ရင်းနှီးမှု
Vol. 102 Ch. 1413
အပြင်လူများက ထိုသွေးကန်ထဲမှ ခပ်ထွားထွားပုံရိပ်ဆီမှ ထွက်ပေါ်လာသည့် အတက်အကျလှိုင်းကို အာရုံမခံနိုင်ကြပေ။ ဤသည်က ဒုတိယကမ္ဘာတွင် ရှိနေသည်ဟု ဆိုနိုင်သော်လည်း အခြေခံအားဖြင့် ထိုအတက်အကျလှိုင်းကို မည်သူကမှ သတိမထားမိပေ။
အကြောင်းအရင်းကမူ ထူးကဲလွန်း၍ ဖြစ်၏။
သို့သော် ဝမ်ပေါင်လဲ့က ကျန့်ယွိမြို့သို့ ရောက်လာပြီးနောက် ရုတ်ချည်းဆိုသလို ရပ်တန့်လိုက်သည်။ သူ့မျက်နှာအထက် သံသယအရိပ်အမြွက်တို့ ရှိလာပြီး မြို့လယ်ခေါင်ကို လှမ်းကြည့်လိုက်၏။
သူက ထူးဆန်းသည့် အတက်အကျလှိုင်းတစ်ခုကို ခံစားမိလိုက်သည်။
“တကယ့်ခန္ဓာလား” ဝမ်ပေါင်လဲ့က ခေတ္တမျှ တုံ့ဆိုင်းသွားလေ၏။ သေချာအကဲခတ်ပြီးသည့်နောက်တွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိသွားသည်။
သို့သော် ထိုအတက်အကျလှိုင်းက သူ့နဂိုခန္ဓာနှင့် ဆင်တူနေသည့်အတွက် ဝမ်ပေါင်လဲ့က မူလခန္ဓာသည် ကျန့်ယွိမြို့ထဲတွင် ရောက်နေတာလား မသဲကွဲတော့ပေ။ သူနှင့် မူလခန္ဓာကြားတွင် ဆက်နွယ်မှုရှိနေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် မူလခန္ဓာ၏ နေရာတွင်ရှိနေသည်ဟု အထင်မှားသွားနိုင်သည်။
သူက ထိုအရာသည် မဖြစ်နိုင်ကြောင်း ခံစားမိသော်လည်း ဆင်တူသည့် အနေအထားအရ ဝမ်ပေါင်လဲ့အား တုံ့ဆိုင်းသွားကာ မျက်မှောင်ကြုတ်သွားစေသည်။
ကံကောင်းစွာဖြင့် ထိုအတက်အကျလှိုင်းက သိပ်ကြာရှည်မခံသည့်အတွက် အလျင်အမြန် ပျောက်ကွယ်သွားလေသည်။ ဝမ်ပေါင်လဲ့က အကြည့်ရုတ်သိမ်းလိုက်သော်လည်း ထိုအဖြစ်အပျက်က သူ့အား ကျန့်ယွိမြို့ကို ပိုမိုစိတ်ဝင်စားလာစေသည်။
“ဒီနေရာမှာ လျှို့ဝှက်ချက်တစ်ခု ရှိနေတာပဲ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။ လမ်းမအထက် လျှောက်လှမ်းလာပြီး အရာအားလုံးကို ကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် မြို့ထဲတွင် ရှိနေသည့်လူအားလုံးက ပြီးပြည့်စုံနေကြခြင်း မဟုတ်ပေ။ တခြားမြို့မှ ရောက်ရှိလာသည့် ကျင့်ကြံသူများစွာ ရှိနေသေး၏။
ယခုအခါ နေဝင်လုနီးပါး ဖြစ်နေလေပြီ။ ယခုမှရောက်ရှိလာသည့် ဝမ်ပေါင်လဲ့က တည်းခိုဆောင်တစ်ခုကို အလျင်အမြန် ရှာတွေ့သွား၏။ အထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင် အခန်းတစ်ခုငှားကာ တင်ပျဉ်ခွေ ထိုင်နေလိုက်သည်။ သူက ယခင်ကခံစားဖူးသည့် အတက်အကျလှိုင်းကို ပြန်လည်တွေးတောနေဆဲ ဖြစ်၏။
“သေချာစဉ်းစားကြည့်တယ်ဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေတယ်”
“မူလခန္ဓာက ဒီမှာရောက်နေတာများ ဖြစ်နိုင်မလား” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရာကို သေသေချာချာ အကဲခတ်ပြီးသည့်နောက်တွင် မဖြစ်နိုင်ကြောင်း သုံးသပ်ချက်ရလာ၏။
မဖြစ်နိုင်ဘူး။ ဒီရွေးချယ်မှုကို ဖယ်လိုက်မှတော့ မူလခန္ဓာကိုယ်ရဲ့ အတက်အကျလှိုင်းလို့ တွေးမိသွားစေတာ ဘာများလဲ” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီး ပြတင်းပေါက်ဆီ လျှောက်လှမ်းလာလိုက်သည်။ သူက ယခင်အတက်အကျလှိုင်း ထွက်ပေါ်လာသည့်နေရာဆီ လှမ်းကြည့်လိုက်၏။
“မြို့လယ်ခေါင် … အာသီသမြို့နဲ့ ထင်းယွိမြို့တို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ မြို့လယ်ခေါင်ဆိုတာက မြို့သခင်တွေ နေထိုင်တဲ့နေရာပဲ။ အဲဒါက ကျန့်ယွိမြို့သခင်လား”
“တကယ်လို့ သူသာဆိုရင် ငါ့ကို ဘာလို့ ဒီလို အားကောင်းတဲ့ ခံစားချက်မျိုး ပေးရတာလဲ” ဝမ်ပေါင်လဲ့က အဝေးတစ်နေရာကို လှမ်းကြည့်ရင်း စဉ်းစားနေမိသည်။ သူက ထိုနေရာဆီ နေ့ဖက်၌ သွားရောက်စစ်ဆေးကြည့်ဖို့ ပြင်ဆင်ထား၏။
ထိုအရာကိုတွေးကာ အကြည့်လွှဲတော့မည့်ဆဲဆဲတွင် သူ့အမူအရာက ထပ်မံ ပြောင်းလဲသွားခဲ့သည်။ အကြောင်းအရင်းကမူ ရင်းနှီးသည့် အတက်အကျလှိုင်းက ထပ်မံပေါ်ထွက်လာ၍ဖြစ်သည်။
ဤတစ်ကြိမ် ယခင်ကထက်ပင် ပိုမိုအားကောင်းနေ၏။ ထိုအရာက ဝမ်ပေါင်လဲ့အား ညအမှောင်ယံထဲမှ တောမီးလို ခံစားမိစေသည်။ တစ်ချိန်တည်းဆိုသလို ထိုအရာက ကြမ်းတမ်းစွာ လောင်ကျွမ်းနေသည့်အတွက် သူ့ကိုပင် အပူလှိုင်းထိမှန်စေသကဲ့သို့ ဖြစ်၏။
ထိုမြင်ကွင်းက ဝမ်ပေါင်လဲ့၏ အမူအရာအား ပြောင်းလဲသွားစေသည်။ သူက ချက်ချင်းဆိုသလို နောက်ဆုတ်ကာ နေရာမှ ပျောက်ကွယ်သွားလေ၏။ သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ ပေထောင်ချီအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ ပေါ်ထွက်လာသည်နှင့် သူ ယခင်ရှိနေသည့် တည်းခိုခန်းက အသံကျယ်ကြီးနှင့်အတူ ပြိုလဲသွားပြီး ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။
ပြာမှုန်အလယ်တွင် ခန္ဓာကိုယ်မှ အနီရောင်အလင်းတန်း ထုတ်လွှတ်နေသည့် ခပ်ထွားထွားပုံရိပ်တစ်ခုက တည်းခိုဆောင်မှ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့ဆီ ဦးတည်လာသည်။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်၏။ သူ့မူလခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ရင်းနှီးသည့် ခံစားချက်က ထိုထူးထူးဆန်းဆန်းပုံရိပ်နှင့် ထပ်တူကျနေသည့်အတွက် သူ့အား မူလခန္ဓာက ရုပ်ပြောင်းထားတာလားဟု အတွေးမျိုးရလာစေသည်။
“အပြင်လူ ငါ မင်းကို စောင့်နေတာ ကြာလှပြီ” ဝမ်ပေါင်လဲ့၏ စိတ်ထဲ ဂယက်ရိုက်နေစဉ် ခပ်ထွားထွားပုံရိပ်က အသံပြုလာခဲ့သည်။
ထိုခပ်ထွားထွားပုံရိပ်ဆီမှ ကြောက်မက်ဖွယ်စွမ်းအားက စွမ်းအားကြီး မီးပြင်းဖိုတစ်လုံးကဲ့သို့ဖြစ်ပြီး ဝမ်ပေါင်လဲ့အား အန္တရာယ်ကို ခံစားမိစေသည်။ တစ်ဖက်သူက ယခင်တွေ့ဖူးသည့် လိုအင်ဆန္ဒမြို့သခင်များနှင့် ကွဲပြားနေဟန်ပေါ်သည်။
ဤသည်က စည်းမျဉ်းဥပဒေသ ကွာဟချက်မျှသာမကဘဲ အရေးကြီးဆုံးက ထိုခန္ဓာကြောင့် ဖြစ်၏။ ထိုခန္ဓာကိုယ်ယူဆောင်လာသည့် ဖိနှိပ်စွမ်းအားက ဝမ်ပေါင်လဲ့အား သူ့ခန္ဓာကိုယ်အား တုန်ယင်သွားစေသည်။ ထို့နောက် တစ်ပြိုင်နက်ဆိုသလို သူ့ခန္ဓာကိုယ်ထဲမှ အားကောင်းသည့် အလိုဆန္ဒတစ်ခု မြင့်တက်လာလေ၏။
ထိုခန္ဓာကိုယ် ပူးကပ်ဖို့ရာအတွက် ဖြစ်သည်။
သို့သော် ထိုဖိအားက အားကောင်းလွန်းသည့်အတွက် သူ့ကို ချုပ်ထိန်းထားသလိုမျိုး ဖြစ်နေသည်။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်က သိသိသာသာ တိုးတက်လာကာ ထင်းယွိမြို့သခင်တစ်ပိုင်းဟုပင် မှတ်ယူနိုင်သော်လည်း ထိုခပ်ထွားထွားပုံရိပ်နှင့် ရင်ဆိုင်ရသည့်အခါ ထိုသူအတွက် ပြိုင်ဖက် မဟုတ်ကြောင်း ခံစားမိနေ၏။
ဤဖိနှိပ်မှုအောက်တွင် သူက ခုခံနိုင်သည့် စွမ်းရည်အားလုံးကို ဆုံးရှုံးသွားနိုင်သည်။ သူ့ရှေ့တွင် လမ်းကြောင်းသုံးခု ရှိနေ၏။ ပထမတစ်ခုက ထင်းယွိစည်းမျဉ်းဥပဒေသ၏ စွမ်းအားကို အသုံးပြုကာ ဤနေရာမှ ထွက်ပြေးဖို့ ဖြစ်သည်။
သူက တစ်ဖက်သူ၏ ဖိနှိပ်စွမ်းအားဖြင့်ပင် လွတ်မြောက်နိုင်လိမ့်မည်ဟု ယုံကြည်၏။ အကယ်၍ သူ ယခု ထွက်မသွားခင် နောက်ကျလွန်းသွားလိမ့်မည်။
ဒုတိယနည်းလမ်းကမူ သူ ယခင်က ပြင်ဆင်ထားခဲ့သည့် နောက်ဆုံးနိုင်မည့် နည်းလမ်းအားလုံးကို အသုံးပြုဖို့ရာအတွက် ဖြစ်၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်မှ လိုအင်ဆန္ဒကို ခံစားမိပြီး ရင်းနှီးသည့် အတက်အကျလှိုင်းကို တွေးမိသည့်အခါ ဝမ်ပေါင်လဲ့၏ မျက်ဝန်းက နီရဲလာသည်။ သူက အလောင်းအစားကို သဘောမကျသော်လည်း ဤတစ်ကြိမ်၌ အလောင်းအစားကို ရွေးချယ်ပြီး တတိယနည်းလမ်းကို ရွေးချယ်ခဲ့သည်။
ဝမ်ပေါင်လဲ့က ရွေးချယ်မှု ပြုလုပ်လိုက်သည့်အချိန် ကျန့်ယွိမြို့သခင်၏ လက်ကြီးက သူ့အား ရိုက်ချလာလေ၏။ သူ့ရုပ်ခန္ဓာခွန်အားက စည်းမျဉ်းဥပဒေသစွမ်းအားဖြင့် ပေါင်းစည်းကာ ဝမ်ပေါင်လဲ့ကို လွှမ်းခြုံထားမည့် ပိုက်ကွန်ကြီးသဖွယ် ဖြစ်လာသည်။
ဤသို့သော ရှိသည့်အခိုက်အတန့်မျိုး၌ ဝမ်ပေါင်လဲ့က အော်ဟစ်လိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲမှ အာသီသစည်းမျဉ်းဥပဒေသနှင့် ထင်းယွိစည်းမျဉ်းဥပဒေသတို့က တစ်ပြိုင်နက် ပေါက်ထွက်လာကာ အချင်းချင်း ထိပ်တိုက်တွေ့ဆုံသွားသည်။ ထိုထိပ်တိုက်တွေ့ဆုံမှုအလယ်တွင် ကျန့်ယွိမြို့သခင်၏ စည်းမျဉ်းဥပဒေသစွမ်းအားက သိသိသာသာ တုန်လှုပ်သွားလေ၏။ သို့သော် အရှိန်အဟုန်က လျော့ကျသွားခြင်း မရှိပေ။ ထိုခန္ဓာ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားက ဆက်လက်ပေါက်ထွက်နေဆဲသာဖြစ်ကာ ဝမ်ပေါင်လဲ့ကို တိုက်ရိုက်ရင်ဆိုင်ပြီး သူ့လည်ပင်းကို ဆွဲကိုင်လာသည်။
ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲတွင် အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။ သူက ခုခံမှုကို လက်လျှော့ပြီး တစ်ဖက်သူကို သူ့အား ဆွဲကိုင်ခွင့်ပြုလိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားကာ အသံကျယ်ကြီးနှင့်အတူ သူ့ခုခံနိုင်မည့်စွမ်းအား အားလုံး ဆုံးရှုံးသွားလေသည်။
“အားနည်းလိုက်တာ” ကျန့်ယွိမြို့သခင်က ပြုံးကာ ပြောလိုက်သည်။ သူက ဝမ်ပေါင်လဲ့ကို ဆွဲပြီး မြေအောက်နန်းဆောင်ဆီ ဦးတည်လိုက်၏။ သူ့အရှိန်က ဥက္ကာပျံအလား မြန်ဆန်လွန်းပြီး မြေအောက်နန်းဆောင်ဆီ ချက်ချင်းဆိုသလို ရောက်ရှိလာသည်။
သူ ထိုနေရာဆီ ရောက်ရှိလာသည်နှင့် ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်း ရှူလိုက်၏။ သူက သွေးကန်ထဲက ရင်းနှီးပြီးသား အတက်အကျလှိုင်းကို ခံစားမိလိုက်သည်။ သူက ရှင်းရှင်းလင်းလင်း မမြင်ရခင် စွမ်းအားတစ်ခုက ရောက်ရှိလာပြီး သူ့ခန္ဓာကိုယ်အား သွေးကန်ထဲ နစ်မြုပ်ခံလိုက်ရသည်။
တစ်ပြိုင်နက်ဆိုသလို ဖိနှိပ်စွမ်းအားတို့ကလည်း ကျဆင်းလာသည်။
“မင်းက ဒီသွေးကန်ကို မြင်ရဖို့အတွက် တမင် အဖမ်းခံလိုက်တာပဲ။ ဒီနေ့တော့ မင်းကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ပေးမယ်”
ဝမ်ပေါင်လဲ့က မျက်ခုံးပင့်ကာ ကြည့်လိုက်၏။ သူက မှုန်မှိုင်းမှိုင်းအမူအရာဖြင့် သွေးကန်ထဲတွင် ရှိနေလေသည်။ ပတ်ဝန်းကျင်ကို လေ့လာပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် လိုအင်ဆန္ဒတစ်ခုကို ခံစားမိလိုက်သည်။ သူ့အမူအရာက ပိုမိုမှုန်မှိုင်းလာကာ ကျန့်ယွိမြို့သခင်ကို ကြည့်လိုက်သည်။
“ငါက ကျန့်ယွိမြို့ဆီ လာမယ်ဆိုတာကို သိနေတာလား”
ကျန့်ယွိမြို့သခင်က ရယ်မောပြီး လက်ကို ဝှေ့ယမ်းလိုက်သည့်အချိန် ဖိနှိပ်စွမ်းအားများက အသက်ဝင်လာပြီး နေရာတစ်ခုလုံးကို ပိတ်ဆို့လိုက်၏။ ထို့နောက် သူက သွေးကန်ထဲ ဝင်ရောက်လိုက်ပြီး သူ့မျက်ဝန်းအထက် မဖုံးကွယ်နိုင်ဘဲ လောဘနှင့် မျှော်လင့်ချက်တို့ ထုတ်ပြလာသည်။
“ဒါပေါ့။ ဒါက ငါနဲ့ ပျော်ရွှင်မှုမြို့သခင်ကြားက အပေးအယူပဲ။ ငါက ထင်းယွိမြို့သခင်ရဲ့ သတင်းစကားကို နှောင့်ယှက်ဖို့ ကူညီပေးခဲ့ပြီးတော့ သူမက မင်းကို ဒီနေရာပို့အောင် ကူညီပေးခဲ့တာပဲ”