ခိုးဝင်တိုက်ခိုက်မှု
Vol. 119 Ch. 4.1293
"ကျေးဇူးပါ... အကြီးအကဲကို ဘယ်လိုခေါ်ရမလဲလို့ မေးလို့ရမလား"
"ဖူဟူတဲ့"
"ဖူဟူ..."
လုရွှမ် သူ့အပြုံးကို မျိုသိပ်ပြီး ရှဲ့ဖေးဖေးရဲ့ မိသားစုနဲ့ စကား လှည့်ပြောလိုက်သည်။ ရှဲ့မိသားစုက သူ့ကို အလွန်ကျေးဇူး တင်ကြပြီး အကြီးအကဲ ဖူဟူကိုလည်း လျင်မြန်စွာ ဂါဝရပြုကာ အိမ်အတွင်းက ပစ္စည်းများကို အမြန်ထုပ်ပိုးကြသည်။
"အကြီးတန်းအစ်ကို?" ရှဲ့ဖေးဖေး၏ မျက်လုံးများက နီနေသေးသည်။
"မင်းမိသားစုနဲ့ အချိန်ကောင်းလေး ဖြုန်းလိုက်ပါ..."
သူမမိခင်သည် မျက်နှာပေါ်တွင် နာကျင်သောအကြည့်ဖြင့် ထွက်လာခဲ့၏။ သမီးဖြစ်သူ သေဆုံးမှုအတွက်လည်း သူမကိုယ်သူမ လေးလေးနက်နက် အပြစ်တင်နေခဲ့သည်။ လုရွှမ်ကို မျက်နှာမူပြီး စကားမပြောပေမယ့် သေတ္တာတစ်လုံးကိုတော့ ပေးလာခဲ့သည်။
ထို့နောက် အကြီးအကဲ ဖူဟူ၏ လှေငယ်ပေါ်တက်ပြီး လွင့်မျောသွားကြလေသည်။
"ဟူး...."
ကျောက်ထောင်းနဲ့ ယွမ်ရှင်းတို့က တစ်ပြိုက်နက်တည်း သက်ပြင်းချလိုက်ကာ ရှဲ့ဖေးဖေး၏ မိသားစုအတွက် အလွန် စိတ်ပျက်သွားခဲ့သည်။
တောက်လောင်နေသော မီးကို ကြည့်ရင်း လုရွှမ်သည် လောဘနည်းနည်း တက်လာသော စိတ်ဆန္ဒကြောင့် ဖြစ်ကြောင်း နားလည်ကာ အလျင်အမြန် ခေါင်းခါလိုက်သည်။ လူ့စိတ်၊ လူ့သဘောကသာ လက်ရှိဘေးဆိုးကို ဦးတည်သွားစေခဲ့သည်။
လုရွှမ် သေတ္တာကို ဖွင့်လိုက်သောအခါ ရွှေရောင်ဦးချိုတစ်ခု ပေါ်လာလေရာ သေတ္တာကို အမြန်ပိတ်ထားလိုက်သည်။ ဤအရာက ဘာမှန်း သူ မသိသော်လည်း ၎င်းသည် ကြီးမြတ်သော မူလဇစ်မြစ်ရှိကြောင်းတော့ သူသိသည်။
ဒါပေမဲ့ ရှဲ့ကျားစုန့်ရဲ့ လက်ထဲ ဘယ်လိုလုပ် ရောက်သွားတာလဲ။
ဒါက အခွင့်အလမ်း ဖြစ်နိုင်လား။
လုရွှမ် သူ မသိနိုင်သောအရာကို တွေးမနေတော့ဘဲ သေတ္တာကိုပဲ သိမ်းလိုက်သည်။ လူငယ်လေးနှစ်ယောက်ကို ရန်မြို့ထဲ ပြန်ခေါ်သွားပေမယ့် ဒီနေရာလေးက သိပ်စိတ်ဝင်စားဖို့ မကောင်းတော့ချေ။
လုရွှမ် သူတို့နှစ်ယောက်ကို ပို့ဆောင်ခြင်းအစီအရင် အနီးမှာ နေရာချပေးလိုက်ကာ သူ့ကိုစောင့်နေတဲ့ အဆောက်အဦငယ်လေးဆီ ပြန်သွားခဲ့သည်။
အချိန်အတော် ကြာပြီးနောက် အဆောက်အဦငယ်ထဲသို့ မျှော်စင်နယ်ပယ် ကျင့်ကြံသူ ၃ယောက်နဲ့ နတ်ခြေလှမ်းနယ်ပယ်က တစ်ယောက်တို့ ရောက်ရှိလာကြသည်။
နတ်ခြေလှမ်း နယ်ပယ်က ဘာလာလုပ်တာလဲ။
သူ့စိတ်ထဲမှာ သံသယ အရိပ်အယောင်တွေ ပေါ်လာပြီး ဘယ်အချိန်မဆို ထွက်ပြေးဖို့ အဆင်သင့် ဖြစ်နေပေမယ့် လက်ရှိအခြေအနေတွင်တော့ သူက အောင်နိုင်သူ ဖြစ်နေတုန်းပင်။ မဟာဂိုဏ်း နှစ်ခုကြားက ဆက်ဆံရေးဟာ ကောင်းတယ်လို့ မပြောနိုင်ပေမယ့် ဆိုးတယ်လို့တော့ မပြောနိုင်ပါဘူး။
သို့သော် ဂိုဏ်းကြီးနှစ်ခုမှ တပည့်များသည် အခြားဂိုဏ်းကြီးများ၏ အကြီးအကဲများနှင့် တွေ့ဆုံသောအခါ အများစုမှာ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကြမည်မှာ သဘာဝဖြစ်သည်။ ထွက်ပြေးသည်ဖြစ်စေ၊ ထွက်မသွားသည်ဖြစ်စေ တစ်စုံတစ်ဦး တွေ့မြင်သွားခြင်းမှ ရှောင်ထွက်လိုပါက အမှန်တကယ်ပင် သဘောထား သေးငယ်သော လူတစ်ဦး ဖြစ်သွားလိမ့်မည်။
"အငယ်တန်း လုရွှမ်က အကြီးအကဲကို ဂါဝရပြုပါတယ်"
ယင်ယန်မဟာဂိုဏ်းက ဤအကြီးအကဲဟာ နတ်ခြေလှမ်းနယ်ပယ်ကို တက်လှမ်းထားသူပဲ ဖြစ်သည်။ ကျန်သုံးယောက်မှာတော့ လုရွှမ် သူ့လက်ခုပ်လေးကို ဆုပ်ထားရင်းသာ နှုတ်ဆက်လာတာကြောင့် သူတို့သုံးယောက်က အနည်းငယ် စိတ်မချမ်းသာသလို ဖြစ်နေပေမယ့် လုရွှမ်ကတော့ ဂရုမစိုက်ပါဘူး။
"တကယ်ပဲ တူလေးလုရွှမ်ကိုး... ဟာဟား တူလေးက နတ်နဂါးမိသားစုရဲ့ တိုက်ပွဲတစ်ခုမှာ နတ်ဘုရား ဖြစ်လာတာပဲ... အရည်အချင်းက အရမ်း မြင့်မားတဲ့အတွက် အနှစ်တစ်ထောင်အတွင်းမှာ ရှားရှားပါးပါး ပါရမီရှင်လို့တောင် ပြောနေကြတယ်... ဒြပ်စင်ငါးပါး မဟာဂိုဏ်းကို ဆက်ခံသူ ရှိသွားပြီပေါ့ ဟားဟား... ငါတို့ယင်ယန်မဟာဂိုဏ်းကလည်း တူလေးလို ဉာဏ်ကြီးရှင်တစ်ယောက် ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်... လိုအပ်ချက်တွေက အရမ်းမများဘူး မင်းရဲ့အရည်အချင်း တစ်ဝက်လောက် ရှိရင်ကို လုံလောက်ပြီ ...."
"အကြီးအကဲက ရယ်စရာတွေ ပြောနေပြန်ပါပြီ"
လုရွှမ် ပြုံးပြီး ပြောလိုက်သည်။
"ငါက ချောင်ထျန်း... ဟိုတုန်းက.... အင်း မေ့ထားလိုက်ရအောင် အဲဒီနှစ်တွေတုန်းက အကြောင်းတွေ မပြောတော့ဘူး... ဒီတပည့်တွေက သူတို့ရဲ့ ကျင့်ကြံမှုကို ဘယ်လိုတိုးတက်အောင် လုပ်နေလဲ ဆိုတာပဲ ကြည့်ရအောင် သူတို့က ညစ်ပတ်တဲ့အရာတွေ အများကြီးကို တစ်ခုပြီးတစ်ခု လုပ်နေကြတာပဲ... ဝင်ကြည့်ရအောင်"
ချောင်ထျန်းက ကြင်နာတဲ့မျက်နှာနဲ့ ကြည့်ပြီး ပြောလိုက်သည်။ လုရွှမ်လည်း အခင်းအကျင်း တားမြစ်ချက်ကို ဖွင့်ရန် လက်ကိုဝှေ့ယမ်းကာ လူလေးယောက်ကို ဝင်လာခဲ့သည်။
လူလေးယောက် အတွင်းထဲက ကြေကွဲဖွယ်မြင်ကွင်းကို ချက်ချင်း မြင်သွားခဲ့ရပြီး လုရွှမ်ကလည်း လုံးဝ ရှင်းလင်းထားခြင်း မရှိပေ။ ယင်ယန်မဟာဂိုဏ်းမှ လူနှစ်ဆယ်ကျော်သည် အဝတ်ဗလာဖြင့် ထိုင်နေကုန်၏။ ဒဏ်ရာအပြင်းအထန် ရထားကာ သူတို့၏မျက်ခုံးကြားရှိ ခရမ်းရောင် အလင်းတန်းများသည် လုရွှမ်မှ အထူးစိုက်ပျိုးထားသည့် ဖီးနစ်နတ်မီးပဲ ဖြစ်လေသည်။
"ကောင်းပြီ မျှော်လင့်ထားသလိုပဲ လူတိုင်းက ယင်နဲ့ယန် ဆေးနည်းကို လေ့ကျင့်နေကြတာပဲ"
ချောင်ထျန်းမှ ကျိန်ဆဲလိုက်သည်။ မျှော်စင်နယ်ပယ်က လူသုံးယောက်ကလည်း ရှေ့သို့ ချီတက်လာပြီး ပါးစပ်ထဲမှ သွေးများ ထွက်ကျလာသည်အထိ အသီးသီး ပါးရိုက်ပစ်ကြသည်။
"တူလေး လုရွှမ်... မင်းက မင်းရဲ့ဂိုဏ်းကို အကြောင်းမကြားဘဲ ငါတို့ကိုပဲ တစ်ယောက်ချင်း အကြောင်းကြားခဲ့တယ်ဆို"
လုရွှမ် ခေါင်းညိတ်လိုက်၏။ နောင်အနှစ်တစ်ရာတွင် အသက်နှင့်သေခြင်း ပါ၀င်သော စစ်ပွဲတစ်ခု ဖြစ်လာမည် ဖြစ်ပြီး ယင်ယန်မဟာဂိုဏ်းနှင့် ဒြပ်စင်ငါးပါး မဟာဂိုဏ်းကလည်း ပါဝင်မှာမလို့ အချင်းချင်း ထပ်မံတိုက်ခိုက်ရန် သူ မလိုလားပေ။
"ဟုတ်တယ်... ဒါက ခင်ဗျားတို့ရဲ့ အတွင်းရေးကိစ္စလို့ ကျွန်တော် ထင်တယ်... မိသားစုအရှုပ်တော်ပုံကို လူသိရှင်ကြား ဖြစ်အောင်လုပ်တာက မသင့်တော်ဘူးလေ... ခင်ဗျားတို့ပဲ ကိုင်တွယ်လိုက်တာ ပိုကောင်းပါတယ်"
"ကျေးဇူးအများကြီးတင်ပါတယ် တူလေး.... မဟုတ်ရင် ငါတို့ ယင်ယန်မဟာဂိုဏ်းက လုံးဝ အရှက်ကွဲသွားလိမ့်မယ် ငါ့တူကို ဒီမှာ သတင်းမဖြန့်ပါနဲ့လို့ တောင်းဆိုပါရစေ"
"ဒါပေါ့... အကြီးအကဲကလည်း တပည့်တွေကို ဒီထက်မက ကြီးကြပ်ပြီး ဒီလိုအဖြစ်ဆိုးတွေ ထပ်မဖြစ်အောင် ထိန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"ဒါပေါ့ ဒါပေါ့ ဒီအမှိုက်တွေကို သတ်ပစ်ရမှာ"
ထိုသုံးယောက်က မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး တပည့်နှစ်ဆယ်လောက်ကို ခုခံနိုင်စွမ်း မရှိစွာ သတ်ပစ်ကြသည်။
လုရွှမ်ခန္ဓာကိုယ်က ရုတ်တရက် ဘေးသို့ ရှောင်ထွက်သွား၏။ သူ့ရှေ့မှ လက်ဖဝါးတစ်ဖက် ရွေ့သွားသော်လည်း ကံကောင်းစွာနှင့် လုရွှမ် နောက်ပြန်ဆုတ်သွားခဲ့သည်။ သို့မဟုတ်ပါက လက်ဖဝါးက သူ့ကို တိုက်ရိုက် ထိသွားပေလိမ့်မည်။
လုရွှမ် လူလေးယောက်ရဲ့ လှုပ်ရှားမှုတွေကို ဂရုမစိုက်ဘဲ သတိအပြည့်ထားရင် ကြည့်နေသည်။ သူ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။
"အမ်"
ခိုးဝင်တိုက်ခိုက်ခဲ့သော မျှော်စင်နယ်ပယ်က အံ့သြစွာ အော်လိုက်သည်။ ထိုသုံးယောက်လုံးက အကြီးအကဲရှီနဲ့ တူသော မျှော်စင်နယ်ပယ် အဆင့်၅ အဆင့်၆တွင်ပင် ရှိသော်လည်း ရောင်ဝါ၏ ခြိမ်းခြောက်မှုနှင့် တန်ခိုးအာဏာ၏ ခြိမ်းခြောက်မှုအရ ၎င်းတို့ထက် အကြီးအကဲရှီက သာလွန်လေသည်။
"ထူးဆန်းလိုက်တာ.... ငါဘာလို့ ရှောင်နိုင်ပါလိမ့်"
လုရွှမ် လှောင်ပြောင်ပြီး ချောင်ထျန်းကို ကြည့်လိုက်သည်။ ချောင်ထျန်း၏ ကြင်နာသော မျက်နှာသည် ဤအခိုက်အတန့်တွင် ရုတ်တရက် ပြောင်းလဲသွားကာ အလွန်အမင်း ညစ်ညမ်းသွားလေသည်။
"ငါတို့ မင်းကို လုပ်ကြံမယ်ဆိုတာ မင်းဘယ်လိုသိတာလဲ"
လုရွှမ်က သက်ပြင်းချကာ ဖြည်းညှင်းစွာ ပြောပြသည်။
"အစကတော့ ဒီလိုပြဿနာကို ရှင်းဖို့ဆိုရင် မျှော်စင်နယ်ပယ်က လူတစ်ယောက်ပဲ လိုတာ....ဒါပေမဲ့ နတ်ခြေလှမ်း နယ်ပယ်က သခင်တစ်ယောက် ရောက်လာတယ်...ဒါက လူကို သံသယဖြစ်စေမှာပဲ... နတ်မီးနယ်ပယ်က နတ်ခြေလှမ်း နယ်ပယ်က သခင်ကို ခေါ်နိုင်တယ်ဆိုရင်တော့ ခင်ဗျား ဒီကောင်လေးရဲ့ ဆွေမျိုးပဲ ဖြစ်ရမယ် ဟုတ်တယ်မလား"
"ဒုတိယအနေနဲ့ ကျွန်တော်က လုပ်သမျှကို အရမ်းသတိထားတတ်တယ်... အပြင်ထွက်လည်တဲ့အခါ အသက်မွေးဖို့ မလွယ်ဘူးလေ.. သတိမထားရင် တစ်စုံတစ်ယောက်က ကျွန်တော့်ကို ဘယ်အချိန် လုပ်ကြံမယ်ဆိုတာ မသိဘူး"
ချောင်ထျန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး။
"ဟုတ်တယ် ကောင်လေး မင်း တော်တော် ဉာဏ်ကောင်းတယ်... ပိုင်ထျန်းက ငါ့မြေးပဲ"
"ဒါတောင် ခင်ဗျားသူ့ကို သတ်သေးတယ်နော်"
"ငါ့မှာ မြေးတွေအများကြီး ရှိတယ်"
လုရွှမ်က လက်မထောင်ပြပြီး "ကောင်းလိုက်တာ"
"ဟမ့်... ဒါက ထောင်ချောက်ဆိုတာ မင်းသိရက်သားနဲ့ ဝင်လာရဲတယ်ပေါ့ ကောင်လေး မင်း အသက်မရှင်ချင်တော့ဘူး မဟုတ်လား"
လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ကျွန်တော်က အကာအကွယ်မပါဘဲ ထွက်လာမယ်လို့ ထင်နေတာလား အထူးသဖြင့် ကျွန်တော်က နတ်ခန္ဓာကိုယ် ဆိုတော့ ဂိုဏ်းက ကျွန်တော့်ကို ကာကွယ်ဖို့ တစ်ယောက်ယောက်ကို မစေလွှတ်ထားဘူးလို့ ထင်နေတာလား... ဒီလိုဆိုမှတော့ ခင်ဗျားကို ဘာလို့ ကြောက်ရမှာလဲ"
"ဒုတိယအနေနဲ့ ခင်ဗျားတို့ကို ကျွန်တော်ဖြင့် ဘယ်လိုမှ စိတ်မပူပါဘူး အဝေးကနေ စောင့်ကြည့်ပြီး သတင်းပို့ဖို့ အချိန်မရွေး စောင့်နေတဲ့ လူတွေရှိတယ်လေ.... ဟားဟား ယင်ယန်မဟာဂိုဏ်းမှာ ယင်နဲ့ယန် ရိတ်သိမ်းတဲ့ကိစ္စကို လုပ်နေကြတယ် ဆိုတာကို ခင်ဗျားတို့ရဲ့ ဂိုဏ်းနာမည်နဲ့ ခဏကြာနေရင် နာမည်ကြီးပြီ ထင်တယ်.... တကယ်တော့ ကျွန်တော် ကောင်းကောင်း ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ထားတာ...ခင်ဗျားတို့ ဘာလို့ ဒီလောက်မိုက်မဲနေတာလဲ မသိဘူး"
လုရွှမ် လက်ဝါးတစ်ဖက် လှုပ်ရှားလိုက်တဲ့အခါ အဲဒီလူတွေရဲ့ အလောင်းတွေဟာ မီးလုံးကြီး ဖြစ်သွားသည်။ အဲဒီနောက် ဖီးနစ်နတ်မီးက လုရွှမ်ဆီကို ပြန်ရောက်သွားလေ၏။