အခုချိန် နှုတ်ထွက်ရင် မှီသေးလား...
Vol. 70 Ch. 1042
လက်ရှိ ရောက်နေကြသည့်သူတိုင်း နားထောင်ရင်းဖြင့် အလိုအလျောက် ခါးမတ်သွားခဲ့ကြသည်။
နောက်ထပ် ပြောလာသည့် စကားတစ်ခွန်းကတော့ အစည်းအဝေး၏ ဟိုက်လိုက်ပင်။
“ ရှောင်ချိုး… မင်း လူတိုင်းကို ရှင်းပြလိုက်…”
ချိုးယွီလော့ ခေါင်းညိမ့်ပြီး ရှိနေကြသည့် လူတိုင်းကို ကြည့်၍ “ ခုလေးတင်ပဲ အသင်း ၂ နဲ့ ၃ က ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့တယ်လို့ ဘော့စ်လျို ပြောသွားပြီးသွားပြီ… အကြောင်းအရင်းကတော့ ငါတို့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ ဖော်ထုတ်ခံလိုက်ရလို့ပဲ… အဲ့တစ်ချက်က လူတိုင်းရဲ့ အသက်ကို ပျက်စီး ဆုံးရှုံးလု နီးပါး ဖြစ်သွားစေခဲ့တယ်… ဒါကြောင့်မို့ …. ငါတို့ရဲ့ ဒီတစ်ခေါက် မစ်ရှင်က လက်စား ပြန်ချေဖို့ပဲ…”
ပြောရင်းဖြင့် ချိုးယွီလော့ ရီမုကွန်ထိုးတစ်ခုကို ကောက်ယူလိုက်ပြီး စခရင် အကြီးစားပေါ်ရှိ ပါဝါပွိုင့်ကို ထိန်းချုပ်လိုက်သည်။
လင်းရီ မော့ကြည့်လိုက်ရာ အသက်ငါးဆယ် အရွယ် ရှိလောက်မည့် နိုင်ငံခြားသား တစ်ဦးကို စခရင်ပေါ်တွင် မြင်တွေ့လိုက်ရလေသည်။
သူက သဏ္ဍာန်အားဖြင့်တော့ ဝမည့်ဟန်ရှိပြီး God Father ထဲရှိ မာလွန်ဘရန်ဒိုကဲ့သို့ ဆေးပြင်းလိပ်ကြီးကို ခဲထားသေးသည်။
ထို့နောက် ပုံ၏ အောက်ဘက်တွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ၊ လူသုံးဦး၏ ဓာတ်ပုံ ပေါ်လာသည်။
အမျိုးသား တစ်ဦးက ရှပ်အင်္ကျီ ဗလာကျင်းနှင့် ဖြစ်၏။ သို့သော် ကိုယ်လုံးအပြည့် တက်တူးများ ထိုးနှံထားသည်မှာ မွန်းစတား တစ်ကောင်နှင့်ပင် ဆင်တူနေသည်။
အခြားတစ်ယောက်ကတော့ ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး နက်ခ်တိုင်နှင့် ဖြစ်၏။ ထိုသူကတော့ ရည်ရည်မွန်မွန် ရှိမည့်ဟန်ပင်။
ကျန်ရှိသည့် အမျိုးသမီး တစ်ဦးကတော့ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင်ဆံပင်နှင့် ပြာလဲ့သည့် မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည်။ သူမ၏ အကြည့်တို့က ဝိဥာဏ်များကို ရိတ်သိမ်းနိုင်သည့် မီဒူဆာကဲ့သို့ ဖမ်းစားညှို့ငင် ဆွဲဆောင်မှု ရှိလွန်းလှသည်။
သို့ပေမယ့်လည်း အတွေ့အကြုံ ရင့်ကျက်သူကြီး အမောင် လင်းရီ၏ မျက်လုံးထဲတွင်တော့ အဆိုပါ အမျိုးသမီး၏ တိုက်ပွဲခွန်အားက သူ့ထက်ပင် သန်မာ အားကောင်းလိမ့်မည်ဟု ရေးတေးတေး အာရုံရနေတော့သည်။
အခွင့်ကြုံပါက သူ လက်ရည်ချင်း ဖလှယ်ကြည့်လိုက်စမ်းချင်သည်။
“ ဆေးပြင်းလိပ်နဲ့ လူက ဂျက်ဖရီ… သူက အမေရိကန်ပြည်နယ်မှာရှိတဲ့ ရွှေနက် အဖွဲ့အစည်းကို ပိုင်တယ်…သူ့ စီးပွားရေးက တိလိရာ့ ကျွန်းပေါ်မှာ သတင်းအချက်အလက်တွေ ရောင်းချတာပဲ… သူ့အောက်က လူသုံးယောက်ကတော့ သူ မွေးထားတဲ့ လူသုံးယောက်…သူတို့ နာမည်တွေက ဂျင်မီ၊ ပေါလ်နဲ့ အယ်လက်ဆာ…”
“ သူတို့ထဲ ပေါလ်နဲ့ အယ်လက်ဆာက ကိုယ်ပိုင် အသင်းတွင် ရှိပြီးတော့ တိလိရာ့ကျွန်းပေါ်မှာ တစ်နှစ်ပတ်လုံး လှုပ်ရှားကြတယ်.. သတင်းတွေ ရောင်းတာအပြင် ကြုံရင် ကြုံသလို မှောင်ခိုသွင်းတဲ့ အလုပ်လည်း လုပ်တယ်… ငါတို့ အကြမ်းဖြင်း တွက်ချက် ကြည့်ရသလောက်တော့ အမေရိကန်ထဲ ဝင်နေတဲ့ ဘက်စ် သတ္တုရိုင်း တစ်ဝက်ကျော်လောက်က သူတို့ဆီက လာတာပဲ….”
ချိုးယွီလော့ ကွန်ထိုးကို တစ်ချက်နှိပ်လိုက်ပြီး အပေါ်ပိုင်း ဗလာကျင်းနေသည့် ပုံ တစ်ခုတည်း ကျန်ရစ်ခဲ့လေသည်။
“ သူက ရွှေနက် ကုမ္ပဏီ တစ်ခုလုံးရဲ့ သတင်း ရောင်းဝယ်ရေး အရာရှိပဲ… ငါတို့ရဲ့ သတင်းတွေ ရောင်းချလိုက်တာလည်း သူပဲ.. “
ပြောပြီးနောက် ချိုးယွီလော့၏ အမူအရာမှာ အေးစက်သွားခဲ့ပြီး “ ဒီတော့…. ဒီတစ်ခေါက် စစ်ဆင်ရေးရဲ့ ပစ်မှတ်က သူပဲ….”
ထိုအခိုက်အတန့်တွင် ဝမ်ပင်းယွီ မတ်တပ်ရပ်၍ လူတိုင်းကို သူမ လက်ထဲရှိ စာရွက်စာတမ်းများအား ဝေငှပေးလိုက်လေသည်။
“ အခု နင်တို့လက်ထဲရှိတာ သူနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေပဲ… ကွမ်တမ် အပျော်စီး သင်္ဘောက မနက်ဖြန်ည ရွက်လွင့်မယ် … သတင်း အရင်းအမြစ်တွေ အရတော့ ဂျင်မီလည်း အဲ့ သင်္ဘောပေါ်မှာ ပေါ်လာပြီး အမည်မသိ ဖောက်သည်တစ်ဦးနဲ့ ကုန်သွယ်လိမ့်မယ်လို့ ငါတို့ သတင်းရရှိထားတယ်…. ငါတို့ရဲ့ မစ်ရှင်က သူ့ကို လမ်းတစ်ဝက်မှာ ဟန့်တားပြီး သူ သယ်ဆောင်လာတဲ့ သတ္တုရိုင်းတွေ အရယူနိုင်ဖို့ပဲ…”
ဝမ်ပင်းယွီ စကားပြောပြီးနောက် ချိုးယွီလော့ ဆက်လက်လိုက်သည်။
“ အသင်းခေါင်းဆောင်'နင်'နဲ့ ငါက အသင်းကို အတူဦးဆောင်ပြီး မစ်ရှင်ပြီးမြောက်အောင် လုပ်ဆောင်ကြမှာ…. တစ်ချိန်တည်းမှာပဲ ဒါက နင်တို့ တိလိရာ့ကျွန်းနဲ့ မထိတွေ့ခင် စမ်းသပ်တဲ့ မစ်ရှင်ပဲ… လူတိုင်း ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တယ်…” “ ဟုတ်ကဲ့…” လူတိုင်း တစ်ပြေးညီ ဖြေဆိုလိုက်ကြ၏။
သို့သော်လည်း လင်းရီကတော့ ခုံတွင် နှုတ်ဆိတ်လျက်သာ ထိုင်နေပြီး မည်သို့မျှ မတုံ့ပြန်ချေ။
သူ ဂရုစိုက်သည်က တိလိရာ့ကျွန်းကို ဖြစ်ပြီး ဤ သောက်ရေး မပါသည့် အခြားသော မစ်ရှင်များကို သူ စိတ်မဝင်စားချေ။
သို့သော်လည်း မစ်ရှင်က ပေးလာခဲ့ပြီး ဖြစ်သောကြောင့် ရွေးချယ်စရာမရှိ လက်ခံရပေတော့မည်။
သို့ပေမယ့် လင်းရီ နားမလည်နိုင်သည့် သံသယ ဖြစ်စရာ အချက်တစ်ခု ရှိနေပြီး ချိုးယွီလော့ကလည်း ၎င်းကို သေချာရှင်းမပြသွားခဲ့ချေ။
ကျုံးဝေ့တပ်ဖွဲ့၏ တင်းကြပ်သည့် လုံခြုံရေး စနစ်ဖြင့် ဆိုပါက မည်သူက သတင်းအချက်အလက်အား လာရောက် ဖောက်ထွင်းနိုင်လိမ့်မည်နည်း။
ဤနေရာက တော်တော်လေးတော့ သံသယဖြစ်ဖို့ ကောင်းနေချေပြီ။
“ ရှောင်ချိုး… ရှောင်နင်… မစ်ရှင်ကို မင်းတို့ နှစ်ယောက်နဲ့ ထားခဲ့မယ်… ငါ တခြား ကိစ္စလေးတွေ ရှိလို့ အရင်ပြန်နှင့်ပြီ…” လျိုဟုန် ပြောလိုက်သည်။
“ အင်း… ကျွန်မတို့နဲ့ ထားခဲ့လိုက်..” ချိုးယွီလော့ လေးနက်သည့် မျက်နှာထားဖြင့် ပြန်ပြောလိုက်၏။
လျိုဟုန် ထွက်ခွာသွားပြီးနောက် အစည်းအဝေးခန်းထဲရှိ လေထုသည်လည်း မဆိုစလောက်လေး ပေါ့ပါး သွားခဲ့လေသည်။ ကျန်းဟွေ့မှ “ အသင်းခေါင်းဆောင်… ကျွန်တော်တို့ ဘယ်အချိန် စပြီး လှုပ်ရှားကြမှာလဲ…”
“ အမေရိကန် စံတော်ချိန် ညနေ ခြောက်နာရီမှာ စမယ်… သင်္ဘောကလည်း အဲ့ဒီအချိန်မှာ စပြီး ရွက်လွင့်မှာ… ငါတို့ရဲ့ မစ်ရှင်က မိုင်ယာမီ ဆိပ်ကမ်းကို ညနေ ခြောက်နာရီ မတိုင်ခင် ရောက်သွားပြီး သင်္ဘောပေါ် တက်နိုင်ဖို့ပဲ...” ချိုးယွီလော့ ပြောပြီးနောက် လူတိုင်းကို ကြည့်လိုက်ကာ “ မှတ်ထားကြ… နင်တို့အားလုံး အမိန့်ကို တစ်သွေမတိမ်း လိုက်နာရမယ်... ကိုယ့်သဘောနဲ့ကိုယ် ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး…”
“ ဟုတ်ကဲ့…”
လူတိုင်း အသင့်ဖြစ်နေသည်ကို မြင်တော့ ချိုးယွီလော့ ထောင်ချိန်ကို တစ်ချက်ကြည့်လိုက်သည်။ ထောက်ချိန်လည်း သဘောပေါက်သွားပြီး လူသစ်ကလေးများ လက်ထဲသို့ စာရွက် တစ်ရွက်နဲ့ ဖောင်တိန် တစ်ချောင်း ကမ်းပေးလိုက်လေသည်။
လူတိုင်း ရှုပ်ထွေးသွားခဲ့ကြပြီး သူတို့ ဘာလုပ်နေကြလဲဆိုတာကို နားမလည်နိုင် ဖြစ်နေခဲ့ကြ၏။
“ မစ်ရှင်က အတိုင်းအတာ တစ်ခုလောက်အထိကို အန္တရာယ် ရှိတော့ လူတိုင်းက စစ်ဆင်ရေး မစခင် သူတို့ ချစ်ခင်သူတွေဆီ နောက်ဆုံး ပြောခဲ့ချင်တဲ့ စကားဆန္ဒတွေ ရေးရမယ်…. ဘာကြောင့်လဲဆိုတော့ မင်းတို့ ပြန်လာနိုင်ချင်မှ ပြန်လာနိုင်မှာမို့လို့ပဲ….”
“ ဟမ်…”
အစည်းအဝေးခန်းထဲရှိ လေထုမှာတော့ ချက်ချင်း အေးခဲသွားတော့၏။
လင်းရီနှင့် အခြား အဖွဲ့ဝင်ဟောင်းများမှလွဲ၍ လူတိုင်း၏ အမူအရာမှာ အလွန်အမင်း အကျည်းတန်လျက်ရှိသည်။
သူတို့ ကျုံးဝေ့တပ်ဖွဲ့ထဲ မဝင်ရောက်ခင်က သူတို့ ထမ်းဆောင်ရမည့် မစ်ရှင်သည် အန္တရာယ်ရှိမည် ဖြစ်ကြောင်း နားလည်ထားကြသည်။ သို့ပေမယ့် ယခုလို နောက်ဆုံးသော ဆန္ဒအား ချရေးထားဖို့ လိုလောက်သည်အထိလို့တော့ မျှော်လင့်မထားခဲ့ကြချေ။
မသိလိုက်စွာဖြင့် လူတိုင်း အသင်း ၂ နှင့် ၃ ၏ ဆုံးရှုံးမှုများ အကြောင်းကို ပြန်ပြောင်း အောက်မေ့သွားခဲ့ကြသည်။ မူလက အသင်းနှစ်သင်းတွင် လူသုံးဆယ် နီးပါး ရှိခဲ့သော်လည်း မစ်ရှင် တစ်ခုတည်းနှင့် တစ်ဝက်ကျော်မျှ သေဆုံးသွားခဲ့ရသည်။
မူလ အသင်းဝင်များပင် ရှင်သန်နိုင်ခဲ့ခြင်း မရှိ။ ထို့ကြောင့် ဤသည်က အလကားသပ်သပ်မဟုတ်ချေ။ ထပ်ပေါင်းအနေဖြင့် သူတို့က လူသစ်လေးများသာ ရှိသေးသည်။ အတွေ့အကြုံပိုင်းအရဖြစ်စေ၊ ခွန်အား ပိုင်းတွင် ဖြစ်စေ အများကြီး အားနည်းလေသည်။
အကယ်၍ သူတို့သာ အန္တရာယ် တစ်စုံတစ်ရာနှင့် ကြုံတွေ့ခဲ့မည် ဆိုပါက သေချာပေါက်ကို သေခြင်းတရားနှင့် ရင်ဆိုင်ရဖို့ များ၏။
ဟစ်……
လူတိုင်း တသိမ့်သိမ့် တုန်ခိုက်သွားခဲ့ကြ၏။ ထိခိုက်ဒဏ်ရာရရှိခြင်း သို့မဟုတ် မသန်စွမ်း ဖြစ်နိုင်ချေ အနည်းငယ်ကိုမျှ သူတို့ လက်သင့်မခံနိုင်ချေ။
“ အသင်းခေါင်းဆောင်… ကျွန်တော်တို့အားလုံးက လူသစ်လေးတွေလေ… အတွေ့အကြုံကလည်း မရှိသေးဘူး… ဝင်ဝင်ချင်း ဒီလောက်ထိ အန္တရာယ်များတဲ့ မစ်ရှင်ကို ထမ်းဆောင်ဖို့ တကယ်ကြီး လိုရော လိုအပ်လို့လား…”
“ ဒါ ကျုံးဝေ့တပ်ဖွဲ့ရဲ့ ထုံးစံပဲ… အသင်းဝင်တိုင်းက တိုက်ပွဲတွေကြားထဲမှာ ရင့်ကျက်လာခဲ့ရတာချည်းပဲ…” ချိုးယွီလော့ ပြောလိုက်ပြီး “ ဒီနေရာက လူပေါ်ကြော့တွေ နေတဲ့ နေရာ မဟုတ်ဘူး… ဒီမှာနေရင် သေဖို့ အဆင်သင့်ဖြစ်နေရမယ်..”
“ အသင်းခေါင်းဆောင်ချိုး ပြောတဲ့အပြင်ကို ငါ နောက်တစ်ချက် ထပ်ပြောချင်သေးတယ်…” နင်ချဲ့ ပြောလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲ့ရဲ့ အသေအပျောက်က နှစ်စဉ် အယောက် လေးရာကျော်တယ်…. လူတိုင်းလည်း ဒါက ဘာကို ရည်ညွှန်းလဲ နားလည်ကြမှာပါ… ဒါကြောင့်မို့ အခုလို မစ်ရှင် မစခင် လိုအပ်တာတွေ ချရေးထားရတာပဲ….”
“ ပြီးတော့ မလိုအပ်တဲ့ ဒရာမာတွေကိုလည်း ငါတို့ မလုပ်ဘူး… ဒါက စိတ်ကို စမ်းသပ်နေတာလည်း မဟုတ်ဘူး… ဒီတော့ နင်တို့ပြောချင်တာတွေကို ကောင်းကောင်းရေးကြ…. မစ်ရှင်ပြီးလို့ အသုံးဝင်ချင်လည်း ဝင်မှာပေါ့…”
နင်ချဲ့၏ စကားလုံးများက လူတိုင်းရင်ဘက်ထဲရှိ နောက်ဆုံးသော မျှော်လင့်ချက်လေးကို တိမ်ကောသွားစေခဲ့သည်။ သူရဲကောင်းဆု ချီးမြင့်ခံရခြင်းက အရေးကြီးသော်လည်း သေခြင်းနှင့် ရင်ဆိုင်ရမည်ဆိုတော့ လူတိုင်း တုန်လှုပ်ကြရစမြဲပင်။
ဝူးရှ်….
လင်းရီ အသက်ပြင်းပြင်းရှူရင်း သူ့ ရှေ့ရှိ ဖြစ်ပျက်နေသည်များက မှန်ကန်သည်ဟု ခံစားလိုက်ရသည်။
ယခင်တုန်းကတော့ လူတိုင်းက ကျုံးဝေ့တပ်ဖွဲ့ကို ပရိုမိုးရှင်း ချာနယ်တစ်ခုအဖြစ် မှတ်ယူ သဘောထားနေခဲ့ကြသည်။
သူတို့ ထင်ထားသည်က သူတို့သည် ဤတပ်ဖွဲ့ထဲသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် အနာဂတ်တွင် သေချာပေါက် မြင့်တက်လာပြီး သူတို့ မိသားစုသည်လည်း နောင် နှစ်ပေါင်း ၂၀ ကျော်လောက်အထိ ကြီးပွားနေလိမ့်မည်လို့ မှတ်ယူထားခဲ့ကြသည်။
သို့သော်လည်းပဲ သူတို့၏ အသက်တစ်ချောင်းနှင့် ချိန်ခွင်လျှာချင်း တိုင်းလာရသည့် အချိန်တွင်တော့ ထိုသို့သော အကျိုးကျေးဇူးများလည်း အသုံးမဝင်ချေ။ ထို့ကြောင့် လူတစ်ချို့ဆို နောက်ပြန်ဆုတ်ပင် စဉ်းစားထားကြပြီးဖြစ်၏။
“ အသင်းခေါင်းဆောင်ချိုး… ကျွန်တော် တစ်ခုလောက် မေးချင်လို့ဗျ..” ကော်ချင်းခွန် လက်ထောင်လိုက်သည်။
ချိုးယွီလော့ ခေါင်းညိမ့်လိုက်၏။ “ မေးစရာရှိရင် ပြောချလိုက်….”
“ ကျွန်တော် အခုချိန် နှုတ်ထွက်ရင် အချိန်မှီသေးလားလို့…”