ရေအောက်နန်းတော်
Vol. 009 Ch. 900
ရီဖူရှင်းနှင့် သူ့လူများ အဆုံးမဲ့ပင်လယ်အား ငါးရက်တိုင်တိုင် ခရီးနှင်ပြီးနောက် ကျွန်းတစ်ကျွန်းသို့ ရောက်လာကြ၏။ ကျွန်း၌ မည်သည့်မြို့မှ မရှိသလို သက်ရှိများလည်း မရှိပေ။ သို့သော်လည်း ပင်လယ်နန်းတော်မှ တန်ခိုးရှင်များ ရောက်လာသောအခါ များစွာသော သားရဲသတ္တဝါဆန်းများ စုစည်း လာကြတော့သည်။
သားရဲသတ္တဝါများ ပတ်ဝန်းကျင်၌ အရေအတွက် အဆမတန် များပြား လာသည်ကို ရီဖူရှင်းက ကောင်းကောင်း ခံစားမိပေသည်။ ထိုစဉ်မှာပင် နောက်ထပ် လူနှစ်စုလည်း သူတို့ထံကို ရောက်လာ ကြသည်။
“ဒါဆို မြောက်ပိုင်း ချောက်နက်နဲ့ နတ်ဘုရား ကမ်းပါးက လူတွေလည်း ရောက်လာကြပြီပေါ့...” ပင်လယ်နန်းတော်မှ တန်ခိုးရှင် တစ်ယောက်က ရှေ့ကို တက်သွားကာ ပြောသည်။ သူကား တောင့်တင်း သန်မာကာ သူ၏နာမည်မှာ ပန်ခွန်ဖြစ်သည်။ ပန်ခွန်ကား သည်လူများ အားလုံး၏ ခေါင်းဆောင် ဖြစ်ဟန်ရကာ ကွန်းရှီအဆင့်၌ ရှိပေသည်။
ပြည်နယ်ကိုးခုမှ ပါရမီရှင်များမှာ ရှန့်ထိုရှား၏ မွေးနေ့ပွဲ၌ ရှားရှင်းယွန်နှင့်အတူ ထွက်သွားကြသည်။ သို့သော်လည်း မွေးနေ့ပွဲ မတက်သော လူများလည်း ရှိကြပေသည်။ ထိုအထဲတွင် ပန်ခွန်လည်း ပါဝင်ကာ သူကား ပင်လယ်နန်းတော်၌ မြင့်မားသော အဆင့်အတန်း တစ်ခုကိုလည်း ပိုင်ဆိုင်၏။
“ကျုပ်တို့က မနေ့ကတည်းက ရောက်တယ်...” အဝေးမှ အုပ်စုနှစ်စုက ရောက်လာသည်နှင့် လှမ်းပြောသည်။
“ပန်ခွန် ... ဒီတစ်ခေါက် မင်း လာမယ်ဆိုတာ သိသားပဲ ...” အသံများကို ကြားရသည်။ ရီဖူရှင်းက ခေါင်းမော့ကာ လှမ်းကြည့်သည်။ အုပ်စုနှစ်ခုကား အင်အား တောင့်ကာ တစ်အုပ်စုစီက လူတစ်ရာခန့် ရှိမည်ဖြစ်ပြီး အားလုံးမှာ စွမ်းအား မြင့်ကြပေသည်။ ဘယ်ဘက်မှ လူများမှာ အနက်ရောင် ဝတ်စုံကို ဝတ်ထားပြီး ညာဘက်မှ လူများမှာ အပြာရောင် ဝတ်စုံကို ဝတ်ထားသည်။ အပြာရောင် ဝတ်လူများအား ရီဖူရှင်းက မြင်ဖူးကာ သူတို့မှာ နတ်ဘုရား ကမ်းပါးမှ လူများ ဖြစ်ရပေမည်။
“မြောက်ဘက် ချောက်နက် လင်းယုန်...” ပန်ခွန်က စကားလှမ်းပြော လိုက်သည်ကို လှမ်းခေါ်သည်။ ထိုလူ၏ မျက်လုံးများက နက်ရှိုင်းကာ ကြီးမားသော ဖိအားများ ထွက်ပေါ်နေသည်။ မြောက်ဘက် ချောက်နက် ဟူသည်မှာ အဆုံးမဲ့ ပင်လယ်အတွင်း၌ ရှိသော မျိုးနွယ်စုတစ်ခု ဖြစ်ပြီး အလွန် အားကောင်း ကြပေသည်။
“ကျုပ်တို့အားလုံး စုံပြီဆိုတော့ သွားရအောင်...” လူလတ်ပိုင်းအရွယ် အပြာရောင်ဝတ် လူကြီး တစ်ယောက်က ပြောသည်။
“ဖုန်းတူ ... မင်းက မိတ်ဆွေဟောင်းကို မတွေ့ချင်ဘူးလား...” မြောက်ဘက် ချောက်နက် သိမ်းငှက်၏ အပြုံးက ကောက်ကျစ် စဉ်းလဲဟန်ရသည်။ ဖုန်းတူမှာလည်း ကွန်းရှီအဆင့်ရှိကာ ထူးခြား ထက်မြက်သော ပါရမီကို ပိုင်ဆိုင်ပေသည်။
“ပင်လယ် နန်းတော်က မိန်းမလှ တစ်ယောက်ကို တပည့်အဖြစ် လက်ခံလိုက်တယ် ကြားတယ် ... ဒါကြောင့်ပဲ မင်းတို့က နောက်ကျတာ မဟုတ်ဘူးလား...” မြောက်ဘက် ချောက်နက် သိမ်းငှက်က ပြုံးလျက် လျူစီရွှမ်ကို ကြည့်သည် ... “မင်းက တကယ် လှတာပဲ ... မြောက်ဘက် ချောက်နက်မှာ ငါနဲ့လာ မလေ့ကျင့်ချင် ဘူးလား...”
လျူစီရွှမ် မျက်မှောင်ကြုတ် လိုက်သည်။ မြောက်ဘက် ချောက်နက်မှ လူများကား ဆိုးသွမ်းကာ ကြမ်းတမ်းသော စိတ်နေ သဘောထားများ ရှိကြောင်း နာမည် ကျော်ကြား ပေသည်။ သူမက ပင်လယ် နန်းတော်ကို မဝင်လျှင်ပင် နတ်ဘုရား ကမ်းပါးကိုသာ ရွေးချယ်မည် ဖြစ်သည်။
“အခုလို ကမ်းလှမ်းတာ ကျေးဇူးတင်ပါတယ်... စီနီယာ... ဒါပေမဲ့ ကျွန်မက ပင်လယ် နန်းတော်ကို ဝင်ရောက် ပြီးပါပြီ...” လျူစီရွှမ်က ထိုမျှ အားကောင်းသော တန်ခိုးရှင်အား ရန်မီးမပွားလိုရာ ယဉ်ကျေးစွာ ငြင်းပယ်သည်။ မြောက်ဘက် ချောက်နက်၏ မျက်လုံးများက သူမ၏ ခန္ဓာကိုယ်ပေါ်ကို ရောက်နေသည်။
“မြောက်ဘက် ချောက်နက် ... မင်းက ပြဿနာ လာရှာတာလား ... အပျက်အစီး နယ်ဆီကို လာတာလား...” ပန်ခွန်က အေးစက်စွာ ပြောသည်။
မြောက်ဘက် ချောက်နက်က ပြုံးလိုက်ကာ တစ်ဖက်ကို လှည့်သွားသည်။ သူက ဖြေသည်... “အပျက်အစီး နယ်မြေပေါ့ ... မင်းတို့က ဒီလို ချောလှတဲ့ တစ်ယောက်ကို ရခဲ့မှတော့ ငါက ဒီအတိုင်း စိတ်ဝင်စားမိရုံပါပဲ...”
ပန်ခွန်က မျက်မှောင်ကြုတ် လိုက်သည်။ ထိုစဉ်မှာပင် မြောက်ဘက် ချောက်နက်က ပြောသည်... “သွားမယ်...” သူက နောက်လှည့်ကာ လေထဲကို ပျံတက် သွားသည်။ သူတို့က ခွန်ပန်ထက်ကို တက်ရောက် စီးနင်းခြင်း မပြုကြပေ။
“သွားရအောင်...” တော်ဝင်မြေသုံးခုမှ လူများက လေထဲကို ပျံတက်သွားကာ ရှေ့ကို ဆက်သွားကြသည်။
နောက်ဘက်တွင် ရီဖူရှင်းက အဝေးမှ ထူးဆန်းသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခုအား ခံစားမိသည်။ ပင်လယ်၌ ကြောက်မက်ဖွယ် ကောင်းသော ရေဘဝဲတစ်ခု ဖြစ်ပေါ်နေဟန် ရသည်။ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည်ကား ထိုနေရာမှ သားရဲ အရောင်အဝါတစ်ခု ကြောက်မက်ဖွယ် ကောင်းအောင် ပျံ့လွင့်လာခြင်း ဖြစ်သည်။ ကိုယ်ရောင် ကိုယ်ဝါကား သိပ်သည်းလွန်း ရကား လှိုင်းလုံးများကိုပင် ဖုံးအုပ်သွားဟန် ရသည်။
“ကျုပ်တို့ ရောက်ပြီ... အပျက်အစီး နယ်မြေက ပင်လယ်အောက်မှာ... အပျက်အစီး နယ်မြေ ပတ်လည်မှာ သားရဲတွေ အများကြီး ရှိတယ်... ကျုပ်အနားမှာပဲ နေ...” လင်းယွီက လျူစီရွှမ်ကို ပြောသည်။ လင်းယွီက သူမအား စိတ်ဝင်စား နေသည်မှာ သေချာသည်။
“အားလုံးပဲ သတိထားကြ...” လျူကလန်မှ စွမ်းအားမြင့် တန်ခိုးရှင် တစ်ပါးက ပြောသည်။ အားလုံး၏ အမူအရာများက လေးနက် တည်ကြည် သွားကြသည်။ သူတို့အားလုံးက အပျက်အစီး နယ်မြေ၏ နာမည်ကျော်ကြားမှုကို သိနားလည်ကြ၏။ သည်နေရာကား တစ်ချိန်က အဆုံးမဲ့ ပင်လယ်ကို အုပ်စိုးသော ပင်လယ်ဘုရင် နေထိုင်ရာ နေရာဖြစ်ကာ အန္တရာယ်များဖြင့် ရောပြွမ်းနေ၏။
တစ်ချိန် တစ်ခါက တော်ဝင်မြေ သုံးခုက အပျက်အစီး နယ်မြေအား အပိုင်စီးလိုချင်၍ လာရောက် ခဲ့ကြသောအခါ အဆုံးအစမဲ့သော သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံရပြီး နောက်ဆုံးတွင် နောက်ဆုတ် ခဲ့ရ၏။
“မင်းတို့နှစ်ယောက် ငါနဲ့အတူနေ...” ရီဖူရှင်းက လျူဟန်နှင့် လျူယွီတို့ကို ပြောသည်။ သားရဲများထံမှ လာသော ကိုယ်ရောင် ကိုယ်ဝါများအရ နိုဘယ်များမှာ သည်နေရာနှင့် မအပ်စပ်ကြောင်း သိပြီးဖြစ်သည်။ တော်ဝင်မြေမှ လူများအားလုံးမှာ ရှီတန်ခိုးရှင်များ ဖြစ်ကြသည်။ သို့သော်လည်း ပင်လယ် နန်းတော်က လျူကလန်အား နိုဘယ်များ ခေါ်ဆောင် လာခြင်းအား မတားပေ။ သူတို့က ထိုမျှသော အသေးအမွှား ကိစ္စများအား အလေးမထားပေ။
“ဟုတ်ကဲ့...” လျူယွီက ခေါင်းညိတ်သည်။ သူမက စိုးရိမ်သော်လည်း တစ်ဖက်တွင် အားရကျေနပ် မိသည်။ သူမ၏ ပထမဆုံး ခရီးက စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းလှ၏။ ထို့အပြင် သူမကား တစ်ချိန်က နာမည်ကျော် ပင်လယ်ဘုရင်၏ နန်းတော်ကို မြင်တွေ့ခွင့် ရပေတော့မည်။
တစ်ယောက်ပြီး တစ်ယောက်က အဆုံးမဲ့ ပင်လယ်ထဲကို ထိုးဆင်း သွားကြသည်။ သူတို့က ရေများအထဲကို နစ်မြုပ် သွားကြသော်လည်း တန်ခိုးရှင်များ အတွက် ထိုမျှသော ပတ်ဝန်းကျင်က ပြဿနာ မဟုတ်ပေ။ ထို့အပြင် အဆုံးမဲ့ပင်လယ်မှာ တန်ခိုးရှင် အများစုမှာ ရေဓာတ်ကို လေ့ကျင့်သူများ ဖြစ်ရာ ပင်လယ်ရေကိုပင် လက်နက်များ အဖြစ် အသုံးချနိုင် ကြပေသေးသည်။
ရီဖူရှင်းက ပင်လယ်ထဲကို ထိုးဆင်း လာသည်တွင် မကြာခင် သားရဲ ကိုယ်ရောင် ကိုယ်ဝါက သူတို့ထံကို လာရောက် ရိုက်ခတ်သည်ကို ခံစားမိသည်။ သူက အောက်ကို ငုံ့ကြည့်သည်တွင် သားရဲများ တစ်ကောင်ပြီး တစ်ကောင် သူတို့ထံကို ဦးတည် လာနေသည်အား မြင်၏။ တော်ဝင်မြေမှ တန်ခိုးရှင်များ အားလုံးက သူတို့၏ ကိုယ်ရောင်ကိုယ်ဝါ များအား ထုတ်လွှတ်ကာ တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။ ရီဖူရှင်းကား ရှေ့တွင်ဖြစ်ရာ များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များက လျူကလန်၏ ဆက်ခံသူဖြစ်သော လျူဟန်ကို လာရောက် ကာကွယ်ကြသည်။
“စီနီယာရီနဲ့ လျူယွီကို ဂရုစိုက်ပါ...” လျူဟန်က သူတို့အား ပြောသည်။
“မလိုဘူး ... မင်းကိုယ်တိုင်ပဲ ဂရုစိုက်ပါ...” ရီဖူရှင်းက ပြန်ပြောကာ လျူယွီအား ခေါ်လျက် အောက်ကို ဆင်းသွားသည်။ သားရဲများ လာရောက် တိုက်ခိုက်သည်တွင် လျူယွီ၏လက်အား ရီဖူရှင်းက ဆွဲထားရာ သူမက အနည်းငယ် ရှက်ရွံ့သွား၏။ သို့သော်လည်း သူမက မသက်ဆိုင်သော အတွေးများအား မြန်ဆန်စွာပင် ဖယ်ရှား လိုက်သည်။ ညံသတ္တဝါဆန်းကြီးများက သူမတို့ထံ ပြေးဝင် လာနေသည်ကို သူမလည်း မြင်သည်။
ရီဖူရှင်း၏ မျက်လုံးများက အရောင် ပြောင်းသွားသည်။ ကြောက်မက်ဖွယ် စိတ်ဝိညာဉ် အားလှိုင်းများ ထွက်ပေါ်လာကာ ထိုသားရဲများအား သွားရောက် ရိုက်ခတ်၏။ အကြည့် တစ်ချက်မျှက ထိုသားရဲများအား ကြောက်ရွံ့ ထိတ်လန့် စေခဲ့ပေသည်။ သူတို့က ရီဖူရှင်းအား တိုက်ခိုက်လိုခြင်း မရှိတော့ဘဲ တခြား ပစ်မှတ်များကို ဦးတည် လိုက်ကြသည်။
တိုက်ခိုက်ရင်း ပြင်ဆင်နေသော လျူယွီကား မှက်တက် သွားသည်။ ဘာဖြစ်သွားသည်ကို သူမ နားမလည်လိုက်ပေ။ သားရဲများက သူမတို့အား တိုက်ခိုက်ရင် ပြင်ပြီးမှ တခြား အရပ်များသို့ ထွက်သွားကြသည်။
နောက်တွင် ရှိနေသော လျူဟန်က ရီဖူရှင်းမှာ မိမိကိုယ်ကို ကာကွယ် နိုင်သည်ကို နားလည်လိုက်ပြီး သူ့လူများကို ခေါ်ကာ ရှေ့သို့ တက်သွားသည်။
အလွန် ပြင်းထန်သော လောကဓာတ်များနှင့် စွမ်းအားများ ထွက်ပေါ်လာကာ နှစ်ဖက်ရင်ဆိုင် တိုက်ခိုက်ကြရင်း သူတို့ အောက်ကို ဆက်လက် ဆင်းသက်ကြသည်။ သားရဲများမှာ တော်ဝင်မြေ သုံးခုအား တားဆီးနိုင်ခြင်း မရှိကြပေ။
ရီဖူရှင်းက မနှေးမမြန်ဖြင့် အရှေ့မှ သွားနေသူများနှင့် အကွာအဝေးကို ချိန်ဆထားရာ သူက တိုက်ခိုက်ရန် မလိုပေ။ သားရဲများမှာလည်း သူ၏အကြည့်မျှဖြင့်ပင် ရှောင်ဖယ် သွားကြပေသည်။
လျူယွီက ရီဖူရှင်းအား ကြည့်သည်။ သူမ အလွန် စိတ်လှုပ်ရှားမိ၏။ ရီဖူရှင်း၏ စွမ်းရည်မှာ မြင့်မားလွန်းရကား သားရဲများမှာ တိုက်ခိုက်ရန်ပင် မဝံ့ကြပေ။
လျူယွီ၏ မျက်နှာမှာ ရွှေရောင်များ ထင်ဟပ် လာသည်။ ရီဖူရှင်းက အောက်ကို ကြည့်လိုက်သည်တွင် ပင်လယ် အောက်ခြေ၌ ရွှေနန်းတော် တစ်ဆောင် ရှိနေသည်ကို မြင်၏။ မြင့်မားကာ ကြီးမား ထည်ဝါသော နန်းတော်ကြီးကား အကန့်အသတ်မဲ့သော တော်ဝင် အလင်းများ ထွန်းတောက် နေ၏။ နန်းတော် အရှေ့တွင်ကား ဧရာမ ရုပ်တုကြီးတစ်ခု ရှိကာ နတ်ဘုရားအလား ရပ်နေသည်။ ရုပ်တုရှေ့တွင် နန်းတော်ထဲကို ဝင်သွားနိုင်သော ရွှေလှေကားထစ် တစ်ခု ရှိပေသည်။
“ကျုပ်တို့ ရောက်ပြီ...” ရှေ့မှ အံ့အားသင့်ဖွယ် မြင်ကွင်းကို ကြည့်ကာ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံး စိတ်လှုပ်ရှား ကြရသည်။
ပင်လယ်ဘုရင်ကား တစ်ချိန် တစ်ခါက အဆုံးမဲ့ ပင်လယ်ကို အုပ်စိုး မင်းမူခဲ့သည်။ ယခု သူ၏နန်းတော်မှာ ပင်လယ်ရေအောင်၌ နစ်မြုပ်နေပြီး အချိန်နှင့် လေဟာနယ် လှံမှာလည်း ပိုင်ရှင်မဲ့ ဖြစ်နေ၏။
နန်းတော် ပတ်လည်တွင်ကား မရေမတွက်နိုင်သော သားရဲများအား မြင်တွေ့ ကြရသည်။ မရေမတွက်နိုင်သော မျက်လုံး အစုံတို့က အောက်ကို ဆင်းသက်လာသော တော်ဝင်မြေမှ လူများအား ကြည့်နေကြသည်။ သားရဲများမှာ ဉာဏ်ရည် ထက်မြက်ကာ စွမ်းအား ကြီးမားကြသည်။ အချို့သော သားရဲများမှာ ကွန်းရှီအဆင့်ပင် ရှိကြ၏။ အမှန်တကယ် အားဖြင့် အပျက်အစီး နယ်မြေမှ ထွက်ပေါ်နေသော လောကဓာတ်များကို စားသုံးကာ သူတို့အား မြန်ဆန်စွာပင် ကြီးထွား သန်မာခဲ့ကြခြင်း ဖြစ်သည်။
“မင်းတို့လူတွေ လာပြန်ပြီ...” ဧရာမန ဂါးနက်ကြီး တစ်ကောင်က လူသားတို့ လေသံဖြင့် ပြောသည်။ သူက အဆုံးမဲ့ ပင်လယ်၌ တည်ရှိသော တော်ဝင်မြေသုံးခုနှင့် ပတ်သက်၍ သိသည်မှာ ထင်ရှားပေသည်။
***