← Chapters

နောက်နှစ်ရက်အတွက် ကုန်ကျစရိတ်အားလုံး ငါတာ၀န်ယူမယ်

Vol. 70 Ch. 1036

နောက်နှစ်ရက်အတွက် ကုန်ကျစရိတ်အားလုံး ငါတာ၀န်ယူမယ်

Vol. 70 Ch. 1036

" အဲ့တာလည်း ဟုတ်တယ်နော်..."

သူယောင်လည်း မဖြစ်သေးပါဘူးဟု စိတ်ထဲ ခံစားလိုက်ရကာ ကားထဲမှ ထွက်၍ ကော်ဖေးထံ သွားတွေ့လိုက်သည်။

" ဟေ့... အတူသွားကြစို့..."

ကော်ဖေး အပျော်လွန်လွန်းလို့ ထကမတတ် ဖြစ်သွားခဲ့ပြီး ကားထဲမှ အလျင်အမြန်ထွက်ကာ ခရီးသည်တံခါးကို လာဖွင့်ပေးလိုက်၏။

" ဈေးကြီးတဲ့ကားဆိုပြီး အရူးလုပ်မခံရစေနဲ့... လမ်းကြမ်းမောင်းတဲ့ကားက ငါ့ရဲ့ Honda Civicလောက် ဘယ် သက်တောင့်သက်သာရှိမှာ... ဟုတ်တယ်မလား.... "

သူယောင် မဆိုသလောက်လေး မျက်မှောင်ကြုတ်သွားခဲ့ပြီး " မဟုတ်ဘူး... ငါပြောချင်တာ ငါတို့ အစ်ကိုကြီးလင်းရဲ့ကားကို အတူစီးရအောင်လို့... နင့်ကား မဟုတ်ဘူး...."

" ဟမ်.... သူ့ကားကို စီးရမယ်...." ကော်ဖေး အထင်သေးစွာဖြင့် ပြောလိုက်ပြီး " ငါ အဲ့ကောင်ကားကို လုံး၀ မစီးနိုင်ဘူး..."

" ရတယ်လေ.. နင် မစီးချင်လည်း သဘောပဲ... ငါတို့ဘာ ငါတို့ သွားလို့ရတယ်...."သူယောင်လည်း စိတ်က သိပ်ရှည်တတ်သူ မဟုတ်ချေ။ ထို့ကြောင့် တိုက်တွန်းမနေတော့ပဲ စကားလက်စ ဖြတ်လိုက်တော့၏။

အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်ကလည်း ကော်ဖေးကို မလိုက်စေချင်သောကြောင့်ဖြစ်၏။ မည်သို့ပင်ဆိုစေ ကျိန်းမူလတန်းကျောင်းက သူ့အဖေ အပိုင်လည်း မဟုတ်ချေ။

" ကဲပါ ကော်ဖေး ... ခေါင်းမာ မနေစမ်းနဲ့... မြန်မြန် ကားထဲ ၀င်တော့..."ဖန်းဖေး ပြောလိုက်ပြီး " ရင့်ကျက်လိုက်စမ်းပါဟယ်..."

" ငါက မရင့်ကျက်ဘူး..."

ကော်ဖေး ပေတိပေကပ် လုပ်နေပြီး ခေါင်းဆက်မာနေသည်။ သို့သော်လည်း ဖန်းဖေး၏ ဆွဲထုတ်ခြင်းကို ခံလိုက်ရ၏။

" မြန်မြန် ကားထဲ၀င်တော့.. မဟုတ်ရင် နင် သူတို့ နှစ်ယောက်ကို အတူနေဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်နော်... သူတို့ ခရီး အတူသွားရင်း ကလေးတွေ ဘာတွေ မမွေးလိုက်နိုင်ဘူးလို့ နင်ပြောနိုင်မှာမို့လား..."

" နင်ဘာတွေ လာပြောနေတာလဲ..."သူယောင် ရှက်သွေးဖြန်းသွားခဲ့ပြီး " ငါနဲ့ အစ်ကိုကြီးလင်းက အဲ့လို ပတ်သက်မှုမျိုး မရှိပါဘူးဆို...."

သူယောင်၏ ရှက်ကိုးရှက်ကန်း အမူအရာကို မြင်တော့ ကော်ဖေး သံပုရာ အချဉ်သီး တစ်လုံး စားလိုက်ရသကဲ့သို့ ရှုံ့မဲ့သွားခဲ့သည်။ မ၀င်ချင် ၀င်ချင်နှင့် သူ လင်းရီကား အနောက်ခုံထဲ ၀င်ထိုင်လိုက်တော့၏။

ဖန်းဖေးလည်း ကားထဲ၀င်ပြီး ဘယ်ညာ ကြည့်ပြီးနောက် သက်ပြင်း ချလိုက်ကာ " ကားအကောင်းစားတွေက တကယ့်ကို ထူးခြားတာပဲ... ထိုင်ရတာလည်း ဇိမ်ကိုရှိလို့..."

" ဒီကားရဲ့ အပြင် အခွံကသာ အဖိုးအများကြီး တန်နေတာ... ကျန်တဲ့ အစိတ်အပိုင်းတွေကတော့ ဒီတိုင်း ဘရချွတ်ရွှတ်ညောင့်ပဲ(သာမန်)..."ကော်ဖေး စောဒက တက်လိုက်ပြီး " တကယ်လို့ ပြိုင်မောင်းကြေးဆို ငါ့ရဲ့ Civic ကိုတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး...."

" ကားမော်ဒယ်တွေကလည်း မတူဘူးလေ နင်ကလည်း ... ဒီတော့ သူ့အားသာချက်နဲ့ အားနည်းချက် ဆိုတာကတော့ ရှိမှာပေါ့ဟဲ့...."ဖန်းဖေး ပြောဆိုလိုက်ပြီး " ဒီရဲ့ ဆိုင်းထိန်းစနစ်ကြီးကိုပဲ တစ်ချက်ကြည့်လိုက်... လမ်းကြမ်းမောင်းတဲ့ ယာဉ်အကြီးစားတွေမှာပဲ တွေ့နိုင်တာ...ဆလွန်းကား သေးသေးလေးတွေမှာဆို ဒါမျိုး ရှိတာ မဟုတ်ဘူး... "

လင်းရီ "....."

ဆရာကြီးတွေပါလား...

" ကျွတ်... ဒီတိုင်း ယွမ် တစ်သန်းလောက် ရှိတာများကွာ... ငါလည်း တတ်နိုင်ပါတယ်...."ကော်ဖေးပြောလိုက်ပြီး " ငါက ဒီတိုင်း ငါဘယ်လောက် ချမ်းသာသလဲဆိုတာ မကြွားချင်ရုံ သပ်သပ်ပဲ... ငါတို့ ကျိုးဟိုင် ရောက်တဲ့အချိန်ကျ မင်းတို့ဖို့ ငါ အစားကောင်း သောက်ကောင်းတွေ စီစဉ်ပေးမယ်.... "

" မလိုပါဘူး... ငါတို့က အပြင်လူတွေလည်း မဟုတ်ပဲနဲ့...."

" အေးဆေး နေစမ်းပါ... အားနာမနေစမ်းနဲ့... ငါကျိူးဟိုင်ကို သုံးလေးခေါက်လောက် ရောက်ဖူးတယ်... အဲ့က ဈေးက သိပ်မကြီးပါဘူး.... "ကော်ဖေး ပြောလိုက်ပြီး " နောက်ပြီးတော့ ငါတို့ မိသားစု အနေအထားကလည်း သိတဲ့အတိုင်းပဲလေ... ကျိုးဟိုင်က မြို့ကြီးပြကြီး ဆိုရင်တောင် ကြိုက်သလို သုံးဖြုန်းလို့ ရတယ်...."

မြို့ငယ်လေး၏ မူလတန်းကျောင်းအုပ် ရာထူးက အမြင်ဖမ်းစားနိုင်ခြင်း မရှိသော်လည်းပဲ နှစ်စဉ်နှစ်တိုင်း ရန်ပုံငွေကောင်းကောင်းတော့ ရရှိပေသည်။ ထို့ကြောင့် ကြားပေါက်လေးကလည်း ချိုချိုချောင်ချောင် မဆိုးလှချေ။

" ဈေး သိပ်မကြီးဘူးလို့ မင်း တကယ်ကြီး ပြောနေတာလား...."

သူ့ ဘီလီယမ် ရာချီသည့် ပိုင်ဆိုင်မှုဖြင့်ပင် ကျိုးဟိုင်၏ နေထိုင်စားသောက် ကုန်ကျစရိတ်က အနည်းငယ် ရယ်စရာကောင်းသည်ဟု လင်းရီ ခံစားနေရစဲ ဖြစ်သည်။

စားသောက်ဆိုင် တစ်ချို့ဆိုလျှင် လူတစ်ယောက် ကောင်းကောင်းစားချင်သည်ဆိုပါက ယွမ်ငါးထောင်လောက် ကျသင့်လေသည်။ ထိုသည်ကို ဈေးပေါသည်ဟု ဆို၍ မရချေ။

အိမ်နီးချင်း ရန်ချိန်မှာမူ အဆက်မပြတ် တိုးတက်နေသော်လည်းပဲ နေထိုင်မှု ကုန်ကျစရိတ်ချင်း ယှဉ်ပါက ကျိုးဟိုင်ထက် အများကြီး ဈေးသက်သာပေသည်။

အရည်အချင်း တစ်မျိုးမျိုး မရှိပါဘဲနဲ့ ကျိုးဟိုင်တွင် ရပ်တည်ရသည်က အက်မတန် ခက်ခဲ ပင်ပန်းလွန်းလှပါ၏။

" တကယ် မကြီးဘူး..."ကော်ဖေး တည်ငြိမ်စွာ ဆိုလိုက်ပြီး " ရှေ့တစ်ပတ်တုန်းက ငါ့အဖေ ကျိုးဟိုင်ကို အစည်းအဝေး တစ်ခု ခေါ်သွားခဲ့တယ်... ပြီးတော့ သူနဲ့ သူ့သူငယ်ချင်းတွေ ထမင်းစားဖို့ဆိုပြီး ကြယ်ငါးပွင့် ဟိုတယ်ကြီးဆီ သွားခဲ့ကြတာနော်... ငါတို့စားတာ လူဆယ်ယောက် ... ဒါပေမယ့် ယွမ် ငါးထောင် ၀န်းကျင်လောက်ပဲ ကျတယ်... ငါတော့ ဈေးအရမ်းကြီးတယ်လို့ မထင်ပါဘူး...."

" ယွမ် ငါးထောင်က ဈေးမကြီးဘူးပေါ့... ဘုရားရေ...."ဖန်းဖေး အံ့အားတကြီးဖြင့် မြည်တမ်းလိုက်ပြီး " နင့်အဖေကလည်း နည်းနည်းလေး ချမ်းသာလွန်းမနေဘူးလား... " " မင်းတို့ကိုက ကျိုးဟိုင်ကို မကောင်းမြင်နေကြလို့ပါကွာ... အမှန်တော့ သိပ်မဆိုးပါဘူး..."ကော်ဖေး ပြောလိုက်ပြီး " ခဏကျ ကျိုးဟိုင်ရောက်လို့ ရှိရင် မင်းတို့ကို စားကောင်းတဲ့နေရာတွေ ခေါ်သွားပေးမယ်လေ... အရမ်းအရသာ ရှိတာနော်...."

" အဲ့လိုပြောနေပြီဆိုတော့ ဒီနေ့ည ဆရာလေးကိုပဲ အားကိုးရတော့မှာပေါ့ ..."

" ပြဿနာ မရှိဘူး..."ကော်ဖေး ပြောလိုက်ပြီး " ငါဒီနေ့ ပိုက်ဆံ အများကြီး ယူလာခဲ့တယ်... နောက်နှစ်ရက်အထိ ကုန်ကျစရိတ်တွေ အကုန်လုံး ငါ တာ၀န်ယူတယ်..."

" ကျေးဇူးတင်ပါတယ် ဆရာလေးကော်... ဒီလိုဆို ငါလည်း အားနာ မနေတော့ဘူးနော...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

" အင်း... မင်းက ကားကိုပဲ မြန်မြန်မောင်း...ကျိုးဟိုင်ရောက်ရင် ငါပြောပြတဲ့ လမ်းအတိုင်းသွား... မင်းတို့ရဲ့ အမြင်တွေ ကျယ်သွားစေရမယ်လို့ ငါအာမခံတယ်...."

" အမ်... မလုပ်ပါနဲ့... မင်းပြောတော့ ငါတို့ကို ထမင်းကျွေးမယ်ဆို... ငါတို့ကပဲ နေရာ ရွေးပေးသင့်တာပေါ့..."

" မင်းက ကျိုးဟိုင်သား ဆိုရင်တောင် မင်း ရွေးလိုက်တဲ့ နေရာက ငါ့လောက် ကောင်းမှာ မဟုတ်ဘူး...."ကော်ဖေး ပြောလိုက်ပြီး " ပြီးတော့.... မင်း ကားကြီးနဲ့ လျှောက်မောင်းပြီး လိုက်ကြွားမနေစမ်းပါနဲ့... ငါ့ဆီကနေ ကြည့်ပြီး သင်ယူစမ်းပါ... မြင်လား.. ငါဆို လိုရာ ခရီးရောက် ပြီးရောဆိုပြီး Civicလေးပဲ မောင်းတယ်... ကိုယ့်ကြွယ်၀မှုကို ချမပြရဘူးဆိုတဲ့ သဘောတရားကို မင်းနားမလည်ဘူးလား.... "

" ငါတော့ ဒီနေ့ သင်ခန်းစာရလိုက်တာပဲ.." လင်းရီ ပြုံးလိုက်ပြီး " အနာဂတ်ကျရင် သတိထားပါ့မယ်..."

" ရပြီ ရပြီ... မြန်မြန်သာမောင်းတော့..."ကော်ဖေး သူ့မျက်နှာ ပြန်ဆယ်လိုက်နိုင်တော့ နောက်ခုံကို ကျောမှီလိုက်ပြီး အေးဆေးလေသံဖြင့် " မင်း စားမယ့် နေရာသာ ရွေးလိုက်.. ဒါပေမယ့် ငါပြောလိုက်မယ်.. မင်း ဒီလို အခွင့်အရေးမျိုး ရတယ်ဆိုတာ ယောင်ယောင်နဲ့ လိုက်ခဲ့လို့နော်.... မင်း သေချာလေး အသုံးချ... အနာဂတ်ကျရင် ဒီလို အခွင့်အရေးမျိုး နောက်တစ်ခေါက် ရဖို့ မသေချာတော့ဘူး...."

" ပြဿနာ မရှိဘူး... ငါက ဘာမှသာ မလုပ်တတ်တာ... အစားကောင်းတော့ စားတတ်ပါတယ်.."

ကော်ဖေး လင်းရီကို အထင်တသေးဖြင့် ကြည့်လိုက်ပြီး စိတ်ထဲတွင်လည်း ကျိတ်၍ ကျိန်ဆဲနေလိုက်၏။

' ဒီကောင့် ရုပ်ကြည့်ရတာ အကောင်းက ဘာလဲဆိုတာ မမြင်ဖူးတဲ့ ရုပ်နဲ့... ကျိုးဟိုင်မှာ နေတယ်ဆိုတာကလည်း ဂျောင်ဂျိုဂျောင်ကြားမှာနေမှာ.. . ဒီကားကိုလည်း ချေးငွေနဲ့ အရစ်ကျ ၀ယ်ထားတာပဲ ဖြစ်ရမယ်....ကံကောင်းလို့ ငါ လိုက်ခဲ့လို့ပေါ့.. မဟုတ်ရင် ယောင်ယောင်လေးတော့ အခွင့်အရေး ယူခံလိုက်ရလောက်ပြီ..."

တစ်နာရီနှင့် မိနစ်လေးဆယ်လောက် မောင်းနှင်လာပြီးနောက် လေးယောက်သား ကျိုးဟိုင်သို့ ရောက်ရှိလာခဲ့လေသည်။

သူယောင်နှင့် ဖန်းဖေး တို့ နှစ်ဦးလုံး ကျိုးဟိုင်၏ မြင်ကွင်းများအား ငေးမောရင်း ညို့ငင်ခံလိုက်ရတော့၏။

ဤသည်က သူမတို့ ပထမဆုံးအကြိမ် ကျိုးဟိုင်နှင့် ရန်ချိန်ကြား ကွာခြားမှုကို မျက်မြင်ကြုံတွေ့လိုက်ရခြင်း ဖြစ်လေသည်။

ရန်ချိန်တွင် လူတစ်ဦးက သာမန် လူသားကမ္ဘာ၏ အငွေ့အသက်ကို ခံစားကြည့်နိုင်သည်။ သို့သော် ကျိုးဟိုင်ကတော့ တော်၀င်ဆန်မှုတို့ဖြင့် ဝိုင်းရံထားသလိုပင်။

လူတိုင်းက ခေါင်းမော့ ရင်ကော့ရင်း ခြေလှမ်း ခပ်သွက်သွက် လျှောက်နေကြပြီး မည်သူကမျှ သူတို့နှင့် မျက်လုံးချင်း ဆိုင်ဝံ့ကြလိမ့်မည် မဟုတ်ချေ။

" ရန်ချိန်ကလည်း ဖွံ့ဖြိုးနေတယ်ဆိုပေမယ့် ကျိုးဟိုင်နဲ့ ယှဉ်ရင်တော့ အနေအထား တစ်ခုလောက်အထိ လိုနေသေးတုန်းပဲနော်... "ဖန်းဖေး ပြောရင်းဖြင့် အပြင်ဘက်ရှိ လူများကို လက်ညိုးထိုးပြကာ " သူတို့ရဲ့ အရှိန်အဝါတွေက အရမ်း ကြောက်စရာကြီး... "

" သေချာပေါက်ပဲပေါ့... ဒါက ဟွာရှရဲ့ စီးပွားရေး မြို့တော်ပဲလေ... GDP အရဆိုရင်တောင် ပထမအဆင့်မှာ ရှိတယ်... ပြည်နယ် နှစ်ခုကြားထဲ ကွာခြားမှု ရှိတာ မဆန်းပါဘူး..."ကော်ဖေး တောင်တန်းတစ်ခုကို ညွှန်ပြရင်း ပြောလိုက်ပြီး " အခု ငါတို့ ရောက်နေတဲ့ နေရာက ကျိုးဟိုင်ရဲ့ အကြွယ်၀ဆုံး နေရာလို့ ပြောလို့ရတယ်..."

" ဟဲ့ ငါ ပြိုင်ကားတွေ လမ်းဘေးမှာ ထိုးရပ်ထားတာ မြင်လိုက်ရတယ် သိလား... သူတို့နဲ့ ယှဉ်ရင် ငါတို့ရဲ့ Lexus က ဘာမှ မဟုတ်တော့သလိုပဲနော်...."

" သေချာပေါက်ပဲပေါ့... စီးပွားရေး မြို့တော်ဆိုတာ နာမည် သပ်သက်တင် ဘယ်ဟုတ်မှာ.... "ကော်ဖေး ပြောလိုက်ပြီး " မင်းသိလား.... အရင်နှစ် ဆောင်းတုန်းက ငါ ဒီကို ကုတ်အင်္ကျီ တစ်ထည်လာ၀ယ်တာ... အရမ်းကို သာမန်ဆန်တဲ့ ဒီဇိုင်းရှိတာတောင် ယွမ် သုံးထောင်ကျော် ပေးလိုက်ရတယ်.... အဲ့ဒါက အဆင့်မြင့် ရာထူး အလုပ်သမား၀န်ထမ်းတွေရဲ့ တစ်လစာလောက်ရှိတယ်နော်.... "

" နင့်လို ဘောစိပဲ အဲ့လောက် အများကြီး ဖြုန်းရဲတယ်... ငါဆို ယွမ် ၃၀၀ တန် ကုတ်အင်္ကျီလေး ၀ယ်မိရင်တောင် ရင်ထဲ တဆစ်ဆစ်နာလို့ မဆုံးဘူး...."

" ဒါကြောင့်မို့ ဂရုစိုက်ပါလို့ ပြောတာပေါ့... အပေါ်ယံကိုပဲ မြင်ကြည့်နေလို့ ဘယ်ဖြစ်မှာ... ယွမ် တစ်သိန်းလောက်ပဲ ပေးရတဲ့ Civic က ငါ တတ်နိုင်တာ အကုန်ပဲလို့ မထင်လိုက်နဲ့... တကယ့်လက်တွေ့မှာ ငါ့ အိတ်ကပ်က ပိုဖောင်းနေတယ်...."

သူယောင် အောက်နှုတ်ခမ်းကို ဖွဖွ ကိုက်လိုက်သည်။

ဒီကော်ဖေးက အရမ်း စိတ်အနှောင့်အယှက် ဖြစ်ဖို့ ကောင်းတာပဲ... သူ အစ်ကိုကြီးလင်းကို ရည်ရွယ်ချက် ရှိရှိ ခနဲ့နေတာ မဟုတ်ဘူးလား....

တကယ်လို့ ဒီလိုဖြစ်မယ်မှန်း ကြိုသိရင် တစ်ကားတည်း အတူစီးဖို့ မခေါ်ခဲ့ပါဘူး... အဲ့ကောင်က ကျွေးတဲ့လက်ကို ဘယ်လို ပြန်ကိုက်ရမလဲပဲ သိတဲ့ကောင်...

" လင်းရီ... မင်း နေရာကောင်း ရွေးပြီးပြီလား... သူတို့လည်း ဗိုက်ဆာလောက်ရောပေါ့..."

ကော်ဖေး၏ လေသံက အမိန့်ပေးနေသည့် ဘော့စ်တစ်ဦးကဲ့သို့ ဖြစ်နေသည်။

" အင်း... ငါအခု အဲ့ကို မောင်းနေတယ်... မကြာခင် ရောက်တော့မှာ..."လင်းရီ အပြုံးဖြင့် ပြန်ပြောလိုက်သည်။

" အေးအေး မြန်မြန်မောင်းကွာ .. ငါလည်း ဗိုက်ဆာနေပြီ...."

ဆယ်မိနစ် ကြာပြီးနောက် လင်းရီကားကို ' နောက်ဘက် ဆင်ခြေဖုံး နံပါတ်ငါး ' ဟူသည့် ဆိုင်ရှေ့တွင် ထိုးရပ်လိုက်ပြီး သူ၏ ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်၏။

" သွားစို့... ငါတို့ ဒီရောက်ပြီ...."

All Chapters