ငါ အားလီပေးနဲ့ ရှင်းလို့ရမလား
Vol. 70 Ch. 1038
" မင်းရဲ့ အမြင်ကတော့ တကယ့်ကို အကောင်းဆုံးပဲ.. ငါတို့လို သာမန်လူတွေက မင်းနဲ့ မယှဉ်နိုင်ပါဘူး"လင်းရီ ပြောလိုက်ပြီး " ဒါပေမယ့် သူတို့ရဲ့ ဟင်းပွဲတွေကသာ သာမန်ဆန်တာ .. ဝိုင်ကတော့ တကယ်မဆိုးဘူး သိလား... ဝိုင်နီတွေ အကုန်လုံးက ဆယ်နှစ် အထက်တွေချည်းပဲ... ငါ တစ်ပုလင်းလောက် မှာလိုက်မယ်...."
" မလုပ်နဲ့ မလုပ်နဲ့..."ကော်ဖေး ဤတစ်ကြိမ်တွင်တော့ ကမန်းကတမ်း ဟန့်တားလိုက်ပြီး " မင်း ခဏနေကျရင် ကားမောင်းရဦးမှာလေကွာ... ဝိုင်သောက်လို့ ဘယ်ရမလဲ..."
" ငါ မသောက်ဘူး... ဒါပေမယ့် မင်း မြည်းစမ်းကြည့်လို့ ရတယ်လေ..."လင်းရီ ပြောလိုက်ပြီး " ငါတို့ ဒီရောက်နေပြီ.. ပြီးတော့ မင်းကလည်း ဒကာခံမှာ... မင်းပျော်အောင် တစ်ခွက်တစ်ဖလားတော့ သောက်ပေးသင့်တာပေါ့ကွ...."
" ဒါက....."
ကော်ဖေး ခေတ္တ တုံ့ဆိုင်းသွားပြီး " မင်းမသောက်ပဲ ငါသောက်နေရင် ဘယ်လိုလုပ်ပြီး မျှတတော့မှာ... ငါ မသောက်ဘူး...."
" ကောင်းပြီလေ.. ဒါဆိုလည်း တစ်ခွက်လောက်တော့ ဖြစ်ပါတယ်... မှာလိုက်တော့မယ်နော်..."" အင်း အင်း... တစ်ခွက်လောက်ကတော့ အဆင်ပြေပါတယ်...."
ဇိမ်ရှိသည့် ထိုင်ခုံပေါ်တွင် ထိုင်နေရင်း ကော်ဖေး သူ့ကိုယ်သူ သက်တောင့်သက်သာ ရှိသည်လို့ မခံစားရတော့ချေ။ သံမှိုနှင့် ပင်းအပ်များထက်တွင် ထိုင်နေရသည့်သဖွယ် ခံစားနေရလေသည်။
ခဏနေဆို ရှင်းရတော့မည့် မိုးထိမတတ် မြင့်တက်နေမည့် ကျသင့်ငွေကို တွေးတောလိုက်မိသည်နှင့် သူ သေသာ သေပစ်လိုက်ချင်တော့သည်။
" ယောင်ယောင်.. ဒီနေရာကို ကြည့်စမ်း... ဆိုင်အပြင်ဘက် ရှုခင်းကလည်း သိပ်ကြည့်လို့ မကောင်းဘူး... ဒါပေမယ့် ဈေးကတော့ တကယ့်ကို ကြီးတယ်နော်..."ဖန်းဖေး တီးတိုး ပြောလိုက်၏။
" ဘာပဲပြောပြော ဒါက ကျိုးဟိုင်လေ... အရာရာတိုင်းက ဈေးကြီးနေမှာပဲ...."သူယောင်ပြောလိုက်၏။
" ငါ့မိဘတွေရဲ့ တစ်နှစ်လုံး လုပ်လို့ရတဲ့ ငွေကတောင် ဒီမှာ တစ်နပ်စားလို့ မလောက်ဘူး... ပြီးတော့ လူတစ်ယောက်ကို ဟင်းတစ်ပွဲနှုန်းနဲ့ စားရတဲ့ ဆိုင်မျိုးမှာ ဒါပထမဆုံး စားဖူးတာပဲ... "
( တစ်ပွဲမှာပြီး အားလုံး မျှစားလို့ မရတာကို ပြောချင်တာပါ... )
" မီချယ်လင်း ကြယ်သုံးပွင့် ဆိုင်တွေ အကုန်လုံးက ဒီလိုချည်းပဲလေ... သူတို့က သာမန် စားသောက်ဆိုင်တွေထက် နည်းနည်းလေးတော့ ထူးတယ်..."
" အာ.... ဒီတော့ ဒါက ဒဏ္ဍာရီလာ မီချယ်လင်း ကြယ်သုံးပွင့် စားသောက်ဆိုင်ပေါ့..."ဖန်းဖေး အံ့အားတကြီးနှင့် ဖြစ်သွားခဲ့ပြီး " ၀တ္ထုတွေထဲမှာဆို ကျိကျိတက် ချမ်းသာတဲ့ စီအီးအို မင်းသားလေးက အမျိုးသမီး အဓိက ဇာတ်ကောင်ကို ထမင်းစားဖို့ မီချယ်လင်း ကြယ်သုံးပွင့်ဆိုင်ဆီ အမြဲခေါ်သွားတက်ကြတယ်... ငါတော့ ဒီနေ့လို အပြင်မှာ လူကိုယ်တိုင် မြင်လိုက်ရလိမ့်မယ်လို့တောင် ထင်မထားဘူး.... "
" ငါတို့ ကော်ဖေးကို ကျေးဇူးတင်ရမှာပဲ... တကယ်လို့ သူ့ရဲ့ ရက်ရောမှုကြောင့်သာ မဟုတ်ရင် ဒီလိုနေရာမျိုးကို လာနိုင်ဖို့ဆိုတာ ဖြစ်နိုင်မှာ မဟုတ်ဘူး..."
" အမှန်ပဲ..." ဖန်းဖေး ကော်ဖေးကို ချိုသာစွာ ပြုံးပြလိုက်ပြီး " အတန်းဖော်ဟောင်းကြီး... ငါတို့ကို အမြင်ကျယ်အောင် လိုက်ပြပေးတဲ့အတွက် ကျေးဇူးပါနော်..."
ကော်ဖေး အတင်း လုပ်ပြုံးပြလိုက်သည်။ သို့သော် ငိုနေသည်ထက်ပင် ပို၍ ကြည့်ရ ဆိုးသွားခဲ့တော့၏။
" အသေးမွှားလေးပါ... စိတ်ထဲ ထားမနေနဲ့... ငါလည်း ဒီလိုဆိုင်မျိုး တစ်ခါမှ မရောက်ဖူးသေးဘူး... အတွေ့အကြုံကောင်းပေါ့..."
" ဒီနေ့ပြီးရင် ငါတော့ မီချယ်လင်း ကြယ်သုံးပွင့်ဆိုင်ကြီးမှာ စားဖူးတယ်လို့ သူများကို လိုက်ကြွားလို့ရပြီ..."
သူတို့ စကားပြောနေကြစဉ် စားပွဲထိုးမှ ဟင်းပွဲများကို တစ်ခုပြီးတစ်ခု လာချပေး၏။
သူယောင်နှင့် ဖန်းဖေးတို့လည်း ဟင်းပွဲများ၏ ထူးခြားဆန်းသစ်သည့် ဒီဇိုင်းများကို ကြည့်၍ မအံ့ဩပဲ မနေနိုင်ချေ။ သူမတို့အတွက် စူးစမ်းကြည့်ချင်စရာ အသစ်အဆန်းများ ဖြစ်နေခဲ့တော့သည်။
" လုပ်.. စားကြစို့လေ... ငါလည်း ဆာလောင်နေပြီ..."
ပြောရင်းဖြင့် လင်းရီ သူ၏ တူကို ဦးစွာ လှုပ်ရှားလိုက်သည်။
" ဘုရားရေ... ဒီရဲ့ ခရုကြီးက ဧရာမကြီူ ... ငါ့လက်သီးဆုပ်လောက်တောင် ကြီးတယ်..."ဖန်းဖေး အံ့အားတကြီးဖြင့် မြည်တမ်းလိုက်မိသည်။
"ဈေးနဲ့ အံကိုက် ရှိရုံလောက်ပါပဲဟယ်.... ပေးထားရတာ ယွမ် တစ်သောင်းကျော်တောင်လေ... ဒီလောက်မှ မကြီးရင်လည်း ဘယ်သူက ၀ယ်စားတော့မှာ ..."
အစကတော့ ခေါင်းတစ်လုံး ခရု၏ အရသာကို ကော်ဖေး မြည်းစမ်းကြည့်ချင်ပါသော်လည်း ယွမ်တစ်သောင်းကျော် ပေးရသည်ကို ကြားလိုက်ရပြီးနောက် သူ လုံး၀ မျိုမကျတော့ချေ။
ဖန်းဖေး ခေါင်းညိမ့်လိုက်ပြီး အကိုက် သေးသေးလေး ကိုက်ကြည့်လိုက်သည်။ သူမ မျက်၀န်းများ တလက်လက် ဖြစ်လာပြီး " ယောင်ယောင် .. နင် မြည်းကြည့်ကြည့်လိုက်... လတ်ဆတ်လိုက်တာ အလွန်ပဲ... ယွမ် သုံးလေးရာ ပေးရတာထက် အများကြီး ပိုအရသာရှိတယ်...." " နင် ချဲ့ကားပြီး ပြောနေတာမလား..."
" နင် မယုံရင် စားကြည့်ကြည့်လေ..."
သူယောင် ယုံကြည်ရန် ငြင်းဆန်လိုက်သည်။ သူမ တစ်ကိုက် ကိုက်ကြည့်လိုက်ပြီး အရသာမှာ တော်တော်လေး ထူးခြားကြောင်း ခံစားမိလိုက်၏။
သို့သော်လည်း သူမ၏ ပထမဆုံးအကြိမ် ပင်လယ်ခရုကို စားဖူးခြင်း ဖြစ်သောကြောင့် အရသာတော့ မနှိုင်းယှဉ်တတ်ချေ။
" ငါပြောတာ မှန်တယ် မလား... "ဖန်းဖေး မေးမြန်းလိုက်၏။
" ကော်ဖေးပြောတာ မှန်တယ်... ငါတို့ပေးသလောက် ငါတို့ ပြန်ရတာပဲ... နည်းနည်းလေး ဈေးကြီးတယ်ဆိုပေမယ့် ဘာလို့ ဈေးကြီးရသလဲဆိုတဲ့ အကြောင်းအရင်း ရှိတယ်... လူချမ်းသာတွေက သူတို့ကိုယ်သူတို့ ဘယ်လိုပျော်အောင် နေရမလဲ တကယ်သိကြတာပဲနော်...ငါဖြင့် ဒီလောက်ကြီးတာကြီး တစ်ခါမှတောင် မမြင်ဖူးဘူး... "
" ကြိုက်ရင် ငါ နောက် နှစ်ပွဲ ထပ်မှာလိုက်မယ်... "
" မလိုဘူး.. မလိုအပ်ဘူး.. ဟုတ်တယ်မလား..."ကော်ဖေး ပြောလိုက်ပြီး " ငါ ဒီနေ့ စားချင်စိတ် သိပ်မရှိဘူး.. ငါ့ဟာက တစ်ကိုက်လေးတောင် မစားရသေးဘူး... မင်းတို့ကောင်တွေပဲ စားလိုက်ကြ..."
" မင်း ခုနက ပြောတော့ ဗိုက်ဆာတယ်ဆို... ဘာလို့ ရုတ်တရက်ကြီး စားချင်စိတ် မရှိဘူး ဖြစ်သွားရတာလဲ..."
" ငါလည်း ဘာဖြစ်နေမှန်း မသိပါဘူးကွာ... ရုတ်တရက်ကြီး စားချင်စိတ် မရှိတော့လို့... ငါ့ အတွက်မှာထားတာတွေပါ စားလိုက်...."
ကော်ဖေးလည်း ကောင်းမွန်သည့် အရာများကို မြည်းစမ်းကြည့်ချင်ပေသည်။
သို့သော်လည်းပဲ ယွမ် သောင်းကျော် ကျသင့်မည့် ကျသင့်ငွေကို တွေးမိပြန်တော့ သူ၏ လဲသေချင်စိတ်က တစ်ဖန် ကြီးစိုးလာတော့၏။
ကော်မိသားစုနဲ့ သူ့သူငယ်ချင်းတွေနား ဒီလောက် ပိုက်ဆံ အများကြီး အကူအညီတောင်းဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး...
ဒီဆိုင်က အားလီပေးလည်း လက်ခံဖို့ မျှော်လင့်ရတော့မှာပဲ...
" ဒါဆို ငါတို့ အားနာ မနေတော့ဘူးနော်..."
" မလိုပါဘူး... မင်းတို့ကောင်တွေသာ များများစားကြ...."
ကော်ဖေး အစားအသောက်အပေါ် အာရုံစိုက်ချင်စိတ် မရှိတော့ချေ။
သူ ဖုန်းထုတ်လိုက်ပြီး အားလီပေးကို ဖွင့်ကြည့်လိုက်၏။ အကန့်အသတ်က ယွမ် လေးသောင်းခွဲတည်းဆိုတာကို တွေ့လိုက်ရတော့ သူ့အမြင်တွေ မှောင်မိုက်သွားလေတော့သည်။ ဤငွေ ပမာဏက ဘေလ်ရှင်းဖို့ရာ ကျိန်းသေပေါက် မလုံလောက်ချေ။
သူ၏ အကြွေး၀ယ်ကတ်ကို ထုတ်သုံးရတော့မည့် ပုံပင်။
ထိုအကြောင်း တွေးမိတော့ ကော်ဖေး ဆက်ပြီး အသက်မရှင်ချင်တော့ချေ။
တစ်နာရီလောက် ကြာပြီးနောက် စားပွဲသည်လည်း အဆုံးသတ်သို့ ရောက်ရှိလာခဲ့တော့သည်။
အ၀စား မဟုတ်ပဲ ရိုးရိုးရှင်းရှင်း တစ်ခါပြင်သာ ဖြစ်သောကြောင့် အလွန်လျှင်မြန်စွာဖြင့် ပြီးဆုံးသွားခဲ့ရသည်။ ထိုစဉ် ကော်ဖေး၏ ခံစားချက်တို့သည်လည်း အသိပ်သည်း အပြင်းထန်ဆုံး အခိုက်အတန့်သို့ ရောက်ရှိနေလေသည်။
" စားလို့လည်း ပြီးပြီ... ကျောခင်းဖို့ တစ်နေရာ ရှာလိုက်ကြတာပေါ့.. ဒါမှ မနက်ဖြန် စောစောထနိုင်မှာ...."လင်းရီ မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
" အမ်... မင်းတို့ အပြင်မှာ စောင့်နှင့်ကြဦး... ငါ ရှင်းပြီးတော့မှ မင်းတို့ဆီ လာခဲ့လိုက်တော့မယ်... "
" အစားအသောက်က နည်းနည်း ဈေးကြီးမယ့်ပုံပဲနော်... ငါ့မှာ ယွမ် ၂,၀၀၀ ရှိသေးတယ်... နင့်ကို လျော်ပေးလိုက်မယ်... "ဖန်းဖေး ပြောလိုက်သည်။
" ငါ့မှာလည်း ၃,၅၀၀ ရှိသေးတယ်..."သူယောင် ပြောလိုက်၏။
" မဟုတ်ဘူး... မလိုဘူး..."ကော်ဖေး ငြင်းဆန်လိုက်ပြီး " ငါ ဒီနေ့ ရှင်းမယ်လို့ မင်းတို့ သဘောတူထားကြတယ် မဟုတ်ဘူးလား... မင်းတို့ရဲ့ ပိုက်ဆံကို သုံးလိုက်လို့ ဘယ်ဖြစ်မှာ... ကဲပါ.. ငါ့ကို အပြင်မှာသာ စောင့်နေလိုက်.... "
" တကယ်... ဒါဆို အားနာမနေတော့ဘူးနော်...."
ပြောပြီးနောက် သူယောင်နှင့် ဖန်းဖေးတို့ အိတ်ကိုယ်စီ လွယ်လျက် လင်းရီနှင့်အတူ အပြင်သို့ ထွက်လာခဲ့ကြသည်။
သုံးယောက်သား ထွက်သွားကြသည်ကို ကြည့်ရင်း ကော်ဖေး စိတ်ထဲအတွေးပေါင်းများစွာ ဖြတ်ပြေးသွားခဲ့သည်။
တကယ်လို့ ဆိုင်က အားလီပေးသာ လက်မခံဘူးဆိုရင် ဒီ တစ်နပ်စာအတွက် သူ ပန်းကန်တွေ ဘယ်လောက်တောင် ဆေးကြောလိုက်ရလိမ့်မလဲ....
" ငိုးပဲကွာ...."
ကော်ဖေး ကျိန်ဆဲလိုက်သည်။ ဤအတွက် မည်သူ့ကိုမျှလည်း အပြစ်တင်၍ မရချေ။ တင်မည့်သူ ကြွားလုံး ထုတ်လွန်းသည့် သူ့ကိုယ်သူသာ အပြစ်တင်ရပေမည်။
" စားပွဲထိုး...." ကော်ဖေး လှမ်းအော်လိုက်၏။
" ဟုတ်ကဲ့ဆရာ.. ဘာများ ကူညီပေးရမလဲ ခင်ဗျ...."
" ငါတို့ စားပွဲက ဘယ်လောက်ကျလဲ..."
" စုစုပေါင်း ၈၉,၆၃၂ ယွမ်ပါဆရာ... အစွန်းထွက် ဖယ်လိုက်ရင် ၈၉,၆၀၀ ယွမ် ကျပါတယ်ဗျ...."
" အဲ့လောက်ကျ....." ကော်ဖေး မျက်နှာကြီး နီရဲလာပြီး " ငါမင်းကို တစ်ခုမေးချင်တယ်...."
" ဟုတ် ဘာလဲဗျ... ပြောလေ..."
" မင်းတို့ အားလီပေးနဲ့ လက်ခံလား...."
" ဟုတ်...ကဲ့...." စားပွဲထိုး ကြက်သေသေသွားပြီးနောက် " ဆရာ ဘာပြောတယ်... အားလီပေး ဟုတ်လား....."
" အင်း... ငါ ဗီရာကျူအာကုတ်နဲ့ ငွေရှင်းမယ်.... "ကော်ဖေး တည်ငြိမ်ချင်သည့်ယောင် ဆောင်လိုက်ပြီး " ငါ ထွက်လာတုန်းက အလျင်လိုနေတော့ ငွေသား အများကြီး သိပ်မယူလာခဲ့မိဘူးကွ...."
" ဆရာ... ဒီလိုပါဗျ... ခုလေးတင်ပဲ ဒီခုံမှာ ထိုင်တဲ့ ဆရာတစ်ယောက်က ကျသင့်ငွေကို ရှင်းပေးပြီးသွားပါပြီ...."
" ရှင်း... ရှင်းပြီးသွားပြီ ... ဟုတ်လား...." " ဟုတ်ကဲ့... မှန်ပါတယ်...."
" ဪ... ဟုတ်လား... အေးအေး ... ငါသိပြီ..."
ကော်ဖေး၏ စိတ်ခံစားချက်မှာ ရိုလာကိုစတာ စီးနေရသကဲ့သို့ ဖြစ်နေလေသည်။
လင်းရီ လျို့ဝှက်စွာဖြင့် ငွေရှင်းသွားလိမ့်မည်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။
သေဘေးမှ လွတ်မြောက်လာခဲ့သူသာ ဤခံစားချက်မျိုးကို နားလည်နိုင်ပေလိမ့်မည်။
သို့သော်လည်း လင်းရီ၏ တိတ်တဆိတ် ရှင်းသွားပေးမှုက သူ့ကို တော်တော်လေး အံ့အားသင့်သွားစေခဲ့သည်။
ထိုသည်က ယွမ် ကိုးသောင်း နီးနီးဖြစ်၏။ ထိုငနဲက ထိုမျှ ချမ်းသာနေသည်လော။
ကော်ဖေး သူ၏ စိတ်ခံစားချက်များကို စုစည်းလိုက်ပြီး စားသောက်ဆိုင်ထဲမှ ထွက်ခဲ့ကာ လင်းရီကားထဲ ၀င်လိုက်သည်။
" နင် ဘာလို့ အခုမှ ထွက်လာခဲ့တာလဲ... ငါတို့ နင့်ကို စောင့်နေရတာမှ အကြာကြီး.... "ဖန်းဖေး ပြောလိုက်၏။
" ငါ... ငါ ရေအိမ်သွားနေလို့... အဲ့တာကြောင့် ကြာနေတာ...."ကော်ဖေး ပြောပြီးနောက် " လင်းရီ... မင်းက တစ်ခုခုတော့ တစ်ခုခုပဲကွ... ငါ ဒကာခံပါ့မယ်လို့ ပြောထားတာကို ဘာလို့ ဘေလ်ရှင်းသွားခဲ့တာ...."