အကြိမ် တစ်ရာမြောက် လူဝင်စား၊ ငတုံးမလေး ချွဲဖေးယင်
Vol. 83 Ch. 1070
ချင်မူ တဟားဟား ရယ်လိုက်ရင်း ရတနာရထားလှည်းအတွင်းမှ ထွက်လိုက်သည်။ “မမကြီးတောင်နတ်မင်းကို မူချင်း အရင်က မြင်ဖူးခဲ့ပါတယ်”
“မူချင်းဟုတ်လား... မမကြီးတောင်နတ်မင်းတဲ့လား”
အနီရောင်၀တ်ရုံဖြင့် မိန်းကလေးမှာ ကြောင်သွားသည်။ သူမ၏အသံက နူးညံ့သိမ်မွေ့သော်လည်း မျက်နှာအမူအရာအရ အနည်းငယ် တုံးအမည့်ပုံပေါ်၏။ “နင်က မူချင်းဖြစ်လောက်ပေမယ့် ငါကတော့ နင့်အစ်မမဟုတ်ဘူး... နင် လူမှားနေပြီ... ငါက ချွဲဖေးယင်... ကောင်းကင်နတ်အရှင်ယွဲ့လက်အောက်က တပည့်တစ်ယောက်ပါ”
ချင်မူ့စိတ်ထဲတွင် သံသယများ ပေါက်ဖွားလာသည်။ ‘လူမှားနေတာလား... ဒီမိန်းကလေးက တောင်နတ်မင်းရဲ့ ရုပ်ဆင်သလို အနီရောင်အဝတ်အစားချည်းပဲ ၀တ်ထားတာပါ... သူ့ဆံပင်မှာထိုးထားတဲ့ မီးငှက်တောင်ကလည်း တောင်နတ်မင်းရဲ့ မီးငှက်တောင်ပဲ... မှားတာမဖြစ်နိုင်ဘူး... ပြီးတော့ သူ အခုလေးတင် ဆိုလိုက်တဲ့ကဗျာကလည်း ထူးခြားတယ်... သူ စိတ်ပါလက်ပါ ဆိုနေတာက မြစ်ပေါင်းတစ်ရာလောက် ပင်လယ်ထဲစီးဆင်းပြီး ကြယ်တွေအကုန်လုံးက တစ်ပြိုင်နက် တောက်ပနေတဲ့အတိုင်းပဲ... ငတုံးတစ်ယောက်က ဘယ်လိုလုပ် ဒီကိုအနုပညာမျိုးကို ရေးဖွဲ့နိုင်မှာလဲ'
သူက ထိုသို့တွေးပြီးနောက် မေးကြည့်လိုက်ရာ အနီရောင်ဝတ်ရုံဖြင့် မိန်းကလေး ချွဲဖေးယင် က ဖြေသည်။ “ဒါက ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ ကဗျာလေ.. ငါ ရေးထားတာမဟုတ်ဘူး.. သူဆိုနေတာ ကြားတုန်းက လိုက်သင်ထားတာ”
နဂါးချီလင်က ပြော၏။ “သခင်မလေးဖေးယင်၊ ကျွန်တော်တို့ ဂိုဏ်းသခင်နဲ့ ကောင်းကင်နတ်အရှင်ယွဲ့က မိတ်ဆွေကောင်းတွေပါ... အခုလည်း သူ့ဆီ လာလည်တာ.. အကြောင်းများ ကြားပေးလို့မရလားမသိဘူး”
“ဆရာမ မရှိဘူး”
ချွဲဖေးယင်က သူတို့အား အကဲခတ်နေသည်။ “ငါ့ဆရာမနဲ့ ကောင်းကင်နတ်အရှင်ယွင်က ကောင်းကင်နတ်ဘုံမှာမဟုတ်ဘူး... နင်တို့က တကယ်ပဲ ဆရာမရဲ့မိတ်ဆွေ ဟုတ်လို့လား.. ငါ နင်တို့ကို မသိပါဘူး”
ချင်မူ ရထားလှည်းအတွင်းမှ ထွက်လိုက်သည်။ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ မျက်ခွံသည် ဖြည်းဖြည်းချင်း ဘေးနှစ်ဖက်သို့ ကွဲသွားပြီး တတိယမျက်လုံးကို ပြသလိုက်သည်။ ချက်ချင်းဆိုသလို သူကား ချွဲဖေးယင် ဟု ခေါ်သည့် မိန်းမပျို၏ အတိတ်ဘ၀ရော ပစ္စပ္ပုန်ကိုပါ ရှင်းရှင်းလင်းလင်း မြင်လိုက်ရချေသည်။
သူ၏ နတ်မျက်လုံးသည် မဟာကမ္ဘာဦးအစ မူလကျောက်တုံးအစိတ်အပိုင်းများနှင့် ပေါင်းစည်းထားသောကြောင့် ၎င်းတို့အတွင်းထဲရှိ အံ့ဖွယ်စွမ်းအားများစွာ ရရှိခဲ့၏။
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာတုန်းက မီးလုံးတစ်လုံးသည် မီးငှက်နန်းတော်တည်ရှိရာ တောင်ဘက်ရှိ ကြယ်တာရာကောင်းကင်မှ ကျလာပြီး ကမ္ဘာဦးဘုံအတွင်းထဲက သာမန်မိသားစုတစ်စု၏ အိမ်သို့ ဆင်းသက်သွားသည်ကို တွေ့လိုက်ရသည်။
ဆယ်လကြာသော် မိသားစု၏ အိမ်ရှင်မသည် သမီးတစ်ယောက် ဖွားမြင်ခဲ့၏။ သူမ မွေးဖွားသည့်အချိန်တွင် ကောင်းကင်တစ်ပြင်လုံး အနီရောင်လွှမ်းသွားပြီး သားဖွားဆောင်ကို ပျံဝဲနေသည့် မီးငှက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကလေးမလေး မွေးဖွားပြီးနောက် အရွယ်ရောက်သည့်အခါ ကောင်းကင်နတ်အရှင်ယွဲ့က လာရောက်၍ တပည့်အဖြစ် လက်ခံခဲ့ကာ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ သင်ပေး၍ ကောင်းကင်နတ်ဘုံသို့ ခေါ်သွားခဲ့၏။
သို့သော် နဂါးဟန်ကောင်းကင်နတ်ဘုံနှင့် စစ်ပွဲတစ်ပွဲတွင် ထိုမိန်းကလေးသည် ကောင်းကင်ယင်သားတော်နှင့် တွေ့ခဲ့ပြီး ကောင်းကင်ယင်သားတော်က သူမ၏ဝိညာဉ်ကို နုတ်ယူလျက် သူမအား ပွဲချင်းပြီး သေဆုံးသွားစေခဲ့သည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ ဒေါသူပုန်ထသွားပြီး ကောင်းကင်ယင်သားတော်အား အပြင်းအထန် ဒဏ်ရာရစေ၍ ဝိညာဉ်ကို ပြန်ယူခဲ့သည်။
ထိုညတွင် ကောင်းကင်နတ်အရှင်ယွဲ့သည် စစ်မြေပြင်၌ ဝိညာဉ်များ လိုက်လံသိမ်းဆည်းနေသော ကောင်းကင်နတ်အရှင်ရုံနှင့် ဆုံခဲ့သဖြင့် ဝိညာဉ်ကို သူ့ထံ ပေးအပ်ခဲ့သည်။
နောက်ထပ်ဆယ်လအကြာတွင် မိန်ကလေးငယ်တစ်ဦး ထပ်မံမွေးဖွား၍ ကောင်းကင်နတ်အရှင်ယွဲ့က တပည့်အဖြစ် ထပ်မံလက်ခံခဲ့ပြန်သည်။ သူမသည် အင်မတန်ထက်မြတ်ပြီး မည်သည့်ကောင်းကင်နတ်သိုင်းကိုမဆို တစ်ကြိမ်တည်းဖြင့် သင်ယူနိုင်၏။ သို့သော် ယခင်ဘ၀အကြောင်း တစ်လုံးတစ်စမှ မမှတ်မိသလို၊ သူမ မည်သူဖြစ်မှန်းလည်း မသိချေ။
အချိန်ကား ကြာကြာမအေးချမ်းလိုက်ချေ။ သူမ ခရီးထွက်နေသည့်အချိန် နတ်ဘုရားတစ်ပိုင်းများ၏ ဝိုင်း၀န်းသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဤတစ်ကြိမ်တွင်လည်း နတ်ဘုရားတစ်ပိုင်းများကို လူသားနယ်မြေဆီ ကျူးကျော်စေခဲ့သူမှာ ကောင်းကင်ယင်သားတော်ပင်။
ချင်မူလည်း တတိယ၊ စတုတ္ထနှင့် ပဉ္စမမြောက် လူဝင်စားများကို ဆက်လက်ကြည့်နေမိသည်။
သူမသည် ပြန်လည်၀င်စားတိုင်း တစ်နည်းမဟုတ် တစ်နည်းဖြင့် အသတ်ခံရ၏။ အသတ်ခံရတိုင်း ကောင်းကင်ယင်သားတော်ကြောင့်သာ ဖြစ်သည်။
ပြန်လည်၀င်စားသည့်အခါတိုင်း သူမ၏ဉာဏ်ရည်နှင့် မှတ်ဉာဏ်တို့မှာ တဖြည်းဖြည်း လျော့ကျသွားသည်။ ချွဲဖေးယင်က သူမ၏ အကြိမ် ၁၀၀ မြောက် လူဝင်စားဘ၀ဖြစ်၏။
ကောင်းကင်နတ်အရှင်ယွဲ့က သူမအား တပည့်အဖြစ် ဆက်လက်လက်ခံပေး၍ အစွမ်းကုန် သင်ကြားပေးသည်။ သို့သော် ချွဲဖေးယင် မှာ အနည်းငယ် တုံးအသောကြောင့် တချို့က ငတုံးမလေးချွဲဟု ခေါ်ကြလေသည်။
‘ကောင်းကင်ယင်သားတော်က တမင်လုပ်နေတာပဲ... သူရဲ့ ယိုတုမဟာတာအိုက အမြင့်ဆုံးအခြေအနေအထိ ရောက်ပြီးသားဆိုတော့ တောင်နတ်မင်းကျုချွဲရဲ့ လူဝင်စားဝိညာဉ် ဘယ်ရောက်မလဲ မြင်နေရတယ်... ဒါကြောင့် သူ့ကို အကြိမ်တိုင်း ကွက်တိရှာတွေ့နေတာ”
ချင်မူမှာ ဒေါသမီးများ တဟုန်းဟုန်း တောက်လောက်လာတော့သည်။ သူ၏တတိယမျက်လုံးဖြင့် တောင်နတ်မင်း၏ လူဝင်စားများ ၉၉ ကြိမ်တိတိ သေဆုံးခဲ့သည့်ကို တွေ့မြင်နေရသည်။ အကြိမ်တိုင်း ကောင်းကင်ယင်သားတော်၏ လက်ချက်ကြောင့်ပင်။
‘ကောင်းကင်ယင်သားတော်က ဝိညာဉ်လမ်းစဉ်မှာ အဆင့်မြင့်တယ်... တောင်နတ်မင်း လူဝင်စားလိုက်တိုင်း သူက တောင်နတ်မင်းဆိုတာ မမှတ်မိအောင် သူ့ဝိညာဉ်ကို တစ်ခုခု လုပ်ထားတာဖြစ်ရမယ်.... ဒီလူက တောင်နတ်မင်း၊ ကောင်းကင်ယင်နတ်ဘုရားမနဲ့ တိရီယွဲ့တို့အပေါ် အကောက်ကြံနေတာပဲ... မသိရင် မိန်းမလှတွေအပေါ် မကျေနပ်ချက် ရှိနေတာကျလို့”
ချင်မူက စိတ်ထိန်းလိုက်ပြီး ကြင်နာရွှင်လန်းနေသော မျက်နှာအမူအရာ ပြန်ဖမ်းလိုက်ရင်း ချွဲဖေးယင်ထံသို့ လက်ဆန့်ထုတ်ပေးကာ ပြုံးနေသည်။ “သခင်မလေးဖေးယင် ဒီကို လာပါဦး.... ကျွန်တော့်မှာ မမကြီးကို ပြစရာ ရတနာတစ်ခုရှိတယ်”
ချွဲဖေးယင်မှာ အူကြောင်ကြောင်လေးဖြင့် လှေပေါ်မှ ခုန်ဆင်း၍ ရထားလှည်းပေါ် တက်လာကာ စပ်စပ်စုစု မေးလိုက်သည်။ “ဘာရတနာလဲ”
ချင်မူက ပြုံးရင်း တွေးနေသည်။ ‘ဒီ ငတုံးမလေးအတွက် ဒီလောက်ထိ အသက်ရှင်နေတာ တကယ် မလွယ်ဘူးပဲ'
ချွဲဖေးယင်သည် တခစ်ခစ် ရယ်၏။ “ကောင်စုတ်လေး... ငါ့ကို ခိုးကြည့်နေတဲ့ နင့်ပုံစံက လူရှုပ်လေးကျလို့....ဘယ်မလဲ ရတနာက.... ငါ နင့်ဆီက မလုပါဘူး”
ချင်မူလည်း ကောင်းကင်ယင်သားတော် မည်သို့လှည့်ကွက်များ သိုဝှက်ထားသလဲ သိရှိရန် သူမဝိညာဉ်အား အသေးစိတ် စစ်ဆေးကြည့်တော့မည့်အချိန် တစ်စုံတစ်ယောက်က ရုတ်တရက် အော်လိုက်၏။ “ငတုံးမလေးချွဲ... ဘာလို့ တခြားတစ်ယောက်ရဲ့ ရထားလှည်းပေါ် ရောက်သွားတာလဲ”
ယန်အာနှင့် ချွဲဖေးယင်သည် တစ်ပြိုင်နက်တည်း ထူးလိုက်ကြ၏။ ယန်အာမှာ ဇက်ပုသွားပြီး ဇဝေဇဝါဖြစ်နေသည်။ ‘ဘာလို့ ငါကပါ ဖြေလိုက်ရတာတုန်း’
ချွဲဖေးယင်က ရထားလှည်းအတွင်းမှ ကရောသောပေါး ထွက်၍ ပြောသည်။ “ငါ့အစ်မတွေ ခေါ်နေပြီ.... နောက်မှပဲ နင့်ရတနာကို ကြည့်တော့မယ်’
ချင်မူ သူမတုံးအနေသည့် အရင်းအမြစ်ကို ကြည့်လိုက်သည့်အခါ ကောင်းကင်ယင်သားတော်၏ မင်တုကောင်းကင်မုခ်၀ကဲ့သို့ မုခ်၀တစ်ခုကို ခပ်ရေးရေး တွေ့လိုက်ရသည်။ သို့သော် ချွဲဖေးယင်မှာ လှေပေါ်သို့ လူငယ်များဆီ အပြေးပြန်သွားနေချေပြီ။
ချင်မူမှာ ပုံမှန်မဟုတ်သော မြင်ကွင်းတစ်ခုကို တွေ့မြင်ရလုဆဲဆဲ ဖြစ်ခဲ့သောကြောင့် ကျွတ်စုပ်သပ်လိုက်မိသည်။ ညည်းတွားမိလိုက်သည်။
ချွဲဖေးယင်သည် တောင်နတ်မင်းကျုချွဲ၏ လူဝင်စားဖြစ်၏။ သို့သော် လူပြန်ဝင်စားတိုင်း ကောင်းကင်ယင်သားတော်၏ သတ်ဖြတ်ခြင်းခံရသည်။
သူမ သေသွားသည့်အခါတိုင်း သူမဝိညာဉ်သည် ကောင်းကင်ယင်သားတော်၏ မင်တုကောင်းကင်မုခ်၀အား ဖြတ်သန်းသွား၏။
မုခ်၀အားဖြတ်သန်းပြီးနောက် တောင်နတ်မင်း၏ ဝိညာဉ်တွင် ကောင်းကင်ဝိညာဉ်များ၊ မြေကြီးဝိညာဉ်များနှင့် စိတ်ဝိညာဉ်ခုနစ်ခုတို့ ရှိလာပြီး ယန်ဝိညာဉ်သုံးခုနှင့် ယင်ဝိညာဉ်ခုနစ်ခုအား ပြုပြင်ပေးကြသည်။
‘တခြားနည်းနဲ့ပြောရရင် တောင်နတ်မင်းက ယန်ဝိညာဉ်သုံးခုထဲက နတ်ဘုရားဝိညာဉ်ကို လူပြန်ဝင်စားဖို့ သုံးနေတာပဲ... သူ သေခဲ့တဲ့ ၉၉ ကြိမ်တိုင်း ကောင်းကင်ယင်သားတော်က သူ့ယန်ဝိညာဉ်သုံးခုနဲ့ ယင်ဝိညာဉ်ခုနစ်ခုကို ၉၉ ခါ ပြုပြင်ပြီး သူရဲ့နတ်ဘုရားသဘာ၀ကို လျော့ချပစ်လိုက်တာ”
ချင်မူ လှေပေါ်မှ လူငယ်များကို ကြည့်လိုက်မိသည်။ သူတို့သည် ကောင်းကင်နတ်အရှင်ယွဲ့၏ တပည့်များ ဖြစ်ပုံရပြီး သူ့အား ခပ်တန်းတန်း ဖြစ်နေကြ၏။ သူတို့က ချွဲဖေးယင်အား စကားပြောနေကြပြီး လူစိမ်းများနှင့် မဆက်ဆံရန် မှာကြားနေကြဟန်တူသည်။
‘၉၉ ကြိမ်တောင် လူဝင်စားခဲ့တာဆိုတော့ တောင်နတ်မင်းက ၉၉ ကြိမ် ချိပ်ပိတ်ခံခဲ့ရသလိုပဲ... သူရဲ့နတ်ဘုရားသဘာ၀က ပျောက်ကွယ်လုနီးနီး ဖြစ်နေပြီ.... နောက်တစ်ခါ ပြန်လည်၀င်စားရင် သူ့ရဲ့နတ်ဘုရားဝိညာဉ်က လုံး၀လမ်းပျောက်သွားပြီး ပြန်နိုးထနိုင်တော့မှာမဟုတ်ဘူး”
ချင်မူမှာ ကောင်းကင်ယင်သားတော်အား မချီးကျူးဘဲ မနေနိုင်ချေ။ ‘တောင်နတ်မင်းရဲ့ လူ၀င်စားသာ နောက်တစ်ကြိမ် သေသွားရင် သူ သေမျိုးတစ်ယောက် ဖြစ်လာလိမ့်မယ်... ကောင်းကင်ယင်သားတော်က တကယ်ပဲ ဩချလောက်ပါတယ်... သူက ဒီခေတ်က ရှေးဟောင်းနတ်ဘုရားတွေကို ရင်ဆိုင်နိုင်တဲ့ ဝိညာဉ်အစီအရင်တစ်ခု ဖန်တီးနိုင်တယ်... မဟူရာနတ်မင်းဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်.... ကြောက်ဖို့ကောင်းလောက်အောင်လည်း စိတ်ရှည်တယ်.... တောင်နတ်မင်းကို ၉၉ ကြိမ်တိတိ လုပ်ကြံဖို့ သူ့စွမ်းအင်အကုန်လုံးကို မြုပ်နှံထားတာ’
သူ့အနေဖြင့် ကောင်းကင်ယင်သားတော်၏ ကောင်းကင်နတ်သိုင်းကို ချိုးဖျက်ရာတွင် ယုံကြည်ချက်အပြည့်အ၀ ရှိနေပြီဖြစ်သည်။
သို့သော် တောင်နတ်မင်း၏ လူဝင်စား ဤရှေးဟောင်းခေတ်တွင် အသက်ရှင်နိုင်အောင် မည်သို့လုပ်ဆောင်မလဲဆိုသည်က အရေးကြီးသည့် မေးခွန်းဖြစ်ချေသည်။
သူ့တွင် ရှေးဟောင်းခေတ်သို့ သွားရောက်နိုင်သည့် အခွင့်အရေးလေးကြိမ်သာ ကျန်တော့သည်။ ပဉ္စမအကြိမ် ရောက်လျှင် မပြောင်းလဲသော ဒြပ်ထုအဖြစ် ပြောင်းလဲခံရလိမ့်မည်။ ကောင်းကင်ယင်သားတော်၏ တိုက်ခိုက်မှုများမှ ဤငတုံးမလေးအား အမြဲ ကာကွယ်ပေးမနေနိုင်ချေ။
ကောင်းကင်ယင်သားတော်၏ စိတ်ရှည်မှုနှင့် ဇွဲကောင်းမှုက သူ့ကို အတော်လေး ခေါင်းကိုက်စေသည်။
ပို၍အရေးကြီးသည်မှာ ထိုသူသည် အင်မတန် ချောမော၏။ သူ၏ ချောမောလှသော ရုပ်ရည်သွင်ပြင်ကြောင့် မိန်းကလေးများအနေဖြင့် သတိထားရန် ခက်ခဲပေလိမ့်မည်။
“ရထားလှည်းထဲက လူက မကောင်းတဲ့သူဆိုတာ သေချာတယ်... မကောင်းတဲ့သူတွေက ရတနာပြစရာရှိတယ်လို့ ပြောပြီး မိန်းကလေးတွေကို မြှားခေါ်နေကျ” လှေပေါ်တွင် ကောင်းကင်နတ်အရှင်ယွင်၏ တပည့်မလေးနှစ်ဦးက ချွဲဖေးယင် အား ဆုံးမနေကြသည်။ သူတို့က စကားပြောပြီးနောက် ချင်မူ့အား လှည့်ကြည့်လာကြသည်။
ချင်မူမှာ တခဏကြာ တွေးတောနေမိ၏။ ထို့နောက် သူက ချင်စာလုံးမြေပြင်အတွင်းထဲရှိ ကျောက်စိမ်းတောင်တန်းတစ်တန်းမှ လှပတသော ကျောက်စိမ်းတစ်လုံးအား ဂရုတစိုက် ထွင်းလိုက်သည်။ ထို့နောက် အတွေးတစ်ချက်ဖြင့် သူ၏မူလဝိညာဉ်သည် မြေအောက်ဘုံအရှင်သခင်၏ပုံရိပ်အဖြစ် ပြောင်းလဲသွား၏။
သူ၏မူလဝိညာဉ်က လေးနက်၍ ခပ်ဩဩ အသံရှိသော ယိုတုဘာသာစကားကို ရွတ်ဖတ်နေသည်။ ယိုတုမိစ္ဆာချီသည် သူ ထုတ်လွှတ်လိုက်သည့် စကားသံတိုင်းအား ယိုတုစကားလုံးများအဖြစ် ပြောင်းလဲပြီး ကျောက်စိမ်းလည်ဆွဲပေါ်တွင် ခတ်နှိပ်လိုက်သည်။
ယိုတုဘာသာစကားသည် ဩရှ၍ ခပ်ကြမ်းကြမ်း အသံရှိ၏။ ဝိညာဉ်များကို ကိုင်ဆောင်ထေားသော ရှေးဟောင်းနတ်ဘုရားတစ်ပါးက ရွတ်ဆိုနေသည့်အလား ထင်ရသည်။
လှေပေါ်ရှိ ကောင်းကင်နတ်အရှင်ယွဲ့၏ တပည့်များမှာ အံ့ဩမှင်သက်နေကြသည်။ ချွဲဖေးယင်အား ဆုံးမနေသည့် မိန်းကလေးနှစ်ဦးက သူမကို ဆွဲကာ လှေထံ နှုတ်ခမ်းဆူပြကြ၏။ “ငတုံးမလေးချွဲ၊ ဟိုမှာ ကြည့်ဦး”
ချွဲဖေးယင်က လှေထိပ်သို့ သွား၍ ငုံ့ကြည့်လိုက်သည်။ ကောင်းကင်ရတနာရထားလှည်းသည် သူမတို့လှေနောက်မှ အရိပ်တစ်ခုအလား နီးနီးကပ်ကပ် လိုက်လာနေချေသည်။
ထိုအခိုက်အတန့်တွင် အင်မတန် ထူထဲသိပ်သည်းသည့် ယိုတုမိစ္ဆာချီများက ဧရာမစပါးအုံမြွေကြီးများအလား ကောင်းကင်ရတနာ ရထားလှည်းအတွင်းမှ ထွက်ပေါ်လာ၏။ ၎င်းတို့အားလုံး ရထားလှည်းအား မြွေလိမ်မြွေကောက် ရစ်ပတ်ခွေလိမ်နေကြပုံမှာ နှိုင်းယှဉ်၍မရလောက်အောင် ကြောက်မက်ဖွယ်ကောင်းချေသည်။
ချွဲဖေးယင်မှာ ထိတ်လန့်သွားပြီး အလျင်အမြန် ခေါင်းရုတ်လိုက်မိသည်။ “မမ၊ ရထားလှည်းထဲကလူက လူကောင်းမဟုတ်ဘူး”
“အေးလို့... သူက လူကောင်းမဟုတ်ပါဘူးဆိုနေ”
လှေပေါ်ရှိ တပည့်များက ပြောနေကြသည်။။ “အခု ငါတို့အပေါ် မျက်စိကျနေပြီ.... နင်က ငယ်ငယ်လေးထဲက ကံဆိုးမိုးမှောင်ကျတတ်လို့ တစ်နေ့နေ့ကျ အဲ့ဖြစ်ရပ်တွေကြောင့် သေဆုံးရလိမ့်မယ်လို့ ဆရာမ ပြောဖူးတယ်.... အခု အဲ့ဒီအချိန်ကျလာပြီထင်တယ်”
ချွဲဖေးယင်မှာ ဒယ်အိုးပူပေါ်က ပုရွက်ဆိတ်တစ်ကောင်ပမာ ပူပန်နေချေသည်။ သူမက ခေါက်တုံ့ခေါက်ပြန် လျှောက်လျက် မေးနေသည်။ “ကျွန်မတို့ ဘာလုပ်ကြမလဲ... ဆရာမက ကောင်းကင်နတ်ဘုံမှာ မရှိဘူး... ဒေါ်လေးလင်နဲ့ ဦးလေးယွင်ကလည်း မရှိဘူး.. ဒီမိစ္ဆာကြီးကို ဘယ်သူက ခုခံနိုင်မှာလဲ”
အားလုံးမှာ ကြောက်စိတ်မွှန်လာကြတော့သည်။ “တိတ်တိတ်နေကြစမ်း.... မိစ္ဆာကြီး ကြားသွားမှာ သတိထားကြ”
အောက်ရှိ ရထားလှည်းဆီမှ ခပ်တိုးတိုး မိစ္ဆာစကားများသည် အင်မတန် ရက်စက်ကြမ်းကြုတ်မည့်သံ ပေါက်နေသည်။ ရထားလှည်းမှ မိစ္ဆာသဘာ၀က ပိုပို၍ လေးလံလာသဖြင့် အားလုံးကို ခေါင်းနပန်းကြီးလာစေ၏။
“ယိုတုရဲ့ မဟာမိစ္ဆာဘုရင်များလား မသိဘူး”
ရထားလှည်းထဲတွင် ချင်မူက သင်္ကေတအမှတ်အသားများအား အမျိုးမျိုးဆက်တိုက်ပြောင်းလဲရင်း နောက်ဆုံးတွင် ကျောက်စိမ်းလည်ဆွဲအား သန့်စင်နိုင်သွားသည်။ သူက ယန်အာကို ခေါ်၍ ပြောသည်။ “ဒီကျောက်စိမ်းလည်ဆွဲကို ချွဲဖေးယင်ဆီ ပေးပြီး ကျွန်တော့်ဆီက မိတ်ဆက်လက်ဆောင်လို့ ပြောလိုက်ပါ... ပြီးတော့ သူ့ခေါင်းပေါ်က မီးငှက်တောင်ကိုလည်း တောင်းခဲ့ပေးပါ မမကြီး”
ယန်အာက ကျောက်စိမ်းလည်ဆွဲကို ယူကာ မေးသည်။ “သခင်လေး၊ အဲ့ ချွဲဖေးယင်က ငါ့အမေလား”
ချင်မူက ခေါင်းညိတ်၏။
ယန်အာမှာ စိတ်တိုင်းကျပုံမပေါ်ချေ။ “သူက အရမ်းတုံးတာပဲ.... ဘယ်လိုလုပ် ငါ့အမေဖြစ်မှာလဲ”
ချင်မူ ရယ်လိုက်မိသည်။ “မြန်မြန်သွားပါတော့...”
ယန်အာလည်း ပျံတက်လိုက်ပြီး အစိမ်းရောင်စာကလေးအသွင်မှ ၀တုတ်တုတ် မိန်းကလေးအဖြစ် ပြောင်းလိုက်သည့်အခါ အကုန်လုံး အံ့အားသင့်သွားကြသည်။ ‘မိစ္ဆာဘုရင်ရဲ့ တမန်တော်တော့ လှေပေါ်ရောက်လာပြီ... ညီမလေးချွဲ သွေးမြေကျမယ့်အဖြစ်ဆိုးက ရောက်လာတော့မယ်ထင်တယ်’
ယန်အာက ရှေ့သို့လျှောက်သွားကာ ပြောလိုက်သည်။ “အမေ.... အဲ... သခင်မလေး၊ သခင်လေးက ဒီရတနာကို ကြည့်ခိုင်းလိုက်ပါတယ်”
ချွဲဖေးယင်မှာ ကြည့်ရန် ရှေသို့ တက်လိုက်သော်လည်း အကုန်လုံးက လှမ်းဆွဲထားကြပြီး တုံးတုံးအအ သခင်မလေးတစ်ယောက် အငိုက်တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေကြလေသည်။ ယန်အာက ရုတ်တရက် လူအုပ်ကြားထဲ တိုး၀င်လာ၍ ချွဲဖေးယင်အနား ကပ်လိုက်သည်။ ထို့နောက် ကျောက်စိမ်းလည်ဆွဲအား သူမလက်ထဲသို့ ထည့်ပေးကာ ပြော၏။ “ဒါ ရှင့်အတွက် သခင်လေး ပေးလိုက်တာ”
အကုန်လုံးမှာ အံ့ဩတုန်လှုပ်သွားကြပြီး ကောင်းကင်နတ်သိုင်းများအား အသံသွင်းတော့မည့်အချိန် ရုတ်တရက် ပတ်၀န်းကျင်မှာ ကွဲအက်လာသည်။ သူတို့နှင့် ချွဲဖေးယင် ကြားရှိ အကွာအဝေးမှာ ကြီးမားသွားသဖြင့် ထိတ်လန့်ကုန်ကြသည်။
ယန်အာ အသုံးပြုလိုက်သည့် ကောင်းကင်နတ်သိုင်းမှာ သူတို့နှင့်နယ်ပယ်တူသည့်အပြင် မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော သိုင်းကွက် ဖြစ်၏။ ၎င်းတို့အားလုံးက ကောင်းကင်နတ်အရှင်ယွဲ့၏ နတ်ဘုရားသိုင်းကွက်များ ဖြစ်ကြပေသည်။
ချွဲဖေးယင်မှာ နည်းနည်းမှပင် လန့်မနေချေ။ “ဒါက တကယ့်ရတနာပဲဟ... ငါ့အမတွေက ရထားလှည်းထဲက လူက မိန်းကလေးဆိုကို လှည့်ဖြားတတ်တဲ့ မကောင်းတဲ့သူလို့တောင် ပြောခဲ့သေးတယ်”
သူမက လည်ဆွဲအား လည်ပင်းတွင် ဆွဲလိုက်သည်။ ရုတ်တရက် လည်ဆွဲသည် သူမခန္ဓာကိုယ်ထဲသို့ ဝှစ်ခနဲ ၀င်ရောက်ပျောက်ကွယ်သွား၏။
“နင် ငါ့ကိုလိမ်တယ်”
ချွဲဖေးယင် ဒေါကန်သွားသည်။ သူမက ယန်အာကို လှမ်းဆွဲကာ ပြောလေသည်။ “ကျောက်စိမ်းလည်ဆွဲလှလှလေး ပျောက်သွားပြီ”
ချင်မူ့အသံ ထွက်လာသည်။ “သခင်မလေးဖေးယင်၊ ကိုယ့်ရဲ့မူလဝိညာဉ်ကို ကြည့်လိုက်ပါ”
ချွဲဖေးယင်သည် သူမ၏မူလဝိညာဉ်အား ကပျာကယာ ကြည့်လိုက်ရာ မူလဝိညာဉ်သည် လည်ပင်း၌ ကျောက်စိမ်းလည်ဆွဲအား ၀တ်ဆင်ထားသည်ကို တွေ့လိုက်ရ၏။ သူမ၏ ဒေါသမှာ ပျော်ရွှင်မူအဖြစ် ပြောင်းသွားတော့သည်။ “ဒီမှာကိုး”
ယန်အာက အခွင့်ကောင်းယူ၍ သူမခေါင်းမှ မီးငှက်မွှေးအား နှုတ်ယူလိုက်သည်။ ချွဲဖေးယင် မှာ ဒေါသူပုန်ထသွားပြန်ပြီး အော်ဟစ်ရင်း လိုက်ဖမ်းလေသည်။ “အဲ့ဒါ ငါ့ရတနာ...နင့်ရတနာကို မလိုချင်တော့ဘူး.. ငါ့ရတနာကို ပြန်ပေး”
ယန်အာမှာ ရထားလှည်းပေါ်သို့ အလောတကြီး ပျံသန်းရင်း အော်ပြောလိုက်သည်။ “သွားတော့”
နဂါးချီလင်က ကြာပွတ်အား ခါလိုက်ရာ ကောင်းကင်နဂါးခြောက်ကောင်သည် ရထားလှည်းကို အဝေးသို့ အလျင်အမြန် ဆွဲသွား၏။ ချွဲဖေးယင်မှာ ငိုယိုလျက် နောက်မှ လိုက်လာသည်။
သူမ၏ ဆရာတူအစ်မများက သူမနောက်သို့ အမှီလိုက်လာကြ၏။ “ငတုံးမလေးချွဲ၊ ထားလိုက်ပါတော့.... သူက လူသတ်သမားမဟုတ်ဘဲ လူလိမ်ဖြစ်နေတာ ကံကောင်းတယ်.. မဟုတ်ရင် နင် သေနေလောက်ပြီ”
ချွဲဖေးယင်က မျက်ရည်သုတ်၍ ရှိုက်လိုက်သည်။ “အဲ့ဝတုတ်မလေးက ကျွန်မကို လိမ်သွားတယ်... ကျွန်မ သူ့ကို ရှာမတွေ့ပါစေနဲ့လို့သာ သူ ဆုတောင်းနေပလေ့စေ... ရှာတွေ့လို့ကတော့ တင်ပါးယောင်လာတဲ့အထိ ရိုက်ပစ်မှာ”
“နင် လက်မတင်လေး အသက်ဘေးက လွတ်သွားတာတောင် လေလုံးကြီးနေသေးတယ်လား... ဆရာမ ပြန်လာပြီး ဒီအကြောင်းသာ သိသွားလို့ကတော့ နင့်တင်ပါးယောင်အောင် အရိုက်ခံရလိမ့်မယ်”
သူတို့ စကားပြောနေသည့်အချိန်မှာပင် တဝီဝီမြည်သံများ ထွက်ပေါ်လာသည်။ ကောင်းကင်နတ်မြစ်အထက်တွင် ခြင်အချို့က မည်သည်နေရာကမှန်းမသိ ပေါ်လာလေသည်။ ၎င်းတို့က အင်မတန် သေးငယ်ကြပြီး လှေဆီ ပျံသန်းလာနေကြသည်။
အကုန်လုံး လှမ်းငေးရင်း ပြောနေကြသည်။ “ဒါက လှိုင်းထန်လေထန်တဲ့ နေရာလေ.... ဒီခြင်တွေ ဘယ်လိုလုပ် ရောက်လာတာပါလိမ့်”
သူတို့က ထိုခြင်များအား မောင်းထုတ်ကြသည်။ ခြင်များသည် သေးငယ်သော်လည်း ပါးစပ်တွင် ဆူးချွန်များး အစွယ်များဖြင့် ကြောက်စရာကောင်း၏။
သူတို့အားလုံး ဇဝေဇဝါဖြင့် မောင်းထုတ်နေကြစဉ် ချွဲဖေးယင်ဆီမှ အသံထွက်လာသည်။ “ကျွန်မ မူးလာသလိုပဲ”
အားလုံး သူမဆီ လှမ်းကြည့်ကာ ကြောက်လန့်သွားကြသည်။ ချွဲဖေးယင်မှာ အချိန်တိုအတွင်း ပိန်လှီလာပြီး သေလုမြောပါး အခြေအနေဖြစ်သွား၏။ ဧရာမခြင်ကြီးတစ်ကောင်က သူမကျောတွင် နား၍ နှလုံသားအတွင်းသို့ နှာတံဖြင့် စိုက်ကာ သွေးများစုပ်ယူနေချေသည်။ ထိုခြင်၏ဗိုက်မှာ ဖောင်းကားနေသည်။
တခဏအတွင်း သူမသွေးအားလုံး ထိုခြင်၏ စုပ်ယူခြင်းခံလိုက်ရပြီး သေဆုံးသွားတော့သည်။
အကုန်လုံး ထိတ်လန့်အံ့အားသင့်ကုန်ပြီး ဝမ်းနည်းပူဆွေးစွာ အော်ဟစ်ငိုယိုနေကြတော့၏။