ငါ သိတယ်။
Vol. 152 Ch. 2127
လင်းယွန် ထံသို့ ဗုဒ္ဓလက်ဖဝါး တစ်ဖက် လွင့်ပျံ လာသည်။ နန်းတော် တစ်ခုလုံး တုန်လှုပ် သွားကာ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများဖြင့် ပြည့်နှက်သွား၏။
ဤလက်ဖဝါးသည် မရဏ မူလ အဆင့်မှ အမည်ခံ သူတော်စင်ကို အလွယ်တကူ သတ်ပစ် နိုင်လေသည်။
လင်းယွန် ဆံပင်နှင့် အဝတ်အစားများ တဖျပ်ဖျပ် ခတ်လာပြီး၊ ပန်းသင်္ချိုင်းကို ဆွဲလျက် ထိုလက်နှင့် ထိတွေ့ပေး လိုက်သည်။
ကျောက်တိုင်များမှ အမျိုးမျိုးသော အပိုင်းအစများ ထွက်လာကာ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားလာ၏။
ဗုဒ္ဓ ရောင်ဝါသည် ပူဖောင်း တစ်လုံးလို ကွဲအက်သွား သဖြင့်၊ ချောင်ယန် တစ်ယောက် သူ့ကိုယ်သူ တည်ငြိမ်အောင် ခြေလှမ်းများစွာ နောက်ပြန် ဆုတ်လိုက် ရသည်။
“ ဝှစ် ... ။ ”
လင်းယွန်က လေထဲ၌ တစ်ပတ်လှည့်ကာ ဟန်ချက် ထိန်းညှိလိုက်၏။
“ ကြယ်ဓား ရည်ရွယ်ချက် ... ၊ ဓားနဲ့ မဟာတာအိုကို ရင်ဆိုင်ရဲတယ်လား၊ ယုံနိုင်စရာ မရှိဘူး။ ”
ခေျာင်ယန်မှ အလေးအနက် စကားဆိုသည်။
“ မင်းလည်း မဆိုးပါဘူး၊ ငါ့ ခွန်အားကို အပြည့် မသုံးထားပေမယ့် ... ငါ့ဆီက ဓားကို ခံယူနိုင်တယ်။ ”
လင်းယွန်က ချက်ချင်း တုန့်ပြန် စကားဆိုသည်။ ခေျာင်ယန်မှ တစ်ဖက်လူကို ဖိနှိမ်၍ မရနိုင်မှန်း သဘောပေါက် မိ၏။ ထို့ကြောင့် မျက်နှာ ပြောင်းလဲကာ၊
“ ယဲ့ချင်းရှန် အကြံတစ်ခု ရှိတယ်၊ စစ်မှန်သော နဂါး သူတော်စင် ဆေးလုံးကို ငါ ယူလိုက်မယ်၊ နောက်ထပ် ရတနာ တွေ့ရင် မင်းယူ ဘယ်လိုလဲ။ ”
-ဟု ညှိနှိုင်းစကား ဆိုသည်။
ဤသည်မှာ လင်းယွန်၏ ခွန်အားကို အသိအမှတ် ပြုခြင်းနှင့် ညီမျှပြီး ပူးပေါင်း လုပ်ဆောင်ရန် အခွင့်အရေး ဖြစ်၏။
“ မင်းက သူတော်စင် ဆေးလုံးကို လိုချင်တာ သေချာလား။ ”
“ ဟုတ်တယ် လိုချင်တယ် ... ငါတို့ ညှိနှိုင်းလို့ ရမလား။ ”
“ မင်း သေချာလား ... ။ ”
လင်းယွန်မှ ထပ်မေးသည်။
“ သေချာတယ် ... ပြီးတော့ သူတော်စင် ဆေးလုံးအတွက် သဘာဝ သူတော်စင် သစ်သီး တစ်လုံး ... လျော်ကြေးပေး နိုင်တယ်။ ”
ချောင်ယန်မှ လင်းယွန် တစ်ယောက် စိတ်မပြောင်း စေရန်၊ သူတော်စင် သစ်သီး တစ်လုံးကို ထုတ်ယူလိုက်သည်။
၎င်းသည် လျှပ်စီးနှင့် ရေခဲ ဂုဏ်ရည်များ ပါရှိသည့် ရှားပါး သစ်သီး တစ်မျိုး ဖြစ်ချေ၏။ ရေခဲ-လျှပ်စီး သူတော်စင် သစ်သီးဖြစ်သည်။
ပြင်ပ ကမ္ဘာ၌ တန်ဖိုးကြီးပြီး သူတော်စင် သလင်းကျောက် တစ်သောင်းနှင့် ညီမျှချေ၏။ သူတော်စင် သလင်းကျောက်သည် ခွန်လွန်၌ တန်ဖိုး အရှိဆုံး ငွေကြေး ဖြစ်သည်။
အသည်း နှလုံးကို ထုတ်ယူ ပေးလိုက် သကဲ့သို့ ခံစားရ သော်လည်း၊ တန်ဖိုး မရှိသော အရာ တစ်ခု သဖွယ် လင်းယွန်ကို ကမ်းပေး လိုက်သည်။
“ ကောင်းပြီ ... ။ ”
လင်းယွန်က သစ်သီးကို ယူသည်။ ချောင်ယန်မှ ပြုံး၏။ စစ်မှန်သော နဂါး သူတော်စင် ဆေးလုံ၏ တန်ဖိုးသည် စိတ်ကူးမယဉ်နိုင်ချေ။
ရေခဲ-လျှပ်စီး သစ်သီးကို ပေး၍ ဖလှယ်ရသည်မှာ အနည်းငယ် ရှက်စရာ ဖြစ်၏။ သူတော်စင် ဆေးလုံးကို သိမ်းဆည်း နေစဉ် ရုတ်တရက် အလင်းတိုင် (၉)တိုင်မှ ရူရ်များ တောက်ပလာသည်။
“ ..... ။ ”
တစ်ချိန်တည်းမှာပင် ၎င်းတို့ထံမှ ဂီတသံစဉ်များ ထွက်လာပြီး လင်းယွန်၏ လက်ဖဝါး ဆီသို့ ပျံသန်းလာ ကြသည်။
“ အဲဒါ ဘာလဲ ... ။ ”
တောက်ပ လွန်းသောကြောင့် ချောင်ယန် တစ်ယောက် မေးလိုက်မိသည်။ နောက်ဆုံးတွင် သူတော်စင် ရူရ်များသည် မိုးကြိုး လိပ်နက် သံကြိုးများနှင့် ပေါင်းစပ် သွား၏။
“ ဟိတ် ... ။ ”
၎င်းသည် ဘုန်း ဝိညာဉ်တော် နှစ်ပါး လက်ရာဖြစ်၏။ လင်းယွန်က ကောင်းကင်ပေါ် ခုန်တက်ကာ၊ မျက်နှာကြတ်သို့ လက်ဖဝါး ဖိကပ် လိုက်သည်။
မျက်နှာကြတ်တွင် ထင်ဟပ် နေသော နဂါးငွေ့တန်းရှိ ကြယ်တာရာများ ချက်ချင်း မှိန်ဖျော့ လာ၏။
ခဏ အကြာတွင် လင်းယွန် လက်ဖဝါးမှ လရောင်များ ဖြာထွက် လာပြီး မြင့်မြတ်သော အဆင်း ထွက်ပေါ်လာသည်။
ဤသည်မှာ ချောင်ယန်ကို တုန်လှုပ် ချောက်ချားစေသည်။ သူ့အသိစိတ် ပြန်ရချိန်၌ နောင်တရ သွားသည်။
“ ငါ နားလည်ပြီ ... ။ ”
-ဟု ခါးသီးစွာ ပြောကြားလိုက်သည်။
စစ်မှန်သော နဂါး သူတော်စင် ဆေးလုံးကို လိုချင်သည်ဟု သူ ပြောစဉ် လင်းယွန်မှ ကြိမ်ဖန် များစွာ စစ်ဆေး နေခဲ့သည်။
အဆုံးတွင် ကျောက်တိုင်မှ ရူရ်များကို စုပ်ယူကာ ဘုန်ဝိညာဉ်နှစ်ပါးကို ဘုန်းဝိညာဉ် သုံးပါး အထိ တိုးမြှင့်သွားခဲ့၏။
ထိုမြင်ကွင်းက သူ့ကို နာကျင်စေသည်။ သည့်အပြင် ရတနာကို မမြင်နိုင်သော သူ့ကိုယ် သူလည်း ရှက်ရွံ့မိ၏။
“ ဘုန်းဝိညာဉ်တော် သုံးပါး လက်ရာ၊ ဂုဏ်ယူ ပါတယ် ယဲ့ချင်းရှန်။ ”
“ ကျေးဇူး တင်ပါတယ် ... ။ ”
လင်းယွန်မှ ပြုံးပြီး ခေါင်းညိတ်သည်။
“ ငါ့ရဲ့ ရေခဲ-လျှပ်စီး သူတော်စင် သစ်သီး ... ။ ”
ချောင်ယန်က ပြန်လိုချင်သောကြောင့် သူ့နှာခေါင်းကို ပွတ်ကာ စကားစ လိုက်သည်။
“ ကျေးဇူးတင်ပါတယ်။ ”
လင်းယွန်က ပြုံးပြ၏။ ပြန်ပေးရန် ဆန္ဒရှိပုံ မပြချေ။ ယင်းကြောင့် ချောင်ယန်မှ ရှက်ရွံ့စွာ ပြုံးမိသည်။
လင်းယွန်မှ ကျောက်တိုင်နှင့် နန်းတော် အမိုး၏ လျှို့ဝှက်ချက်ကို သတိပြုမိ သည်မှာ ကြာပြီဖြစ်သည်။
နန်းတော် အမိုးသည် ဝိညာဉ်ရေးရာ အစီရင်တစ်ခု ဖြစ်ပြီး၊ ကေျာက်တိုင်မှ ရူရ်ဖြင့် ဘုန်းသူတော်စင် လက်ရာများကို အဆင့် မြှင့်တင်နိုင်သည်။
ထို့ကြောင့် ချောင်ယန်ကို ‘သေချာလား၊’ -ဟု မေးမြန်းမိခြင်း ဖြစ်သည်။ သည့်စဉ် ခြေသံများ ကြားလာရသည်။
ခြေသံသည် ထူးဆန်းပြီး သန်မာသော ပြိုင်ဘက် ဖြစ်မှန်း ခန့်မှန်းနိုင်သဖြင့် ချောင်ယန် မျက်နှာ ပြောင်းသွားသည်။
အသစ်ဝင်လာ သူသည် ဆဋ္ဌမတန်း ဓား ရည်ရွယ်ချက်နှင့် ယှဉ်နိုင်သော ရုပ်ခန္ဓာမျိုးကို ပိုင်ဆိုင် ထားကြောင်း လင်းယွန် သိ၏။
“ မိုလီ ... ။ ”
ချောင်ယန်မှ တစ်စုံ တစ်ဦးကို သတိရ လာသည်။ ၎င်းသည် နတ်နဂါး အဆင့် (၆၉)၌ ရှိသော အထက်တန်းစား ဖြစ်၏။
အနောက် ကန္တာရ၏ ဂီတတောင်တန်းမှ ပါရမီရှင် တစ်ဦး ဖြစ်သည်။ ချောင်ယန်မှာလည်း အနောက် ကန္တာရမှ လာသောကြောင့် ယင်းကို ကောင်းကောင်း သိသည်။
သည့်အပြင် မိုလီနှင့် သူသည် အကြိမ်ပေါင်း များစွာ တိုက်ခိုက်ဖူးပြီး တိုက်ပွဲတိုင်း ရှုံးနိမ့်ခဲ့၏။
“ မင်း ... သူ့ကို သိလား ... ။ ”
လင်းယွန်က မေးသည်။
“ သိတယ် ... ၊ သူက နတ်နဂါးအဆင့် အထက်တန်းစာ အဆင့် (၆၉)ကိုး၊ ငါက (၇၈)၊ သူနဲ့ငါ ငါးကြိမ်တိတိ တိုက်ခိုက် ဖူးတယ်၊ ဒါပေမယ့် တစ်ကြိမ်မှ အနိုင် မရခဲ့ဘူး၊ ...
... ဒီလူက စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေဆိုတာ နိမ့်ကျ လွန်းတယ်လို့ ပြောပြီး တကယ် ဝင်လာတာပဲ။ ”
စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေသည် လူအများအမြင်၌ အရေး မပါချေ။ ထို့ကြောင့် ဤနေရာတွင် သူ၏ အစွမ်းသတ္တိကို ပြသရန် ချောင်ယန်မှ ကြံစည်ခဲ့၏။
“ ဂီတ တောင်တန်းက ငါတို့ ရှေးဟောင်း မိုးကြိုး ကျောင်းတိုက်လို မြင့်မြတ်မြေ တစ်ခုပဲ၊ သူတို့က အဖြူလည်း မဟုတ် အမည်လည်း မဟုတ် ထင်ရာဆိုင်း တတ်ကြတယ်၊ ...
... သူတို့ အမွေက ကောင်းကင်မှတ်စု နတ်မိစ္ဆာကျမ်းပဲ၊ နတ်မိစ္ဆာ ဂီတကို အထူးပြုပြီး ကိုယ်လုံး ကိုယ်ပေါက် အပေါ် ... အလေးပေး အာရုံစိုက် ကြတယ်၊ ...
... သူတို့ရဲ့ ငရဲ အသူရာ သူတော်စင် ခန္ဓာကိုယ်က ငါတို့ရဲ့ ... ရှေးဟောင်း ရွှေမိုးကြိုး ခန္ဓာထက် အားနည်းလှတာ မဟုတ်ဘူး။ ”
ချောင်ယန်မှ ရှင်းပြ လာသည်။ ခေါင်းလောင်းသံ ရပ်တန့်သွားသည်နှင့် လူငယ် တစ်ဦး ပေါ်လာ၏။ ၎င်းက ခန်းမ အလွတ်ကို ဝေ့ကြည့်လိုက်ပြီး၊
“ ဒီမှာ စစ်မှန်သော နဂါး သူတော်စင် ဆေးလုံး ရှိသင့်တယ်၊ သူ့ရနံ့ကို ... ငါ အဝေးက ရတယ်။ ”
-ဟု ဆိုကာ ချောင်ယန်ကို လှည့်ကြည့် လိုက်သည်။
“ မင်း ... ယူလိုက် ပြီလား။ ”
“ ဟုတ်တယ် ... ဒါပေမယ့် လမ်းမှာ ရတနာတွေ ရှိတယ်၊ မင်း ငါတို့နဲ့ ပူးပေါင်းချင် သလား။ ”
ချောင်ယန်က ခေါင်းညိမ့်ကာ ပြန်မေးသည်။
“ သူရောလား ... ။ ”
မိုလီမှ မဖြေသေးဘဲ လင်းယွန်ကို လှည့်ကြည့် လိုက်သည်။ ချောင်ယန်က ပြုံးပြီး၊
“ မင်းက သူ့ကို နှိမ့်ချနေတာလား၊ ဂုဏ်သတင်း ကျော်ကြားမှုအရ ဆိုရင် ငါတို့ နှစ်ယောက်က သူနဲ့ မယှဉ်နိုင်ဘူး။ ”
“ အိုး ... ငါမှတ်မိပြီ၊ မင်းက ယဲ့ချင်းရှန်ပဲ။ ”
“ ဟုတ်တယ် ... သူက သန့်ရှင်းသော သမီးတော် သတ်သူ။ ”
မိုလီစကားကို ချောင်ယန်မှ ပြုံးကာ ဝင်ပြောသည်။ ဤနာမည်ပြောင်သည် လူသိ များလာပြီ ဖြစ်၏။
“ ဒီကျောက်တိုင် တွေက ဘာလဲ ... သူတို့အပေါ်မှာ ပန်းချီကားတွေ ရှိသင့်တယ် မဟုတ်လား။ ”
မိုလီက ဆက်မပြောတော့ဘဲ၊ ကျောက်တိုင်များထံ အာရုံ ရောက်သွား တော့၏။
“ ငါ မသိဘူး ... ငါရောက်ထဲက ဒီလို ဖြစ်နေပြီ။ ”
ချောင်ယန်မှ ချက်ချင်း ပြန်ဖြေ လိုက်၏။ မိုလီ အကြောင်း သူ ကောင်းကောင်း သိသည်။ နဂါး သူတော်စင် ဆေးလုံးကို လိုချင်ဟန် မပြခဲ့ သည်မှာ ယဲ့ချင်းရှန်ကြောင့် ဖြစ်၏။
၎င်းကို ကိုင်တွယ် နိုင်ပါက သူ့ကို တိုက်ခိုက်ရန် တွန့်ဆုတ်နေမည် မဟုတ်ချေ။ ထို့ကြောင့် ဖြစ်နိုင်ချေများကို တတ်နိုင်သမျှ လျော့ချထားရ၏။
ဤသို့ဖြင့် သုံးယောက်သား မြေအောက်နန်းတော် အနှံ့ စူးစမ်း လေ့လာရန် ထွက်ခွာလာခဲ့ကြသည်။
လမ်းတစ်လျှောက် အခက်အခဲ အချို့ကို တွေ့ကြုံခဲ့ရ သော်လည်း သုံးယောက်ပေါင်းကာ အလွယ်တကူ ဖြေရှင်းနိုင်၏။
လင်းယွန်၏ လှုပ်ရှားမှုကို မြင်ပြီးနောက် မိုလီမှ အံ့အားသင့်သွားသည်။
“ ဓားသမား ... ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ ထိုက်တန်ပါတယ်။ ”
မိုလီ စကားကို လင်းယွန်မှ တုန့်ပြန်ခြင်း မပြုချေ။ သုံးယောက်သား ခရီး အတူတူ သွား သော်လည်း အတွေးကိုယ်စီ ရှိသည်။
အဆုံးတွင် ရှေးဟောင်း ကြေးတံခါး ရှေ့သို့ ရောက်ရှိလာသည်။ ဤနေရာသည် နန်းတော်၏ အဆုံး ဖြစ်၏။
“ ဖွင့် ... ။ ”
“ ဝုန်း ... ။ ”
“ အွတ် ... ။ ”
ချောင်ယန်မှ ကြေးတံခါးကို လက်သီးဖြင့် ထိုးချလိုက်သည်။ ကြေးတံခါးမှာ ပေါက်ကွဲသံ ပြုလျက် သူ့ကို ပြန်၍ တွန်းထုတ်တော့၏။
သူ့ကိုယ်သူ ရွှေရောင် အဆင်းများဖြင့် ဖုံးအုပ်ကာ ရွှေမိုးကြိုး ကိုယ်လုံး ကိုယ်ပေါက်ကို ထုတ်ပြ လိုက်သည်။
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
သို့တိုင် နောက်တစ်ကြိမ် လွင့်စဉ် သွားပြန်၏။
“ ဟမ့် ... ။ ”
ဤမြင်ကွင်းကြောင့် မိုလီမှ လှောင်ပြုံးဖြင့် လက်ညှိုးကို တောက်ထုတ် လိုက်သည်။ လေထဲ ကြိုးတစ်ချောင်း ပေါ်လာပြီး ကြေးတံခါးထံ လှိုင်းလုံးကြီး တစ်ခု ရိုက်ခတ်သွား၏။
“ ဝုန်း ... ။ ”
ရလာဒ်မှာ မထူးခြားချေ။ ထို့ကြောင့် ဗျပ်စောင်းကို ထုတ်ကာ အသံလှိုင်း မျိုးစုံဖြင့် ရိုက်ခတ် တော့သည်။
“ ဒင် ... ။ ”
လင်းယွန်က အလျင်စလို မရှိဘဲ၊ ကြေးဝါတံခါးကို စူးစမ်း နေ၏။ အဆုံးတွင် ရှေ့လှမ်းတက်ကာ ကြေးတံခါးကို အပြင်သို့ ဆွဲဖွင့်လိုက်သည်။
“ ကျွီ ... ။ ”
“ ဒီတံခါးက ... အပြင်ဖွင့်ပဲ။ ”
သူ့စကားနှင့် အပြုအမူကြောင့် နတ်နဂါး အထက်တန်းစား၏ စွမ်းအားကို ပြသလိုသော မိုလီနှင့် ချောင်ယန်တို့မှာ အဆင်မပြေ ဖြစ်သွားတော့သည်။
သူတို့က လင်းယွန်ရှေ့၌ ခွန်အားသုံးကာ အပြင်ဖွင့် တံခါးကို အတွင်းသို့ ထိုးနှက် ကန်ဖွင့် နေခြင်း ဖြစ်ချေ၏။ ရှက်စရာ ပေပင်။
“ ငါသိတယ် ... အဲဒါက အပြင်ဖွင့် ရတာ။ ”
ချောင်ယန်က မျက်နှာပြောင် တိုက်ပြီး ခေါင်းညိတ်လျက်၊
“ လာ ... ဝင်ကြရအောင် ... ။ ”
-ဟု ပြောကြား လိုက်တော့သည်။
***