နောက်တစ်ကြိမ် ပြန်တွေ့ကြပြီ
Vol. 70 Ch. 1049
လင်းရီ လက်တော့ကို ဘေးသို့ ကပ်ထားပြီး ဖြစ်ပျက်ခဲ့သည်များကို စတင် တွေးတောတော့သည်။
သူ ဒေတာများ၏ စစ်မှန်မှုကိုတော့ သံသယ မဝင်ချေ။ ပန်နီဆူလာ ဟိုတယ်ကိုလည်း ပိုင်ဆိုင်ထားသောကြောင့် ထိုအကြောင်း အနည်းငယ် သိရှိထားသည်။
တစ်စုံတစ်ယောက်က ချက်ကင်ဝင်လိုက်သည်နှင့် LAN ကွန်ပျူတာမှ မက်ဆေ့ကို လက်ခံရရှိပြီး ချက်ကင်ပြုသည့် လူ၏ သတင်းအချက်အလက်ကို ထည့်သွင်းထားပေလိမ့်မည်။
ထို့ပြင် အာယာနဲ မစ်ဆူ၏ အမည်ကိုပါ စာရင်းတွင် ရှာတွေ့ထားပြီး စစ်မှန်မှုကိုတော့ နှစ်ခါပြန် မေးနေရန် မလိုချေ။
သို့သော်လည်း ဂျင်မီဆိုသည့် အမည်မှာ မပါရှိဘဲ ဖြစ်နေသောကြောင့် နောက်ဆုံး ဖြစ်နိုင်ချေ နှစ်ခုသာလျှင် ကျန်ရှိတော့သည်။
ပထမ တစ်ခုက ဂျင်မီ ဤ သင်္ဘောပေါ်သို့ လိုက်ပါမလာခဲ့ခြင်းပင်။
ကျုံးဝေ့တပ်ဖွဲ့ ရရှိခဲ့သည့် သတင်းက အတုအယောင် တစ်ခု ဖြစ်နေခဲ့၏။ ထို့နောက်တွင်မှ တစ်ဖက်သူသည် လှည့်ကွက် တစ်ချို့ ကစား၍ အလဲအလှယ်ကို အခြားတစ်နေရာတွင် ပြုလုပ်လိမ့်မည်။
အကယ်၍ ထိုသို့ ဖြစ်ခဲ့လျှင်လည်း အာယာနဲ မစ်ဆူက သူနှင့် လဲလှယ်မည့် ဖောက်သည် မဖြစ်နိုင်ချေ။
ဒုတိယကတော့ ဂျင်မီမှာ သင်္ဘာပေါ်တွင် ရှိနေသည်။ သို့ပေမယ့် သူ၏ ကိုယ်ပိုင် နာမည်အစား အခြား တစ်စုံတစ်ယောက်၏ နာမည်ဖြင့် ဘွတ်ကင်ပေးထားခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်သာ သူ၏ အချက်အလက်ကို မှတ်တမ်းမတင်ထားခြင်းဖြစ်သည်။
သို့သော်လည်းပဲ ဖြစ်နိုင်ချေက မည်သို့ပင် ဖြစ်နေစေကာမူ လင်းရီကတော့ လမ်းဆုံးသို့ ရောက်နှင့်နေချေပြီ။ သူ့အတွက် သဲလွန်စများ ပိုပြီး ရှာဖွေဖို့ဆိုတာ သိပ်ကို ခက်ခဲလွန်း၏။
ဒေါက် ဒေါက် ဒေါက်….
လင်းရီ အတွေးနက်နေစဉ်တွင်ပဲ တံခါးခေါက်သံ တစ်ခု ထွက်ပေါ်လာသည်။
သူ လက်တော့ကို တစ်နေရာတွင် ချထားလိုက်၏။ သင်္ဘောပေါ်တွင် သူ့ကို လာရှာမည့်သူက အဲလစ်မှတစ်ပါး အခြားသူ ရှိလိမ့်မည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ချိုးယွီလော့နှင့် ကျန်သူများက သုံးလွှာအထိသာ တက်ရောက်ခွင့် ရှိသောကြောင့် ဖြစ်သည်။
သူ တံခါးကို သာမန်လျှံကာ ဖွင့်လိုက်၏။ အံအားသင့်ဖို့ ကောင်းစွာဖြင့် ရောက်ရှိလာသူက အဲလစ် ဖြစ်မနေချေ။ သို့သော်လည်းပဲ အာရှအမျိုးသမီး တစ်ဦး ဖြစ်နေခဲ့၏။
လင်းရီ သူ့ ဦးနှောက်မှတ်ဉာဏ်ကို ခေတ္တမျှ အလုပ်ပေးလိုက်သည်။ သို့သော် သူ အနှီ အမျိုးသမီးကို မမှတ်မိနိုင် ဖြစ်နေလေသည်။
“ ဟယ်လို မစ္စတာလင်း… ကျွန်မ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ… ကျွန်မနာမည်က ရိုရှီ ဟီဂါရှီနိုပါ… မိန်းကလေး မစ်ဆူရဲ့ ဒရိုင်ဘာနဲ့ လက်ထောက်ဆိုလည်း ဟုတ်ပါတယ်…”
“ အာယာနဲ မစ်ဆူလား…” လင်းရီ အံ့အားသင့်သွားသည့် ပုံစံ ဖမ်းလိုက်သည်။
“ ဟုတ်ကဲ့… မှန်ပါတယ်…”
“ ငါ ဒီမှာ ရှိနေတယ်ဆိုတာ သူ ဘယ်လိုလုပ်ပြီး သိလဲ…”
“ ကျွန်မတို့ မစ္စတာလင်းကို ခုနလေးတင် ကာစီနိုမှာ တွေ့လိုက်ရတယ်လေ… ဒါပေမယ့် ရှင်က တစ်ယောက်ယောက်နဲ့ စကားပြောနေတော့ ကျွန်မတို့လည်း မနှောင့်ယှက်တော့တာ… အဲ့နောက် ကျွန်မတို့ စစ်ဆေးကြည့်လိုက်တော့ ရှင် ဒီအခန်းထဲ ရှိနေတယ်ဆိုတာ သိလိုက်ရတာပဲ…”
လင်းရီ နားလည်သွားခဲ့သည်။ အာယာနဲ မစ်ဆူ၏ အဆင့်အတန်းဖြင့် သူ့အခန်းကို ရှာဖွေဖို့က ခက်ခဲသည့် ကိစ္စရပ် ဟုတ်မနေချေ။
“ သွားစို့…”
လက်ရှိ အချိန်ထိ အာယာနဲ မစ်ဆူသည်သာ တစ်ခုတည်းသော သဲလွန်စဖြစ်၏။ ထို့ကြောင့် သူမ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်စရာ အကြောင်းမရှိချေ။
သူမထံမှ အချက်အလက် တစ်ချို့ ရရှိနိုင်လိမ့်မည်လား ဆိုတာကိုလဲ သူ ကြည့်ချင်မိလေသည်။
သို့တိုင်အောင် လင်းရီထံတွင် ယုံကြည်ချက်တို့ ပြည့်လျှံနေသည်တော့ မဟုတ်။ အာယာနဲ မစ်ဆူက ရှန်းရှုရီကဲ့သို့ ဉာဏ်များသည့် မြေခွေးအိုကြီး တစ်ကောင် မဟုတ်သော်လည်း အထင်သေး၍ ရသည့် သာမန်လူလည်း ဟုတ်မနေပြန်ချေ။
ကိုယ့်မောင်လေးကို လက်မတွ့န် သတ်ဖြတ်နိုင်သူက အမှန်ပင် အထိန်းအကွပ်မဲ့သည့် လူစားမျိုးဖြစ်၏။
ရိုရှီ ဟီဂါရှီနို၏ ဦးဆောင်လမ်းပြမှုနောက်တွင် နှစ်ယောက်သား ခြောက်လွှာသို့ တက်၍ အာယာနဲ မစ်ဆူ၏ အခန်းရှေ့ ရောက်ရှိလာခဲ့သည်။
တံခါးဝတွင် အနက်ရောင် ဝတ်စုံပြည်နှင့် လူနှစ်ဦးက စောင့်ကြပ်လျက် ရှိ၏။
သူတို့၏ ကိုယ်လုံးကိုယ်ပေါက်က အယ်စတုံကြီးများဟု မှတ်ယူလို့ မရချေ။ နေရာတွင် လက်နှစ်ဖက်ကို နောက်ပစ်၍ ရှေ့တူရှုသို့သာ စူးစိုက်ကြည့်နေသည်။ အသက်ဝင်နေသည့် အနက်ရောင် ရုပ်ထုကြီး နှစ်ခုကဲ့သို့ ဖြစ်နေပါတော့သည်။
လင်းရီ တိတ်တဆိတ် အကဲခတ်နေခဲ့၏။ ဤလူ နှစ်ယောက်က လုံးဝ အားမနည်းကြချေ။ သို့သော်လည်း မည်မျှ သန်မာကြသလဲဆိုတာကိုတော့ ပြောရခက်လေသည်။ ဟန်ပဲ ရှိပြီး အစံ မရှိသူများလော။ သူမပြောတတ်ပေ။
ဒေါက် ဒေါက် ဒေါက်….
ရိုရှီ ဟီဂါရှီနို တံခါးကို အကြိမ်ရေ အနည်းငယ် ညင်သာစွာ ခေါက်လိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် အခန်းတံခါး ပွင့်ဟလာသည်။
အာယာနဲ မစ်ဆူက အပြာရောင် ပွဲတက် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာထက်တွင်လည်း မိတ်ကပ် အနည်းငယ် လိမ်းခြယ်ထားသေး၏။ ဆံပင်ကို သဘာဝအတိုင်း အောက်သို့ ချထားလျက်ရှိပြီး ချစ်သူ လင်ခင်ပွန်းသည်အလာကို စောင့်ဆိုင်းနေသည့် ဂျပန် အိမ်ထောင်ရှင်မ တစ်ဦးနှယ် ဖြစ်နေပေတော့သည်။
“ မစ္စတာလင်း… ကျွန်မ ရှင့်ကို စောင့်နေတာ တော်တော်လေးတောင် ကြာသွားပြီ…”
အာယာနဲ မစ်ဆူ ကိုယ်ကို အနည်းငယ်ကိုင်း၍ ဦးညွှတ်လိုက်သည်။ သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကကဲ့သို့ အင်မတန် ယဉ်ကျေးဖော်ရွေနေစဲပင်။
“ ဟုတ်လား… ဒီမှာ တွေ့ရတာ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲနော်..”
လင်းရီ ပြောရင်းဖြင့် မသိမသာ ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်လိုက်သည်။ အာယာနဲ မစ်ဆူ၏ အခန်းက သူ့ထက် ကြီးမား ကျယ်ဝန်းပြီး ပို၍လည်း ဇိမ်ကျသည်။
အခန်းရှိ လေထုထဲတွင် သင်းပျံ့သည့် ရေနွေးကြမ်းအနံ့တစ်ခုက လွင့်ပျံနေပြီး လူကို မသိမသာ သက်တောင့်သက်သာ ဖြစ်နေစေတော့၏။
“ ကျွန်မလည်း ရှင့်ကို မြင်လိုက်ရတုန်းက သိပ် အံ့ဩသွားခဲ့တာပါဆို… သဘောက ကျွန်မတို့ ကြမ္မာ ရေစက် ပါတယ်ပေါ့နော်…”
“ ကွမ်တမ် သင်္ဘောကြီးက ပင်လယ်ထဲ တစ်နှစ်မှ တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ ထွက်တာလေ… ကျုပ်လည်း ဘာမှလုပ်စရာ မရှိတော့ ပျော်ပါးရအောင် လာခဲ့လိုက်တာပေါ့…”
“ မစ္စတာလင်းက အဲ့လို အပျော်အပါးမက်တဲ့လူ မဟုတ်ပါဘူး… ဒီလို အရာမျိုးက ရှင့်ကို ဆွဲဆောင်နိုင်မယ်လို့ ကျွန်မတော့ မထင်ဘူး…” အာယာနဲ မစ်ဆူ လင်းရီအတွက် ရေနွေးကြမ်း တစ်ခွက် ငဲ့ပေးလိုက်ရင်း ညင်သာစွာ ပြောလိုက်သည်။
“ တကယ်လို့ ကျွန်မ မှတ်မိသာ မှန်မယ်ဆိုရင် ရှင်နဲ့ ရပ်စကားပြောနေခဲ့တဲ့သူက Intel ဥက္ကဌရဲ့ သမီး အဲလစ်ဂရို့ဖ်.. ဟုတ်တယ်ဟုတ်…”
“အမှန်ပဲ… ကျုပ်တို့ စီးပွားရေး ကိစ္စ ဆွေးနွေးနေတာလေ… ဘာဖြစ်လို့လဲ…”
အစကတော့ အဲလစ်၏ ရောက်ရှိလာမှုက မလိုအပ်သည့် တစ်စုံတစ်ခုလို့ လင်းရီ ထင်မှတ်ထားခဲ့သော်လည်း ယခုတော့ အချိန်ကိုက် ဖြစ်လို့နေခဲ့သည်။
သူမ၏ ရောက်ရှိလာမှုက သူ ဤနေရာသို့ ရောက်ရှိလာမှုအတွက် ပြီးပြည့်စုံသည့် ဖြေရှင်းချက် တစ်ခု ဖြစ်သွားခဲ့လေသည်။
အာယာနဲ မစ်ဆူကဲ့သို့ ထက်မြက်သူတစ်ဦးပင် ထိုအချက်အား သံသယ ရှိမည် မဟုတ်သည်မှာ သေချာပေသည်။
“ မစ္စတာလင်းက ကျွန်မ မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ စီးပွားရေး ကိစ္စ ဆွေးနွေးနေတယ်ပေါ့….”
“ မင်း ဘာတွေ ပြောနေတာ… မင်းတို့ မစ်ဆူ မိသားစုကလည်း ကမ္ဘာ့ အကြီးဆုံး စီးပွားရေး အုပ်စုတွေထဲက တစ်ခုပဲလေ… တကယ်လို့ အခွင့်အရေး ရှိခဲ့မယ်ဆိုရင် သေချာပေါက်ကို ပူးပေါင်းဆောင်ရွက်ချင်တာပေါ့…”
“ ဒါပေမယ့် ကျွန်မက ရှင့်ကို သိမ်းသွင်းချင်နေတာလေ.. ဘာပဲဖြစ်ဖြစ် ရှင်က အမြဲတမ်း ကျွန်မရဲ့ ပထမဆုံး ပစ်မှတ် ဖြစ်နေမှာပဲ…”
“ စဉ်းတောင် မစဉ်းစားနဲ့… ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး….”
လင်းရီ၏ အဖြေကို အာယာနဲ မျှော်လင့်ထားသည့်နှယ် အမူအရာ တစ်စက်လေးမျှပင် ပြောင်းလဲသွားခြင်း မရှိချေ။
လင်းရီ နှစ်ခြိုက်စွာဖြင့် ရေနွေးကြမ်းကို စုပ်သောက်လိုက်၏။ ယခုလို ဖြစ်လာမည်ကို သူသည်လည်း မျှော်လင့်ထားပြီး ဖြစ်လေသည်။
ဤမိန်းမက သူ့နောက် အဆက်မပြတ် လိုက်နေပြီး လုံးဝ လက်လျော့ခြင်း မရှိသေးချေ။
အပေါက်ထဲ ပင်အပ် ထိုးနေသည်နှင့်ပင် ဆင်တူနေသည်။
ဒေါက် ဒေါက် ဒေါက်…
အာယာနဲ မစ်ဆူ စကားဆက်ပြောချင်သေး၏။ သို့ပေမယ့် တံခါးခေါက်သံက ကြားဖြတ် နှောင့်ယှက်လာသည်။
“ မိန်းကလေး မစ်ဆူ.. ဟန်တာ ရောက်လာပါတယ်…” တံခါးအပြင်ဘက်ရှိ ဘော်ဒီဂတ်မှ ပြောလိုက်၏။
“ ဂျင်မီကောလား… “ ‘ဂျင်မီ…’ လင်းရီ နှလုံးခုန်သံ မြန်ဆန်သွားခဲ့တော့သည်။
သူ၏ စိတ်လှုပ်ရှားမှုကို မည်သို့မျှ မဖိနှိပ်ထားနိုင်ချေ။ သူ ထင်ထားသည့်အတိုင်း ဂျင်မီ အလဲအလှယ် ပြုချင်နေသည့်သူက အမှန်ပင် အာယာနဲ မစ်ဆူ ဖြစ်နေပါတော့သည်။
“ သူ မလာဘူး… ဟန်တာ တစ်ယောက်တည်းရယ်….”
“ ပြန်ခိုင်းလိုက်… လွှဲပြောင်းမှု လုပ်ဖို့ ရွေးချယ်ထားတဲ့ နေရာက ငါ့ ကိုယ်ပိုင် နေရာပဲ… သူက သတိထားနေသေးတယ်ဆိုရင် ငါလည်း ဒီ အရောင်းအဝယ်ကို မလုပ်ချင်ဘူး…”
“ နားလည်ပါပြီ မိန်းကလေး မစ်ဆူ…”
အခန်းမှာ တိတ်ဆိတ်သွားခဲ့ပြီး လင်းရီ၏ ရေနွေးကြမ်း မှုတ်သောက်နေသည့် အသံကသာ ထွက်ပေါ်နေခဲ့သည်။
“ မင်းက တစ်စုံတစ်ယောက်နဲ့ ချိန်းထားတာရှိတာပဲ … တကယ်လို့ တခြား ဘာမှ မရှိတော့ဘူးဆိုရင် ကျုပ် အရင်ပြန်တော့မယ်…”
“ မလောပါနဲ့လား…” အာယာနဲ ပြုံးလိုက်ပြီး “ ဒီတိုင်း အသေးအမွှားလေးပါပဲ.. တကယ်လို့ ညှိနှိုင်းလို့ရရင်တော့ အကောင်းဆုံးပဲပေါ့… မဖြစ်လည်း ကိစ္စ မရှိပါဘူး.. မစ္စတာလင်းက ကျွန်မစိတ်ထဲ အရေးကြီးဆုံးသူပဲလေ…”
“ အိုး… ကျုပ် မာန်တောင် တက်ချင်သွားပြီ….”
“ တိုင်းရင်းသား လူမျိုး အုပ်စုအရဆိုရင် ဂျပန်နဲ့ ဟွာရှက သိပ်ပြီး မခြားနားပါဘူး.. ကျွန်မ အရင်တုန်းက ဟွာရှမှာ နှစ်တွေအကြာကြီး နေခဲ့ဖူးတဘ်… ဒါကြောင့်မို့ ကျွန်မရဲ့ အလှအပေါ် ခံစားမှုကလည်း ဟွာရှန့် မိန်းကလေး အများစုနှင့် ဆင်တူတယ်လေ…”
အာယာနဲ ရေနွေးကြမ်းခွက်ကို လက်နှစ်ဖက်မှ ကိုင်ထားရင်း ရှက်ရွံ့နေသည့် ဟန်အမူအရာဖြင့် “ မစ္စတာလင်း ကျွန်မကို လှောင်ရယ်မှာကို ကျွန်မ မရှက်ပါဘူး… ရှင်က တကယ့်ကို ကျွန်မ နှစ်သက်တဲ့ ပုံစံမျိုးပဲ… ဂျပန် ဆယ်လီ အများစုတောင် ရှင်နဲ့ မယှဉ်နိုင်ဘူး… ဒီတော့…..”
လင်းရီလည်း သူ့ကိုယ်သူ သံသယ မရှိချေ။ သူ၏ ရုပ်ရည်အပေါ် ယုံကြည်ချက် အပြည့်အဝ ရှိလေသည်။ အာရှနွယ်ထဲတွင် သူက သောက်ချောကြီးပင် မဟုတ်ပေဘူးလော။
( ကြားဖူးသလောက်တော့ အနောက်တိုင်းက အညိုစင်လေးတွေမှတဲ့ )
“ ဒီတော့ ဘာလဲ….”
“ ကျွန်မတို့ ပထမဆုံးအကြိမ် တွေ့တုန်းက ရှင် နိုင်ငံကို ဂုဏ်ကျက်သရေ ဆောင်ကြဉ်းပေးနိုင်တယ်လို့ ပြောခဲ့တာက ကျွန်မတို့ရဲ့ ပူးပေါင်းမှုကြောင့်တင် မဟုတ်ဘူး… ရှင့်ကို နှစ်သက်တာကြောင့်လည်း ပါတယ်…”
အာယာနဲ ရှက်ကြောက် အင်မတန် ကြီးသည့် မိန်းကလေး တစ်ဦးကဲ့သို့ သူမ၏ ခေါင်းကို ငုံ့ထားပြီး အကြည့်ချင်း မဆုံဝံ့အောင် ရှိနေသည်။
“ တကယ်လို့ မစ္စတာလင်း စိတ်ဆန္ဒ ရှိရင် ရှင်နဲ့ အတူ ရင်ဖိုစရာ ကောင်းတဲ့ ညတစ်ညကို ဖြတ်သန်းဖို့အတွက် ကျွန်မကိုယ်ကျွန်မ အကြွင်းမဲ့ ကမ်းလှမ်းပေးဖို့ ဆန္ဒရှိပါတယ်…”