အဓမ္မယူငင်ခြင်း
Vol. 102 Ch. 1410
ထင်းယွိမြို့ထဲရှိ မီးတောင်ထဲတွင် ထင်းယွိမြို့သခင်၏ ကိုယ်ပွားနှစ်ယောက်၏ အမူအရာက တစ်ပြိုင်နက် ပြောင်းလဲသွားလေသည်။ သူတို့က အထက်ကမ္ဘာသို့ ပို့လွှတ်လိုက်သည့် သတင်းစကားက ဖြတ်တောက်ခံလိုက်ရကြောင်း ခံစားမိလိုက်ကြသည်။
ဒုတိယကမ္ဘာတစ်ခုလုံးက ထိုသို့လုပ်နိုင်သည့် လူနှစ်ယောက်၊ သုံးယောက်သာ ရှိလေ၏။ ထင်းယွိမြို့သခင်က မည်သူနှောင့်ယှက်လိုက်လဲ တွေးဖို့ရာ အချိန်မရှိပေ။ သူ့ကိုယ်ပွားနှစ်ခု၏ အမူအရာက ပြောင်းလဲသွားပြီး သူတို့က ပြေးထွက်လာတော့မည် ဖြစ်၏။
သို့သော်လည်း ထိုအခိုက်အတန့်၌ တည်ရှိမှုသုံးခုက အမှောင်ထုကို အတင်းအကြပ် ထိုးခွင်းကာ ဆင်းသက်လာလေသည်။ ထိုတည်ရှိမှုသုံးခုက ဒေါသ၊ ဝမ်းနည်းမှုနှင့် အငြိုးတရားတို့ဖြင့် ပြည့်နှက်နေလေ၏။
ထိုအရာက စိတ်ခံစားချက် ၇မျိုးမှ မြို့သခင် ၃ယောက် ဖြစ်ပေသည်။
ထင်းယွိမြို့သခင်၏ ကိုယ်ပွားနှစ်ယောက် ပြေးထွက်လာသည်နှင့် စိတ်ခံစားချက် ၇မျိုးမှ မြို့သခင်၃ယောက်ကလည်း ဆင်းသက်လာကာ သူတို့ကို တားဆီးလိုက်သည်။
တစ်ပြိုင်နက်ဆိုသလို ဂီတတာအိုဂိုဏ်း၏ မီးတောင်အတွင်း ဝမ်ပေါင်လဲ့၏ ပြောင်းပြန်ပူးကပ်မှုက အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ထင်းယွိမြို့သခင်၏ ဂီတတာအိုကိုယ်ပွားက အော်ဟစ်ရင်းဖြင့် တခြားကိုယ်ပွားနှစ်ခု ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေသည်။ လက်တွေ့၌မူ ထိုအရာက သူမ၏ ဝှက်ဖဲ ဖြစ်၏။
သို့သော်လည်း နောက်အခိုက်တန့်လေး၌ သူမက တစ်စုံတစ်ခုကို ခံစားမိကာ အမူအရာ ပြောင်းလဲသွားလေသည်။ ဝမ်ပေါင်လဲ့ကမူ ရုတ်ချည်း ရယ်မောလိုက်၏။
“ထင်းယွိမြို့သခင် ဒီတစ်ကြိမ်တော့ ခင်ဗျား တတ်နိုင်တဲ့အရာ မရှိတော့ဘူး”
ဂီတတာအိုကိုယ်ပွား၏ အမူအရာက ထပ်မံပြောင်းလဲသွားပြီး ထင်းယွိမြို့ထဲ၌ အသံကျယ်ကြီး ပေါ်ထွက်လာသည်။ ထိုရုတ်ချည်း အပြောင်းအလဲက ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများ၏ အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေ၏။
သူတို့က မတုံ့ပြန်နိုင်ခင် အလင်းတန်းက လေထုကို ထိုးခွင်းပြီး ညအမှောင်ထဲ ရောက်ရှိကာ စိတ်ခံစားချက်၇မျိုး ဂိုဏ်းမှ ကျင့်ကြံသူမြောက်များစွာ ထွက်ပေါ်လာသည်။
ဤသို့ဖြင့် တိုက်ပွဲက စတင်လာပြီ ဖြစ်၏။
ဂိုဏ်းကြီးသုံးဂိုဏ်းက မီးတောင်ဝ၌ တိုက်ပွဲများ ဖြစ်နေကြသည်။ ထိုအခိုက်အတန့်လေး၌ အခြေအနေက အင်မတန် ဖရိုဖရဲ ဖြစ်နေလေ၏။ လေးကြိုးမျဉ်းဂိုဏ်းနှင့် ဟိန်ချင်းဂိုဏ်းတို့တွင်လည်း တိုက်ပွဲက ပြင်းထန်နေသည်။ ထင်းယွိမြို့သခင်၏ ကိုယ်ပွားနှစ်ယောက်ကလည်း မီးတောင်ထဲမှ ထွက်ကာ ထိုစိတ်ခံစားချက် ၇မျိုး၏ ကျင့်ကြံသူများကို တိုက်ခိုက်နေလေ၏။
သူတို့ကြားတွင် ဒေါသမြို့သခင်က အားအကောင်းဆုံး ဖြစ်ပေသည်။ သူတစ်ယောက်တည်းဖြင့် ဟိန်ချင်းဂိုဏ်းမှ ထင်းယွိမြို့သခင်၏ ကိုယ်ပွားကို တိုက်ခိုက်နေသည်။ ဤသို့သော ပတ်ဝန်းကျင်မျိုး၌ သူ့အိမ်ကွင်း မဟုတ်သည့် နေရာမျိုးတွင် သူတို့က လက်ရည်ချင်းညီနေသည်။
တခြားတစ်ဖက်တွင် ဝမ်းနည်းမှုမြို့သခင်နှင့် အငြိုးတရားမြို့သခင်တို့က အတူတကွ ပေါင်းစည်းကာ လေးကြိုးမျဉ်းဂိုဏ်းမှ ထင်းယွိမြို့သခင်ကိုယ်ပွားကို တိုက်ခိုက်နေသည်။ ထိုတိုက်ပွဲကလည်း အတော်လေး ပြင်းထန်လှ၏။
သို့သော်လည်း သူတို့၏ တိုက်ပွဲဖြစ်စေ၊ ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် စိတ်ခံစားချက်၇မျိုးမှ ကျင့်ကြံသူများကြားမှ တိုက်ပွဲဖြစ်စေ မည်သူကမှ အဓိကမဟုတ်ပေ။ အဓိကအခြေအနေက ဂီတတာအိုကိုယ်ပွားနှင့် ဝမ်ပေါင်လဲ့တို့သာ ဖြစ်၏။
ဂီတတာအိုကိုယ်ပွားကို ဝါးမျိုခြင်းကသာ ထင်းယွိစည်းမျဉ်းဥပဒေသကို တစ်စိတ်တစ်ပိုင်း အားနည်းသွားစေမည်ဖြစ်ပြီး ထင်းယွိမြို့သခင်ကို မပြီးပြည့်စုံကာ ဖြစ်သွားစေလိမ့်မည်။ ဤနည်းကသာ ပျော်ရွှင်မှုမြို့သခင်အတွက် အခွင့်အရေး ရလာစေမည် ဖြစ်၏။
ပျော်ရွှင်မှုမြို့သခင်ကလည်း ဤအခွင့်အရေးအတွက် နှစ်များစွာ စောင့်ဆိုင်းနေခဲ့ရသည်။
ဝမ်ပေါင်လဲ့ကလည်း ထိုအရာကို နားလည်ထား၏။ ထင်းယွိမြို့သခင်ကလည်း နားလည်ထားသလို စိတ်ခံစားချက် ၇မျိုးမှ မြို့သခင် သုံးယောက်ကလည်း နားလည်ထားကြသည်။ သူတို့၏ အပြုအမူများက အချိန်ဆွဲဖို့ရာအတွက်သာ ဖြစ်ပြီး တခြားကိုယ်ပွားနှစ်ယောက် သူ့ဆီ မရောက်လာနိုင်စေဖို့အတွက် ဖြစ်သည်။
ကိုယ်ပွားနှစ်ယောက်ကလည်း အင်မတန် စိုးရိမ်နေကြ၏။ သူတို့က အော်ဟစ်ရင်းဖြင့် စွမ်းအားကုန် ထုတ်သုံးလိုက်သော်လည်း အသုံးမဝင်ပေ။ ထင်းယွိမြို့သခင်က သူ့ဂီတတာအိုကိုယ်ပွား၏ အရှိန်အဝါသည် ဖြည်းဖြည်းချင်း အားနည်းလာသည်ကို ခံစားမိသော်လည်း သူ့အတွက် လှုပ်ရှားဖို့ရာ ခက်ခဲနေဆဲသာ ဖြစ်၏။
ဂီတတာအိုဂိုဏ်း မီးတောင်အတွင်း ဂီတတာအိုကိုယ်ပွားက စူးစူးရှရှအော်ဟစ်နေသည်ကိုလည်း ဝါးမျိုခံရခြင်းမှ မတားဆီးနိုင်ပေ။ သူ့တကယ့်ခန္ဓာကိုယ်မှ စည်းမျဉ်းဥပဒေသများက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်ကို မရပ်တန့်နိုင်ပေ။
ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် ထူးထူးဆန်းဆန်း အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။ သူက ဤနေ့အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရသည်။ ယခု သူက စွမ်းအားအပြည့် ထုတ်လွှတ်နေပြီ ဖြစ်၏။ စိတ်ခံစားချက်၇မျိုး စည်းမျဉ်းဥပဒေသ ထွက်ပေါ်လာရုံသာမကဘဲ သူ့ကိုယ်ပိုင်ခန္ဓာ၏ အရှိန်အဝါလည်း ထွက်ပေါ်လာသည်။ သူ့အာသီသစည်းမျဉ်းဥပဒေသလည်း စွမ်းအားအပြည့် ထွက်ပေါ်လာလေ၏။
ဤသည်က ဂီတတာအိုကိုယ်ပွားအား ပိုမိုစိတ်ဓာတ်ကျသွားစေသည်။ သူ့အသိစိတ်က အလျင်အမြန် ပျောက်ကွယ်လာနေပြီး ထင်းယွိစည်းမျဉ်းဥပဒေသကလည်း ဆက်တိုက်ဆိုသလို ပေါင်းစည်းကာ ဝမ်ပေါင်လဲ့ဆီ ပါသွားလေသည်။
နောက်အခိုက်အတန့်လေး၌ ပေါင်းစည်းမှု ၃၀ရာခိုင်နှုန်းအထိ ရောက်ရှိသွားလေ၏။ ဤသို့ဖြင့် ၄၀၊ ၅၀ ရာခိုင်နှုန်းဖြင့် … အလျင်အမြန် ရောက်ရှိသွားလေသည်။
အရာအားလုံးက ပြောင်းပြန်မလှန်နိုင်တော့သည်ကို မြင်သည့်အခါ ထင်းယွိမြို့သခင် ကိုယ်ပွားနှစ်ယောက်က ရူးသွပ်မှုတို့ဖြင့် အော်ဟစ်လိုက်ကြသည်။
“ဂိုဏ်းကြီးသုံးဂိုဏ်းက တာအိုကလေးငယ်တွေ၊ ဂီတတာအိုမီးတောင်ဆီ သွားပြီး သစ္စာဖောက်တွေကို သတ်ကြ”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ တာအိုကလေးငယ် ၆ယောက်၏ အမူအရာက ပြောင်းလဲသွားသည်။ သူတို့၏ ကျင့်ကြံဆင့်က ထွက်ပေါ်လာပြီး တိုက်ပွဲမှ ထွက်ကာ ဂီတတာအိုမီးတောင်ဆီ ဦးတည်လိုက်ကြသည်။
အမြန်ဆန်ဆုံးက ယွဲ့လင်းကျစ်က လွဲ၍ တခြားသူ မဟုတ်ပေ။ သူမ၏ မျက်နှာက ဖြူဖျော့နေပြီး သူမ၏ မျက်ဝန်းက စိုးရိမ်မှုတို့ဖြင့် တောက်လောင်နေသည်။ သူမက အလင်းတန်းအဖြစ် ပြောင်းလဲကာ ဂီတတာအိုဂိုဏ်းဆီ ဦးတည်လိုက်၏။ သူမ၏ အနောက် ရှစ်လင်းကျစ်နှင့် အဖြူရောင်ချပ်ဝတ်၊ အနီရောင်နတ်ဆိုးတို့ ပါရှိသည်။ သူတို့၏ အမူအရာတို့ကလည်း မလိုလားသော်လည်း အစစ်အမှန် ကူညီလိုဟန်ပေါ်သည်။ သို့သော်လည်း သူတို့၏ စိတ်ထဲ၌ ရောထွေးသည့် စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေလေ၏။
ဤသည်က သူတို့၏ အရှိန်အရ အလွယ်တကူ မြင်နိုင်လေသည်။
သို့သော် ယွဲ့လင်းကျစ်က မြန်ဆန်သော်လည်း သူမထက် မြန်ဆန်သည့်သူ တစ်ယောက် ရှိသေး၏။ ထိုသူက ကျုံးဟိန်ကျစ်ကလွဲ၍ တခြားသူ မဟုတ်ပေ။ သူက ဂီတတာအိုဂိုဏ်း၏ ကလေးငယ်ဖြစ်သည့်အတွက် သူက မီးတောင်ထဲ ဝင်လုဆဲဆဲတွင် သူ့ရှေ့၌ ပုံရိပ်တစ်ခု ရုတ်ချည်း ပေါ်ထွက်လာပြီး သူ့ကို တားဆီးလာလေ၏။ ဝင်တိုက်သံကို ကြားလိုက်ရပြီးသည့်နောက်တွင် ကျုံးဟိန်ကျစ်၏ ပါးစပ်မှ သွေးများ စီးကျလာသည်။
“ယင်ရှီ” ကျုံးဟိန်ကျစ်က ယင်ရှီကို ကြည့်ရင်း မလိုလားဟန်ဖြင့် ပြောလိုက်သည်။
တစ်ချိန်တည်းဆိုသလို ယွဲ့လင်းကျစ်ကလည်း ထိပ်သီးအလျင်ဖြင့် ရောက်ရှိလာသည်။ သူမက ထိုအရာကို မြင်သည့်အခါ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မီးတောင်ထဲ ဝင်တော့မည့်ဆဲဆဲတွင် ယင်ရှီက လက်ပြကာ တားလာခဲ့သည်။
“ဂိုဏ်းတူအစ်ကိုကြီး ဘာလို့ …” ယွဲ့လင်းကျစ်က ဝမ်းနည်းမှု၊ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေလေ၏။
သူမ တစ်ယောက်တည်းသာ မဟုတ်ပေ။ သိပ်မကြာခင် အဖြူရောင်ချပ်ဝတ်၊ အနီရောင်နတ်ဆိုးနှင့် ရှစ်လင်းကျစ်တို့ကလည်း ရောက်ရှိလာကာ အဖြစ်အပျက်ကို မြင်လိုက်ရသည်။
ယင်ရှီက အားလုံးကို ကြည့်ပြီး အေးစက်စက် ပြောလိုက်၏။
“အကြောင်းအရင်းမရှိဘဲ မင်းတို့တွေကို ဒီနေရာကို ဝင်ခွင့်မပြုဘူး”
“ဒါပေမဲ့ အဲဒါ ကျွန်မတို့ဆရာလေ” ယွဲ့လင်းကျစ်၏ မျက်ဝန်းက သွေးဆာလာ၏။
“တပည့်တစ်ယောက်ကို အသက်ရှင်ဖို့ ပူးကပ်တာက ကလေးတွေရဲ့ အသွေးအသားကို ဝါးမျိုနေတာနဲ့ အတူတူပဲ။ သူမက ငါတို့ရဲ့ ဆရာ မဟုတ်တော့ဘူး” ယင်ရှီက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒါပေမဲ့ သူမက အဲဒီနှစ်တွေတုန်းက ငါတို့တွေကို ကာကွယ်ဖို့အတွက် ခေါင်းငုံ့ခဲ့ရုံအပြင် ရွေးချယ်စရာ မရှိခဲ့ဖူးလေ။ အဲဒါကြောင့်ပဲ သူမက ကျိန်စာနဲ့ တိုက်ခံထားရတာပေါ့” ကျုံးဟိန်ကျစ်က အော်ပြောလိုက်၏။ သူက ရူးသွပ်လုမတတ် ဖြစ်နေသည်။
ယင်ရှီက တိတ်ဆိတ်နေသည်။ သူ့မျက်ဝန်းအထက် တုန်လှုပ်မှုတို့ရှိနေပြီး တီးတိုးပြောလိုက်၏။
“အဲဒါကြောင့်ပဲ။ ငါက ပျော်ရွင်မှုမြို့သခင်နဲ့ ပူးပေါင်းပြီးတော့ ဆရာ့ကို လွတ်လပ်ခွင့်ပေးဖို့ ရွေးချယ်ခဲ့တာ။ သူမက ဒီနှစ်တွေကြားမှာ အများကြီး ခံစားခဲ့ရတယ်”
ယင်ရှီက ပြောလိုက်ရင်းဖြင့် လက်ဝှေ့ကာ အရာအားလုံးကို ပိတ်ဆို့လိုက်သည်။
…………….
တစ်ချိန်တည်းဆိုသလို မီးတောင်ထဲတွင် ဝမ်ပေါင်လဲ့၏ ပူးကပ်မှုက အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ဂီတတာအိုကိုယ်ပွားမှ တွန်းလှန်မှုက ပိုမိုအားနည်းလာပြီး သူ့ခန္ဓာကိုယ်ထဲမှ ထင်းယွိစည်းမျဉ်းဥပဒေသတို့ကလည်း ဝမ်ပေါင်လဲ့နှင့် ဆက်တိုက် ပေါင်းစည်းနေသည်။
၅၀ရာခိုင်နှုန်း၊ ၆၀ရာခိုင်နှုန်း… ၇၀ရာခိုင်နှုန်း
၈၀ရာခိုင်နှုန်း
၉၀ရာခိုင်နှုန်း
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားလေသည်။ သူ့ ထင်းယွိစည်းမျဉ်းဥပဒေသက အစကတည်းက သာမန် မဟုတ်သည့်အတွက် အခု ဇစ်မြစ်နှင့် ပေါင်းစည်းလိုက်သည့်အခါ အံ့မခန်း ဖြစ်သည်။ ထင်းယွိကမ္ဘာက သူ့အတွက် ပိုမိုကြည်လင်လာ၏။ အသံတိုင်းတွင် သူ့ထိုးထွင်းဉာဏ်ထဲ စည်းမျဉ်းစွမ်းအား ကိန်းအောင်းနေသကဲ့သို့ ဖြစ်သည်။
သူက ပြင်ပမှ ထင်းယွိကျင့်ကြံသူများကိုပင် အာရုံခံစားမိ၏။ သူသာ အလိုရှိပါက အရာအားလုံးကို ချက်ချင်း ရှင်းထုတ်ပစ်ကြောင်း ခံစားချက်မျိုး ရှိနေသည်။
ထိုခံစားချက်က အာသီသစည်းမျဉ်းဥပဒေသနှင့်ပင် မရရှိနိုင်သည့် အရာမျိုး ဖြစ်၏။
သူက အာသီသစည်းမျဉ်းဥပဒေသ၏ အခွဲတစ်ခုမျှသာ ဖြစ်သည်။ သို့သော် ယခုတွင် သူက ထင်းယွိစည်းမျဉ်းဥပဒေသ၏ ဇစ်မြစ် ဖြစ်လာခဲ့သည်။ သူသာ အောင်မြင်သွားသည်နှင့် သူ၏ ဇစ်မြစ်တစ်ခု ရရှိခြင်းနှင့် အတူတူ ဖြစ်လိမ့်မည်။ နောက်အခိုက်အတန့်လေး၌ ၁၀၀ ရာခိုင်နှုန်း ရောက်ရှိသွားလေ၏။