ်တရက် တိမ်ပင်လယ် အတွင်းမှ ကြိုးကြာ တစ်ကောင် ဆင်းသက်လာ သဖြင့် ပတ်ဝန်းကျင် အသက်ဝင်လာ တော့၏။
“ သူ လာပြီ ... ။ ”
လင်းယွန်က ကောင်းကင် ကြိုးကြာပေါ်မှ ခုန်ဆင်းလိုက်သည်။ သို့မှသာ အမျိုးသမီး နှစ်ဦး မျက်လုံးဖွင့်လျက် သက်ပြင်းချ လိုက်ကြ၏။
ဤသည်မှာ ပိုင်ရှုရင်၊ ပိုင်ချင်းယွီနှင့် မြောင်ရင် ဖြစ်သည်။ လင်းယွန်က ပြုံးလျက် ၎င်းတို့ သုံးဦးထံ လျှောက်လှမ်းလာ၏။
“ အစ်ကိုယဲ့ ... ဘာလို့ ဒီလောက်ကြာ နေတာလဲ၊ ချင်းယွီတို့ စောင့်နေတာ ကြာလှပြီ၊ သေသွားပြီ လို့တောင် ထင်နေတာ။ ”
ပိုင်ချင်းယွီ စကားကြောင့် လင်းယွန်မှ မျက်လုံးပြူး သွားသည်။ သူမသည် ရိုးရှင်းသော အတွေးများဖြင့် ပြုမူတတ်သူ ဖြစ်သည်။ စကား ပြောသည့် အခါတွင် သင့်၏-မသင့်၏ အပေါ် ထည့်သွင်း စဉ်းစားခြင်း မရှိချေ။
ပိုင်ရှုရင်က သူမ ညီမကို စိုက်ကြည့်ကာ၊
“ သူ့မှာ ရွေးချယ်စရာ မရှိဘူး၊ ပြီးတော့ ငါတို့ကို ဒီမှာ စောင့်နေဖို့လည်း ... မတောင်းဆို ထားပါဘူး။ ”
-ဟု သတိပေး လိုက်သည်။
ပိုင်ချင်းယွီက သတိဝင်လာပြီး ပြုံးသည်။
“ မင်း အခု ထွက်လာတာ ကောင်းတယ်၊ ငါတို့မှာ အချိန် ရှိသေးတယ်။ ”
ရှင်းယန်က ပြုံးကာ ဝင်ပြောသည်။
“ အားလုံး စောင့်နေရတဲ့ အတွက် တောင်းပန်ပါတယ်။ ”
ကျန်သူများ အားလုံး ထွက်သွားကြပြီး ဖြစ်သော်လည်း ဤအမျိုးသမီး သုံးဦးမှ သူ့ကို စောင့်ဆိုင်း နေခဲ့သည်။
သူ့ကြောင့် ၎င်းတို့သည် နဂါးပြာ မှတ်တမ်းကို လက်လွှတ် ရတော့မည် ဖြစ်ကာ ယင်းက သဘာဝအတိုင်း သူ့ကို ထိမိ သွားစေ၏။
“ အရင် သွားရအောင် ... ။ ”
ပိုင်ရှုရင်က နဂါးဖြူ မြင်းပေါ် ခုန်တက်ပြီး ပိုင်ချင်းယွီကို သူမရှေ့သို့ ဆွဲတင် လိုက်သည်။ လင်းယွန်က ကုန်းနှီးပေါ်မှ ဓားသေတ္တာ လှမ်း ယူကာ၊ မြင်းပေါ် ခုန်တက်လျက် ရှင်းယန်ကို ဆွဲတင်သည်။
သူတို့နှစ်ယောက်၏ အပြုအမူကြောင့် ပိုင်ရှုရင်မှာ အနည်းငယ် တုန်လှုပ် သွားမိသည်။ မည်သည့် အချိန်မှစပြီး၊ လင်းယွန်နှင့် မြောင်ရင် ဤမျှ ရင်းနှီးနေ သည်ကို မသိတော့ချေ။
လင်းယွန်က ပိုင်ရှုရင်ကို ပြန်ကြည့်ပြီး၊
“ မင်း ရှာနေတဲ့ လူကို ... တွေ့ပြီလား။ ”
-ဟု မေးမြန်းလိုက်၏။
“ အစ်မ ... ငါ့ခဲအိုက ဘယ်သူလဲ။ ”
ပိုင်ချင်းယွီမှလည်း သိချင်လာ၏။
“ နင် စကား အရမ်းပြောတယ်။ ”
ပိုင်ရှုရင်က သူမညီမ ခေါင်းကို ခေါက်သည်။ ပြီးနောက် လင်းယွန်ထံ လှည့်ကြည့်ကာ၊
“ နင်လည်း အတူတူပဲ။ ”
-ဟု ပြန်ပြော လာ၏။
လင်းယွန် ရှက်ရွံ့စွာ ပြုံးလိုက်သည်။ ရှင်းယန်၏ မျက်နှာပေါ်ရှိ သံသယကို မြင်သော အခါ၊ ‘နောက်မှ ပြောပြမယ်၊’ ဟု ပြောမိ၏။
မြင်းနှစ်ကောင်က တောင်ပေါ်မှ ပြေးဆင်းလာသောအခါတွင် လမ်း၌ လူတစ်စု ပိတ်ရပ် နေသည်ကို တွေ့ရှိလိုက်၏။ ထိုအဖွဲ့ကို ဦးဆောင်သူသည် ချန်ဖုန် ဖြစ်သည်။
မရဏ မိုးကြိုး တောင်ထိပ်မှ တပည့် တစ်ဦးဖြစ်ကာ၊ ၎င်းကို မေ့လုနီးပါး ပေပင်။ ချန်ဖုန်က ယဲ့ချင်းရှန် ဘဝ၏ ပထမဆုံး သိကျွမ်းသူ ဖြစ်သည်။
“ စီနီယာ အစ်ကို ... မရဏ မိုးကြိုး တောင်ထိပ်က တပည့်တွေ အားလုံး နှုတ်ဆက် တာပါ၊ စီနီယာ အစ်ကို အောင်ပွဲခံပြီး ... ငါတို့ရဲ့ ကောင်းကင် တာအိုဂိုဏ်း အမည်ကို ဖြန့်ကျက် နိုင်ပါစေလို့ ... ဆုတောင်းပေး ပါတယ်။ ”
ချန်ဖုန်က လှက်ဝှေ့ယမ်းကာ ပြောကြား လိုက်သည်။
“ ဒီခရီးမှာ စီနီယာ အစ်ကို အောင်ပွဲခံပြီး ငါတို့ ကောင်းကင် တာအိုဂိုဏ်းရဲ့ ... အမည်ကို ဖြန့်ကျက် နိုင်ပါစေ။ ”
အခြားသော တပည့်များကလည်း ချန်ဖုန် စကားအတိုင်း အော်ဟစ် ဆုတောင်း ပေးလိုက် ကြ၏။
ဤမြင်ကွင်းကို မြင်သောအခါ လင်းယွန် အပါအဝင် လူတိုင်း စိတ်လှုပ်ရှား သွားသည်။ ၎င်းတို့သည် နဂါးပြာ မှတ်တမ်းကို ခံစားခွင့် မရှိနိုင် သော်လည်း သမိုင်း အတွက် သက်သေခံနိုင်မည်။
သို့သော် ယဲ့ချင်းရှန် တစ်ယောက်တည်း ကျင့်ကြံလျက် ကျန်ရစ်ခဲ့သည်ကို သိပြီးနောက်၊ ထိုအခွင့်အရေးအား စွန့်ကာ စောင့်ဆိုင်းရန် ဆုံးဖြတ် ခဲ့ကြသည်။
မရဏ မိုးကြိုး တောင်ထိပ်သည် ဂိုဏ်း၏ အောက်ဆုံး အဆင့်၌ ရှိသည်။ သို့သော် အခြား လူများ ထွက်သွားသော အခါ သူတို့မှ လင်းယွန်ကို အားပေးရန် နေခဲ့၏။
ဤအရာက လင်းယွန် နှလုံးသားကို နွေးထွေးစေသည်။
“ နင်က တော်တော် နာမည်ကြီးတာပဲ။ ”
ပိုင်ရှုရင်က အံ့သြ သွားသည်။ လူ တစ်ယောက်မှ မရှိတော့သည့် ဂိုဏ်းတွင် ဤလူများက စောင့်ပေး နေ၏။
လင်းယွန်က အသက်ပြင်းပြင်း ရှူပြီး လက်သီးဆုပ်ကာ၊
“ ဒီခရီးမှာ အောင်ပွဲခံမယ် ဆိုတာ သေချာပါတယ်၊ နောက်နောင် ငါ့ရဲ့ မရဏ မိုးကြိုး တောင်ထိပ်ကို ဘယ်သူမှ အနိုင်ကျင့် ဝံ့တော့မှာ မဟုတ်ဘူး။ ”
“ အစ်ကိုကြီး၊ ဆက်လုပ်ပါ ... ။ ”
ချန်ဖုန်နှင့် အခြားတပည့် များက ပြုံးပြနှုတ်ဆက်သည်။ သူတို့ အနိုင်ကျင့် ခံရ မည်ကို စိတ်မပူချေ။ သူတို့၏ စီနီယာ အစ်ကို အတွက် ဂုဏ်ရှိရန်သာ အရေးကြီး၏။
၎င်းတို့၏ အကြည့်များ အောက်တွင်၊ မြင်းနှစ်ကောင်သည် တရွေ့ရွေ့ ပြေးလွှား ပျောက်ကွယ် သွားတော့သည်။
မြင်းများရှိ နဂါး မျိုးရိုး သွေးများ အသက်ဝင်လာပြီး လျှပ်စီးများကဲ့သို့ ပြောင်းလဲ ကုန်သည်။ ၎င်းမြန်နှုန်းသည် သာမန် သူတော်စင် များနှင့် ယှဉ်နိုင်၏။
နှစ်ရက်အကြာတွင် ဦးတည်ရာသို့ ရောက်ရှိလာသည်။ ဤသည်မှာ ပျက်စီးခြင်း လွင်ပြင် ဟုလည်း လူသိများသော နေရာ ဖြစ်၏။
နတ်ဘုရား သင်္ချိုင်း တောင်တန်း တည်ရာ မရေမတွက် နိုင်သော တောင်တန်းများ ရှိသည့် အဆုံးမရှိ လွင်ပြင်ကြီး ဖြစ်သည်။
ဤနေရာ၌ ဝိညာဉ် စွမ်းအင် သို့မဟုတ် ရတနာများ မရှိချေ။ မည်သူမျှ ခြေမချနိုင်သော မရဏပြည် ပေပင်။
သို့သော် ယခုအချိန်တွင် လွင်ပြင် အလယ်ဗဟို၌ ဧရာမနဂါး ပုံသဏ္ဍာန် တောင် (၉)လုံး ဖြစ်ပေါ် လာသည်။
နေရာတိုင်း၌ ကျင့်ကြံသူ များဖြင့် ပြည့်နှက်နေ၏။ ထူးခြားချက် အနေဖြင့် တောင် (၉)လုံးကို မြူများ သိုင်းခြုံထားသည်။
တောင်များ မည်သို့ ဖြစ်ပေါ် လာသည်ကို မသိကြချေ။ ၎င်းတို့မှ ရှေးဟောင်း နဂါး အရိပ် အာဝါသများ ပေးစွမ်းနေသည်။
ဤမြင်ကွင်းကို အဝေးမှ ကြည့်သော် ကျင့်ကြံသူ များသည် တောင်ပို့ အောက်ခြေမှ ပုရွက်ဆိတ်များနှင့် တူနေ၏။
လူဆိတ်ညံနေသော လွင်ပြင်သည် ဆူညံသံများဖြင့် အုံကြွနေသည်။ အားကောင်း လွန့်သည့် နဂါးရောင်ဝါ ရှိသဖြင့် မည်သူမျှ တောင်များထံ ချည်းကပ်ခြင်း မပြုချေ။
အမည်ခံ သူတော်စင် နယ်ပယ်၌သာ မဟုတ်သော် ချက်ချင်း ဒဏ်ရာ ရသွားနိုင်မည်။ ထိုရောင်ဝါ အောက်တွင် ပျံသန်းရန်ပင် ခက်ခဲပေ၏။
မြူခိုးများ ဖုံးလွှမ်း နေသော တောင် ကိုးလုံးကို မြင်နိုင်သည့် တောင်ကြီး တစ်လုံး ပေါ်တွင် အမျိုးသမီး သုံးဦး ရပ်နေ၏။
၎င်းတို့ထဲမှ တစ်ယောက်သည် ကောင်းကင်ရနံ့ သင်းသင်း နတ်တောင်မှ မုရွယ်လင် ဖြစ်သည်။
သူမ လက်ထဲတွင် နဂါးပြာ မှတ်တမ်း ဖြစ်နိုင်မည့် အပြာရောင် စာအုပ် တစ်အုပ်ကို ကိုင်ထား၏။
လင်းယွန်က အဝေးမှ လှမ်းကြည့် လိုက်သည်။ နဂါး တောင်တန်းများ ပေါ်တွင် မည်သူမျှ မရှိသေးသည်ကို တွေ့လိုက်ရ သဖြင့် စိတ်သက်သာရာ ရသွား၏။
နောက်ကျ မည်ကို တစ်လမ်းလုံး စိုးရိမ်နေခြင်း ဖြစ်သည်။
“ ယဲ့ချင်းရှန် ... ။ ”
ထိုအချိန်တွင် ရင်းနှီးနေသော နှုတ်ဆက်သံကြောင့် အသိ ပြန်ဝင်လာ၏။ တာအို ယန်နန်းတော်၏ သန့်ရှင်းသော သားတော် ထံမှ ဖြစ်သည်။
၎င်းနှုတ်ဆက်သံကြောင့် လူအချို့က လှည့်ကြည့်လာသည်။ ယဲ့ချင်းရှန် အမည်မှာ ခွန်လွန်၌ ကျော်ကြားနေပြီ ဖြစ်၏။
အထူးသဖြင့် လှိုင်ဂူထဲ၌ သခင် သုံးပါးကို ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရစေသည့် သတင်း ဖြစ်သည်။ နတ်သားတော်ပင် နောက်ဆုတ်ပေး ခဲ့သော ဓားသမား ဉာဏ်ကြီးရှင် ပေပင်။
“ တကယ် သူပဲ ... ။ ”
“ သန့်ရှင်းသော သမီးတော် သတ်သူ ပီသပါတယ်၊ သူနဲ့အတူ မြင်းစီးလာတဲ့ လူက သန့်ရှင်းသော သမီးတော် မြောင်ရင်၊ သူ့ဘေးက ပိုင်-ညီအစ်မ နှစ်ယောက် မဟုတ်လား။ ”
“ သေစမ်း ... ဒီကောင်က တကယ်ပဲ ရမ္မက်ပြင်းတဲ့ ဓားသမားပဲ၊ အရင်တုန်း ကတော့ မယုံခဲ့ဘူး၊ အခုတော့ လူယုတ်မာမှန်း သေချာသွားပြီ။ ”
“ သူ့အမည်က ဘာကို အခြေခံပြီး အထက်တန်းစား အဆင့်မှာ ပါလာရတာလဲ၊ ငါနဲ့ မဆုံဖို့ ဆုတောင်းနေပါ။ ”
လူတိုင်းက လင်းယွန်ကို မြင်ပြီးနောက် ရှုပ်ထွေးသွားသည်။ သူတို့၏ မျက်လုံးများတွင် မနာလိုခြင်းနှင့် အမုန်းတရားများ ရှိနေ၏။
လင်းယွန်မှ ထိုအသံများ မကြားသကဲ့သို့ လူအုပ်ကိုဖြတ်၍ ကောင်းကင် တာအိုဂိုဏ်းထံ လျှောက်လှမ်း လာခဲ့သည်။
ကောင်းကင် တာအိုဂိုဏ်းမှ လူအများ အပြားသည် သူတော်စင် တပည့်များ ဖြစ်နေ သဖြင့်၊ လင်းယွန်ကို လေးစားမှု ဖော်ပြရန် ခေါင်းညိတ်ပြ ကြသည်။
လီတာ့ယန်သည် အလွန် ဖော်ရွေနေ သော်လည်း ၎င်းဘေးရှိ အခြားလူ နှစ်ယောက်မှ ခပ်တည်တည် ဖြစ်၏။
တစ်ယောက်က ယဲ့ဖုန်နှင့် ကျန်တစ်ယောက်မှာ ကျန်းကျွင့် ဖြစ်သည်။ သူတို့သည် ကောင်းကင် တာအို ဂိုဏ်း၏ ရွှေမျိုးဆက် ပါရမီရှင်များ ဖြစ်ချေပြီ။
မရဏ မူလအဆင့် အမည်ခံ သူတော်စင် နယ်ပယ်၌ ရှိနေပြီး၊ မဟာ တာအိုများ ဆုပ်ကိုင် ထားကြ၏။
ထို့ကြောင့် နတ်ဘုရား သင်္ချိုင်းတောင် ဝင်ခွင့်ခွဲတမ်း ငါးခုသည် လီတာ့ယန်၊ ပိုင်ရှုရင်၊ မြောင်ရင်နှင့် ဤနှစ်ယောက်ထံ ရောက်ရှိ သွားခဲ့ခြင်း ဖြစ်သည်။
လီတာ့ယန်က တောင်များဆီသို့ လက်ညှိုးညွှန်ပြကာ၊
“ ဒါကို နဂါးကိုးကောင် တောင်တန်းလို့ ... ခေါ်တယ်၊ လွန်ခဲ့တဲ့ လေးနာရီလောက်က သူတို့ နဂါးပြာ မှတ်တမ်းကနေ ထွက်လာကြတာ ... တောင်တွေရဲ့ မူလက၊ ...
... ဆယ်ပေသာ ရှိပေမယ့် ... တရွေ့ရွေ့နဲ့ ပေတစ်ထောင်အထိ ကြီးထွား လာနေပြီ၊ ဒါက ... သက်ရှိ တေွလိုပဲ။ ”
လင်းယွန်က တောင်များကို မော့ကြည့် လိုက်သည်။ မြူများကြောင့် တောင်ထိပ်ကိုပင် မမြင်နိုင်ချေ။
“ ဒါပေမယ့် တောင်တွေက မတူဘူး။”
တောင်များကို တစ်ဝက်မျှသာ မြင်ရသော်လည်း မိုးပြာနဂါးနှင့် နဂါးပြာတောင် တို့ကို ခွဲခြားနိုင်သည်။
“ မှန်တယ် ... အပြာရောင်၊ အဖြူ၊ အနက်၊ ရွှေ၊ အစိမ်း၊ အနီရောင်၊ ငွေရောင်နဲ့ မိုးပြာ အပြင် သာမန် စစ်မှန်သော နဂါးတောင် တွေပဲ၊ ...
... တောင်တိုင်းရဲ့ အောက်ခြေမှာ သူတော်စင် စွမ်းအင်လုံးတွေနဲ့ ရတနာများစွာ ပါရှိတဲ့ လျှို့ဝှက်မြေတွေ ရှိတယ်။ ”
တောင်ကြီးများ၏ အောက်ခြေတွင် အရောင်အသွေး ကွဲပြားနေသော လေစုပ်ဝဲ တစ်ခု ဖြစ်ပေါ် နေသည်။
ဤသည်မှာ လီတာ့ယန် ပြောသော လျှို့ဝှက်နယ်မြေ ဝင်ပေါက် ဖြစ်၏။ လူများစွာမှ မှတ်တမ်း၌ နာမည်များ မထားနိုင်ချေ။
သို့သော် ဤလျှို့ဝှက် နယ်မြေများရှိ ရတနာအချို့ ရနိုင်ပါက အချည်းနှီး ဖြစ်မည် မဟုတ်ကြောင်း သူတို့ သိသည်။
“ တောင်တစ်လုံးမှာ အဆင့်တစ်ရာ ရှိတယ်၊ ဒါကြောင့် လူတစ်ရာက သူတို့ရဲ့ နာမည်တွေကို ထားခဲ့နိုင်မယ်၊ တောင်ကိုးလုံး ရှိတယ် ဆိုတော့ လူကိုးရာပေါ့။ ”
လူကိုးရာသည် များသည်ဟု ထင်ရ သော်လည်း အရှေ့ဘက် ပျက်စီးမြေ ၌ပင်၊ ထိုမျှ မကသော လူငယ်များ ပိုင်ဆိုင်ထားသည်။
အထူးသဖြင့် မြင့်မြတ်မြေ ခြောက်ပါး၊ ဓားဂိုဏ်း ကဲ့သို့သော တန်ခိုးကြီး ဂိုဏ်းများနှင့် ရှေး သူတော်စင် မျိုးနွယ်စုများ၏ လူငယ်များ ဖြစ်သည်။
ဆိုလိုသည်မှာ မြင့်မြတ်မြေရှိ ပါရမီရှင် များပင် ၎င်းတို့၏ အမည်များကို မှတ်တမ်း အတွင်း ထားရန် ခက်ခဲပေမည်။
“ လူတစ်ရာကို နဂါးဦးခေါင်း၊ နဂါး လက်သည်း၊ နဂါး ခန္ဓာကိုယ်နှင့် နဂါးအမြီး ဟူပြီး၊ အဆင့်လေးဆင့် ခွဲခြားမယ်၊ အဆင့် အလိုက် ဆုကြေးတွေ ကွဲပြားလိမ့်မယ်၊ ...
... နဂါးဦးခေါင်း မှာတော့ တစ်ယောက်ပဲ ရှိမယ်၊ သူကသာ နောက်ဆုံး ပြိုင်ပွဲကို ကျန်နဂါး သခင်တွေနဲ့ ပြိုင်ခွင့်ရမယ် ...
... အမှောင်ခေတ် ကုန်ဆုံးချိန်ကစပြီး ဒါက နဂါးပြာ မှတ်တမ်း ပထမဆုံး အကြိမ် .. ပြန်ပေါ် လာတာပဲ၊ နှစ်ပေါင်း သုံးထောင်ကျော် အတွင်း အခမ်းနားဆုံး အချိန်အခါပါ၊ ...
... အရှေ့ဘက် ပျက်စီးမြေ၊ တောင်ပိုင်း နယ်စပ်၊ မြောက်ပိုင်း လွင်ပြင်နဲ့ အနောက်ဘက် သဲကန္တာရ တို့က ဉာဏ်ကြီးရှင်တွေ အကုန် စုရုံး နေပြီ၊ တစ်ယောက်မှ အားမနည်းဘူး။ ”
လီတာ့ယန်က စိတ်လှုပ်ရှား လာသည်။ သူသည် နဂါးသခင် တစ်ပါး အဖြစ် တိုက်ပွဲဝင် သွားရန် ဆုံးဖြတ်ထား၏။
အရှေ့ဘက် ပျက်စီးမြေ၏ ကြယ်နှစ်ဖော် အနက်မှ တစ်ပါး ဖြစ်သော်လည်း၊ နဂါးသခင် ဖြစ်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှု မရှိချေ။
“ မစသေးဘူးလား ... ။ ”
လင်းယွန်မှ မေးသည်။
“ ဟုတ်တယ် ... ။ ”
လီတာ့ယန်က တောက်ပသော အပြုံးဖြင့် လူအုပ်အတွင်း ဝေ့ဝဲကြည့်ကာ၊
“ နတ်နဂါး သံတမန်က ပန်းသင်္ချိုင်းကို စောင့်နေတာလို့ လူအများက ထင်ကြေး ပေးနေ ကြတယ်၊ ကောင်းကင်လမ်း ကိုးလမ်းရဲ့ ချန်ပီယံတွေ ရောက်လာပေမယ့် ... သူ ရောက်မလာ သေးဘူး။ ”
ထိုအချိန်တွင် သူ့အပေါ် စိုက်ကြည့် လာသော အကြည့်တစ်စုံကို ခံစားမိ သဖြင့် လင်းယွန်မှ မော့ကြည့် လိုက်သည်။
မုရွယ်လင် ဖြစ်၏။ တစ်ချိန်တည်းမှာပင် လျှို့ဝှက်နယ်မြေ ကိုးခုနှင့် ချိတ်ဆက်နေသော လေစုပ်ဝဲများ အသက်ဝင် လာခဲ့သည်။
“ ပန်းသင်္ချိုင်း မလာတော့ဘူး ထင်တယ်။ ”
ထိုမြင်ကွင်းကြောင့် လီတာ့ယန်မှ သက်ပြင်းချ လိုက်တော့၏။
***