ငါက ဘယ်သူလဲ
Vol. 102 Ch. 1420
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီး အတွေးနက်နေမိသည်။ သူက ထိုအဖြေကို စိတ်ထဲတွင် ရှိနေပြီးသား ဖြစ်၏။
သူက မြေအောက်နန်းဆောင်ထဲတွင် ကိုယ်ပွားနှစ်ယောက်နှင့် တွေ့ဆုံခဲ့ဖူးသည်။ တစ်ယောက်ကို ကျန်သည့်တစ်ယောက်ကမူ ချီနှင့် သွေး ဆယ်ရာခိုင်နှုန်းတို့ ပါဝင်နေသည်။
တခြားတစ်ယောက်ကမူ အပိုင်းများစွာအဖြစ် ခွဲထုတ်ပြီး သွေးအဖြစ် ထိုးဖောက်ခဲ့သည်။ သေချာအနီးကပ်ကြည့်မည်ဆိုပါက တစ်ရာ မဟုတ်ဘဲ ၉၉ယောက်သာ ရှိ၏။
ဒုတိယကိုယ်ပွားက ပိုပြီးတော့ ဉာဏ်များတာပဲ…
ထိုသူက ကိုယ်ပွား ၉၉ယောက်ကို ဖန်တီးခဲ့သည်။ သူ အောင်မြင်ပါက အကူအညီကြီးကြီးမားမား ဖြစ်သော်လည်း သူ ကျရှုံးပါက သူက တစ်ယောက်ကို ဝှက်ထားသည့်အတွက် ပြန်လာနိုင်မည့်လမ်း ရှိနေသေး၏။
သို့သော်လည်း ထိုနည်းလမ်းက ပြောင်မြောက်သော်လည်း ကျန့်ယွိမြို့သခင်က ကံမကောင်းဘဲ ဒေါသမြို့သခင်ဆီ အဖမ်းခံလိုက်ရကြောင်း သိသာလှသည်။ အကြောင်းအရင်းတချို့ကြောင့် ဒေါသမြို့သခင်သည် ထိုအရာကို သူ့ခန္ဓာကိုယ်ထဲ ချိတ်ပိတ်ကာ တစ်ဖက်သူ၏ တည်ရှိမှုမှ သဲလွန်စအားလုံးကို ဝှက်ထားခဲ့သည်။
အကယ်၍ ဝမ်ပေါင်လဲ့က နတ်ဧကရာဇ်၏ သွေးကို မစုပ်ယူခဲ့ပါက ထိုအရာကို အာရုံခံမိဖို့ ခက်ခဲလိမ့်မည်။
“ဒါက ပြီးပြည့်စုံတဲ့ ကိုယ်ပွားတစ်ခု မဟုတ်ဘူး။ လေ့လာဖို့အတွက် ယူထားရုံပါ။ မင်းအတွက်လည်း အများကြီး အသုံးဝင်မှာ မဟုတ်ပါဘူး။ တကယ်လို့ ငါသာ မမှားရင် မင်းက တခြားကိုယ်ပွားနှစ်ခု လိုနေသေးတယ်” ဒေါသမြို့သခင်က ဝမ်ပေါင်လဲ့၏ အမူအရာ အပြောင်းအလဲကို မြင်ကာ ရှင်းပြလိုက်သည်။
အကယ်၍ ဝမ်ပေါင်လဲ့သာ ယခုလို အင်အားမျိုး မရှိပါက ရှင်းပြနေမည် မဟုတ်ပေ။ သို့သော် ယခုမူ ကွဲပြားသွားသည်။
“တစ်ခုတည်းပဲ လိုအပ်နေတာ” ဝမ်ပေါင်လဲ့က ပြောလိုက်သည်။ ထို့ကြောင့် ပျော်ရွှင်မှုမြို့သခင်နှင့် တခြားသူများက အံ့အားသင့်စွာ ကြည့်လိုက်ကြစဉ် ဝမ်ပေါင်လဲ့က ဘေးပတ်လည်က သူ့ရှေ့ ဒူးထောက်နေသည့် တပည့်၇ယောက်ကို ကြည့်လိုက်၏။ သူတို့က အဖြစ်အပျက်အားလုံးကို သေသေချာချာ မြင်လိုက်ရသော်လည်း မမြင်လိုက်ရသကဲ့သို့ ဟန်ဆောင်နေကြသည်။
ထိုလူ၇ယောက်က တုန်ယင်နေကြ၏။ သူတို့ မည်မျှပင် တုံးအစေကာမူ ထိုကိစ္စ၏ အမှန်တရားကို မှန်းဆမိကြသည်။ သူတို့၏ ဆရာကို တခြားခန္ဓာကိုယ်မှာ ပူးကပ်သွားပြီး ကိုယ်ပွား တစ်ခု၊ နှစ်ခုသာ ကျန်ရှိတော့သည်။
သို့သော် ထိုအရာက အရေးမကြီးပေ။ အရေးကြီးသည့်အရာက ကျန့်ယွိမြို့သခင်၏ ကိုယ်ပွားကို ရယူထားသည့်သူက ကျန့်ယွိမြို့၏ ဇစ်မြစ် ဖြစ်လာလေသည်။ ထူးခြားသည့်အနေအထားအရ သူသည် ကျန့်ယွိမြို့သခင်အသစ် ဖြစ်လာလေသည်။
အခြေအနေက ရှုပ်ထွေးနေသော်လည်း သူတို့က အလျင်စလို မပြုမူရဲကြပေ။ သူတို့က ဤနေရာ၌ ခေါင်းငုံ့ကာ ဒူးထောက်လျက်သာ ရှိနေကြ၏။
“အရင် ဆက်ဆံရေးကြောင့် မင်းတို့ကို မျက်နှာသာပေးလိုက်မယ်။ ကိုယ်တိုင်ထွက်လာခဲ့” ဝမ်ပေါင်လဲ့က တပည့်၇ယောက်ကို တိတ်တဆိတ် ကြည့်ကာ ပြောလိုက်သည်။
လူ၇ယောက်လုံးက တုန်ယင်သွားကြ၏။ တစ်ယောက်ချင်းစီက စိတ်ရှုပ်ထွေးသည့် အရိပ်အမြွက်များ ရှိနေကြသည်။ အသက်ရှိုက်စာအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က သက်ပြင်းချပြီး ညာဖက်လက်ကို အသာမြှောက်ကာ ဆွဲကိုင်လိုက်သည်။ ထိုသူက လူ၇ယောက်အနက် အလှဆုံး အမျိုးသမီးတပည့်တစ်ယောက် ဖြစ်၏။
“ဆရာ ကျွန်မ…”
တစ်ဖက်သူ၏ စကားဆုံးအောင်အထိ မစောင့်ဘဲ ဝမ်ပေါင်လဲ့က လက်ကို ဖြစ်ညှစ်လိုက်သည့်အခါ အမျိုးသမီးတပည့်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူမ၏ ဒွာရ၇ပေါက်မှ သွေးနှင့် စွမ်းအားတို့ ထွက်ပေါ်လာကာ ကျန့်ယွိမြို့သခင်၏ သွင်ပြင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
သူက ဝမ်ပေါင်လဲ့ကို အမုန်းတရားအပြည့်ဖြင့် ကြည့်လိုက်၏။ သူက မလွတ်မြောက်နိုင်တော့မည်ကို သိကာ မျှော်လင့်ချက်ကုန်ခမ်းမှုဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူက ဝမ်ပေါင်လဲ့၏ စကားကို နားမလည်လိုက်ပေ။ သူ့အမူအရာအရ ဝမ်ပေါင်လဲ့သည် ကျန့်ယွိမြို့သခင်၏ ကိုယ်ပွားများစွာက မှတ်ဉာဏ်များ မျှဝေထားခြင်းမရှိကြောင်း သဘောပေါက်သွားခဲ့သည်။
အမျိုးသမီးတပည့်အတွက်မူ ဝမ်ပေါင်လဲ့က မသက်မညှာ သတ်ပစ်မည့်သူ မဟုတ်ပေ။ သူက သူမကို လွှတ်လိုက်သည်။ ထို့နောက် သူက ကျန့်ယွိမြို့သခင်၏ ကိုယ်ပွားကို စုပ်ယူလိုက်ပြီး ခန္ဓာကိုယ်ထဲ ပေါင်းစည်းလိုက်၏။
ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့က ကျန့်ယွိမြို့သခင်ကိုယ်ပွားများ၏ ၉၀ရာခိုင်နှုန်းကို ရရှိပြီးသွားပြီ ဖြစ်၏။ ကျန်ရှိနေသည့် ရာခိုင်နှုန်းက သိပ်အရေးမပါတော့ပေ။ အထူးသဖြင့် သူက နတ်ဧကရာဇ်၏ သွေးစက်ကို စုပ်ယူပြီးသည့်နောက်တွင် ဖြစ်၏။ သူ နောက်ဆုံးကိုယ်ပွားကို ရှာနိုင်သည်ဖြစ်စေ၊ မရှာနိုင်သည်ဖြစ်စေ အရေးမကြီးတော့ပေ။
နောက်ဆုံးကိုယ်ပွားက ကျန့်ယွိမြို့ထဲမှ ထွက်ခွာသွားမလား သိချင်နေရုံမျှသာ ဖြစ်၏။ သူက ထိုအရာကို မခံစားမိသည့်အတွက် တစ်ဖက်သူက သူနှင့် အရမ်းကို အလှမ်းဝေးနေကြောင်း ဆိုလိုနေသည်။
သို့သော် ထိုအရာက အရေးမကြီးပေ။ တစ်ခြားသူဆီ ယူဆောင်ခံရလျှင်ပင် သူ့ဆီ ခြိမ်းခြောက်မှုဖြစ်မည် မဟုတ်ပေ။ သူက ယခင်ကျန့်ယွိမြို့သခင်နှင့် ကွဲပြားနေပြီဖြစ်၏။ မြို့သခင်က ခန္ဓာကိုယ်ကို ပူးကပ်ထားရုံမျှသာ ဖြစ်၏။
သို့သော် ဝမ်ပေါင်လဲ့ကမူ သူ့ကိုယ်သူ ထိုအရာနှင့် ပေါင်းစည်းခဲ့ပြီး သူ့ကိုယ်ပိုင်ချီ၊ သွေးတို့ဖြင့် တစ်သားတည်းဖြစ်အောင် လုပ်ထားခဲ့သည်။
ပြောရမည်ဆိုလျှင် ရှေးဟောင်းရေတွင်းမှ သွေးစက်ကို စုပ်ယူပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ယခင်ကဲ့သို့ မဟုတ်တော့ပေ။ ရုပ်ခန္ဓာနှင့် နဂိုခန္ဓာကိုယ်ကြားရှိ ဆက်နွယ်မှုက တိုက်ရိုက် မဟုတ်တော့ပေ။
ပြောရမည်ဆိုလျှင် ယခုအခါ သူက သီးသန့်ဖြစ်တည်နေပြီ ဖြစ်၏။
သူက ကျန့်ယွိစည်းမျဉ်းဥပဒေသ အားလုံးနီးပါးကို ကျွမ်းကျင်ထားပြီဖြစ်ကာ တခြားသော စည်းမျဉ်းဥပဒေသများလည်း ပါဝင်နေသေးသည်။ ထိုအခိုက်အတန့်၌ သူသည် တခြားသော လိုအင်ဆန္ဒမြို့သခင်များထက် အားကြီးနေပြီဖြစ်သည်။
ဝမ်ပေါင်လဲ့က တိတ်ဆိတ်စွာဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ ပြောလိုက်သည်။
“ကျုပ်တို့ စကားပြောသင့်တယ်”
“ကောင်းပြီလေ” ပျော်ရွှင်မှုမြို့သခင်က အသက်ပြင်းပြင်းရှူကာ ခေါင်းညိတ်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူတို့နှစ်ဦးက ပျောက်ကွယ်သွားကြသည်။ သူတို့ ပေါ်ထွက်လာသည့်အခါ ကျန့်ယွိမြို့သခင်၏ သွေးကန်ရှိရာသို့ ရောက်ရှိနေကြသည်။
ဝမ်ပေါင်လဲ့က လက်ဝှေ့လိုက်သည့်အခါ ပတ်ဝန်းကျင်မှ ပြောင်းလဲသွားခဲ့၏။ ထိုနေရာက စားပွဲခုံတစ်လုံးရှိသည့် မျှော်နန်းဆောင်အဖြစ် ပြောင်းလဲသွားသည်။ ဝမ်ပေါင်လဲ့က ဘေးတွင်ဝင်ထိုင်လိုက်ပြီး တိုင်လုံးကို မှီလိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် သေရည်အိုးတစ်လုံး ပေါ်ထွက်လာ၏။ သူက ပါးစပ်ထဲသို့ လောင်းထည့်ကာ အားရပါးရ သောက်သုံးလိုက်သည်။
သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ပျော်ရွှင်မှုမြို့သခင်ကို ကြည့်လိုက်၏။
ထိုအနေအထားမှ ပျော်ရွှင်မှုမြို့သခင်၏ မျက်နှာက အင်မတန်လှပလွန်းပြီး သူမ၏ ပြိုင်ဘက်ကင်းကြော့ရှင်းမှုတို့က ထင်ဟပ်ပြသနေသည်။ ထိုင်နေပုံကပင် အမျိုးသမီးတစ်ယောက်၏ ကောက်ကြောင်းကို ပြသနေလေ၏။
ဝမ်ပေါင်လဲ့၏ အကြည့်ကို သတိထားမိကာ ပျော်ရွှင်မှုမြို့သခင်က ခေါင်းလှည့်ကာ ကြည့်လာလေသည်။
နှစ်ဦးသား အကြည့်ချင်းဆုံသွားသည့်အခါ ဝမ်ပေါင်လဲ့က ပြောလာသည်.
“ခင်ဗျား ပျော်ရွှင်မှုမြို့သခင် ဖြစ်မလာခင်တုန်းက ဘာဇစ်မြစ်ရှိခဲ့တာလဲ”
“နတ်ဧကရာဇ်အောက်က စစ်သူကြီး ၁၀၈ယောက်ထဲက လင်းယွဲ့” ပျော်ရွှင်မှုမြို့သခင်က ပြန်လည်တွေးတောသည့် အရိပ်အမြွက်တို့ ပေါ်ထွက်လာကာ တီးတိုးပြောလိုက်သည်။
“ကျုပ် ဇစ်မြစ်ကိုသိလား” ဝမ်ပေါင်လဲ့က တိတ်တဆိတ်ထိုင်ရင်း မေးလိုက်သည်။
“သိလည်း သိတယ်။ မသိလည်း မသိဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုတော့ ရှိတယ်။ မင်းက အထက်ကမ္ဘာက လိုက်ပြီးရှာနေတဲ့သူ။ အဲဒါကြောင့် မင်းနဲ့ ပူးပေါင်းချင်တာ။ ဘာလို့လည်းဆိုတော့ လွတ်မြောက်ချင်တယ်” ပျော်ရွှင်မှုမြို့သခင်က တဲ့တိုးသာ ပြောလိုက်၏။
“အဲဒါကို ဘယ်လိုရှင်းရမှာလဲ”
“အထက်ကမ္ဘာဆီ သွားပြီးတော့ နတ်ဧကရာဇ်ရဲ့ စိတ်ဝိညာဉ်ကို သတ်ပြီး အစောင့်အရှောက်ကို ဖိနှိပ်။ ပြီးရင် နတ်ဧကရာဇ်ကို ဖျက်ဆီး”
“ခက်ခဲတယ်” ဝမ်ပေါင်လဲ့က သေရည်ကို သောက်ကာ ခေါင်းယမ်းလိုက်သည်။
“ဒီနေရာမှာ စိတ်ခံစားချက် ၇မျိုးရှိတယ်ဆိုပေမဲ့ လိုအင်ဆန္ဒ ၆ပါးမှာ တစ်ပါး ပျောက်ဆုံးနေတဲ့အချက်ကို သိလား” ပျော်ရွှင်မှုမြို့သခင်က ဝမ်ပေါင်လဲ့အား ကြည့်လာခဲ့သည်။
“အကြောင်းအရင်းကမူ ဒီကမ္ဘာမှာ ပထမဦးဆုံး ပေါ်လာတာက အလိုဆန္ဒပဲ။ အဲဒီကနေ ၇ပိုင်းကွဲထွက်သွားပြီးတော့ စိတ်ခံစားချက်ဖြစ်လာတာ။ အနှစ်ချုပ်အားဖြင့် ပြောရမယ်ဆိုရင် စိတ်ခံစားချက်၇မျိုးလုံးကို ကျင့်ကြံနိုင်တဲ့သူက အဲဒီလိုအင်ဆန္ဒကို ကျင့်ကြံနိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်တော့ ဘယ်သူကမှ မလုပ်နိုင်ကြဘူး။ အကြောင်းအရင်းက ဒီကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိတွေအားလုံးက ကျိန်စာသင့်နေလို့ပဲ”
“ဒီလိုသာ လုပ်နိုင်မယ်ဆိုရင် အထက်ကမ္ဘာက ဂိတ်ပေါက်က ဖွင့်ဟလာလိမ့်မယ်”
“ဂိတ်ပေါက် ဖွင့်ဟလာတာနဲ့ ငါတို့တွေက ပြေးဝင်မှာပဲ။ သေသေရှင်ရှင် ကိစ္စမရှိဘူး။ အဆုံးသတ်မှာတော့ ဒါက လွတ်မြောက်မှုတစ်ခုပဲ”
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီး တွေးတောလိုက်သည်။ ပျော်ရွှင်မှုမြို့သခင်က ဘာမှမပြောဘဲ ဝမ်ပေါင်လဲ့အား အချိန်ပေးထားလိုက်သည်။
ခဏအကြာတွင် ဝမ်ပေါင်လဲ့က ရုတ်တရက်ပြုံးကာ ပျော်ရွှင်မှုမြို့သခင်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
ပျော်ရွှင်မှုမြို့သခင်ကလည်း သူ့အား စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်လာလေသည်။
တစ်ခါတစ်ရံတွင် တစ်ဖက်သူကို ရှင်းရှင်းလင်းလင်း နားလည်နေသော်လည်း ပြောမရနိုင်သည့် စကားတချို့ရှိလေသည်။
နမူနာအနေဖြင့် တစ်ဖက်သူက အမှန်တရားကို မှန်းဆမိသော်လည်း သူ့စိတ်ထဲ၌ ဝန်မခံလိုကြောင်း သိလေသည်။
နမူနာအနေဖြင့် သူမရှေ့တွင်ရှိနေသည့်သူက ကိုယ်ပွားတစ်ယောက်မျှ ဖြစ်ကြောင်း သိထားသော်လည်း ထိုကိုယ်ပွားက သီးသန့်ခွဲထွက်လိုသည့် ကိုယ်ပွားတစ်ယောက် ဖြစ်၏။
“ ဘာလို့ ကြိုးစားမကြည့်ဘဲ နေရမှာလဲ” ပျော်ရွှင်မှုမြို့သခင်က တီးတိုးပြောလိုက်သည်။
“ဧကရာဇ်ရဲ့ အမှီအခိုကင်း ကိုယ်ပွား… အမှီအခိုကင်း ကိုယ်ပွားတစ်ယောက်ရဲ့ အမှီအခိုက်ကင်း ကိုယ်ပွားတစ်ယောက် … ” ဝမ်ပေါင်လဲ့က စိတ်ထဲတွင် ပြုံးလိုက်သည်။ သို့သော် သူ့မျက်ဝန်းထဲ စိတ်ရှုပ်ထွေးမှုတို့ ရှိနေလေ၏။
ငါက ဘယ်သူလဲ…