← Chapters

တစ်ယောက်ကိုတစ်ယောက် အကြိမ်ခုနစ်သိန်း ရင်ဆိုင်တိုက်ခိုက်ခြင်း

Vol. 83 Ch. 1071

တစ်ယောက်ကိုတစ်ယောက် အကြိမ်ခုနစ်သိန်း ရင်ဆိုင်တိုက်ခိုက်ခြင်း

Vol. 83 Ch. 1071

ချွဲဖေးယင်၏ဝိညာဉ်မှာ အမည်မသိသော အားတစ်ခုဖြင့် ဆွဲယူခံလိုက်ရသဖြင့် လွင့်မျောသွားသည်။

များစွာမကြာလိုက်ဘဲ အမှောင်ထုထဲ၌ စီးဆင်းနေသော ငရဲပင်လယ်အား သူမ တွေ့လိုက်ရ၏။ ပင်လယ်၏ အလယ်တွင် တစ်၀က်တစ်ပျက်သာ ဆောက်ရသေးသည့် မုခ်၀တစ်ခုက နေရာယူထားသည်။

ခပ်ချောချော လူငယ်တစ်ယောက်က ဘူးသီးခြောက်ခွံတစ်ခုကို ကိုင်၍ မုခ်၀အောက်တွင် ရပ်နေသည်။ ခြင်များစွာက ပျံသန်းလာပြီး ဘူးသီးခြောက်ထဲ ၀င်ရောက်သွားကြသည်။

“သူ ရောက်လာပြီပဲ”

ခပ်ချောချောလူငယ်က သူမကို မြင်သည်နှင့် ပြုံးလိုက်သည်။ ‘ဒါက အကြိမ် ၁၀၀ မြောက်သေဆုံးခြင်းဆိုတော့.... ဒီတစ်ခါပြီးရင် တောင်နတ်မင်းရဲ့ ဝိညာဉ်က လုံးလုံလျားလျား ချိတ်ပိတ်ခံရပြီး နိုးထလာမှာ မဟုတ်တော့ဘူး... ငါ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အမိန့်အတိုင်း လုပ်ခဲ့ပြီးပြီ”

ချွဲဖေးယင်၏ဝိညာဉ်မှာ တစ်ဝက်တစ်ပျက်မုခ်၀၏ အောက်သို့ ဆွဲငင်ခံလိုက်ရသည်။ မုခ်၀ကို ဖြတ်ပြီးသည့်အခါ သူမသည် ပြန်လည်မွေးဖွားလာ၏။

‘ဒီပိုးကောင်တွေက မဆိုးဘူးပဲ.... ကောင်းကင်နတ်ဧကရာဇ်ရဲ့ တော်ဝင်ရတနာဖြစ်ဖို့ ထိုက်တန်ပါပေတယ်... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟောင်က ရတနာတွေအများကြီး ရလာတာတောင် ငါ့ကို ဒီပိုးကောင်တွေပဲ ပေးခဲ့တယ်... တော်တော် ကပ်စေးနည်းတာပဲ”

ခပ်ချောချောလူငယ်ကား ကောင်းကင်ယင်သားတော်ပင်။ သူက ဘူးသီးခြောက်ကို ပုတ်ရင်း တွေးနေ၏။ ‘ဒီရှေးကမ္ဘာဦးပိုးကောင်တွေက ပျိုးထောင်ဖို့ ခက်ခဲတယ်... မြောက်နတ်မင်းရွှမ်းဝူရဲ့ မိုးကြိုးငါးသွယ်အိုးနဲ့ သူတို့ကို မွေးထားလို့ရရင် စွမ်းအားတွေ အတော်တိုးတက်လာမှာပဲ... မြောက်နတ်မင်းကတော့ ငါ့ကို ပေးမှာမဟုတ်ဘူး... ဒါပေမဲ့ မင်းသားယိုမင်က ချမ်းသာတယ်ဆိုတိုင်း ဆင်ခြင်ဉာဏ်မရှိ ပြုမူတတ်တဲ့သူ.... ငါ သူ့ဆီကနေ အိုးတစ်လုံးလောက် ရကောင်းရနိုင်တယ်”

ရုတ်တရက် မင်တုကောင်းကင်မုခ်၀ကို ဖြတ်သွားသည့် ချွဲဖေးယင်၏ ဝိညာဉ်သည် တစ်ခုခု ထူးဆန်းနေကြောင်း ခံစားလိုက်ရသဖြင့် သူ မျက်မှောင်ကြုတ်သွားသည်။ သူမ၏ စိတ်အဟောင်းကား ပျောက်ပျက်မသွားပေ။

ကောင်းကင်ယင်သားတော် အနည်းငယ် စိုးရိမ်သွားပြီး ရေရွတ်လိုက်မိသည်။ “နောက်ဆုံးအဆင့် မပြီးလိုက်ဘူး... ဘာလွဲသွားတာလဲ ငါမသိဘူး... ကဲပါလေ.. နောက်တစ်ကြိမ် ရှိသေးတာပဲ... တောင်နတ်မင်းရဲ့ ဝိညာဉ်က အရမ်းတုံးအနေပြီပဲဟာ သူ့ကို သတ်ဖို့က မခက်ပါဘူး... နောက်ဆို သိပ်ပြီး အားထုတ်စရာလိုတော့မှာ မဟုတ်ဘူး... အရမ်းတုံးလွန်းနေပြီမဟုတ်လား... ငါ့ရှေးကမ္ဘာဦးနတ်ပိုးကောင်တွေကို သုံးပြီးတော့ သူ့ကို သတ်လို့ရတာပဲ”

ချွဲဖေးယင်၏ ဝိညာဉ်မှာ မြောလွင့်နေသည်။ သူမသည် သေဆုံးသွားပြီးဖြစ်ကြောင်း သူမကိုယ်သူမ ကောင်းကောင်းသိ၏။ ရုတ်တရက် သူမ၏စိတ်မှာ ကြည်လင်လာပြီး အတွေးများက ယခင်ကထက် သွက်လက်လာသလို ခံစားလိုက်ရသဖြင့် ဇဝေဇဝါဖြစ်သွားနေသည်။ ‘ငါ မုခ်၀ကို ဖြတ်ပြီးတော့ ဉာဏ်ပိုကောင်းသွားတာလား”

ဆယ်လကြာသော် ချွဲဖေးယင် ပြန်လည်မွေးဖွားလာသည်။ သူမသည် အတိတ်ဘ၀‌အကြောင်း ချက်ချင်း သိရှိခဲ့ပြီး ကောင်းကင်နတ်အရှင်ယွဲ့၏ တပည့်ဖြစ်ခဲ့ဖူးသည့် အကြောင်းနှင့် သူမနာမည် ချွဲဖေးယင်ကိုပါ မှတ်မိနေချေသည်။ သူမ မည်သို့ သေသွားခဲ့သည်ကိုပင် မှတ်မိနေ၏။

ကောင်းကင်နတ်အရှင်ယွဲ့က သူမ၏တပည့်များကို စေလွှတ်၍ သူမအား ရှာစေသော်လည်း ဆယ်နှစ်ကြာ ရှာပြီးနောက်ပင်လျှင် မတွေ့ခဲ့ပေ။ ‌ချွဲဖေးယင် သူ့ဘာသာသူ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံဆီ ရောက်လာသည့်အခါ ကောင်းကင်နတ်အရှင်ယွဲ့မှာ အံ့အားသင့်‌သွားသည်။ ချွဲဖေးယင်၏ မီးငှက်နတ်ဘုရားဝိညာဉ် နိုးထလာပြီဟုပင် တွေးထင်ခဲ့မိသည်။

သို့သော် သူမ စစ်ဆေးကြည့်သည့်အခါ ချွဲဖေးယင်သည် မီးငှက်နတ်ဘုရားဝိညာဉ်ကို မနှိုးရသေးကြောင်း တွေ့လိုက်ရ၏။

ချွဲဖေးယင်မှာ ယခင်ကထက် ထက်မြက်လာခဲ့သော်လည်း ဉာဏ်ရည် လုံလုံလောက်လောက် မကောင်းမွန်သေးချေ။ သူမအတွက် နတ်ဘုရားအဆင့်သို့ရောက်ရန် နှစ် ၄၀၀ ကျင့်ကြံခဲ့ရသည်။ ထို့နောက် တိုက်ဆိုင်စွာဖြင့် လူသားများနှင့် နတ်ဘုရားတစ်ပိုင်းတို့၏ စစ်ပွဲဖြစ်ပွားသည်။ ချွဲဖေးယင်သည် စစ်မြေပြင်သို့ ပို့ဆောင်ခံခဲ့ရပြီး ဧရာမခြင်ကြီးတစ်ကောင်၏ သတ်ဖြတ်ခြင်း ခံခဲ့ရ၏။

သေဆုံးသွားသော ချွဲဖေးယင် မှာ ငရဲပင်လယ်နှင့် မင်တုကောင်းကင်မုခ်၀အား တွေ့မြင်ရပြန်သည်။ ထိုမုခ်ဝကို သူမ နောက်တစ်ကြိမ် ဖြတ်ရသည်။

ထို့နောက် ချက်ချင်းဆိုသလို သူမမှာ အံ့ဩမှင်သက်သွားရသည်။ သူမ၏ အတိတ်ဘ၀နောက်တစ်ခုကို မှတ်မိသွားချေပြီ။

'ထူးဆန်းလိုက်တာ'

ဆယ်နှစ်‌ကြာသည့်အခါ လူပြန်ဝင်စားသော ချွဲဖေးယင်သည် အရပ်ငါးပေသာ ရှိပြီး ကျစ်ဆံမြီးများ ကျစ်ထားသည့် စောင်ကြွားကြွား ကလေးမတစ်ယောက် ဖြစ်လာ၏။ ထို့နောက် သူမက ကောင်းကင်နတ်ဘုံအထိ တစ်ကိုယ်တော် ခြေဆန့်၍ ခုန်ဆွခုန်ဆွဖြင့် လျှောက်သွားကာ ကောင်းကင်နတ်အရှင်ယွဲ့အား ရှာခဲ့သည်။

ကောင်းကင်နတ်အရှင်ယွဲ့ ထပ်မံစစ်ဆေးကြည့်ရာ ချွဲဖေးယင်သည် အနည်းငယ် ဉာဏ်ပိုကောင်းလာကြောင်း တွေ့လိုက်ရ၏။

ကောင်းကင်နတ်အရှင်ယွဲ့မှာ တအံ့တဩ စုပ်သပ်နေမိသည်။ ‘တောင်နတ်မင်း တစ်ခါသေတိုင်း ဉာဏ်တုံးတာတွေ ပျောက်သွားသလိုပဲ... ဘာလို့များပါလိမ့်’

သို့သော် နှစ်ရာဂဏန်းမျှ ကြာပြီးနောက် နတ်ဘုရားဖြစ်လာခဲ့သော ချွဲဖေးယင်မှာ ကမ္ဘာဦးဘုံသို့ လေ့လာရေးခရီးတစ်ခု ထွက်နေစဉ် ထူးဆန်းစွာ ပေါ်လာသော ဧရာမခြင်ကြီးတစ်ကောင်၏ ကိုက်ခြင်းခံခဲ့ရသည်။ ၎င်းက သူမ၏သွေးအားလုံးကို စုပ်ယူကာ သူမအား သတ်ဖြတ်ခဲ့ချေသည်။

ထိုငရဲပင်လယ်နှင့် ထိုမင်တုကောင်းကင်မုခ်ဝကိုပင် ဖြတ်ရပြန်သည်။ ချွဲဖေးယင်သည် မုခ်၀ကို ဖြတ်ပြီးနောက် ပျော်ရွှင်သွား၏။ ‘ငါ့ အတိတ်ဘဝနောက်ထပ်တစ်ခုရဲ့ မှတ်ဉာဏ်ကို ရလိုက်ပြန်ပြီ... ဒါက တကယ်ကို ထူးဆန်းတယ်’

နဂါးဟန်ခေတ်နှင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာခေတ်ကြား ကြာရှည်လှသော အချိန်ကာလအတွင်း ချွဲဖေးယင်မှာ အကြိမ်ကြိမ် သေဆုံးခဲ့သည်။ သေဆုံးခဲ့သော ပုံစံက အကြိမ်တိုင်း အတူတူပင်။ မည်သည့်နေရာကမှန်းမသိ ပေါ်လာသော ဧရာမခြင်တစ်ကောင်ကြီးသည် သူမကို ကိုက်ကာ အသက်ပါနုတ်ယူသွားတတ်၏။ သို့သော် တစ်ကြိမ်သေဆုံးတိုင်း အရှေ့ဘဝတို့၏ မှတ်ဉာဏ်များ နိုးထလာခဲ့သည်။

သူမသည် ပိုပို၍ ဉာဏ်ကောင်းလာသည့်အနောက် သေဘေးမှ မည်သို့ ရှောင်ရှားရမည်ကို တွေးတောလာ၏။ ဆန်းကြယ်ခြင်ကြီးများ သူမအား အကြိမ်ကြိမ်အခါခါ သတ်ရန် ကြိုးစားခဲ့သည်ကို ရှောင်နိုင်ခဲ့သည်။ သက်တမ်းလည်း ပိုမိုရှည်လာသောကြောင့် လူဝင်ပြန်စားသည့်အကြိမ်တိုင်း သူမ၏သိုင်းအဆင့်သည်လည်း မြင့်မားလာခဲ့သည်။

နောက်ပိုင်းတွင် ရှေးကမ္ဘာဦးနတ်ပိုးကောင်များအတွက် သူမကို သတ်ရန် ခက်လာတော့သည်။ ထို့ကြောင့် ကောင်းကင်ယင်သားတော်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရချေပြီ။

ကောင်းကင်နတ်အရှင်ယွဲ့က ထိပ်တိုက်တွေ့သည့်အခါတိုင်း သူမအား ကူညီပေးသည်။ သို့သော် ကောင်းကင်ယင်သားတော်သည် ကောက်ကျစ်စဉ်းလဲလွန်း၏။ သူမ အာရုံမစိုက်မိသည့် အချိန်မျိုးတွင် ချွဲဖေးယင်မှာ ကောင်းကင်ယင်သားတော်၏ လက်ချက်ဖြင့် သေဆုံးသွားတတ်သည်။

ထို့နောက် ပြန်လည်ဝင်စားလာသော ချွဲဖေးယင်သည် ကောင်းကင်နတ်အရှင်ယွဲ့၏ ကျင့်စဉ်များကို တစ်ဖက်ကမ်းခတ် တတ်မြောက်သွားသဖြင့် ကောင်းကင်နတ်အရှင်ယွဲ့၏ ဂိုဏ်းအောက်တွင် မနေလိုတော့ပေ။ သူမကိုယ်တိုင် အဖြစ်ဆိုးများကို ရှောင်ရှားရန် ကြိုးစားတော့သည်။

ကောင်းကင်နတ်အရှင်ယွဲ့မှာ စိတ်မကောင်းသလို၊ စိတ်လည်း ပျက်လာသည်။ ချွဲဖေးယင် အမှန်တကယ် သေဆုံးသွားပြီဟု ထင်သွားသောကြောင့် နောက်ပိုင်းတွင် လက်လျှော့လိုက်၏။

ကောင်းကင်ယင်သားတော်လည်း အကြီးအကျယ် ‌ခေါင်းကိုက်လာသည်။ သို့သော် သူက ဇွဲကောင်းကောင်းဖြင့် သူမအား လိုက်ရှာခဲ့သေးသည်။ အဆုံးသတ်တွင် ချွဲဖေးယင်ဆီမှ အလစ်ဝင်တိုက်ခိုက်မှုများကြောင့် သေလုမျောပါးပင် ဖြစ်ခဲ့ရသည်။

......

ကောင်းကင်နဂါး ရတနာရထားလှည်းထဲတွင် ယန်အာမှာ စိတ်မအေးသေးပေ။ “သခင်လေး၊ အဲ့ဒီကျောက်စိမ်းလည်ဆွဲက တကယ်ပဲ ငါ့အမေအသက်ကို ကယ်နိုင်တာလား”

“ကယ်နိုင်တာပေါ့”

ချင်မူက ပြောပြနေသည်။ “သူ့အနေနဲ့ သူ့ကောင်းကင်နတ်သိုင်းရဲ့ သဘောတရားကို ကျွန်တော့်ဆီက မဖုံးကွယ်နိုင်ခဲ့ဘူးလေ.... ဒါကြောင့် သူ့ကို အသုံးချပြီး သူ့ချိတ်တံဆိပ်ကို ဖျက်နေတာ.... ဒါပေမဲ့ မမကြီးရဲ့အမေ သေတော့ သေရဦးမှာ.... ‌ကောင်းကင်ယင်သားတော်က သူ့ဝိညာဥ်ကို လုံး၀ ချိပ်ပိတ်နိုင်ဖို့ ဆက်ပြီး လိုက်ဖမ်းနေဦးမှာပဲ...”

သူက ပြုံးသည်။ “မမကြီးအမေ တစ်ခါသေတိုင်း ချိပ်တံဆိပ်က အားနည်းလာပြီး ဘ၀တစ်ခုရဲ့ မှတ်ဉာဏ်ကို ဖွင့်ပေးလိမ့်မယ်... သူ ၉၉ ကြိမ်သေပြီးသွားရင် လုံး၀နိုးထလာလိမ့်မယ်... သူ့ရဲ့ မီးငှက်နတ်ဘုရားဝိညာဉ်နဲ့အတူပေါ့”

ယန်အာမှ ထအော်သည်။ “ငါ့အမေက ၉၉ ကြိမ်တောင် သေရဦးမှာလား.... မဟုတ်သေးဘူးလေ.... ကောင်းကင်ယင်သားတော်က သူ့ကို သတ်တာ ရပ်လိုက်ရင် ဘယ်လိုလုပ်မလဲ.... အဲ့ဒါဆို...”

“သူ ရပ်မှာမဟုတ်ဘူး”

ချင်မူ အေးအေးလူလူ ပြောပြလိုက်သည်။ “ကျွန်တော် ကောင်းကင်ယင်သားတော်အကြောင်း သိတယ်... သူက သိပ်ခေါင်းမာတယ်.... ကိစ္စတစ်ခု လုံး၀မပြီးသရွေ့ ရပ်မှာမဟုတ်ဘူး.... မမကြီးအမေ အသိဉာဏ်ရှိနေသရွေ့ သူရဲ့နတ်ဘုရားဝိညာဉ် လုံး၀ ပျောက်ကွယ်မသွားသရွေ့ ထပ်ခါထပ်ခါ သတ်နေမှာပဲ.... သူက အဲ့ဒီလိုလူမျိုးမလို့ သူကို ပြန်အသုံးချပြီး ချိပ်တံဆိပ်ကို ဖျက်ဆီးမှာ”

ယန်အာက တခဏ စဉ်းစားပြီးနောက် ပြော၏။ “ဒီလူက တော်တော် စိတ်ရှည်တယ်နော်... မိုးကြိုးငါးသွယ်အိုး ရချင်တာနဲ့ မြောက်နတ်မင်းရဲ့ ဘူးနွယ်တွေကို စားဖို့ တီကောင်တွေ လွှဝ်လိုက်တာ သူပဲ မဟုတ်လား... အဲဒီဖြစ်ရပ်ကလည်း နှစ်ထောင်နဲ့ချီ ကြာခဲ့တယ်...”

ချင်မူ ခပ်ရေးရေးမျှ ပြုံးလိုက်မိသည်။ “နဂါးခေတ်ကနေ ဒီနေ့အထိ လူသတ်ပွဲတွေ အများကြီးဖြစ်ပွားခဲ့တယ်.... အကြီးအကျယ်ဆုံးက အစောပိုင်းနဂါးဟန်သတ်ပွဲ၊ ချိမင်သတ်ပွဲ၊ ချုံဧကရာဇ်သတ်ပွဲနဲ့ ခိုင်ဧကရာဇ်သတ်ပွဲတွေပဲ... ချွဲဖေးယင်အနေနဲ့ အဲ့ဒီအချိန်တွေမှာ ရှင်ကျန်ခဲ့ဖို့ ခက်ခဲလိမ့်မယ်... ကောင်းကင်ယင်သားတော်က ပြီးပြည့်စုံတာကို လိုချင်တာဆိုတော့ သူ့ဝိညာဉ်ပျောက်သွားအောင် လုပ်မှာမဟုတ်ဘူး ... ကောင်းကင်ယင်သားတော်နဲ့ တွေ့ဆုံမှုတိုင်းက သူ့ကို ပိုပြီးထက်မြက်လာအောင် လုပ်ပေးလိမ့်မယ်... ကောင်းကင်ယင်သားတော်ကလည်း အင်မတန် ဉာဏ်ကောင်းတယ်... သူက ဓားသွေးကျောက်လိုမျိုးဆိုတော့ မမကြီးအမေရဲ့ တိုးတက်မှုတွေလည်း အံ့ဩစရာကောင်းလာလိမ့်မယ်”

ယန်အာမှာ စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်လိုက်သည်။ သူမက တောက်ပနေသော မျက်ဝန်းများဖြင့် ပြောသည်။ “ပြောချင်တာက ငါ့အမေ အသက်ရှိနေသေးတယ်ပေါ့”

“အသေအချာပဲ”

ချင်မူ နူးညံ့ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။ “ကျွန်တော်တို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ပြန်ရောက်ရင် သေခြင်း‌ရှင်ခြင်းစာအုပ်ကို ကြည့်လိုက်ရုံပဲ.... သူ့နာမည်နဲ့ ဒီဘ၀မှာ မွေးဖွားလာလား သိလိမ့်မယ်... မသေချာတာက ၉၉ ကြိမ် သေပြီးသွားပြီလား ဆိုတာပဲ”

သူက သက်ပြင်းရှည်ကြီး ချလိုက်၏။ “သူ ၉၉ ကြိမ် သေရင် မီးငှက်နတ်ဘုရားဝိညာဉ် နိုးထလာလိမ့်မယ်... အဲဒါဆို အရင်ဘ၀တွေအားလုံးကို မှတ်မိသွားလိမ့်မယ်.. ပြီးတော့..”

သူက မီးငှက်တောင်ကို ဝှေ့ရမ်းလျက် ရယ်လိုက်သည်။ “ဒီငှက်တောင်နဲ့ဆို သူနဲ့ သူ့ရဲ့ပျက်စီးနေတဲ့ တခြားဝိညာဉ်တွေကို ရှာဖို့ လွယ်သွားပြီလေ”

ယန်အာမှာ ပျော်လွန်း၍ မျက်ရည်များဝဲလာသည်။

နောက်ဆုံးတော့ ချင်မူလည်း စိုးရိမ်စရာမလိုတော့ချေ။

ဤအဖြေသည် ပြီးပြည့်စုံ၏။

သို့သော် သူ့မှာ အနည်းငယ် စိတ်မအေးဖြစ်နေသေးသည်။ ချွဲဖေးယင် ၉၉ ကြိမ် မသေဆုံးခဲ့လျှင်ရော။

တိုက်ပွဲတစ်ပွဲတွင် သူမသည် ထက်မြက်လွန်းသဖြင့် ကောင်းကင်ယင်သားတော် သူမအား မသတ်နိုင်ခဲ့လျှင်ရော...။

‘အဲ့ဒီလို မဖြစ်သင့်ဘူး’

ချင်မူ သူ့ကိုယ်သူ နှစ်သိမ့်မိလိုက်သည်။ ‘ကောင်းကင်ယင်သားတော်က အင်မတန် အစွမ်းထက်တယ်... မီးငှက်ဝိညာဉ်ကို မနိုးထ‌ရသေးတဲ့ မိန်းကလေးတစ်ယောက်ကို မသတ်နိုင်ဘဲ မနေဘူး.. သူက အမြဲ မိန်းကလေးတွေကို သတ်နေကြပဲဟာ.. အထူးသဖြင့် လှတဲ့မိန်းမတွေကို သတ်တာ သူ့ရဲ့အထူးအရည်အချင်းပဲ..”

All Chapters