ရုပ်တုကြေပျက်ခြင်း
Vol. 010 Ch. 901
“ကျုပ်တို့က ဒီကို လာပြီး တိုက်ခိုက်တာ မဟုတ်ဘူး ... လမ်းဖယ်ပေးပါ ... ကျုပ်တို့ အချင်းချင်း သတ်ဖြတ်နေဖို့ မလိုဘူး...” ပန်ခွန်က ရှေ့မှ သားရဲကို အေးစက်စွာ ပြောသည်။
“ကြည့်ရတာ ဒီတစ်ခေါက် မင်းတို့ အင်အားက သိပ်မကောင်းဘူး...” နဂါးနက်က ဒေါသတကြီး ပြန်ပြောသည်။
“မင်းတို့ အားလုံးကို သတ်ဖြတ်ဖို့တော့ လုံလောက်တယ်...” မြောက်ဘက် ချောက်နက်၏ လေသံက အေးခဲနေသည်။ ထို့နောက် သူက မေးသည်... “ဒါဆို မင်းတို့ ကောင်တွေက ထပ်ပြီး လာရှုပ်ကြ ပြန်ပြီလား...”
နဂါးနက်က အေးစက် တင်းမာစွာ ပြောသည်။ သူတို့ကား ရှန့်ထိုများ ပါဝင်သော တော်ဝင်မြေသုံးခုကို ယှဉ်နိုင်ခြင်း မရှိပေ။ သို့သော်လည်း သည်နေရာကား အဆုံးမဲ့ ပင်လယ်ဖြစ်ရာ သူတို့အတွက် ရေမြေ အနေအထားအားဖြင့် အသာစီး ရစေပေသည်။ သို့သော်လည်း သူတို့မှာ မည်သည့် အကျိုးအမြတ်မှ မရှိဘဲ အသေခံ တိုက်ခိုက်မည်တော့ မဟုတ်ပေ။
“လမ်းဖယ်...” နဂါးနက်ကြီးက ပြောသည်။ သည်လူများက အမှန်ပင် ရတနာလှံကို ရရန် သူ မျှော်လင့် ပေသည်။ ထိုနည်းဖြင့် သူကလည်း ထိုလူများထံမှ ပြန်လည် လုယက် နိုင်ပေသည်။
နဂါးနက်၏ အမိန့်တွင် သားရဲများ အားလုံးက လမ်းဖယ် ပေးကြသည်။ တော်ဝင်မြေသုံးခုမှ လူများ အားလုံးက အောက်ကို ဆက်လက် ဆင်းသက် လာကြကာ ရွှေရောင် လမ်းမကြီးပေါ်သို့ ရောက်လာ ကြ၏။
သူတို့၏ရှေ့တွင်ကား ပင်လယ် ဘုရင်၏ ရုပ်တုတစ်ခု ရှိပေသည်။
ရုပ်တုမှာ တော်ဝင် အလင်းများ ဖြာထွက်နေပြီး တကယ့် ပင်လယ် ဘုရင် သက်ရှိ ထင်ရှား ရှိနေသည့်အတိုင်း ဖြစ်သည်။ ကြောက်မက်ဖွယ် ရှန့်ထို အသိကြောင့် နန်းတော် တစ်ခုလုံးမှာ ရောင်စဉ်ရောင်ဝါများ ထွန်းလင်း နေပေသည်။
ပင်လယ်ဘုရင်ကား နန်းတော် ဝင်ပေါက်တွင် ပိတ်ရပ် ထားသည်။ ကြီးမားသော ဖိအားက အားလုံးကို လာရောက် ဖိနှိပ်ကာ ကျောများ စိမ့်စေသည်။ အားကောင်းသော စိတ်အသိ တစ်ခုက ရီဖူရှင်း၏ ခေါင်းထဲကို တိုးဝင်လာသည်အား ခံစားရ၏။ သူက ရုပ်တုကို ကြည့်လျှင် နတ်ဘုရားအလား ပုံသဏ္ဌာန် တစ်ခုက သူ့ထံသို့ လျှောက်လှမ်း လာကာ ဖိအား ပေးလာသည်။
သူ တစ်ယောက်တည်း မဟုတ်ပေ။ တခြား လူများကလည်း ထိုသို့ ခံစားကြရ ပေသည်။ သည်အရာက အပျက်အစီး နယ်မြေ၏ ပထမဆုံး စမ်းသပ်မှု ဖြစ်သည်။ တစ်စုံ တစ်ယောက်က နန်းတော်ထဲကို ဝင်လိုပါက သည်စမ်းသပ်မှုကို ဖြတ်ကျော်ရန် လိုပေသည်။ တန်ခိုး အဆင့် ပိုမြင့်လေလေ ဖိအား ပိုများလေလေ ဖြစ်သည်။ အကယ်၍ ရှန့်ထိုတစ်ပါး ရောက်လာပါက ရုပ်တုက သူ၏ အရှိန်အဝါ အမြင့်ဆုံးဖြင့် ဖိနှိပ်ရန် ကြိုးစားမည် ဖြစ်သည်။
တော်ဝင်မြေ သုံးခုမှ လူများက ပုံမှန်အားဖြင့် မည်သို့ လုပ်ရမည်ကို သိနားလည် ပေသည်။ သူတို့က ဖိအားများကို တောင့်ခံကာ ဆက်လက်၍ လျှောက်သွား ကြသည်။ အချို့ကား ရွှေလှေကား အထိသို့ပင် ရောက်သွားကာ ရုပ်တုအလယ်မှ အလင်း ထွက်ပေါ်နေရာသို့ လျှောက်နေကြသည်။ ထိုနေရာကို ကျော်ဖြတ်နိုင်ပါက သူတို့က နန်းတော်ထဲသို့ ဝင်နိုင်ပေပြီ။
ရီဖူရှင်း ဘေးတွင် ရှိနေသော လူယွီမှာလည်း ဖိအားများကို ခံစားရပေသည်။ သို့သော်လည်း သူမက နိုဘယ်မျှသာ ဖြစ်ရာ ဖိအားက ထိုမျှ မပြင်းထန်ပေ။
နတ်ဘုရားက သူ၏ခေါင်းထဲကို ဆက်လက်၍ လျှောက်လာ သည်တွင် ဖိအားကလည်း အလွန်အမင်း အားကောင်း လာသည်။ ပိုမို အားကောင်းသော အရံအတားများ ဖြစ်ပေါ်လာကာ ဖိအားကို တောင့်ခံသည်။
ရီဖူရှင်းက ခေါင်းယမ်း လိုက်ကာ ထူးဆန်းမှု တစ်ခုကို ခံစားမိသည်။ ပင်လယ်ဘုရင်၏ အားကောင်းသော စိတ်အသိက သူ၏စိတ်နယ်ပယ် အတွင်းဘက် အကျဆုံး၌ တည်ရှိနေသော ဧကရာဇ် အသိအား သွားရောက် ခံစားမိဟန် ရသည်။ ပင်လယ်ဘုရင်၏ ပုံရိပ်က ပိုမို အားကောင်းလာခဲ့ကာ ရီဖူရှင်း၏ စိတ်ထဲမှ ဧကရာဇ် အသိအား သွားရောက် တိုက်ခိုက်တော့သည်။
ရီဖူရှင်း၏ မျက်လုံးများက ပင်လယ်ဘုရင်၏ ရုပ်တုကို စိုက်ကြည့်နေကာ သူ၏ စိတ်စွမ်းအားများက လောင်ကျွမ်း လာနေသည်။ ဧကရာဇ်အသိ ကိုယ်တိုင်ကလည်း အသက် ဝင်လာကာ ပင်လယ်ဘုရင်၏ စိတ်အသိအား ပြန်လည် တိုက်ခိုက်သည်။
ထိုအခိုက်တွင် နတ်ဘုရား မီးတောက် အသွင်ဖြင့် ဧကရာဇ်အသိက ရီဖူရှင်း၏ အသွင်သဏ္ဌာန် ဖန်ဆင်းကာ စိတ်နယ်ပယ်ထဲ ဖြစ်ပေါ်လာသည်တွင် သူ၏ကြီးမြတ်သော အသွင်သဏ္ဌာန် အောက်၌ ပင်လယ်ဘုရင် အပြင် အရာခပ်သိမ်းမှာ ဦးညွှတ်ကြရ ပေတော့သည်။
ဘုန်း... ရွှေလှေကားထက်မှ များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များ နောက်ကို လွင့်စဉ် သွားကြတော့သည်။ သတို့၏ စိတ်ဝိညာဉ်များ ဒဏ်ရာရကာ သွေးများ အန်ကြသည်။
“ဘာဖြစ်တာလဲ...” ပန်ခွန်ကား ယခင် နန်းတော်ထဲကိုပင် ဝင်ဖူးကာ ဤသို့သော အခြေအနေမျိုး မကြုံဖူးပေ။ သူက ရုပ်တုကို ကြည့်လျှင် နတ်ဘုရား အလင်းများက မျက်လုံးများ စူးရှစေအောင်ပင် လင်းလက် နေသည်ကို မြင်ရ၏။ ကြောက်မက်ဖွယ် ကောင်းသော ဖိအား အဆမတန် အားကောင်း လာခဲ့ကာ ပင်လယ်ဘုရင် ကိုယ်တိုင်က အသက်ဝင် လာသည်ဟုပင် ခံစားကြ ရတော့သည်။
မမြင်ရသော ဖိအားက ပတ်ဝန်းကျင် တစ်ခုလုံးကို အဆက်မပြတ် ရိုက်ခတ်ရာ တန်ခိုးရှင်များ အားလုံးမှာ ခုခံအားများမဲ့ကာ နောက်ကို အဆက်မပြတ် လွင့်စဉ်ကြသည်။ သူတို့သာမဟုတ် သားရဲများမှာလည်း ထို့အတူ ဖိအား၏ ရိုက်ခတ်မှုကို ခံစားရကာ အဆက်မပြတ် တုန်ယင် နေကြတော့သည်။
“ဘာဖြစ်နေတာလဲ...” တော်ဝင်မြေမှ လူများမှာ နားမလည်ကြပေ။ သည်နေရာတွင် ရှန့်ထိုများ မရှိနိုင်ပေ။ အဘယ်ကြောင့် ဖိအားက ထိုမျှ အားကောင်း နေရသနည်း။
တော်ဝင်မြေမှ တန်ခိုးရှင်များ အားလုံးမှာ မြေပြင်တွင် ဆင်းသက်နေကြပြီး ဖြစ်ကာ မျက်လုံးကို မှိတ်လျှက် သတိကြီးစွာဖြင့် စိတ်နယ်ပယ်ကို အပြင်းအထန် ကာကွယ် နေကြရသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ အဆက်မပြတ် တုန်ယင်နေကြသည်။
ရီဖူရှင်းမူကား သူ၏ စိတ်နယ်ပယ်က အချိန်မရွေး ကွဲအက်တော့မည်ဟု ခံစားနေရသည်။ သူ၏ စိတ်နယ်ပယ်ထဲတွင် နတ်ဘုရားနှစ်ပါး တိုက်ခိုက်နေကြကာ မချိမဆံ့သော ဖိအားဒဏ်ကို ခံစားနေရသည်။
ထိုနေရာ တစ်ခုလုံးကလည်း တုန်ခါနေကာ အဆုံးအစမဲ့သော အလင်းများ ရုပ်တုထံမှ ထွက်ပေါ် နေသည်။ ထိုအခိုက်တွင် ရီဖူရှင်းကား အလွန် ဒေါသထွက်နေပြီ ဖြစ်သည်။ ပင်လယ်ဘုရင်ကား လွန်ကဲလွန်းသည်။
သူ၏ တော်ဝင် အသိမှာလည်း ဒေါသထွက်သွားဟန် ရသည်။ ပိုမိုလင်းလက်သော နတ်ဘုရား စွမ်းအားများ သူ့စိတ်နယ်ပယ်ကို ရိုက်ခတ်သွားကာ ဧကရာဇ်အသိက ပိုမို အားကောင်းစွာ လောင်ကျွမ်းကြသည်။ ရီဖူရှင်း၏ခန္ဓာကိုယ်မှ အလင်းများ ဖြာထွက်လာခဲ့၏။ သို့သော်လည်း လူတိုင်းက မျက်လုံးကို မှိတ်ကာ ဖိအားကို ခံစားနေကြရာ မည်သူမှ မသိမထားမိကြပေ။ ထို့အပြင် ရုပ်တုအလင်းက သူတို့အားလုံး၏ အမြင်အာရုံကို ပျက်ပြယ် စေသည်။
ရုပ်တုက နန်းတော်နှင့်အတူ ပြင်းထန်စွာ တုန်ခါနေသည်။
ဝုန်း...
ကျယ်လောင်သော အသံနှင့်အတူ နတ်ဘုရားအလား ရုပ်တုမှာ ပေါက်ကွဲသွားကာ ရွှေရောင် ကျောက်တုံးများ အဖြစ် ပြောင်းလဲ သွားသည်။ ရီဖူရှင်း၏ ခေါင်းထဲမှ ပင်လယ်ဘုရင်၏ ပုံရိပ်မှာလည်း ပျောက်ကွယ် သွားသည်။ အပြင်းထန်ဆုံးသော ဖိအားများမှာလည်း ရုတ်တရက် ပျောက်ကွယ် သွားကြသည်။
ရီဖူရှင်းကား ထိုအခိုက်တွင် အကြီးအကျယ် အားပြတ်မှုကို ခံစားရသည်။ ပတ်ဝန်းကျင်မှ ရေများ သူတို့ထံကို ဖုံးအုပ်လာကြရာ အားလုံးက သဘာဝ စွမ်းအားများဖြင့် ကာကွယ် ကြရသည်။ သူတို့အားလုံးမှာ ပင်လယ်ရေများ ဝန်းရံလျက် ထိုင်နေကြပြီး မည်သူကမှ ပတ်ဝန်းကျင်မှ အဖြစ်အပျက်များအား ဂရုမစိုက် အားကြပေ။
သို့သော်လည်း ပင်လယ်ဘုရင်၏ ရုပ်တုကို မြင်ကြသောအခါ သူတို့အားလုံး၏ စိတ်နှလုံးများ ပြင်းထန်စွာ တုန်ခါသွားကြသည်။
အားလုံးက သည်အရာ ဘာကို ဆိုလိုသည်ကို နားလည်သည်။
အချိန်နှင့် လေဟာနယ်လှံကား မကြာမီ ပြည်နယ်ကိုးခု၌ ထွက်ပေါ် လာတော့မည် ဖြစ်သည်။
သူတို့ထဲက မည်သူကမှ ရတနာလှံကို ရယူနိုင်စွမ်း မရှိသည့်တိုင် ရုပ်တု ပျက်စီးသွားခြင်းက ရှန့်ထိုများအား တားဆီး နိုင်သည့်အရာ မရှိတော့ဟု အဓိပ္ပာယ် ရသည်။ အကယ်၍ ရှန့်ထိုတစ်ပါးသာ သည်နေရာကို ရောက်လာခဲ့ပါက သူ၏လက်ထဲကို ရတနာလှံ ရောက်သွားမည်မှာ သေချာသည်။
“မင်းတို့ ... ပင်လယ်နန်းတော်ကို မြန်မြန် သွားသတင်းပို့...” ပန်ခွန်က သူ့အနီးမှ တန်ခိုးရှင်များအား အမိန့်ပေးသည်။ တော်ဝင်မြေများ အားလုံးက မြန်ဆန်စွာပင် ထွက်သွားကြသည်။
သူတို့က ရတနာလှံကို မရယူနိုင်လျှင်ပင် အနည်းဆုံး အချိန်ဆွဲထား နိုင်ပေသည်။ ရှန့်ထိုတစ်ပါး ဦးဆုံး ရောက်လာသော တော်ဝင်မြေက ရတနာလှံကို ရမည်မှာ သေချာပေသည်။
“လာ... အထဲကို ဝင်ကြမယ်...” ပန်ခွန်က ပြောကာ လက်ကျန်လူများဖြင့် အထဲကို ဝင်သည်။ ရုပ်တု မရှိတော့ရာ သူတို့အားလုံးက အထဲသို့ အတားအဆီးမရှိ ဝင်နိုင်ပေပြီ။
ရီဖူရှင်းကလည်း ရုပ်တုရှေ့ကို ရောက်လာသည်။ ထိုအနီးတွင် ပင်လယ်ရေ အနည်းငယ်မျှပင် မရှိပေ။ ရုပ်တုက ပြိုကွဲ သွားသော်လည်း မမြင်ရသော အလင်း အရံအတား တစ်ခုက ပင်လယ်ရေများအား တားဆီး ထားသည်။ သူက ရှေ့ကို လှမ်းကြည့်လျှင် များစွာသော ကျောက်တိုင် အပျက်အစီးများကို လှမ်းမြင်သည်။ နံရံများနှင့် ကြမ်းပြင်များတွင် အင်းအစီအရင်များ ပြည့်နှက်နေပြီး ထူးဆန်းသော စွမ်းအားများ စီးဆင်းနေဟန်ရသည်။
“ဝင်္ကပါက ပျက်စီးသွားပြီ...” ဖုန်းတူက ပြောသည်။ ပထမတစ်ကြိမ် သူရောက်ခဲ့သည်နှင့် အလွန် ကွဲပြား ခြားနား နေလေပြီ။ နန်းတော် တစ်ခုလုံး ပိုမို လင်းလက်နေခဲ့ကာ ဝင်္ကပါ အလင်းများ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေကြသည်။
“ရုပ်တု ပြိုလဲတာက ဝင်္ကပါ ပျက်စီးသွားလို့ ဖြစ်မယ်... ဒီမတိုင်ခင် ဘာဖြစ်ခဲ့လဲ မင်းတို့ထဲက တစ်ယောက်ယောက် သတိထားမိ လိုက်ကြလား...” ပန်ခွန်က လူအုပ်ကို ကြည့်ကာ မေးသည်...” ရုပ်တုစွမ်းအင်ကို ဘယ်သူက နိုးထစေတာလဲ...”
“အဲဒါ ငါတို့ထဲကလို့ မင်းထင်လား...” ဖုန်းတူက မေးသည်။
“ကျုပ်တို့အပြင် ဘယ်သူတွေ ရှိသေးလို့လဲ..” ပန်ခွန်က သူ့အား ကြည့်ကာ ထပ်ပြောသည်...” ရုပ်တုက နန်းတော်ရှေ့က လူတွေကိုပဲ တိုက်ခိုက်တာ ... ဒီတော့ ကျုပ်တို့အထဲက မဟုတ်ရင် နောက်ထပ် မရှိတော့ဘူး... ဒါပေမဲ့ ရုပ်တုက ရှန့်ထိုတွေကိုတောင် တားဆီးနိုင်တာ ... ဘယ်သူက ရုပ်တုကို ပျက်စီးစေတာလဲ...” သူကား မည်သို့မှ နားလည်နိုင်စွမ်း မရှိပေ။
“ဝင်္ကပါ ပျက်သွားတော့ နန်းတော်က အရင်လို မဟုတ်တော့ဘူး... သတိထားကြပါ...” ဖုန်းတူက ပြောသည်။
ထိုအခိုက်တွင် လျူစီရွှမ်က များစွာသော မျက်လုံး အစုံများအား ခံစားမိသည်။ အထူးသဖြင့် မြောက်ပိုင်း ချောက်နက်မှ လူများ ဖြစ်ကြသည်။ သူမ၏ အဝတ်အစားများကား ရေများ စိုရွှဲနေသောကြောင့် ခန္ဓာကိုယ်နှင့် ကပ်နေပြီး ရှိုက်ကြီးရှိုက်ဖို အသွယ်သွယ်တို့က မြင်သူတကာ ပုရိသတို့အား ဆွဲငင်ညှို့ယူ နေတော့သည်။ ခုနက ထိတ်လန့်မှုကြောင့် သူမက သတိ မထားမိသော်လည်း မျက်လုံးအစုံများ ရောက်လာသည်တွင် သိုလှောင်လက်စွပ်မှ အပေါ်ဝတ်ရုံ တစ်ထည် ထုတ်ကာ မြန်ဆန်စွာပင် အပြင်မှ ထပ်ဝတ်လိုက်သည်။
လျူယွီလည်း ထိုနည်းတူပင်။ သူမအား ကြည့်လာသော မျက်လုံးများကို မြင်သောအခါမှ သတိတရ အပေါ်ဝတ်ရုံ တစ်ထည် ထုတ်ကာ ဝတ်လိုက်ရသည်။
“သတိထား...” အသံတစ်သံကို ကြားကြရသည်။ ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခုကို ခံစားကြရသည်။ နန်းတော် အတွင်းပိုင်းမှ ကြောက်မက်ဖွယ် ကောင်းသော သားရဲများ တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ် လာကြသည်။
“ရေအောက် နန်းတော်က ထပ်ပြီး ကြိုဆိုပါတယ်...” နန်းတော် အတွင်းပိုင်းမှ အားလုံး၏ စိတ်ကို ချောက်ချား စေသော အသံနက်ကြီး တစ်သံကို ကြားကြရသည်။ အားလုံးက အတွင်းမှ ကြည့်နေသော မျက်လုံးအစုံကို မြင်ကြရကာ သူတို့အားလုံးမှာ မျက်လုံးအစုံ၏ ရှေ့တည့်တည့်တွင် ရပ်နေသည်ဟု ခံစားကြရသည်။
ရီဖူရှင်းက အဝေးကို လှမ်းကြည့်ကာ အာရုံခံသည်။ သူက အဝေးမှ နတ်ဆိုး တစ်ပါးအလား ဧရာမကြီးမားသော သားရဲမိစ္ဆာကြီး တစ်ကောင်အား ခံစားမိသည်။ ထိုအပြင် သူ့ထံမှ ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင် ကိုယ်ဝါများ ထွက်ပေါ် နေသည်။
“လျူယွီ ... လျူဟန် ... ဒီက ထွက်သွားရအောင်...” ရီဖူရှင်းက သူတို့အား စိတ်ဖြင့် ပြောသည်။ ထို့နောက် သူက လျူယွီ၏လက်ကို ကိုင်ကာ နန်းတော်မှ ထွက်သွားရန် ဟန်ပြင်သည်။
သူက အလွန့်အလွန် ကြောက်မက်ဖွယ် ကောင်းသော တစ်စုံတစ်ခုအား တွေ့ရှိခဲ့၏။
***