လူရှာရန် သင်္ဘောပေါ်သို့ တက်ခြင်း
Vol. 70 Ch. 1047
လှေအား စောင့်ကြပ်နေသည့် လူများ၏ အောက်တွင် လူတွေ တစ်ယောက်ပြီး တစ်ယောက် သင်္ဘောပေါ် သို့ တက်လာကြလေသည်။ ချိုးယွီလော့နှင့် ကျန်သူများကတော့ အနောက်တွင်သာ ရှိနေသေးပြီး သူမတို့ အလှည့် ရောက်မလာခဲ့သေးချေ။
တစ်နာရီကြာပြီးနောက် ချိုးယွီလော့နှင့် ကျန်သူများအပြင် သင်္ဘောပေါ်သို့ တက်ရန် တန်းစီနေကြသည့် လူတိုင်း တစ်ယောက်ပြီး တစ်ယောက် သင်္ဘောပေါ် သို့ ရောက်ကုန်ကြပြီး ဖြစ်သည်။ လင်းရီလည်း သူ့ကိုယ်သူ ပြင်ဆင်၍ VIP လမ်းကြောင်းထံ လျှောက်လှမ်းသွားလိုက်၏။
" ဆရာ ... ကျေးဇူးပြုပြီး ရှင့်ရဲ့ လက်မှတ်နဲ့ အိုင်ဒီကတ်လေး ပြပေးပါရှင့်..... "
ပြောလိုက်သူက မျက်နှာပေါ်တွင် တင်းတိပ်ခြောက် တစ်ချို့နှင့် အသက်နှစ်ဆယ် အရွယ် ရှိမည့် အိန္ဒိယနှင့်ဥရောပ အနွယ်၀င် လူဖြူ ကောင်မလေး တစ်ယောက်ဖြစ်သည်။
လင်းရီ သူ၏ လက်မှတ်နှင့် ကတ်ကို ထုတ်ပြလိုက်၏။ ကောင်မလေးလည်း စစ်ဆေးကြည့်ပြီး မှားယွင်းနေသည်ကို မတွေ့ရတော့ ယဉ်ကျေးစွာ ပြောလာခဲ့၏။
" အခု သင်္ဘောပေါ် တက်လို့ရပါပြီ... ပျော်ရွှင်ဖွယ် ခရီးလေး ဖြစ်ပါစေနော်..."
" ကောင်းပြီ.. ကျေးဇူးပဲ..."
လင်းရီ ခေါင်းတစ်ချက် ညိမ့်၍ သင်္ဘောပေါ်သို့ တက်ရန် ဟန်ပြင်လိုက်သည်။
ဘ၀သည်က ထိုကဲ့သို့ပင်။ သူက အဆိုးရွားဆုံး အခြေအနေအတွက် ကြိုတင် ပြင်ဆင်မှု အများအပြား ပြုလုပ်ထားသော်လည်း ဖြစ်ပေါ်လာသည့် အခြေအနေက ထင်မှတ်ထားသည်ထက်ပင် သာ၍ ကောင်းမွန်နေတော့၏။
ယခု တစ်ကြိမ်တွင်လည်း သူ သင်္ဘောပေါ် တက်ရန် အတွက် အများအပြား ကြိုတင် ပြင်ဆင်ထားခဲ့သော်ငြားလည်း အဆုံးသတ်တွင်တော့ တစ်ခုတစ်လေကိုမျှ အသုံးမပြုလိုက်ရချေ။
သူ ကံကောင်းသွားသည်ဟု မှတ်ယူနိုင်သည်။
ချမ်းသာခြင်းကလည်း ကောင်းမွန်းလွန်းလှပေသကိုး။
" ဟွာရှက ဆရာ.. စောင့်ပါဦး...."
သူ လမ်းလျှောက်၍ တစ်မီတာပင် မရောက်သေးခင်မှာပဲ လင်းရီ အနောက်မှ တစ်စုံတစ်ယောက်၏ လှမ်းဟန့်တားသံကို ကြားလိုက်ရလေသည်။
ပြောလိုက်သူကတော့ သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်၏။ အပြာရင့်ရောင် ယူနီဖောင်းနှင့် မိန်းကလေး တစ်ယောက်၏ နောက်တွင် မတ်တပ်ရပ်နေသည်။ သို့သော်လည်း နယ်ခံရဲတော့ မဟုတ်။ သာမန် သင်္ဘောပေါ်ရှိ လုံခြုံရေး အစောင့်မျှသာ ဖြစ်သည်။
" ဘာကိစ္စလဲ..."
" ကျုပ် ဆရာ့ရဲ့ လက်ဆွဲအိတ်ကို စစ်ဆေးဖို့လိုတယ်... "
" ဟမ်... ဟုတ်လား..."လင်းရီ ထိုသို့ ပြောလာခဲ့သည့် သက်လတ်ပိုင်း လူကြီးကို စေ့စေ့ ကြည့်လိုက်ပြီး " ငါ့ရှေ့က တစ်ယောက်လည်း လက်ဆွဲအိတ် ပါသွားတာပဲ.. မင်း သူ့ကိုကျ ဘာလို့ မစစ်လဲ... "
" ဘာကြောင့်မို့မှ မဟုတ်ဘူး... ခင်များက အာရှသား ဖြစ်နေလို့ပဲ... ဒါကြောင့်မို့ စစ်ရမှာပဲ...."
" လူမျိုးရေး ခွဲခြားတာလား...."
" မဟုတ်ဘူး မဟုတ်ဘူး... ကျုပ် ပြောချင်တာ အဲ့သဘောမျိုး မဟုတ်ဘူး..."
သက်လတ်ပိုင်း လူကြီးမှ ပခုံးတစ်ချက် တွန့်လိုက်ပြီး " ကျုပ်က ဒီတိုင်း တစ်ချက်ကြည့်ချင်ရုံပါပဲ... ဒါပေါ့... ခင်များသာ အမေရိကန်သား ဆိုရင်တော့ ကျုပ်လည်း အဲ့လိုလုပ်ဖို့ မလိုပါဘူး... ကံမကောင်းချင်တော့ ခင်များက မဟုတ်ခဲ့ဘူးလေ...."
လင်းရီ ပြုံးပြီး နောက်သို့ ပြန်ရောက်လာခဲ့သည်။ သူ လက်ဆွဲသေတ္တာကို သာမန်လျှံကာ ဖွင့်ပြလိုက်ပြီး အသစ် စက်စက် အမေရိကန် ဒေါ်လာ အထပ်လိုက်ကြီးကို အားလုံး မြင်အောင် ပြသလိုက်၏။
သူ့ ရှေ့နှင့်နောက်မှ လူချမ်းသာကြီးများကတော့ ထူးမခြားနား အမူအရာဖြင့်သာ ရှိနေသည်။ သူတို့ အကုန်လုံးလည်း သူကြွယ်ကြီးများ ဖြစ်ကြပြီး ဤမျှလောက်ကို ဂရုစိုက်မနေချေ။
သို့ပေမယ့် ဤသာမန် ၀န်ထမ်း အလုပ်သမလေးများကတော့ မတည်ငြိမ်နိုင်ခဲ့ကြချေ။
သူတို့အားလုံးက အမေရိကန် လူ့အဖွဲ့အစည်း သတ်မှတ်မှု၏ အောက်ခြေ လူတန်းစားတွင် နေထိုင်ကြသူများ ဖြစ်ပြီး သူတို့ တစ်သက်တာတွင် ဤမျှ များပြားလှသည့် ငွေအထပ်လိုက်ကြီးကို မမြင်တွေ့ဖူးကြချေ။
" ဒါ ငါ ယူလာခဲ့တဲ့ ဥစ္စာတွေပဲ... မင်း ကြိုက်သလို စစ်ဆေးကြည့်လို့ရတယ်... ဒါပေမယ့်... တစ်ခုခု ပျောက်နေခဲ့လို့ကတော့ မင်း တာ၀န်ယူရမယ်..."လင်းရီ ပြောလိုက်သည်။
" ပြီးတော့ ပြည်နယ် တရားဥပဒေအတိုင်းဆိုရင် မင်းရဲ့ အခု လုပ်ရပ်က လူမျိုးရေး ခွဲခြားရာ ရောက်တယ်... ဒါပြီးရင် နယ်ခံ အရာရှိတွေဆီ ငါ စကားပြောဖို့ လိုနေပြီပဲ... "
သက်လတ်ပိုင်း လူကြီးမှာ ထိတ်လန့်သွားခဲ့ပြီး အချိန်အကြာကြီး စကားလည်း မပြောဝံ့သလို လင်းရီ၏ လက်ဆွဲသေတ္တာကိုလည်း မစစ်ဆေးဝံ့ချေ။
ထိုသေတ္တာက အမေရိကန် ဒေါ်လာများနှင့် ပြည့်နှက်နေသည်။ အကယ်၍ သူသာ စွပ်စွဲခံရမည် ဆိုပါက အတော်လေး ဒုက္ခများပြီး အခက်မသင့်လျှင် သူ၏ အလုပ်လေးကိုပါ ဆုံးရှုံးရနိုင်သည်။
" ဒါ ကျုပ်ရဲ့ အလုပ်ပဲ.. ကျုပ်မှာ ခင်များရဲ့ ပစ္စည်းတွေကို စစ်ဆေးနိုင်ခွင့်ရှိတယ်... "
လင်းရီ သူ့လက်များကို ပြန့်ကားလိုက်ပြီး " မင်းမှာ စစ်ဆေးပိုင်ခွင့်ရှိတယ်... မင်း ကြိုက်သလို စစ်... ငါလည်း တရားစွဲပိုင်ခွင့်ရှိတယ်... တရားသူကြီးက မင်းလို အမေရိကန်သားကို ယုံကြည်မလား.. ဒါမှမဟုတ် ငါ့လက်ထဲက အမေရိကန် ဒေါ်လာတွေကို ယုံကြည်မလား စမ်းကြည့်ပေါ့...."
သက်လတ်ပိုင်း လူကြီးမှာ လုံး၀ ကြက်သေသေသွားခဲ့တော့သည်။
သူက အာရှသားများအပေါ် အထင်မြင်သေး ရှုတ်ချသူ တစ်ဦးသာ ဖြစ်ပြီး ဤဟွာရှသားကို တွေ့တော့ ငနဲသားကို အခက်တွေ့အောင် လုပ်ချင်မိခဲ့သည်။ သို့ပေမယ့် သူ့ကိုယ်သူ ကျော့ကွင်းထဲရောက်အောင် လုပ်မိသလို ဖြစ်သွားလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ချေ။
" ကောင်းပြီ... ကျုပ် စစ်ဆေးပြီးသွားပြီ... ခင်များ အခု သွားတော့..."
လင်းရီ သဘောကျစွာ ပြုံးလိုက်ပြီး သေတ္တာထဲမှ ဒေါ်လာ တစ်ထပ်ကို ထုတ်ရင်း လူဖြူကောင်မလေး လက်ထဲသို့ ထည့်ပေးလိုက်၏။
" အလှလေး.. ဒါက လက်ဆောင်ပေးတာ... အလုပ်ခွင်မှာ နေ့ရက်ကောင်းတစ်ခု ပိုင်ဆိုင်နိုင်ပါစေ.... "
လင်းရီ ပေးလာသည့် ဒေါ်လာတစ်ထပ်ကို လက်ခံရင်း လူဖြူကောင်မလေးမှာတော့ တအား ပျော်ရွှင်လွန်းသွားခဲ့၏။
"ကျေးဇူးပါ ဆရာ .. ကျေးဇူးပါ... ခရီးတစ်လျှောက်လုံး ဘုရားသခင် ကောင်းချီးပေးပါစေ...."
" ကျေးဇူးပဲ..."
လင်းရီ သူမကို အပြုံးတစ်ပွင့်ဖြင့် ကျေးဇူးတင်လိုက်၏။ ထို့နောက် သေတ္တာကို ပိတ်လိုက်ကာ သင်္ဘောပေါ်သို့ တက်သွားခဲ့သည်။
ကမ္ဘာ့အကြီးဆုံး သင်္ဘောကြီး တစ်စင်း ဖြစ်သည်နှင့်အညီ ကွမ်တမ်သင်္ဘောကြီးက သူ၏ ကြယ်ငါး(ရေလက်ဝါး)သင်္ဘောကြီးထက် အဆပေါင်းများစွာ ကြီးမားလွန်းနေသည်။
ဘားနှင့် ရေကူးကန်များကလည်း နေရာအနှံ့ ရှိနေပြီး ရင်ဖိုစရာကောင်းသည့် ပင်လယ်ထဲသို့ ခုန်ချမှုကို ဤနေရာတွင်သာ တွေ့ကြုံခံစားကြည့်နိုင်သည်။ သာမန် အပျော်စီး သင်္ဘော ဆိုပါက ထိုသို့သော ဝိသေသမျိုး ရှိနိုင်မည် မဟုတ်ချေ။
"ဆရာ... ပင်လယ်ရေကြောင်းခရီးရဲ့ စည်းမျဉ်းတွေအရ လေးလွှာနဲ့ အပေါ်ထပ်တွေက VIP ဧရိယာတွေပါ... မတူတဲ့ အလွှာတွေမှာ မတူကွဲပြားတဲ့ အတွေ့အကြုံတွေကို ခံစားကြည့်လို့ ရပါတယ်... သာယာတဲ့ ခရီးလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်... "သူတို့အား လက်ခံကြိုဆိုပေးရန် တာ၀န်ရှိသည့် စားပွဲထိုးမှ ပြောလိုက်၏။
" ကောင်းပြီ... ကျေးဇူးပဲ..."
လင်းရီ သင်္ဘော မတက်စဉ်ကပင် ထိုသို့ အခြေခံကျသည့် သတင်းအချက်အလက်များကို သိရှိပြီးဖြစ်၏။
သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတို့အရ သာမန် ဧည့်သည်တို့မှာ ပထမထပ်မှ တတိယ အထပ်ထိသာ သွားရောက်နိုင်ပေသည်။
VIP ဖြစ်ကြောင်း အသိအမှတ်ပြုခံရပြီး သူများကတော့ မည်သည့် ကန့်သတ်ထားခံရခြင်းတို့မျှ မရှိချေ။ ထိုကဲ့သို့ စည်းမျဉ်းများပေါ် အခြေခံ၍ ပွဲစီစဉ်သူမှာ အရင်းရှင် အလေးပေးသူ တစ်ဦးဖြစ်ကြောင်း သိသာနေတော့သည်။
လင်းရီ သူ့အိတ်ကိုဆွဲရင်း ဓာတ်လှေကားစီး၍ ငါးထပ်မြောက်သို့ ဦးတည်လိုက်၏။ အခန်းကိုတော့ ကြိုတင် ဘွတ်ကင်လုပ်ထားပြီးဖြစ်သည်။
ယခု သူရရှိထားသည့် သတင်း အချက်အလက်များအားလုံးကိုလည်း အသုံးချပြီးချေပြီ။
ဂျင်မီဟု ခေါ်သည့်သူကို သူရှာတွေ့နိုင်မလား ဆိုသည်ကတော့ ကံတရားအပေါ်တွင် မူတည်နေတော့၏။
လင်းရီ သင်္ဘောပေါ်သို့ တက်ရောက်သည့် အချိန်မှာ တော်တော်လေး နောက်ကျနေပြီး ဖြစ်သဖြင့် များမကြာမီတွင် သင်္ဘာစတင် ထွက်ခွာလေသည်။
ဧရာမ သင်္ဘောကြီးက ပြာလဲ့သည့် ပင်လယ်ရေကို ထိုးခွဲသွားခဲ့သည်။ ကွမ်တမ် သင်္ဘောကြီးက ပင်လယ်ထဲတွင် ရွက်လွင့်ရင်း အဖြူရောင် လှိုင်းလုံးကြီးများအား ဖြစ်ပေါ်နေစေတော့၏။
လင်းရီ ငါးလွှာရှိ သူ့အခန်းသူ ပြန်လာခဲ့သည်။ အခန်း အပြင်အဆင်ကတော့ ထိပ်တန်း ဟိုတယ်များ၏ အပြင်အဆင်နှင့် သိပ်မခြားနားပေ။
ကွမ်တမ်၏ ဂုဏ်သတင်းနှင့် လျော်ညီပေသည်။
လက်ဆွဲသေတ္တာကို ဖွင့်လိုက်ရင်း လင်းရီ အမေရိကန် ဒေါ်လာများ အားလုံးကို သွန်ထုတ်လိုက်သည်။
အောက်ရှိ အကန့် တစ်ထပ်ထဲတွင် စကေဘာ ၊ ဓားမြောင်နှင့် အလွန်အမင်း ပါးလွှာသည့် လက်တော့တစ်လုံးလည်း ပါသည်။
ဤအရာများ အားလုံးက သူ ထွက်မလာခင် ကြိုတင်ပြင်ဆင်ထားခဲ့သည်များဖြစ်သည်။
လက်တော့ကို ဖွင့်လိုက်ရင်း လင်းရီ သင်္ဘော၏
နက်ဝေါ့နှင့် ချိတ်ဆက်လိုက်၏။
ထို့နောက် snort အမည်ရသည့် ဟက်ကင်း ဆော့ဝဲကို ဖွင့်လိုက်သည်။ ဟက်ကင်းနယ်ပယ်တွင် လင်းရီက အကြီးစား ကျွမ်းကျင်သူ တစ်ယောက် မဟုတ်သေးချေ။ သူများ ရေးပြီးသား ဆော့ဝဲလေးများကိုသာ အသုံးပြုနိုင်သေးသည့် Kiddie hacker အဆင့်လောက်သာလျှင် ရှိသေး၏။
သို့သော်လည်းပဲ ရှန်းထျန်းကျိူး၊ စွန်းဖုယွီ ၊ လုရင်းတို့နှင့် အချိန်အကြာကြီးကတည်းကရင် သတင်းအချက်အလက်ချင်း ဖလှယ်ခဲ့ဖူးသောကြောင့် သူ၏ လက်ရှိ အဆင့်က ထိပ်တန်း မဟုတ်သောငြား ဆိုးတော့ မဆိုးချေ။
ကွမ်တမ် သင်္ဘော၏ Local area network (LAN) စစ်စတမ်က မြင့်မားစွာ လုံခြုံရေး မချထားသဖြင့် လက်ရှိ လင်းရီ၏ အဆင့်ဖြင့် ဖောက်၀င်ရန် အခက်အခဲ မဖြစ်ခဲ့ပေ။
လင်းရီ၏ အကြံဉာဏ်ကတော့ ရိုးရှင်းသည်။ သူ သင်္ဘော၏ local network area ထဲ ဖောက်၀င်ပြီး သင်္ဘောတွင် စီးနင်လိုက်ပါလာသူ ဦးရေကို စစ်ဆေးရန် စီစဉ်ထား၏။
ထိုသို့သော နည်းလမ်းမျိုးဖြင့် ဂျင်မီကို ရှာဖွေရန် စဉ်းစားထားလေသည်။ မဟုတ်ပါက ရှာတွေ့ဖို့ရာ မျှော်လင့်ချက် ရှိမည် မဟုတ်ချေ။
မိနစ် နှစ်ဆယ်လောက် ကြာတော့ ဆော့ဝဲမှ အောင်မြင်စွာဖြင့် ဖောက်၀င်နိုင်သွားခဲ့၏။ ကျန်ရှိသည်က ငြီးငွေ့ဖို့ကောင်းသည့် ဒေတာစုဆောင်း စကန်ဖတ်ခြင်း လုပ်ငန်းစဉ်ပင်။
သူ ခန့်မှန်းတွက်ချက်ကြည့်ရသလောက်တော့ ပြီးဆုံးစေဖို့ တစ်နာရီလောက်အထိ ကြာမြင့်ပေလိမ့်မည်။
သူ တတ်နိုင်သည်က စောင့်ဆိုင်းဖို့ရာပင်။ ညအတွက် ပြင်ဆင်မှုများ ပြီးဆုံးသွားပြီးနောက် လင်းရီ လက်တော့ကို ဘေးကပ်ထားလိုက်သည်။
ထို့နောက် လက်ဆွဲသေတ္တာ အကန့်ထဲမှ စကေဘာနှင့် ဓားမြောင်ကို ဆောင်ရင်း လေးလွှာသို့ တစ်ချက် ဆင်းကြည့်ရန် စဉ်းစားလိုက်၏။
လေးလွှာ၏ ဟောခန်းမက ရှည်လျားပြီး ကျဉ်းကလည်း ကျဉ်းသည်။ တစ်ရာ မီတာ အထိ ရှည်လျားပြီး မီတာ နှစ်ဆယ်ခန့်လောက်သာ ကျယ်၀န်းပေသည်။ ကျယ်၀န်းမှုက ထိုအရွယ်အစားမျှသာ ရှိသော်လည်း ပေါက်ကွဲ မတတ် ဖြစ်နေသည့် လေထုကိုတော့ သက်ရောက်မှု မဖြစ်စေခဲ့ချေ။
ဤသည်က ဘာကြောင့်လဲဆိုတော့ ဤနေရာတွင် ကော့တေးပါတီ မရှိချေ။ ကာစီနို အကြီးစားကြီး သာလျှင်ရှိသည်။
အရှက်တရားကင်းမဲ့သည့် မည်သည့် လုပ်ရပ်ကိုမဆို သင်္ဘောပေါ်တွင် လွတ်လွတ်လပ်လပ် ခွင့်ပြုထားလေသည်။ ရှက်ကြော မရှိပါက လူပုံအလယ်တွင် မဖွယ်မရာ ပြုလုပ်နေလျှင်ပင် သင့်အား လာတားမည့်သူ မရှိချေ။
သင်က ပိုက်ဆံသာ ရှိနေပါစေ။ ဘာမဆို ပြုလုပ်၍ရ၏။
ရာ၀မ်းကျွန်း၏ လေယာဉ်ပြပွဲထက်ပင် ပို၍ ရူးသွပ်ချင်စရာ ကောင်းနေတော့သည်။
အဘယ်ကြောင့်ဆိုသော် ဤသည်က အမေရိကားဖြစ်သည်။ သင့်တွင် ငွေရှိသ၍ ဥပဒေက ကူညီပေးရန် အသင့်ရှိနေသည်။