မင်းကို တွေ့ပြီ
Vol. 102 Ch. 1417
အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ အသားအရည်က ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ သူ့နတ်ဘုရားအသိစိတ်က တစ်ဖက်သူကို ရှာမတွေ့သေးသော်လည်း ဤကဲ့သို့ လွှမ်းမိုးမှုများ အကြိမ်များစွာ ဖြစ်လာပါက အကြိမ်များစွာ သေချာပေါက်ရှာနိုင်လိမ့်မည် ဖြစ်ကြောင်း ခပ်ဝါးဝါး မှန်းဆချက်တချို့ ရှိလာမိသည်။
“ငြင်းဆန်နေတယ်ဆိုတာက ငါ့ရဲ့ ပေါင်းစည်းမှုက မပြီးပြည့်စုံသေးလို့ပဲ” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် ခန္ဓာကိုယ်ပြောင်းပြန်ပူးကပ်ရေး နည်းလမ်းကို ထပ်မံအသက်သွင်းလိုက်ပြီး ခန္ဓာကိုယ်နဲ့ ထပ်မံပေါင်းစည်းဖို့ ပြင်လိုက်သည်။ ဤသို့ဖြင့် အချိန် ကုန်လွန်သွား၏။
တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့က ရုတ်ချည်းဆိုသလို မျက်လုံးဖွင့်လာသည်။ သူ့မျက်နှာက ချက်ချင်းလက်ငင်း ဖြူဖျော့သွားပြီး တွန်းကန်အားက ထပ်မံ ထွက်ပေါ်လာ၏။ ဤတစ်ကြိမ် သူ့ဝိညာဉ်ကို ဖိနှိပ်ထားသော်လည်း ဖြစ်စဉ်က ကြာရှည်လာပြီး တစ်နာရီ မဟုတ်ဘဲ နှစ်နာရီ ဖြစ်လာလေသည်။
အကယ်၍ တခြားသောသူ ဆိုပါက တောင့်ခံနိုင်မည် မဟုတ်ဘဲ ခန္ဓာကိုယ်၏ တွန်းပယ်မှုကို ခံရသည်မှာ ကြာမြင့်လောက်လေပြီ။ သို့သော် ဝမ်ပေါင်လဲ့က အနည်းငယ် ကွဲပြား၏။ ဤတစ်ကြိမ် သူက နှစ်နာရီမျှ တောင့်ခံခဲ့သည်။
အငြင်းခံရသည့် ခံစားချက် ပျောက်ကွယ်သွားသည့်အခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က ယိုင်ခနဲဖြစ်သွားပြီး လဲကျလုနီးပါး ဖြစ်သွားလေ၏။ သူ့မျက်နှာက ပိုမိုဖြူဖျော့လာကာ သူ့မျက်ဝန်းထဲမှ ဒေါသကိုလည်း မဖုံးကွယ်နိုင်တော့ပေ။ ထို့နောက် သူ့နတ်ဘုရားအသိစိတ်ကို ဖြန့်ကျက်ကာ ထပ်မံ ရှာဖွေလိုက်သည်။
သို့သော် သဲလွန်စဟူ၍ မရှိသေးပေ။
“ငါက ဒီတွန်းကန်မှုကို ဖိနှိပ်ထားပြီး တစ်ဖက်သူရဲ့ နေရာကို ရှာနိုင်လိမ့်မယ်။ မနေ့က အခြေအနေနဲ့ ဒီနေ့အခြေအနေအရဆိုရင် မနက်ဖြန်လည်း ဒီလိုအချိန်မျိုး ဖြစ်လာဦးမှာပဲ” ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူလိုက်သည်။ သူက အပြင်ထွက်ဖို့ အချိန်မရှိပေ။ ထို့ကြောင့် ပေါင်းစည်းရေး၌သာ အာရုံစိုက်ထားလိုက်၏။
အကယ်၍ ဤသို့ဆက်ဖြစ်နေပြီး တွန်းကန်အားသည် ဆယ့်နှစ်နာရီအထိ ရောက်လာပါက သူ့အနေနှင့် တောင့်ခံနိုင်တော့မည် မဟုတ်ကြောင်း ခံစားချက်မျိုး ရနေသည်။ ထိုအခါ ခန္ဓာကိုယ်မှ တွန်းပယ်ခံရပြီး ဝိညာဉ်အဖြစ် ပြောင်းလဲခံလိုက်ရနိုင်ချေ ရှိသည်။
ဤနည်းဖြင့် သူသည် ထိုခန္ဓာကိုယ် ပူးကပ်မှုမှ ရထားသည့် အရာအားလုံးအပြင် သူနဂိုပိုင်ဆိုင်ထားသည့် အရာအားလုံးကိုပါ ဆုံးရှုံးလိုက်ရမည်။
ဤသည်က ဝမ်ပေါင်လဲ့အနေဖြင့် လုံးဝလက်သင့်မခံနိုင်သည့် အရာတစ်ခု ဖြစ်၏။
သူက သူ့ခန္ဓာကိုယ် ငြင်းဆန်မှု ပြလာသည့်အချိန်တိုင်း ပြီးပြည့်စုံသည့် ပေါင်းစည်းမှုထဲ မလိုက်လျောညီထွေသည့် လျှို့ဝှက်ချက်တချို့ရှိလိမ့်မည်ဟု တွေးထင်လာမိစေသည်။ သူက ထိုအစိတ်အပိုင်းများကို သဟဇာတဖြစ်အောင် ပြောင်းလဲသည့်အချိန်တိုင်း ခန္ဓာကိုယ်ကို ပိုမိုအားကောင်းအောင် ထိန်းချုပ်လာနိုင်၏။
“ဒါက ကိစ္စကောင်းပဲ” ဝမ်ပေါင်လဲ့က မျက်လုံးအသာမှိတ်ပြီး ဆက်လက် ကျင့်ကြံလိုက်သည်။ တတိယမြောက် နေ့ရက်၌ ဝမ်ပေါင်လဲ့က ဆုံးဖြတ်ချက်ပြတ်သားမှုအပြည့်ဖြင့် မျက်လုံးပွင့်လာသည်။
နောက်အခိုက်အတန့်လေး၌ တွန်းကန်အား ထွက်ပေါ်လာလေ၏။ ဤတစ်ကြိမ် ဝမ်ပေါင်လဲ့က ထိုအရာကို ဖိနှိပ်ထားပြီး သူ့နတ်ဘုရားအသိစိတ်ကို ထိန်းချုပ်ကာ ဆက်လက် ရှာဖွေလိုက်သည်။ သို့သော် ထိုသို့မတတ်နိုင်ခဲ့ပေ။
တစ်ချိန်တည်းဆိုသလို ထိုကိစ္စက ပျော်ရွှင်မှုမြို့သခင်ထဲ တခြားသူများထံ အပ်နှံထား၍ မရကြောင်း နားလည်ထား၏။ သူကိုယ်တိုင်ကသာ ခံစားမိလိမ့်မည်။ သို့သော်လည်း လက်ရှိအခြေအနေ၌မူ အာရုံများ၍ မရပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့က သူ့အတွင်းပိုင်းဒေါသကို ဖိနှိပ်ထားပြီး ငြင်းဆန်မှုကို သူ့စွမ်းအားကုန်သုံးလျက် ဖိနှိပ်နေရသည်။
ဤတစ်ကြိမ် တွန်းကန်အားက သုံးနာရီကြာမြင့်ခဲ့သည့်အတွက် ဝမ်ပေါင်လဲ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သူ စိုးရိမ်နေသည့်အရာက အချိန်နှစ်ဆ ဖြစ်သွားမည်ကို ဖြစ်သည်။ အကယ်၍ တစ်ရက် တစ်နာရီ တိုးမြှင့်နေသည်ဆိုပါက သူ့အား အချိန်လုံလုံလောက်လောက် ပေး၏။
သုံးနာရီခန့်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အတော်လေး အားနည်းနေပြီ ဖြစ်သော်လည်း အံကြိတ်ကာ ပေါင်းစည်းမှုကို ဆက်လက် အရှိန်မြှင့်တင်လိုက်သည်။
ဤသို့ဖြင့် လေးရက်မြောက်၊ ငါးရက်မြောက်၊ ခြောက်ရက်မြောက်၊ ခုနစ်ရက်မြောက် …
ငြင်းဆန်မှုက ဆက်တိုက် တိုးပွားလာလေ၏။ ၇ရက်မြောက်နေ့တွင် ၇နာရီအထိ ရောက်ရှိလာသည်။
ဆိုလိုသည်မှာ ဝမ်ပေါင်လဲ့၏ ပြန်လည်ကောင်းမွန်နိုင်သည့် အချိန်တို့က သိသိသာသာ လျော့ကျလာလေ၏။ နမူနာအနေဖြင့် ၇ရက်နေ့မြောက်တွင် ၇နာရီကြာမြင့်ပြီးသည့်နောက် သူက ၈ရက်မြောက်နေ့၏ ငြင်းဆန်မှုကို ရင်မဆိုင်ခင် ပြန်လည်ကောင်းမွန်စေဖို့ ၅နာရီမျှသာ အချိန်ရသည်။
ထို၇ရက်အတွင်း ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါင်းစည်းမှုက အံ့မခန်း အနေအထားသို့ ရောက်ရှိသွားပြီဖြစ်ကာ ယခင် ပထမတစ်ရက်တွင် ပြီးပြည့်စုံပြီဟု ထင်ထားခဲ့သည့်အရာထက်ပင် ကျော်လွန်သွားခဲ့သည်။
တစ်ချိန်တည်းဆိုသလို ထိုနေ့ရက်အတွင်း သူက သူ့နတ်ဘုရားအသိစိတ်ကို ထပ်မံ ဖြန့်ကျက်ဖို့ ကြိုးစားနေလေ၏။ သူက နတ်ဘုရားအသိစိတ်တချို့ကို အနည်းငယ် ဖြန့်ကျက်နိုင်ခဲ့သည်။ ထိုအချိန်အတွင်း သူက ကျန့်ယွိမြို့၏ နေရာတစ်ခု၌ တွန်းလှန်အား၏ ဇစ်မြစ်ကို ခံစားမိလိုက်သည်။
သူက နေရာအတိအကျ မသိသည်မှာ နှမြောဖို့ကောင်းလှသည်။ တစ်ဖက်သူက ကျန့်ယွိမြို့ထဲတွင် ရှိနေကြောင်း သေသေချာချာ ခံစားမိလိုက်သည်။
“နောက်ထပ် နှစ်ရက်ဆိုရင် ငါ သေချာပေါက် ရှာနိုင်လိမ့်မယ်” ဝမ်ပေါင်လဲ့က အံကြိတ်လိုက်၏။ သူ့မျက်ဝန်းက သွေးဆာမှုများဖြင့် ပြည့်နှက်နေသည်။ သူ့အတွက် ထိုအချိန်အတွင်း နေ့တိုင်းနီးပါးက နှိပ်စက်မှုသဖွယ်ဖြစ်ကာ သူ့စိတ်နှလုံးသားထဲမှ သတ်ဖြတ်ငွေ့ကလည်း မဖိနှိပ်ထားနိုင်တော့ပေ။
ထိုအခိုက်အတန့်၌ သူက အသက်ပြင်းပြင်းရှူလိုက်သည်။ သူက ဆက်လက် အချိန်မဖြုန်းနိုင်ကြောင်းသိကာ ခန္ဓာကိုယ်ပေါင်းစည်းဖို့ ပြင်လိုက်သည်။ ဤသို့ဖြင့် ၈ရက်မြောက်နေ့ ရောက်ရှိလာပြီး ရှစ်နာရီကြာ တွန်းကန်အားကို ရင်ဆိုင်နေရင်း ဝမ်ပေါင်လဲ့၏ ဝိညာဉ်က ခန္ဓာကိုယ်မှ အကြိမ်များစွာ ထွက်သွားလုမတတ် ဖြစ်သွားခဲ့သည်။ သို့သော် သူက ၈နာရီကြာ တောင့်ခံနိုင်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ နှလုံးသားက ရုတ်ချည်းဆိုသလို တုန်လှုပ်သွားလေ၏။ သူက သူ့ခန္ဓာကိုယ်ထဲမှ ပဲ့တင်လှိုင်းတစ်ခုကို ခံစားမိလိုက်သည်။
ထိုခန္ဓာကိုယ်က အကြိမ်များစွာ ငြင်းဆန်ပြီးသည့်နောက်တွင် ဖြည်းဖြည်းချင်းဖြင့် အပိုအရာများ ဖယ်ရှားလိုက်သကဲ့သို့ ဖြစ်ပြီး သူ၏ ဇစ်မြစ်ကို ထုတ်ဖော်ပြသလာသည်။ ထိုဇစ်မြစ်က ဝမ်ပေါင်လဲ့နှင့် သဟဇာတ ဖြစ်နေလေ၏။
ထိုရင်းနှီးပြီးသား ခံစားချက်မျိုးက ခေါ်ဆိုမှုအသံနှင့် တူသည်။
ထိုခန္ဓာကိုယ်က ဝမ်ပေါင်လဲ့နှင့် အပြီးတိုင် ပေါင်းစည်းလိုသကဲ့သို့ ဖြစ်ကာ သူတို့ကြားတွင် အတားအဆီးတချို့ ရှိနေလေသည်။ ထိုအတားအဆီးက ကျန့်ယွိမြို့သခင် ဖြစ်၏။
ကျန့်ယွိမြို့သခင်က ခန္ဓာကိုယ်ကို အချိန်ကြာကြာ ထိန်းချုပ်ထားခဲ့သည်။ ဝမ်ပေါင်လဲ့က သူ့သွေးနှင့်ချီတို့ကို ယူဆောင်သွားလျှင်ပင် သူ့အမှတ်အသားက သူ့သွေးနှင့်ချီထဲတွင် တည်ရှိနေဆဲသာ ဖြစ်၏။
ထိုအရာများက အတားအဆီးများကို ဖန်တီးနေသည်။
ထိုအမှတ်အသားများက ဤအချိန်အတွင်း တွန်းကန်မှုအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်၏။ သို့သော် ယခုတွင် ထိုတွန်းကန်မှုများက အချိန်များစွာ ကျော်ဖြတ်သွားပြီးသည့်နောက် ဝမ်ပေါင်လဲ့၏ ပေါင်းစည်းမှုက ပိုမိုပြီးပြည့်စုံလာပြီး ပဲ့တင်ထွက်မှု ထွက်ပေါ်လာခြင်း ဖြစ်၏။
“နောက်တစ်ခါ ငြင်းဆန်မှု ပေါ်ထွက်လာတဲ့အချိန်ကျရင် ငါ မင်းကို ရှာနိုင်လိမ့်မယ်” ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် အေးစက်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူက မျက်လုံးအသာမှိတ်ပြီး ခန္ဓာကိုယ်ထဲတွင် လိုက်လျောညီထွေ မဖြစ်နေသေးသည့် အစိတ်အပိုင်းကို ဆက်လက် သန့်စင်လိုက်သည်။
ဤတစ်ကြိမ် ယခင်ထက် ပိုမိုရှည်လျားသော်လည်း မသင့်တော်သည့် အစိတ်အပိုင်းတို့က ပမာဏ နည်းပါးလာလေ၏။
ဤတစ်ကြိမ် ဝမ်ပေါင်လဲ့အနေဖြင့် သန့်စင်ဖို့ တစ်နာရီမျှသာ ကြာမြင့်သည်။ ထို့နောက် ခန္ဓာကိုယ်နှင့် သူနှင့်ကြားရှိ ဆက်နွယ်မှုက ပိုမိုအားကောင်းလာလေ၏။
“ငြင်းဆန်မှုက အားပျော့သွားပြီ”
ဝမ်ပေါင်လဲ့က တစ်စုံတစ်ခုကို တွေးမိသွားဟန်ပေါ်သည်။ သူက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ကာ ပျော်ရွှင်မှုမြို့သခင်နှင့် တခြားသူများထံ သတင်းစကားတစ်ခု ပို့ဆောင်လိုက်၏။ ထို့နောက် သူက မျက်လုံးကို အသာမှိတ်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။
ဤသို့ဖြင့် ၉ရက်မြောက်နေ့ ကျရောက်လာသည်။
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင် တွန်းကန်အား ထွက်ပေါ်လာသည်။ သို့သော်လည်း ဤတစ်ကြိမ် သူ မှန်းဆထားသလို ပိုမိုအားပျော့သွားလေသည်။ ထိုအရာက ဝမ်ပေါင်လဲ့သည် ယခု သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားနိုင်သကဲ့သို့ ဖြစ်၏။ သူက ရုတ်ချည်းဆိုသလို မျက်လုံးဖွင့်ကာ သူ့အသိစိတ်ကို ဖြန့်ကျက်လိုက်သည့်အချိန် ကျန့်ယွိမြို့ထဲမှ နေရာတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။
“မင်းကို တွေ့ပြီ” ၉ရက်တာ ဖိနှိပ်ခဲ့ရသည့် သတ်ဖြတ်ငွေ့တို့က ရုတ်ချည်းဆိုသလို ပေါက်ထွက်လာလေ၏။ ဝမ်ပေါင်လဲ့က ရုတ်ချည်းဆိုသလို ထရပ်ကာ လေဟာနယ်ကို ထိုးခွင်းပြီး နေရာမှ ပျောက်ကွယ်သွားလေသည်။ သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ ရှေးဟောင်းရေတွင်းအထက် ရောက်ရှိနေပြီ ဖြစ်၏။
“ဒီနေရာမှာပဲ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းက သွေးဆာနေပြီး ရှေးဟောင်းရေတွင်းဆီ ပြေးသွားလိုက်သည်။ ထိုအခိုက်အတန့်ဆိုသလို သူက ရှေးဟောင်းရေတွင်းအောက်ရှိ မြေအောက်နန်းဆောင်ထဲတွင် ပေါ်ထွက်လာလေ၏။
သူ ပေါ်ထွက်လာသည့်အခါ ကျန့်ယွိမြို့သခင်က သူ့အား အမုန်းတရားဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရပြီး ထိုသူ့ရှေ့တွင် သွေးကန်ထဲ ချထားသည့် သွေးနီရောင်ခရားကိုလည်း မြင်လိုက်ရသည်။