ထိုက်ရှစ်
Vol. 83 Ch. 1069
လုံးဝန်းနေသော ဥသည် ကွဲမလာသေးချေ။ ချင်မူက ဝေစွေ့ဖုန်း၏ဒဏ်ရာများကို ကုသပေးရင်း အရိုးများ ပြန်ဆက်ပေးလိုက်သည်။ ဝေစွေ့ဖုန်းက လက်ကို ခါရင်း ဥအား ကြည့်ဂာာ အလေးအနက် ပြော၏။ “မင်းတွေ့လိုက်လား... အဲ့ဒါ ဘာမဟာတာအိုလဲ မသိဘူး... “
ချင်မူက မလေးနက်စဖူး လေးနက်နေသော အမူအရာဖြင့် ပြန်ပြောသည်။ “ကျွန်တော် တွေ့လိုက်ရသလို ကြားလည်းကြားလိုက်ရတယ်... ဒီဥက အထဲမှာ ထူးခြားတဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါး ကိန်းဝပ်နေတဲ့ ရှေးဟောင်းနတ်ဘုရားဥတစ်ဥပဲ.... သူ အရွယ်ရောက်လာလို့ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နဲ့ ယှဉ်ရင်တောင် မှေးမှိန်နေမှာမဟုတ်ဘူး... အထဲက မဟာတာအိုက ရှင်နေသလို၊ သေနေသလို ထင်နေရတဲ့ အသွင်သဏ္ဍာန်မဲ့ စွမ်းအင်တစ်ရပ် ထင်တာပဲ... ဒီစွမ်းအင်က ကောင်းကင်နတ်အရှင်လင်ရဲ့ မပြောင်းလဲတဲ့ ဒြပ်ထုအပေါ်မှာတောင် ဖိအားပြင်းပြင်း သက်ရောက်ထားနိုင်တယ်... ဒီလို မဟာတာအိုမျိုး ကြားဖူးလား အစ်ကိုကြီး”
မပြောင်းလဲသော ဒြပ်ထုကား ၎င်း၏ ပြိုင်ဘက်အား ပထမဆုံးအကြိမ် ဆုံရချေပြီ။ ထိုအရာသည် ယင်နှင့်ယန်ပေါင်းစည်းသွားပြီးနောက် အသွင်သဏ္ဍာန်၊ ဒြပ်ထု မရှိတော့သော စွမ်းအင်တစ်မျိုး ဖြစ်၏။ ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်း၏ ဆန့်ကျင့်ဘက် ဖြစ်ချေသည်။
ဝေစွေ့ဖုန်းက ခေါင်းယမ်းရင်း ပြောသည်။ “ငါ ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုအတော်များများကို မြင်ဖူးတယ်.. တာအိုဘိုးဘေးကြီးရဲ့ အစောင့်အရှောက်ဆောင်ကိုတောင် ရောက်ဖူးတယ်... ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို ဖိအားပေးနိုင်တဲ့ မဟာတာအိုမှတ်တမ်းတစ်ခုတောင် မရှိဘူး... တစ်ခါမှလည်း မကြားဖူးဘူး”
နှစ်ယောက်သား ဥကို ပတ်၍ လျှောက်နေရင်း အကြံအိုက်နေကြသည်။ သို့သော် ဝေစွေ့ဖုန်းနှင့် ယွီလင်နန်းစောင့်တပ်သားများမှာ စိတ်လှုပ်ရှားနေကြသည်။ ၎င်းကို သုံး၍ မပြောင်းလဲသော ဒြပ်ထုကောင်းကင်နတ်သိုင်းကို ဖျက်ဆီးနိုင်ပါက တစ္ဆေသင်္ဘော၏ မပြောင်းလဲသော ဒြပ်ထုအခြေအနေမှ သူတို့အားလုံး လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပါလော။
ချင်မူ၏ မျက်ဝန်းများ လင်းလက်သွားသည်။ “ဒီရှေးဟောင်းနတ်ဘုရားက အစ်ကိုကြီးတို့အားလုံးနဲ့ ကောင်းကင်နတ်အရှင်လင်ကို ကယ်ဖို့ သော့ချက် ဖြစ်ကောင်းဖြစ်နိုင်တယ်.. ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ နာမည်က ထိုက်ချူတဲ့... မဟာဧကရာဇ် ပေးထားတာ.. ဒီဥထဲက ရှေးဟောင်းနတ်ဘုရားက ကျွန်တော်နဲ့ ရေစက်ပါတော့ ထိုက်ရှစ်လို့ နာမည်ပေးမယ်... “
ဝေစွေ့ဖုန်းမှ သတိမပေးဘဲ မနေနိုင်တော့ပေ။ “ညီလေး၊ ဒီဥထဲက ရှေးဟောင်းနတ်ဘုရား ထွက်လာရင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် နောက်တစ်ယောက် ဖြစ်လာနိုင်တယ်နော်”
ချင်မူက ဥကို သိမ်း၍ ပြန်ပြောလိုက်သည်။ “ထိုက်ချူက မဟာကမ္ဘာဦးအစ မူလကျောက်တုံး သတ္ထုတွင်းကနေ မွေးလာတဲ့ နတ်ဘုရားတစ်ပါးပဲ... သူက အရွယ်ရောက်လာဖို့ သတ္ထုတွင်းရဲ့ စွမ်းအားကို အသုံးချခဲ့တာ... ဒီထိုက်ရှစ်ရဲ့ ဥလည်း အရွယ်ရောက်လာဖို့ ဘိုးဘေးနန်းတော်က သတ္ထုတွင်းလိုမျိုး ထူးခြားတဲ့ စွမ်းအားတစ်ရပ် လိုအပ်တယ်...ကျွန်တော် သိမ်းထားရင် သူ မွေးမလာနိုင်တော့တဲ့အပြင် သူ့ရဲ့မဟာတာအိုကို လေ့လာနိုင်လိမ့်မယ်”
ဝေစွေ့ဖုန်းမှာ စိတ်မအေးနိုင်သေးပေ။ “ဒါဆို ဒီဥကို ဘိုးဘေးနန်းတော်ဆီ ဘယ်တော့မှ ယူမသွားလို့ မရမှန်း မင်း သိနေမှဖြစ်မယ်နော် ညီလေး... မဟုတ်ရင်...”
ချင်မူလည်း အလေးအနက် ခေါင်းညိတ်ပြီး ကျောက်ယန်ခန်းမမှ ခိုးယူလာသည့် ရတနာများ ထုတ်လိုက်သည်။ ရတနာများသည် ကုန်းပတ်ပေါ်တွင် ပြန့်ကျဲသွား၏။ နတ်တောင်တန်းများ၊ ရတနာတောင်တန်းများကဲ့သို့သော ကောင်းကင်ရတနာများပင် ပါရှိချေသည်။
ဝေစွေ့ဖုန်းမှာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိသည်။ “ညီလေး၊ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရတနာတိုက်ကို ၀င်ခိုးလာတာလား... ရတနာတွေမှ အများကြီးပဲ”
“ဒါပေါ့” ချင်မူက ၀မ်းသာအားရဖြင့် ခပ်ကျယ်ကျယ် ဖြေလိုက်သည်။
ဝေစွေ့ဖုန်းမှာ ရတနာများကို ကြည့်ရင်း ရင်ထဲထိသွား၏။ ရှေးဟောင်းနတ်ဘုရားများအတွက်ပင် ရှားပါးသော ရတနာများကား သင်္ဘောပေါ်တွင် ရောက်နေကြချေပြီ။
“များလိုက်တဲ့ ရတနာတွေ...”
သူက လေအေးတစ်ချက် ရှူသွင်း၍ နဂါးသွေးရတနာသစ်ပင်တစ်ပင်ကို ထိကြည့်လိုက်သည်။ ထိလိုက်သည်နှင့် သစ်ပင်သည် တောက်ပလာ၏။
ဝေစွေ့ဖုန်းသည် သစ်ပင်အောက်သို့ ရောက်သွားသဖြင့် နီးကပ်မှုကို ခံစားနေရသလို၊ ချီစွမ်းအင်နှင့်လည်း ထူးဆန်းစွာ ရင်းနှီးနေသည်။ အချိန်မရွေး ဉာဏ်အလင်းပွင့်နိုင်မည့် အနေအထားသို့ ၀င်ရောက်နိုင်သည့်အလားပင်။
ပို၍ ထူးခြားသည်က ချီစွမ်းအင်သာ သစ်ရွက်များအပေါ်တွင် သင်္ကေတများ ခတ်နှိပ်လိုက်ပါက ဉာဏ်အလင်းဖြစ်စဉ်မှာ ပိုမိုအောင်မြင်နိုင်ချေရှိလေသည်။
“ဒီသစ်ပင်ကို မဟာရတနာတစ်မျိုးအဖြစ် လုံး၀ သွန်းလုပ်လို့ရတယ်”
ဝေစွေ့ဖုန်းမှာ အံ့ဩမှင်သက်နေပြီး ရေရွတ်နေမိသည်။ “သစ်ကိုင်းတစ်ကိုင်းနဲ့တောင် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင် အသုံးပြုနိုင်တဲ့ ဆန်းကြယ်ရတနာတစ်ပါး သွန်းလုပ်လို့ရတယ်... ငါ ဟိုးအရင်တုန်းက နဂါးဟန်ခေတ်ဆီ ပြန်သွားပြီး ယွီလင်နန်းစောင့်တပ်ရဲ့ တပ်မှူးဖြစ်လာတာဆိုတော့ အတော်များများ တွေ့မြင်ခဲ့ဖူးတယ်.... ရတနာအမျိုးမျိုးလည်း တွေ့ဖူးပေမယ့် ဒီဟာတွေလောက် ခမ်းနားတာမျိုး မတွေ့ဖူးဘူး.... မင်း ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရတနာတိုက်ကနေ ခိုးလာတာတွေထက် ပိုကောင်းတာမျိုးဆိုလို့ တစ်ခုပဲ တွေ့ဖူးတယ်”
ချင်မူက မဟာကမ္ဘာဦးအစ မူလကျောက်တုံး၏ အစိတ်အပိုင်းများကို ထုတ်ပြီးနောက် ရှာဖွေလိုက်သည်။ မဟာဧကရာဇ်အသိစိတ်အလျဉ် အကြွင်းအကျန်တို့ မရှိကြောင်း သေချာမှ စိတ်အေးသွားတော့သည်။ သူက စပ်စပ်စုစု မေးလေသည်။ “ကောင်းကင်နတ်ဧကရာဇ်မိသားစုရဲ့ ရတနာတွေထက် ဘယ်သူ့ရတနာတွေက ပိုအဆင့်မြင့်နိုင်တာလဲ”
မဟာဧကရာဇ်၏ မဟာကမ္ဘာဦးအစမူလကျောက်တုံးမှာ အစိတ်အမွှာမွှာ ခြေမွခံထားရသဖြင့် ချင်မူသည် ခပ်ကြီးကြီး အပိုင်းတစ်ပိုင်းကို ကောင်းကင်နတ်အရှင်ယွင်သို့ ပေးလိုက်ပြီး ကျန်အစိတ်အပိုင်းများကို သူ၏တတိယမျက်လုံးအဖြစ် သွန်းလုပ်ရန် ကြံရွယ်ထား၏။
အစိတ်အပိုင်းများအား ဆက်ကြည့်ရန် ကြိုးစားသော်လည်း မပြည့်စုံပေ။ သူသည် အစိတ်အပိုင်းအချို့ လိုနေခြင်း ဖြစ်လိမ့်မည်။
“မြောက်နတ်မင်းရွှမ်းဝူရဲ့ မိသားစုမှာ အံ့ဖွယ် ရတနာတစ်ပါး ရှိခဲ့တယ်”
ဝေစွေ့ဖုန်းက ထိုအကြောင်းအား ချီးကျူးထောပနာပြုနေချေသည်။ “သူတို့က ကမ္ဘာခေတ်ဦးရတနာတွေတစ်ပုံကြီဂ ဖန်သားကောင်းကင်စေတီလို့ ခေါ်တဲ့ မဟာရတနာတစ်ပါး သွန်းလုပ်ခဲ့တယ်တဲ့... ငါ တစ်ခါမြင်ဖူးတယ်... မင်းသားယိုမင်က ငါ့ကို ကြည့်ခွင့်ပေးခဲ့တာ... အဲ့ဒါက တစ်လောကလုံးမှာ တကယ့် အကောင်းဆုံးရတနာပဲ... ဘယ်ရတနာမှ အဲ့ဒီဟာနဲ့ မယှဉ်နိုင်ဘူး .. မင်း ကောင်းကင်နတ်ဧကရာဇ်ဆီကနေ ရတနာတွေအများကြီး ခိုးလာပေမယ့် ဘာကမှ ဖန်သားကောင်းကင်စေတီနဲ့ မယှဉ်နိုင်ဘူး”
ချင်မူက မဟာကမ္ဘာဦးအစ မူလကျောက်တုံး၏ အစိတ်အပိုင်းတစ်ပိုင်း ယူကာ သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ပို့လွှတ်လိုက်သည်။ ရုတ်တရက် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး အစိတ်အပိုင်းအား ဖမ်းဆုပ်လိုက်၏။
ထို့နောက် ထိုအစိတ်အပိုင်းသည် သူ၏မျက်ခုံးကြားထဲ ၀င်ရောက်၍ တတိယမျက်လုံးအတွင်းရှိ မဟာကမ္ဘာဦးအစ မူလကျောက်တုံးနှင့် ပေါင်းစည်းသွား၏။
ချင်မူ ကျေနပ်သွားပြီး နောက်တစ်ခု လှမ်းယူလိုက်သည်။
“ဖန်သားကောင်းကင်စေတီ ဟုတ်လား..... မင်းသားယိုမင်းဆီကနေ ခိုးယူခံလိုက်ရတဲ့ ဟာမလား.... အဲ့ဒီစေတီက ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရတနာတွေတောင် မယှဉ်နိုင်တဲ့အထိ အစွမ်းထက်တာလား”
သူ ထိုအကြောင်း စဉ်းစားသွားမိသည်။ မြောက်နတ်မင်းရွှမ်းဝူသည် ကမ္ဘာဦးခေတ်တွင် အသန်မာဆုံးမျိုးနွယ်၊ မဟာဧကရာဇ်၏ မျိုးနွယ်ဖြစ်သည့် ယွီရှစ်မျိုးနွယ်မှ မြင်ယောင်ဖန်ဆင်းထားသည့် ရှေးဟောင်းနတ်ဘုရားနှစ်ပါး ဖြစ်၏။ သူတို့တွင် အရင်းအမြစ်များစွာ ရှိထားလိမ့်မည်။
သူတို့ကြည့်ရသည်မှာ ရှေးဟောင်းနတ်ဘုရားများနှင့် ဖန်ဆင်းရှင်တို့၏တိုက်ပွဲတွင် ကျူယွီရှစ်၏ ရတနာတိုက်အား ဖောက်ထွင်းခဲ့ခြင်း ဖြစ်လောက်သည်။
ဝေစွေ့ဖုန်းသည် စေတီအား တွေ့ခဲ့ရသည့်အချိန်ကို သတိရသွားပြီး ချီးကျူးလိုက်ပြန်၏။ “တကယ့်ကို တစ်မိုးအောက် တစ်ခုပဲရှိတဲ့ နံပါတ်တစ် ရတနာတစ်မျိုးပဲ... မင်းတွေ့ရင် မင်းလည်း အံ့ဩသွားမှာ... အင်မတန်ကို ထူးခြားလွန်းတယ်.... မင်း အဲ့ဒါကို ဦးညွှတ်ပြီး ကိုးကွယ်လိုက်တာနဲ့ ဖန်သားကောင်းကင်ဘုံ၂၄ ဘုံဖြစ်တည်လာပြီးတော့ ပြိုင်ဘက်ကင်းသွားရော...”
ချင်မူက မဟာကမ္ဘာဦးအစ မူလကျောက်တုံး၏ ကျန်အစိတ်အပိုင်းများကို သူ၏မျက်ခုံးနှစ်ဖက်ကြားထဲ ထည့်လိုက်သည်။ ၎င်းက သူ၏တတိယမျက်လုံးဖြင့် ပေါင်းစည်း၍ တစ်သားတည်း ဖြစ်သွား၏။
မျက်တောင်ခတ်ကြည့်သည့်အခါ မည်သည်မှ ထူးခြားမသွားသော်လည်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်သည့်အချိန်တွင်မူ သူအသိစိတ်အလျဉ်က အဆမတန် တိုးတက်လာပြီး ယခင်ကထက် အဆပေါင်းများစွာ လျင်မြန်လာတော့သည်။
သူက သက်ပြင်းချသည်။ ‘မဟာဧကရာဇ်က အကြောင်းရှိလို့ မဟာဧကရာဇ်ဖြစ်လာတာပဲ... ငါ့အသိစိတ်အလျဉ်အနေနဲ့ မဟာကမ္ဘာဦးအစ မူလကျောက်တုံးတဲ့ တစ်ဝက်လောက်နဲ့တင် မြန်မြန်တိုးတက်လာခဲ့တာဆိုတော့ ကျောက်တုံးအပြည့်စုံနဲ့သာဆို ဘယ်လောက်မြန်မြန် တိုးတက်သွားမလဲ မသိဘူး’
ဝေစွေ့ဖုန်းမှာ ဖန်သားကောာင်းကင်စေတီအကြောင်း တွေးနေဆဲဖြစ်ပြီး အံ့ဩမှင်သက်စွာဖြင် တစ်ကိုယ်တည်း ရေရွတ်နေသည်။ “မင်း ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရတနာတိုက်ကနေ ခိုးလာတာထက် ပိုများတဲ့ရတနာတွေ စေတီပေါ်မှာရှိတယ်...”
“အစ်ကိုကြီး၊ ဒီရတနာတွေအများစုက ဘိုးလေးနန်းတော်က လာတာတွေပါ... တစ်ခုရွေးကြည့်” ချင်မူက သူ့အား တစ်ခုရွေးယူရန် ဖိတ်ခေါ်လိုက်သည်။
ဝေစွေ့ဖုန်းက အတွေးလွန်နေသည်ကို ရပ်၍ ရတနာများအကြား လျှောက်ရင်း အရည်အသွေးကို ကြည့်နေသည်။ သို့သော် ကြည့်လေလေ၊ ရွေးချယ်ရခက်လေလေ ဖြစ်လာသည်။
ရတနာများမှာ ဖန်ဆင်းရှင်တို့ အချိန်အတော်ကြာသည့်တိုင်အောင် ဂရုတစိုက် ရွေးချယ်ထားကြသော ရတနာများဖြစ်ကြသည်။ ကမ္ဘာဦးဘုံမဆိုထားနှင့်၊ စကြ၀ဠာတစ်ခုလုံးတွင် ရှာလျှင်တောင်မှ ၎င်းတို့ထဲမှ တစ်ခုကိုပင် ရှာတွေ့ရန် ခက်ခဲ၏။
ကျန်ရှိသည်များမှာ အင်အားကြီးမားသော ရှေးဟောင်းနတ်ဘုရားများ သို့မဟုတ် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်များလက်ထဲတွင် ဖြစ်ပေလိမ့်မည်။
ဝေစွေ့ဖုန်းမှာ အကုန်လုံး လိုချင်နေသဖြင့် အချိန်ပေးကာ ရွေးနေရချေသည်။ နောက်ဆုံးတွင် သူက နတ်ဘုရားတောင်တန်းတစ်ခုကို ယူလိုက်ပြီး ရှင်းပြ၏။ “တစ္ဆေသင်္ဘောပေါ်က ညီအစ်ကိုတွေ ငါ့နောက်လိုက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ.. ငါတို့ လွတ်လပ်သွားတဲ့အခါကျရင် ခေတ်နောက်ကျနေလောက်ပြီ.... အရင်က ကျောက်စိမ်းမြို့တော်အဆင့်နဲ့ နတ်ကောင်းကင်ခန်းမအဆင့်တို့ဟာလည်း ဒီနေ့ခေတ်ရဲ့ နဂါးသွဲ့ရေကန်အဆင့်နဲ့ တူနေလောက်ပြီ... လူတိုင်း အစွမ်းအစတိုးမြှင့်ဖို့ သုံးလို့ရမယ့် ရတနာတစ်ခုအဖြစ် ငါ ဖန်တီးမယ်... မင်း ဒီနန်းတော်မီးအိမ်တွေကိုရော ငါ့ကို ပေးလို့ရမလား”
ချင်မူက ခေါင်းညိတ်သည်။ ၎င်းတို့ကား ရတနာတိုက်ထဲမှ ရတနာများအတွက် အစောင့်အရှောက်များ ဖြစ်ချေသည်။ သူ့အတွက် အသုံးမ၀င်သည့်အတွက် ချင်စာလုံးနယ်မြေထဲတွင်သာ နေရာယူထား၏။
ဝေစွေ့ဖုန်းက ၎င်းတို့ကို ယူ၍ ပြောနေသည်။ “ဒါတွေကိုလည်း ကောင်းကင်ရတနာတွေနဲ့ သွန်းလုပ်ထားတာ... ဒါအများကြီးနဲ့ဆို သင်္ဘောကိုကာကွယ်ဖို့ မဟာမီးအိမ်တစ်ထောင်ဝင်္ကပါ တည်ဆောက်လို့ရတယ်”
ချင်မူလည်း ကျန်ရတနာများကို သိမ်းရင်း သင်္ဘောပေါ်ရှိ ယွီလင်နန်းစောင့်တပ်ဆီ ကြည့်လိုက်သည်။ “သူတို့က မျိုးနွယ်စုတစ်ခုချင်းစီကနေ ရွေးချယ်ထားတဲ့ အထူးချွန်ဆုံး ပါရမီရှင်တွေပဲ..... ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ နှစ်အတော်များများ ကျင့်ကြံလိုက်ရင် သူတို့စွမ်းအားတွေက အတိုင်းအဆမရှိ တိုးတက်လာမှာ... အောင်မြင်မှုတွေလည်း ကန့်သတ်ခံရမှာမဟုတ်ဘူး”
ဝေစွေ့ဖုန်းက သူ့ကို တစ်ချက်ကြည့်ကာ ပြောသည်။ “အဲ့ဒါက မင်း ငါတို့ကို ကယ်နိုင်စွမ်းအပေါ်မှာ မူတည်နေတယ်”
ချင်မူ့မျက်ခုံးများ တွန့်ချိုးသွားသည်။ ရှေးဟောင်းနတ်ဘုရား ထိုက်ရှစ်၏ မဟာတာအိုကို မလေ့လာနိုင်သရွေ့ ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသော ဒြပ်ထုအား ချိုးဖျက်ရာတွင် ယုံကြည်ချက်မရှိပေ။
“ငါ ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်အရှင်တစ်ယောက်ချင်းစီရဲ့ လက်အောက်မှာ အချိန်တခဏစီ နေခဲ့တယ်... သူတို့ရဲ့ တကယ့် စွမ်းဆောင်နိုင်ရည်တွေကို မသင်ယူခဲ့ရပေမယ့် ဧကရာဇ်ပလ္လင်သိုင်းကွက်အတော်များများကိုတော့ တွေ့ခဲ့ရတယ်”
ဝေစွေ့ဖုန်းသည် ကောင်းကင်နဂါး ရတနာရထားလှည်းအား သူ့အတွက် ပြုပြင်ပေးပြီးနောက် မျက်တောင်ခတ်လိုက်ရင်း ပြော၏ “ငါ အတော်များများကို မလေ့လာနိုင်ခဲ့ပေမယ့် ကူးရေးထားခဲ့တယ်... ငါ့မြေပုံအတိုင်း လိုက်သွား... မင်း တွေ့လိမ့်မယ်”
ချင်မူမှာ ငိုရခက်၊ ရယ်ရခက်ဖြင့် မေးလိုက်မိသည်။ “ဘာလို့ ကျွန်ဝောာ့်ကို ပေးလိုက်လို့မရတာလဲ.... ဘာလို့ မြေပုံတစ်ခု လုပ်ထားရတာလဲ”
ဝေစွေ့ဖုန်းက ခေါင်းယမ်းရင်း ဖြေသည်။ “ကောင်းကင်နတ်ဘုံမှာ ရှိနေတုန်း ကောင်းကင်နတ်အရှင်တွေဆီကနေ ပုန်းဖို့ ငါ့အတွက် ခက်ခဲခဲ့တယ်... ဘယ်အချိန်သေမလဲ မသိခဲ့တာမလို့ ငါ စုဆောင်းထားတဲ့ ဧကရာဇ်ပလ္လင်သိုင်းကွက်တွေကို သွားဖူးတဲ့နေရာတွေမှာ ဝှက်ထားခဲ့တာပါ... ညီလေး၊ ကောင်းကင်နတ်အရှင်လင်ရဲ့ စာကလည်း အဲ့ဒီထဲက နေရာတစ်နေရာမှာပဲ.... မင်း တောင်နတ်မင်းကို ကယ်ပြီးရင် အဲ့ဒီကို သွားရမယ်”
ချင်မူက ပြုံးလျက် မေးလိုက်သည်။ “ဘာလို့ ဒီမှာပဲ မပြောပြလိုက်တာလဲ... ဘာလို့ အစ်ကိုကြီးမြေပုံအတိုင်း သွားရှာခိုင်းရတာလဲ”
ရုတ်တရက် သူ အကြောင်းအရင်းကို သဘောပေါက်သွားပြီး ခန့်မှန်းလိုက်သည်။ “ဧကန္တ... အစ်ကိုကြီး မသင်နိုင်ခဲ့တာလား”
ဝေစွေ့ဖုန်းမှာ မျက်နှာကြီးနီရဲစွာဖြင့် နောင်တရနေသည်။။ “ဘာလို့ မသင်နိုင်ရမှာလဲ... ငါက တခြားသူတွေရဲ့ သိုင်းကွက်ကို သင်တဲ့နေရာမှာပဲ မတော်တာ... သူတို့သိုင်းကွက်ရဲ့ တချို့နေရာတွေကို မှီငြမ်းပြီး ငါ့ရဲ့ ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်မှာ ပေါင်းထည့်ထားတယ်... ငါက ငါ့လမ်းစဉ်နဲ့ ငါလျှောက်မှာ... ငါသာ တန်ခိုးရှင်တစ်ယောက် ဖြစ်လာရင် အဲဒါတွေကို မသင်ယူနိုင်ဘဲ နေပါ့မလား... ဟဲဟဲ...”
သူ့မျက်နှာပေါ်ရှိ အပြုံးမှာ တဖြည်းဖြည်း ရှုံ့တွလာသည်။
ချင်မူ သူ့အား မစနောက်တော့ပေ။ ဝေစွေ့ဖုန်းသည် တန်ခိုးရှင်သစ်ခုတ်သမား၏ အဖိုးတန်ဆုံး တပည့်တစ်ဦး ဖြစ်သည်။ သူတို့သုံးဦးထဲတွင် ဝေစွေ့ဖုန်းသည် တန်ခိုးရှင်သစ်ခုတ်သမားနောက်သို့ အချိန်အကြာဆုံး လိုက်ခဲ့ပြီး ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားတတ်သည့် အကျင့်ဆိုးလည်း ကူးစက်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဝေစွေ့ဖုန်းသည် သစ်ခုတ်သမားထက် တော်၏။ သစ်ခုတ်သမား၏ သိုင်းလမ်းစဉ်တွင် အတတ်ပညာနှင့် ကမ္ဘာခေတ်နှောင်းမဟာတာအို ၃၆၀ ပါ၀င်နေသည်။ ဤသည်က ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ၃၆၀သော ခန်းမများ ဆင်းသက်လာခဲ့သည့် ဇစ်မြစ်လည်း ဖြစ်ချေသည်။
ထိုမဟာတာအို ၃၆၀ က သစ်ခုတ်သမားအား နဂါးသွဲ့ရေကန်အဆင့်တွင် အမြဲ ရပ်တန့်နေစေသော အကြောင်းအရင်းဆိုလည်း မမှားပေ။ သူ့တစ်ဘ၀လုံး နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်သို့ တက်ရောက်နိုင်မည်မဟုတ်ချေ။
ကမ္ဘာခေတ်နှောင်းမဟာတာအို ၃၆၀ ကြောင့် သူ၏မူလဝိညာဉ်သည် နတ်ဘုရားစီရင်ရာစင်မြင့်ထက်တွင် အကြိမ်ပေါင်း ၃၆၀ ကြိမ် ပိုင်းဖြတ်ခံရလိမ့်မည်။
သူ၏အကျင့်ဆိုးကြောင့် တစ်ခါပိုင်းဖြတ်ခံရသည်နှင့် ညီးတွားပြီး သေဆုံးသွားလိမ့်မည်။
ဝေစွေ့ဖုန်းမှာ လောဘကြီးသော်လည်း အနည်းဆုံးတော့ ဧကရာဇ်ပလ္လင်အဆင့်အထိ တက်ရောက်နိုင်ခဲ့သေးသည်။
တစ္ဆေသင်္ဘောက ရေထဲမှ ဗွမ်းခနဲ ထွက်၍ ကောင်းကင်နတ်မြစ်၏ မြူခိုးများကြားတွင် ရွက်လွှင့်နေသည်။
“ညီလေး အခွင့်အရေးလေးကြိမ်ပဲ ကျန်တော့တယ်”
ဝေစွေ့ဖုန်းက ရတနာရထားလှည်း သင်္ဘောပေါ်မှ မောင်းထွက်သွားသည်ကို ကြည့်ရင်း သတိပေးလိုက်၏။ “တောင်နတ်မင်းကို ကယ်ဖို့အတွက် အခွင့်အရေးတွေ မဖြုန်းတီးပစ်နဲ့..... တခြားအရေးပါတဲ့အရာတွေ လုပ်ဖို့ အခွင့်အရေးတချို့ ချန်ထားရမယ်”
ချင်မူက ပြတင်းပေါက်မှ ခေါင်းပြူ၍ သူ့အား လက်ပြနှုတ်ဆက်သည်။ “အရင်တစ်ခေါက်က အောင်မြင်ဖို့ နည်းနည်းပဲ လိုတာပါ... ဒီတစ်ခါတော့ သေချာပေါက် အောင်မြင်မှာ”
“အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့”
ဝေစွေ့ဖုန်းက သိသိသာသာ စိတ်ပူပန်နေဟန်ဖြင့် လှမ်းအော်သည်။ “မင်းက ပါးစပ်စီးမယ်... နိမိတ်မရှိ နမာမရှိ”
ချင်မူက ရယ်လျက် ရထားလှည်းအတွင်း ပြန်၀င်သွား၏။ သူ့နှုတ်ခမ်းမှ သီချင်းသံက ချိုချိုသာသာ ထွက်ပေါ်လာသည်။။ မြူခိုးထဲတွင် သူ၏သီချင်းသံက နှစ်ချို့ဝိုင် ခပ်နွေးနွေးကဲ့သို့ ချိုသာနေ၏။ ယင်းက လူများအား လွမ်းဆွေးရင်း ရဲရင့်လာသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
“ဒီနေ့ ငါက ကောင်းကင်ဘုံကို ခြုံလွှမ်းထားတယ်
“မြူတွေဝေတဲ့ တောင်တနတ်းတွေမှာ မူးယစ်မိလို့... ခြေလှမ်းတွေ ယိုင်နဲ့လာသည့်တိုင်အေင် သီဆိုရင်း... မေးမိတယ်... ဒီနှစ်က ဘာနှစ်လဲ”
“ရေတွေ၊ လယ်တွေ”
ဝေစွေ့ဖုန်းက ရထားလှည်း မြူခိုးများထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သူ့သီချင်းသံကို နားထောင်နေသည်။ သူက ခေါင်းခါရမ်း၍ ရေရွတ်လိုက်မိသည်။ “ရွှတ်နောက်နောက်ကောင်... ဘယ်သူ့ဆီကနေ သင်လာတာလဲမသိ”
ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ဂိုဏ်းသခင်များသည် သက်ဆိုင်ရာမျိုးဆက်များအလျောက် ပါရီမီမျိုးစုံ ထူးချွန်သူများဖြစ်၏။ ထိုစဉ်က ဝေစွေ့ဖုန်းမှာ အကျင့်ပျက်သည့် တေလေဂျပိုးတစ်ကောင်ဖြစ်ခဲ့သည်။ ချင်မူ၏ သီချင်းစာသားများအရ သူသည် သီချင်းစာသားများကိုသုံး၍ သူ၏စိတ်ဓာတ်ကို မြှင့်တင်ရန် ကြိုးစားနေကြောင်း သိသာ၏။
ဒီနှစ်က ဘာနှစ်လဲ။
ဒီနေ့ ငါက ကောင်းကင်ဘုံကို ခြုံလွှမ်းထားတယ်
“ညီလေးရဲ့ ရည်မှန်းချက်က သိသာနေတယ်” ဝေစွေ့ဖုန်းက အံ့ဩမှင်သက်စွာဖြင့် ပြော၏။
သီချင်းဆိုသံ ရပ်သွားပြီး ရထားလှည်းသည် ကောင်းကင်နတ်မြစ်သို့ ရောက်ရှိ၍ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံဆီသို့ မောင်းနှင်သွားလေသည်။
“ငါ တောင်နတ်မင်းကို ကောင်းကင်နတ်အရှင်ယွဲ့ဆီ သွားတွေ့ပြီး ငှက်မွှေးတစ်ချောင်း ပေးဖို့ မှာထားတယ်... လူပြန်ဝင်စားဖို့ ဝိညာဉ်ကို ခွဲထားဖို့လည်း တိတ်တိတ်ကလေး ပြောပြီးပြီ... အခု လုပ်ရမှာက အဲဒီငှက်မွှေးကို ရှာပြီး ဒီခရီး ပြီးသွားစေဖို့ပဲ”
ချင်မူမှာ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံကို ကြည့်ရင်း ယုံကြည်မှုများဖြင့် ပြည့်နှက်နေ၏။ နတ်ဘုံသည် ယခင်ကထက် မြင့်မားနေလေရာ သူ့အား ဝေးကွာနေသလို ခံစားနေရစေသည်။
အဝေးရှိ ကောင်းကင်နတ်မြစ်တွင် မိန်းမပျိုတစ်ဦး သီချင်းသီဆိုနေသည့် အသံအား ကြားလိုက်ရသည်။ သူမ၏အသံက သာယာအေးချမ်းနေသည်။ “မြစ်ပေါင်းရာချီ ပင်လယ်ထဲကို စီးဝင်တယ်... ကြယ်ပေါင်းရာချီ အနောက်ကြယ်မှာ ဝိုင်းဖွဲ့လို့.... ကောင်းကင်ဟန်ပေါ် ဖြာကျတဲ့အခါ ကုန်စည်အကူးအသန်းအတွက် ကူးတို့တွေ လိုတယ်”
“ကောင်းကင်နဲ့မြေပြင်မှာ ရွက်လွှင့်ရင်း ဘုရင်တွေက ပြည်သူပြည်သားတွေကို ကယ်တင်တယ်... နေရာတွေ ရှင်းလင်းသန့်စင်ပြီး သူရဲကောင်းအသစ်တွေ ထွက်ပေါ်လာလိမ့်မယ်”
ချင်မူ သီချင်းသံလာရာသို့ ကြည့်လိုက်ရာ လှေတစ်စင်းအရှေ့တွင် လေနှင့်အတူ ပျံသန်းနေသော အနီရောင်၀တ်ရုံနှင့် မိန်းမပျိုတစ်ဦးကို တွေ့ရလေသည်။ သူမသည် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ ရှိရာတွင် ပြောပြ၍မရနိုင်သော အညှို့ဓာတ်မျိုးဖြင့် သီဆိုနေရ၏။
ချင်မူမှာ စွဲလမ်းမိသွားသည်။ သူက သူမအသံကို နားထောင်ရန်အတွက် နဂါးချီလင်ကို ရပ်တန့်စေလိုက်သည်။
ယန်အာက ပြုံး၍ ပြော၏။ “အံ့ဩဖို့ကောင်းလိုက်တာ.. ဒီမိန်းမပျိုလေးက ငါနဲ့ ဆင်တူတယ်နော် သခင်လေး”
သူမအသံက မိန်းမပျိုအား သတိအနေအထား ဖြစ်သွားစေသည်။ သူမသည် လှည့်ကြည့်လိုက်ပြီးနောက် သိသိသာသာပင် မကျေမနပ် ဖြစ်သွား၏။ စောစောက စကားအား ပြောလိုက်သူမှာ အလျားလိုက်ဖြစ်နေသကဲ့သို့ ဝတုတ်ပြဲကွဲနေသော အစိမ်းရောင် စာကလေးတစ်ကောင် မဟုတ်ပါလော။ မိန်းမပျိုက ပြန်မေးလိုက်သည်။ “ငါက ဒီစာကလေးစုတ်နဲ့ ဘယ်နားတူလို့လဲ”
သို့သော် ယန်အာ့စကားက ချင်မူ့ကို မိန်းမပျိုအား လှမ်းကြည့်လိုက်မိစေသည်။ အမှန်တကယ်ပင် ယန်အာနှင့် ရုပ်ချင်းဆင်သဖြင့် သူက ကောက်ချက်ချလိုက်သည်။ “တကယ်တူတာပဲ”
အမျိုးသမီး၏ ၀တ်ရုံသည် တဖျတ်ဖျတ် လွင့်နေပြီး သူမခေါင်းအနောက်တွင် မီးငှက်မွှေးတောင်တစ်ချောင်း ထိုးထားသည်။ သူမက ဒေါသတကြီး ပြန်ရန်တွေ့၏။ “ဘယ်နားက တူတာတုန်း... သူက ၀တုတ်ပြဲကွဲနေတာကို”