ဆောတီး ငါ့မှာ ပိုက်ဆံတကယ် ရှိတယ်
Vol. 70 Ch. 1039
" စုစုပေါင်း ယွမ် ကိုးသောင်းနီးနီးနော်... မင်း ပေးချင်တာ သေချာလား...."
လင်းရီ ပြုံးလိုက်ပြီး " ဒါဆိုလည်း မင်းငါ့ကို ပြန်လွှဲပေးလို့ ရတာပဲလေ... ငါလည်း ယွမ် ရှစ်သောင်းကျော်ကြီးတောင် သုံးလိုက်ရတော့ စဉ်းစားလိုက်တိုင်း ရင်ထဲ တဆစ်ဆစ် နာလွန်းလို့..."
သူယောင်နှင့် ကော်ဖေးတို့လည်း ဘာမှ ၀င်မပြောဘဲ ကော်ဖေး ပိုက်ဆံ ပြန်လွှဲပေးမည်ကိုသာ စောင့်ဆိုင်းနေကြသည်။
မည်သို့ပင်ဆိုစေ ထမင်းဖိုးကို သူရှင်းမည်ဟု စကားဆိုထားလေသည်။
ကော်ဖေး အနည်းငယ် ဝေ့လည်ကြောင်ပတ် လုပ်နေသည့် အကြည့်တို့ဖြင့် “ ငါ့ ပိုက်ဆံတွေ အားလုံးက ကတ်ထဲမှာ… ငါမင်းကို လွှဲပေးလို့မရဘူး… အရင်ဆုံး ထုတ်ရဦးမယ်….”
“ ဒါဆိုလည်း ဘဏ်သွားကြတာပေါ့…” လင်းရီ ပြောလိုက်ပြီး “ ငါတို့ တည်းဖို့ ပိုက်ဆံလိုသေးတယ်လေ…”
“ ဒီလိုဆိုရင်ကော… အစားအသောက်ဖိုးကို မင်းရှင်းလိုက်… ငါက ဟိုတယ်ခ ပေးမယ်…. အဲ့လိုဆို ကျေပြီ မဟုတ်ဘူးလား….”
“ နေဦး… မင်းပြောတော့ ငါတို့ ကျိုးဟိုင်မှာ ကုန်ကျစရိတ်တွေ အကုန်လုံးကို မင်းပဲ တာဝန်ယူပါမယ်ဆို…. ငါက ပေးရဦးမှာလားဟ….”
“ အဟွတ် အဟွတ် အဟွတ်…”
ကော်ဖေး ရှက်ကိုးရှက်ကန်း ချောင်းဟန့်၍ “ မင်းကို ဘယ်သူက ရက်ရောချင်ယောင် ဆောင်ဖို့ ပြောလဲ… ငါနဲ့ ဘာမှမဆိုင်ဘူး…”
ဤတစ်ကြိမ်တွင်တော့ ကော်ဖေး ဆက်၍ ဟန်မဆောင်နိုင်တော့ချေ။ ထိုမျှ ငွေပမာဏ အများကြီးကို သူ ထုတ်မပေးနိုင်ပေ။
“ ကောင်းပြီလေ… အဲ့လောက်လည်း များတာ မဟုတ်ပါဘူး… ငါလည်း မင်းနား မတောင်းပါဘူး…”
“ ကျွတ်… မင်းက ဒီတိုင်း အပင်စိုက်တဲ့ကောင် မဟုတ်ဘူးလား…. ဘာလို့ အဲ့လောက်ထိ ရက်ရောချင်သယောင် ဆောင်နေရတာလဲ….” ကော်ဖေး သူ့တစ်ကိုယ် ကြားရုံလောက် ရေရွတ်လိုက်သည်။
“ အစ်ကိုကြီးလင်း… ညီမတို့ ကြုံတဲ့ နေရာမှာ အိပ်လို့ရတယ်… အရမ်းကောင်းတဲ့ နေရာကြီး ရှာဖို့ မလိုဘူးနော်….” သူယောင် ပြောလိုက်၏။
“ အဲ့တာ … မင်းငါ့ကို ပြောရမှာ မဟုတ်ဘူး… ကော်ဖေးကို ပြောရမှာ… သူက ဟိုတယ်ခ ပေးမယ့်သူကိုး….”
“ ထားလိုက်တော့…” သူယောင် ပြောလိုက်ပြီး “ ညီမတို့မှာလည်း ပိုက်ဆံ ကျန်သေးတယ်… ဟိုတယ်မှာ တစ်ညတည်းဖို့ကတော့ ကောင်းကောင်း လောက်ပါသေးတယ်…”
“ ယောင်ယောင်… မင်း ဘာ စကားတွေ လာပြောနေတာ… ငါ ဒီနေ့ ကုန်ကျစရိတ်တွေ တာဝန်ယူမယ်လို့ လူတိုင်းက သဘောတူထားပြီးသားလေ… မင်းတို့နှစ်ယောက် ကိုယ့်ဘာသာကိုယ် ပေးလိုက်လို့ ဘယ်ဖြစ်မှာလဲ…”
“ ဒါဆို မင်း အိတ်ထဲ ပိုက်ဆံ ဘယ်လောက် ကျန်သေးလဲ… ဘယ် အဆင့် ဟိုတယ်ကို သွားမှာလဲ…” လင်းရီ အပြုံးလေးဖြင့် မေးလိုက်ပြီး “ မင်း ငါ့အပေါ် နောက်တစ်ခေါက် ညစ်ပတ်ဖို့တော့ မကြိုးစားနဲ့နော်…”
“ မင်းတို့ စိတ်ကြိုက် ဟိုတယ်သာရွေးလိုက်… ငါ ပြောစရာ စကား မရှိဘူး…”
“ တကယ်လား… ငါတော့ မင်းလို ဘောစိမျိုးနဲ့ ခရီးသွားရတာ သိပ် သဘောကျတာပဲ…”
ပြောပြီးနောက် လင်းရီ ကားကို ရစ်ကာလ်တွန် ဟိုတယ်သို့ မောင်းနှင်သွားလိုက်သည်။
“ ဒီနေရာ ဘယ်လိုလဲ…. ကျေနပ်ရဲ့လား…” လင်းရီ အပြုံးလေးဖြင့် မေးလိုက်၏။
သူသည်လည်း ရစ်ကာလ်တွန် ဟိုတယ်၌ ခမ်းနားသည့် ဗိသုကာ လက်ရာကို အထင်းသား မြင်တွေ့နေရလေသည်။
၎င်းကိုမြင်တော့ ကော်ဖေး အနည်းငယ် ပို၍ ယုံကြည်မှု ရှိသွားဟန်ပင်။
ယေဘုယျအားဖြင့် ဤကဲ့သို့ နေရာမျိုးရှိ တည်းခိုစရိတ်က စံနှုန်းအတိုင်းသာ ကောက်ခံကြရသည်။ စားသောက်ဆိုင်ကဲ့သို့ မတန်တဆ ဈေးကြီးနေလိမ့်မည်လို့တော့ သူ မထင်ချေ။
အကယ်၍ ဗီလာထဲသို့သာ ဆွဲခေါ်ခံလာရမည် ဆိုပါက သူ့အဖို့ တော်တော်များကြီး ကုန်ကျသွားနိုင်လေသည်။
ထို့ပြင် ယခုကဲ့သို့ ဟိုတယ်မျိုးက များသောအားဖြင့် ဒစ်ဂျစ်တယ်ပေးကိုလည်း လက်ခံသည်။ သူ့အိတ်ကပ်ထဲရှိ ပိုက်ဆံအပြင် သူ အသုံးပြုနိုင်သည့် ငွေအကန့်အသတ် ယွမ် လေးသောင်းခွဲကလည်း ကျန်ရှိနေသေး၏။ ခြုံငုံသုံးသပ်ကြည့်လိုက်ပါက သူ မည်သည်ကိုမျှ စိုးရိမ်ထိတ်လန့်နေစရာ မလိုအပ်တော့ချေ။
“ ဒီနေရာက အဆင်ပြေတယ်…”
“ မင်းလည်း မငြင်းဘူးဆိုတော့ ဒီည ဒီမှာပဲ နေကြတာပေါ့…..”
“ အစ်ကိုကြီးလင်း… ညီမ စိတ်ထဲ ဒီနေရာက တော်တော်ကြီး ကောင်းလွန်းမနေဘူးလားလို့…”သူယောင် တိုးတိုးတိတ်တိတ် စကားလာပြောပြီး “ ညီမတို့က အရေးကြီး ပုဂ္ဂိုလ်တွေလည်း မဟုတ်ဘူး… ဒီတိုင်း ဘန်ဂလို အသေးစားလေးမှာ နေရလည်း ဖြစ်ပါတယ်…”
“ ရောက်လာပြီးမှတော့ ကောင်းကောင်းအိပ် ကောင်းကောင်းစားပေါ့… “ လင်းရီ ပြုံးလိုက်ပြီး “ပြီးတော့ ဘေလ်ရှင်းမယ့်လူလည်း အသင့်ရှိနေတာကို ဘာတွေ စိတ်ပူနေတာ…”
ပြောပြီးနောက် လင်းရီ ရှေ့မှ ဦးဆောင် ဝင်သွားလိုက်ပြီး ကောင်တာသို့ သွားလိုက်၏။
“ ဘုရင်ခန်း လေးခန်း …”
( presidential suites ပါ .. ဘုရင်ခန်းလို့ပဲ ရေးလိုက်ပါတယ်…)
“ မင်္ဂလာပါဆရာ … ညီမတို့ဆီက ဘုရင်ခန်းက တစ်ညကို ယွမ် ၇၈,၀၀၀ ကျပါတယ်ရှင့်… လေးခန်းဆိုတော့ ယွမ် ၃၁၂,၀၀၀ ကျပါမယ်ရှင့်…”
ယွမ် ၇၈,၀၀၀ ဆိုသည့် ဈေးနှုန်းကိုလည်း ကြားရော သူယောင်နှင့် ကျန်နှစ်ယောက်မှာ ရှော့ခ်ရသွားခဲ့ကြတော့သည်။
မီချယ်လင်း ကြယ်သုံးပွင့်ဆိုင်မှာ ထမင်း ကောင်းကောင်းစားတာတောင် ယွမ် ရှစ်သောင်းလောက်ပဲ ကုန်တယ်… ဒါပေမယ့် တစ်ည တည်းခိုခက ထပ်တူနီးပါးလောက်ကို သွားကျနေတယ်တဲ့လား…
ဓားပြတွေတောင် ဒီလောက်ထိ ရဲတင်းနေမှာ မဟုတ်ဘူး…
“ အစ်ကိုကြီးလင်း… အခန်း လေးခန်း ယူစရာမလိုပါဘူး… ဟုတ်တယ်နော်… ညီမနဲ့ ဖေးဖေးက တစ်ခန်းတည်း အတူအိပ်လို့ရတယ်….”
“ ဒါဆိုလည်း သုံးခန်းပဲ ယူကြတာပေါ့….”
ထို့နောက် လင်းရီ ကော်ဖေးကို ကြည့်လိုက်ပြီး “ ကိုယ့်လူ… မင်း ဘယ်လောက် သန်မာအားကောင်းလဲ ပြသဖို့ အချိန်ကျပြီ….”
“ လင်းရီ…. မင်း ဒါတော့ အရမ်း လွန်နေပြီနော်… မင်း ကိုယ့်အဆင့်ကိုယ် မသိဘူးလား… မင်းလိုကောင်က တကယ်ကြီး ဘုရင်ခန်းမှာ အိပ်ချင်နေတယ်… ဟုတ်လား….”
“ ဒါဆို မင်းက ဘယ်လို အခန်းမျိုး ယူချင်နေတာ…”
ကော်ဖေး နံရံရှိ ဈေးနှုန်းများကို တစ်ချက်ကြည့်လိုက်ပြီး “ ငါတော့ ၁၈၈၈ ယွမ်တန် အခန်းဆို မဆိုးဘူးလို့ ထင်တယ်… အပင်စိုက်တဲ့ ကောင်က ဒီဇိုင်းကာလာတွေ ခမ်းနားထည်ဝါမှုတွေ ဂရုစိုက်နေစရာ အကြောင်းမရှိဘူး…. နောက်ပြီး မင်းမှာ အဲ့လောက် ပိုက်ဆံရော ရှိလို့လား… အဲ့လောက် ဈေးကြီးတဲ့ အခန်းမှာ တည်းပြီး ဘာလုပ်မှာမို့လို့….”
“ ငါ့မှာ ရှိတယ်…”
“ မင်း အခုလေးတင် ယွမ် ရှစ်သောင်းကျော် သုံးခဲ့ပြီးပြီ… အခုလောက်ဆို မင်းကတ်က အကန့်အသတ်ကို ရောက်ပြီးနေလောက်ပြီ မဟုတ်ဘူးလား….”
လင်းရီ သူ့ ဘဏ်ကတ်ကို ထုတ်၍ ကော်ဖေးရှေ့ ဝှေ့ယမ်းပြလိုက်ပြီး “ စိတ်တော့မကောင်းဘူး… ငါ့မှာ ပိုက်ဆံ တကယ် ရှိတယ်…”
“ ဘုရင်ခန်း နှစ်ခန်း ယူမယ် ညီမ…”
“ ကောင်းပါပြီ ဆရာ… ကျေးဇူးပြုပြီး ခဏစောင့်ပေးပါဦးနော်…”
မကြာမီ ကောင်တာရှိ ကောင်မလေးမှ အခန်းကတ်ကို လင်းရီထံ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။ “ သွားအိပ်စို့… ငါတို့ မနက်ဖြန် စောစောထပြီး လုပ်စရာ ရှိသေးတယ်….”
“ ခဏနေဦး…” ကော်ဖေး ရှူးရှူးရှားရှား အမူအရာဖြင့် လင်းရီကို နောက်မှ ရပ်တန့်လိုက်ပြီး “ မင်း ဘာလို့ နှစ်ခန်းပဲ ယူလိုက်တာတုန်း…”
“ မင်းပဲ ၁၈၈၈ ယွမ်တန် အခန်းက မဆိုးဘူး ထင်နေတာ မဟုတ်ဘူးလား…. ကိုယ့်ဘာကိုယ် အဲ့အခန်းမှာနေလေ…”
ပြောပြီးနောက် သုံးယောက်သား ဓာတ်လှေကားဆီသို့ တန်းမတ်စွာ ဦးတည်လိုက်ကြသည်။
ကော်ဖေးကတော့ အံ့အားသင့်ရင်းဖြင့် နောက်တွင် ငူငူငိုင်ငိုင်ကြီး ကျန်နေခဲ့သည်။
သူတို့ ထိပ်ဆုံးထပ်ရှိ ဘုရင်ခန်းကို ရောက်တော့ လင်းရီ အခန်းကတ်ကို သူယောင်ထံ ကမ်းပေးလိုက်ပြီး “ သွားပြီး အနားယူတော့… မနက်ဖြန် မနက်ကျရင် ငါ့ကို ခေါ်လိုက်….ဟုတ်ပြီလား….”
“ အစ်ကိုကြီးလင်း… ညီမတို့တော့ ရှင့်ကို ပိုက်ဆံတွေ အများကြီးကုန်စေမိပြီ…”
သူယောင်၏ မူလ အစီအစဉ်မှာ လင်းရီနောက် ကားလိုက်စီး၍ လိုအပ်တာလေးများ ဝယ်ခြမ်းပြီးလျှင် လင်းရီကို ထမင်းတစ်နပ် ဧည့်ခံကျွေးမွေးလိုက်မည်။ သို့မဟုတ် တည်းခိုခန်းခကို သူမ တာဝန်ယူလိုက်ပေမည်။
သို့သော်လည်း ယခုတော့ တစ်ခုမျှ တတ်နိုင်ခြင်း မရှိခဲ့ကာ အလွန်ပင် အားတောင့်အားနာ ဖြစ်နေမိတော့၏။
“ ပိုက်ဆံ အများကြီး မဟုတ်ပါဘူး… ကဲ သွားပြီး အနားယူတော့…”
သူ့အခန်းထဲသို့ ရောက်ပြီးနောက် လင်းရီ ရေမိုးချိုး အဝတ်စားလဲပြုကာ ကျီချင်းရန်နှင့် စကားပြောလိုက်သည်။ တစ်ဖက်နှင့် တစ်ဖက် ဂွတ်နိုက် မွချိ မွချိများ လုပ်ပြီးနောက် ညသန်းခေါင်ယံ မတိုင်ခင်အထိ ချိန်ရန်နှင့်အတူ ဂိမ်းဆော့နေလိုက်လေသည်။ ထို့နောက် အိပ်ရာ ဝင်လိုက်တော့၏။
နောက်တစ်နေ့ နံနက် လင်းရီ မျက်နှာသစ် အဝတ်စားလဲပြီးတော့ မျက်နှာချင်းဆိုင် အခန်းရှိ သူယောင်နှင့် ကျန်သူများထံ သွားကြည့်လိုက်သည်။ ဟိုရောက်တော့ သူတို့ သုံးယောက်လုံးက စောင့်ဆိုင်းနေကြသည်ကို မြင်တွေ့လိုက်ရလေသည်။
လင်းရီကို နောက်တစ်ကြိမ် ပြန်တွေ့လိုက်ရတော့ ကော်ဖေး၏ သဘောထားမှာ သိသိသာသာ တိုးတက်လာခဲ့၏။
တစ်ညတာ ဆင်ခြင်ပြီးနောက် သူ လင်းရီနှင့် လုံးဝ မယှဉ်နိုင်ကြောင်း ကော်ဖေး လက်သင့်ခံလိုက်ရတော့သည်။
သူ့မိသားစုပိုင် ပိုက်ဆံနှင့်ပင် တစ်ညတည်း ယွမ် နှစ်သိန်းကျော်ကို မျက်တောင်မခတ် သုံးစွဲဖို့ရာ သူ့အဖို့ မည်သို့မျှ မဖြစ်နိုင်ချေ။
ထို့ကြောင့် ပို၍ အချိုးပြေလာပြီး မယဉ်ကျေးသည့် စကားများ ပြောဆိုခြင်းလည်း မရှိတော့ပေ။
“ အစ်ကိုကြီးလင်း… ညီမတို့ အခု ထွက်ကြတော့မလား…”
“ မသွားခင် အရင်ဆုံး ဟိုတယ်မှာ တစ်ခုခု စားသွားကြတာပေါ့….”
“ အင်း… ကောင်းပြီလေ…”
သိမ်းဆည်းပြီးနောက် လေးယောက်သား ဟိုတယ်၌ မနက်စာစား၍ ကားမောင်းထွက်လာခဲ့ကြသည်။
“ အစ်ကိုကြီး ဒီနေ့ ဘာလုပ်ဖို့ စီစဉ်ထားလဲ…” သူယောင် မေးမြန်းလိုက်သည်။
“ မင်းတို့ စာအုပ်တွေ ဝယ်ကြမယ် မဟုတ်ဘူးလား… ငါ မင်းတို့ကို စာအုပ်ဆိုင်ရှေ့မှာ အရင် ချပေးမယ်… ပြီးမှ ငါလည်း ပေါင်းသတ်ဆေးတစ်ချို့ သွားဝယ်လိုက်မယ်… ငါပြီးရင် ပြန်လာကြိုမယ်လေ….”
“ ညီမတို့ စာအုပ်ဝယ်မှာက အချိန်သိပ်မပေးရပါဘူး… တကယ်လို့ အတူသွားကြရင်ကော… ညီမတို့လည်း တခြား ဘာလုပ်စရာမှ မရှိဘူးလေ….”
“ ရတယ်လေ… အလုပ်ရှုပ်တယ်မထင်ရင် ငါနဲ့ လိုက်ခဲ့ကြပေါ့…. ဘာမှလည်း လုပ်စရာ သိပ်မရှိပါဘူးကွာ… တစ်နေ့တည်းနဲ့တင် ပြီးပါတယ်…”
“ ဟုတ်တယ် ဟုတ်တယ်… ညီမလည်း အဲ့လို စဉ်းစားနေတာ …” သူယောင် ပြောလိုက်သည်။
ဟိုတယ် အနီးနားတွင် စာအုပ် စတိုးဆိုင်ကြီး တစ်ဆိုင်ရှိပြီး သေးလည်း မသေးငယ်ချေ။ ထို့ကြောင့် လင်းရီ သူယောင်နှင့် ကျန်သူများကို ထိုနေရာသို့ ခေါ်ဆောင်သွားလိုက်၏။
ကျိုးဟိုင်ရှိ တတိယ အကြီးဆုံး စာအုပ် စတိုးဆိုင်ကြီး ဖြစ်သည့်အလျောက် ' လမ်းဆုံ ' စာအုပ်ဆိုင်မှာ နေ့စဉ်နှင့်အမျှ လာလည်သူတို့ဖြင့် စည်ကားသက်ဝင်နေသည်။
နေရာတိုင်းရှိ စာအုပ်များကို ငေးမောရင်း သူယောင်နှင့် ကျန်နှစ်ယောက်လည်း ဘွဲ့လွန်စာမေးပွဲ ဝင်ခွင့် ဧရိယာသို့ သွား၍ စာအုပ်တစ်ချို့ သွားကြည့်လိုက်သည်။
လင်းရီကတော့ ပျင်းပျင်းရိရိဖြင့် လျှောက်ပတ်ကြည့်နေပြီး Semiconductor device physics ဆိုသည့် စာအုပ်ကို ကောက်ကြည့်လိုက်၏။
“ အစ်ကိုကြီးက တက္ကသိုလ်မှာ ကွန်ပျူတာ ဘာသာရပ်ကို သင်ခဲ့တာလားဟင်….” သူယောင် သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလာသည်။