← Chapters

အသိုက်လုခြင်း

Vol. 102 Ch. 1415

အသိုက်လုခြင်း

Vol. 102 Ch. 1415

ဝမ်ပေါင်လဲ့က ကျန့်ယွိမြို့သခင် ခန္ဓာကိုယ်၏ ၆၀ရာခိုင်နှုန်းကို စုပ်ယူပြီးသား ဖြစ်၏။ ကျန်ရှိနေသည့် ၄၀ရာခိုင်နှုန်းက ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်စဉ်အတွင်း သွေးနီရောင် အလင်းတန်းလေးခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့က အဖက်ဖက်သို့ အင်မတန် မြန်ဆန်သည့် အလျင်ဖြင့် ထွက်ပြေးသွားပြီး အဝေးတစ်နေရာ၌ ပျောက်ကွယ်သွားကြ၏။

ကိုယ်တိုင်ဖောက်ခွဲသည့် တုန်ခါလှိုင်း၏ အကူအညီဖြင့် သူ့ထွက်ပြေးမှုက ကန့်သတ်ချက်သို့ ရောက်ရှိသွားလေသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့နှင့် စိတ်ခံစားချက် ၇မျိုးမှ မြို့သခင်သုံးယောက်က အတော်လေး မြန်ဆန်ကြသည်။ သူတို့ကလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားကာ သွေးနီရောင်အလင်းတန်းနောက် လိုက်ဖမ်းကြသည်။

ခဏအကြာတွင် အဖွဲ့က ပြန်လည်စုစည်းကာ အမူအရာ ပျက်ယွင်းနေကြသည်။

“ကျန့်ယွိမြို့သခင်ဆိုတဲ့အတိုင်းပဲ။ ကိုယ်တိုင်ဖောက်ခွဲပြီး ကျန်ရှိနေတဲ့ စွမ်းအားလေးခုနဲ့တောင် သူက သဲလွန်စမကျန်ဘဲ ထွက်ပြေးသွားနိုင်သေးတယ်။ ဒါပေမဲ့ သူက လွတ်မြောက်မှာတော့ မဟုတ်ဘူး။ ဒေါသမြို့သခင်က မြို့ကို ပိတ်ဆို့ထားတာ ကြာပြီ။ သူက ကျန့်ယွိမြို့ထဲမှာပဲ ရှိလိမ့်မယ်” ပျော်ရွှင်မှုမြို့သခင်က ကျန်သုံးယောက်ကို ကြည့်ရင်း ပြောလိုက်သည်။

ဝမ်းနည်းမှုမြို့သခင်နှင့် အငြိုးတရားမြို့သခင်တို့က ခေါင်းအသာယမ်းလိုက်ကြ၏။ ဝမ်ပေါင်လဲ့ကမူ မျက်မှောင်ကြုတ်လိုက်သည်။ သူက ဆက်လက်ဖမ်းဆီးဖို့ ကြံရွယ်ထား၏။ သို့သော်လည်း ကျန့်ယွိမြို့သခင်က သူ့သင်ခန်းစာကို မှတ်ထားကြောင်း သိသာလှသည်။ သူ မည်သည့်နည်းလမ်း အသုံးပြုလိုက်လဲ မသိသော်လည်း ထပ်မံအာရုံခံ၍ မရတော့ပေ။

သူ့အနေဖြင့် သူ့အထဲတွင် ရှိသည့် ကျန့်ယွိစည်းမျဉ်းဥပဒေသကို ချေဖျက်ဖို့ လိုအပ်နေသေး၏။ ထို့ကြောင့် သူက ကျန့်ယွိမြို့သခင်နောက် လိုက်မဖမ်းတော့ပေ။ ထိုအစား သူက ပျော်ရွှင်မှုမြို့သခင်နှင့် တခြားသူများကို ကြည့်လိုက်၏။

“ပျော်ရွှင်မှုမြို့သခင် ကျုပ် ရှင်းပြချက် လိုတယ်” ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“မင်း သိထားသလောက် ငါ့အနေနဲ့ မင်းကို အများကြီး ရှင်းပြစရာလိုမယ်လို့တော့ မထင်ဘူး။ ကျန့်ယွိမြို့သခင်က ငါနဲ့အရင် တွဲလုပ်ခဲ့တာ။ သူက ငါတို့ကို ထင်းယွိမြို့သခင်က အထက်ကမ္ဘာကို သတင်းပို့တဲ့နေရာမှာ တားဆီးဖို့ ကူညီပေးခဲ့တာ။ ငါကတော့ မင်းကို ကျန့်ယွိမြို့ထဲကို မျှားခေါ်ပေးခဲ့ရတာပေါ့။ လက်တွေ့မှာတော့ ကတိစကားကို မချိုးဖောက်ဘူးလေ။ ငါ မင်းကို ဒီနေရာကို အမှန်ပဲ မျှားခေါ်ပေးခဲ့တယ်လေ။ ”

“အဲလိုလား” ဝမ်ပေါင်လဲ့၏ အမူအရာက ပြောရင်းဖြင့် တည်ငြိမ်နေသည်။

“ဟုတ်တယ်လေ။ ကျန့်ယွိမြို့သခင်က အတော်လေး ထူးကဲတယ်။ သူက အခြေအနေ ပြည့်ပြည့်စုံစုံနဲ့ ကျန့်ယွိမြို့ထဲကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး” ပျော်ရွှင်မှုမြို့သခင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“အဲဒီခန္ဓာကိုယ်ကြောင့်လား” ဝမ်ပေါင်လဲ့က ရုတ်တရက် မေးလိုက်၏။

“ကျန့်ယွိစည်းမျဉ်းဥပဒေသက အတော်လေး ထူးကဲတယ်။ အဲဒီစည်းမျဉ်းကို ကျင့်ကြံသူတွေက ထိန်းချုပ်ထားတာ မဟုတ်ဘဲ အဲဒီခန္ဓာကိုယ်ကပဲ ထိန်းချုပ်ထားနိုင်တာ။ ပြောရမယ်ဆိုရင် အဲဒီခန္ဓာကိုယ်ကို ထိန်းချုပ်ထားတဲ့သူတိုင်းက ကျန့်ယွိစည်းမျဉ်းဥပဒေသကို ထိန်းချုပ်နိုင်စွမ်း ရှိလိမ့်မယ်။ ပြီးတော့ အဲဒီသူက ကျန့်ယွိမြို့သခင် ဖြစ်လာလိမ့်မယ်။

ကျန့်ယွိမြို့သခင်အတွက်ကိုတော့ သူ့နောက်ခံ ပြောပြလို့ရတယ်။ သူက နဂိုက အထက်ကမ္ဘာက နတ်ဧကရာဇ်ရဲ့ တပည့်တစ်ယောက်ပဲ။ သူက တိုက်ပွဲအတွင်း သေဆုံးပြီးတဲ့နောက်မှာ ဝိညာဉ်အပိုင်းအစတစ်ခုပဲ ကျန်နေခဲ့တာ။ နတ်ဧကရာဇ်က သူ့ကိုယ်ပိုင်သွေးကို သုံးပြီး သူ့အတွက် ခန္ဓာကိုယ်ကို ဖွဲ့စည်းပေးခဲ့တာလေ။

ဒါပေမဲ့ ဇစ်မြစ်က ကွဲပြားတော့ နတ်ဧကရာဇ်က ကျန့်ယွိစည်းမျဉ်းဥပဒေသကို အဲဒီခန္ဓာကိုယ်နဲ့ ပေါင်းစည်းပေးပြီး သူ့တပည့်က အောင်အောင်မြင်မြင် ပူးကပ်နိုင်ဖို့ ခွင့်ပြုပေးခဲ့တယ်။ ဒါပေမဲ့ နတ်ဧကရာဇ် သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားတဲ့နောက်မှာ ဒီခန္ဓာကိုယ်က ဖြည်းဖြည်းချင်း မပြီးပြည့်စုံတော့ဘူး။

အဲဒါက အသက်ဓာတ် လိုအပ်နေတယ်။ ပြီးတော့ ပေါင်းစည်းမှုအနေအထားကို ထိန်းသိမ်းဖို့အတွက် အသက်ဓာတ်စွမ်းအား အမြောက်အများနဲ့ ဆက်တိုက်ပေါင်းစည်းနေဖို့ လိုတယ်။ အဲဒါကြောင့် အခုချိန်ထိ သူ့အတွက် အဲဒါက အလုပ်ဖြစ်ခဲ့တာပေါ့ …

ဒါပေမဲ့ မင်းပေါ် ထွက်လာမှုက ဒါတွေအားလုံးကို ပြောင်းလဲသွားစေတယ်။ ငါလည်း အကြောင်းအရင်းကို မသိပေမဲ့ သူက မင်းကို ဝါးမျိုလိုက်မယ်ဆိုရင် ဒီခန္ဓာကိုယ်အတွက် အထောက်အကူကြီးကြီး ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ပြီးတော့ ရေရှည်လည်း အသုံးပြုနိုင်လိမ့်မယ်။ အဲဒါကြောင့် သူက ငါနဲ့အတူတူ တွဲပြီးတော့ လုပ်တာပဲ။ အဲဒါကြောင့် မင်းကို ဒီနေရာ မျှားခေါ်ဖို့ အပြင်လူရဲ့ အကူအညီကို လိုအပ်ခဲ့တာ။ ငါက မင်းကို ကူညီခဲ့တာက ငါတို့ရဲ့ ရည်ရွယ်ချက်က အတူတူဖြစ်နေလို့ပဲ” ပျော်ရွှင်မှုမြို့သခင်က ဤတစ်ကြိမ် ဝမ်ပေါင်လဲ့ဆီ ဘာမှဖုံးကွယ်ထားခြင်း မရှိဘဲ အရာအားလုံးကို ပြောပြလိုက်သည်။

 ဝမ်ပေါင်လဲ့က အချိန်အတော်ကြာ တိတ်ဆိတ်သွားလေ၏။ သူက ပျော်ရွှင်မှုမြို့သခင် ယခင်က မပြောခဲ့သည့် အရာများကို ကြားလိုက်ရသည်။ သူ့ကိုယ်ပိုင်အကဲဖြတ်ချက်နှင့် သုံးသပ်ချက်များကို ပေါင်းစည်းပြီးသည့်နောက်တွင် ပိုမိုပြီးပြည့်စုံသည့် ပုံကားချပ်တစ်ခု ထင်ဟပ်လာ၏။

ဝမ်ပေါင်လဲ့က ပျော်ရွှင်မှုမြို့သခင်၏ ကူညီရသည့် အကြောင်းအရင်းကို အပြည့်အဝ မယုံကြည်သေးပေ။ တစ်ဖက်သူက အပြင်လူ မသိစေလိုသည့် တခြားသော အကြောင်းပြချက်များ ရှိနေမှန်း သိသာလှ၏။ သို့သော်လည်း ထိုအရာက အရေးမကြီးပေ။ အရေးကြီးသည့်အရာက ဝမ်ပေါင်လဲ့သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ခံစားကြည့်လိုက်၏။ သူက ယခင်နှင့် ကွဲပြားနေသည်ကို အားပြင်းပြင်း ခံစားမိလိုက်သည်။

ထိုမတိုင်ခင်က သူသည် သီးသန့်ဖြစ်တည်နေသော်လည်း သူ့အသိစိတ်မျှသာ ဖြစ်၏။ သူ့ရုပ်ခန္ဓာက ပင်မခန္ဓာကိုယ်နှင့် ဆက်နွယ်နေဆဲသာ ဖြစ်သည်။ သို့သော်လည်း ထိုဆက်နွယ်မှုက ယခုအခါ များစွာ အားနည်းသွားခဲ့သည်။ သေချာသည့်အနေအထားအရ သူသည် အမှီအခိုကင်းသည်ဟု မှတ်ယူနိုင်လေ၏။

သူ့ခန္ဓာကိုယ်နှင့် ရင်းနှီးသည့် ခံစားချက်က ဝမ်ပေါင်လဲ့အား တောက်ပလာစေသည်။ ထို့အပြင် ကျန့်ယွိစည်းမျဉ်းဥပဒေသပါ ရှိနေလေသည်။ သူ မြင်သမျှအရာအားလုံးကို ကိုယ်စားပြုသည့် အလိုဆန္ဒကြောင့် သူ့အနေဖြင့် အဆုံးမဲ့ပြောင်းလဲနိုင်၏။ တကယ်တော့ ထိုအခိုက်အတန့်၌ သူသည် ကျန့်ယွိစည်းမျဉ်းဥပဒေသ၏ ဇစ်မြစ်အဖြစ် မှတ်ယူနိုင်ပြီ ဖြစ်သည်။ သူက ဤမြို့အတွင်း ထိုစည်းမျဉ်းကို ကျင့်ကြံနေသည့် တပည့်အားလုံးကို ခံစားမိလိုက်သည်။ လက်တစ်ချက်အဝှေ့တွင် အလှပဂေးမှ ရုပ်ဆိုးဆိုးအဖြစ်လည်း ပြောင်းလဲပစ်နိုင်သလို ပြောင်းပြန်လည်း ပြန်လုပ်နိုင်သည်။

ထိုအရာက ခန္ဓာကိုယ်ကို ထိခိုက်ခြင်း မရှိပေ။ ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ရေရွတ်လိုက်၏။ ထိုအရာက ကျန့်ယွိစည်းမျဉ်းဥပဒေသ၏ ထင်ရှားချက် ဖြစ်သည်။ အကယ်၍ သူသာ သူ မြင်သမျှအရာအားလုံးကို ယုံကြည်စေဖို့ လှည့်စားနိုင်ပြီဆိုပါက အလိမ်အညာကိုပင် လက်တွေ့အဖြစ် ပြောင်းလဲနိုင်သည်။

ဤသည်က သူ့အား အပြည့်အဝ ဖုံးကွယ်ပြီး တခြားသော စည်းမျဉ်းဥပဒေသများ၏ မူလဇစ်မြစ်မှ အာရုံမခံမိစေဖို့ သော့ချက်လည်း ဖြစ်၏။

စိတ်ဝင်စားစရာကောင်းတဲ့ စည်းမျဉ်းပဲ…

ဝမ်ပေါင်လဲ့၏ အကြည့်များက တောက်ပလာသည်။ ထိုအခိုက်အတန့်လေး၌ သူ့ခန္ဓာကိုယ်က ပြောင်းလဲသွား၏။ သူက ယခင်မြင်ဖူးသည့် ထင်းယွိမြို့သခင်၏ ခပ်ထွားထွားပုံရိပ်အသွင် ပြောင်းလဲသွားလေ၏။

 ထိုနေရာတွင် ရပ်နေရင်း သူ့ခန္ဓာကိုယ်အထက် သင်္ကေတများ တောက်ပလာကာ ကျန့်ယွိမြို့သခင်၏ အရှိန်အဝါတို့ ပေါက်ထွက်လာပြီး ပျော်ရွှင်မှုမြို့သခင်နှင့် တခြားသူများအား မျက်မှောင်ကြုတ်သွားစေသည်။

အကယ်၍ သူတို့သာ ဝမ်ပေါင်လဲ့၏ အပြောင်းအလဲကို ကိုယ်တိုင် မမြင်ရပါက ယခုအခိုက်အတန့်တွင် အမှားအမှန်ကို ခွဲခြားနိုင်မည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့က ထိုခန္ဓာ၏ ၆၀ရာခိုင်နှုန်းကို ရရှိပြီးပြီ ဖြစ်ကာ ကျန့်ယွိမြို့သခင်တစ်ယောက်အဖြစ် ဖော်ညွှန်းဖို့ရာ ပြဿနာ မရှိပေ။

လက်ရှိအပြောင်းအလဲကို ခံစားမိပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ကျေနပ်နေမိသည်။ တစ်ချိန်တည်းဆိုသလို သူက ထွက်ပြေးသွားသည့် ကျန့်ယွိမြို့သခင် ကိုယ်ပွားလေးယောက်၏ သွေးနှင့် စွမ်းအားများကို စောင့်မျှော်နေမိ၏။

သူ့အကဲဖြတ်ချက်က ပျော်ရွှင်မှုမြို့သခင်နှင့် အတူတူသာ ဖြစ်၏။ သူက ထိုကိုယ်ပွားလေးယောက်သည် မြို့ထဲမှ ထွက်သွားနိုင်လိမ့်မည်ဟု မထင်ပေ။ ထို့ကြောင့် သူတို့က မြို့ထဲ၌သာ ပုန်းအောင်းနေလိမ့်မည်။

သူက သေချာပေါက် ပေါ်ထွက်မလာရဲသေးသည့်အတွက် သူက ထိုသူ့နေရာကို ဝင်ယူကာ မြို့သခင် ဖြစ်လာရသည်။

“ကျန့်ယွိမြို့ရဲ့ မြို့သားတွေအားလုံး ငါ့အမိန့်ကို နားထောင်ကြ” ဝမ်ပေါင်လဲ့က ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် တခြားသူများကို လျစ်လျူရှုပြီး လေထဲ ခုန်တက်ကာ သူ့နတ်ဘုရားအသိစိတ်ဖြင့် မြို့တစ်ခုလုံးကို လွမ်းခြုံလိုက်သည်။

ကျန့်ယွိမြို့မှ ကျင့်ကြံသူများကလည်း မြေအောက်နန်းဆောင်မှ အော်သံကြောင့် အာရုံပြောင်းလဲသွားကြသည်။ ဝမ်ပေါင်လဲ့ကို လေထုထဲ မြင်တွေ့ပြီးသည့်နောက်တွင် သူတို့က ရင်းနှီးပြီးသား ခန္ဓာနှင့် ရင်းနှီးပြီးသား အတက်အကျ ခန္ဓာလှိုင်းကို ခံစားမိပြီးသည့်နောက် စိတ်သက်သာရာရသွားကာ ဒူးထောက်လိုက်ကြသည်။

“ကျန့်ယွိမြို့သခင်ကို ဂါရဝပြုပါတယ်”

ဘေးပတ်လည်ကို ကြည့်ပြီးသည့်နောက်တွင် ကျင့်ကြံသူတစ်သိန်းကျော်က ပြိုင်တူ ဒူးထောက်လိုက်ကြသည်။ ထို့နောက် ဝမ်ပေါင်လဲ့က ဆရာသခင်တစ်ယောက်လိုမျိုး အဖက်ဖက်ကို လှမ်းကြည့်လိုက်သည်။

“ကျင့်ကြံသူအားလုံး နားထောင်ကြ။ ငါ့ရဲ့ သွေးကန်ထဲက တစ်စိတ်တစ်ပိုင်းကို ခိုးယူသွားတဲ့ သူခိုးလေးယောက် ရှိတယ်။ ပြီးတော့ ဒီမြို့ထဲမှာ ပုန်းအောင်းနေတယ်။ ဒီနေ့ကစပြီး မင်းတို့တွေ အဲဒီလူကို ရှာဖွေရမယ်။ တကယ်လို့ မူမမှန်မှုရှိရင် မင်းတို့စွမ်းအားနဲ့ ဖိနှိပ်ထားလိုက်ကြ။ အဲဒီလူလေးယောက်ကို ရှာတွေ့တဲ့လူတိုင်းကို ကျန့်ယွိစည်းမျဉ်းဥပဒေသ နားလည်နိုင်အောင် ငါက ကူညီပေးမယ်”

ဝမ်ပေါင်လဲ့၏ စကားပျံ့နှံ့သွားသည့်အခါ ကျန့်ယွိမြို့ထဲရှိ လူအားလုံးက ပြိုင်တူ တုံ့ပြန်လိုက်ကြသည်။ သူတို့မျက်ဝန်းအထက် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်စောင့်စားမှုများ ရှိနေလေ၏။

တစ်ချိန်တည်းဆိုသလို မြို့၏ တည်နေရာလေးခု၌ ကျန့်ယွိမြို့သခင်မှ ပြောင်းလဲထားသည့် ကိုယ်ပွားလေးယောက်က အံကြိတ်လျက် ဝမ်ပေါင်လဲ့ဆီ အမုန်းတရားအပြည့်ဖြင့် ကြည့်နေလေသည်။

All Chapters