← Chapters

သေခြင်းတရားနှင့် ကစားခြင်း

Vol. 010 Ch. 903

သေခြင်းတရားနှင့် ကစားခြင်း

Vol. 010 Ch. 903

အားလုံး၏ မျက်နှာများမှာ ဖြူရော် သွားကြသည်။ ကျူးရင်ကား ရှန့်ထို သားရဲဖြစ်၏။ သူတို့က မည်သို့ ကျော်ဖြတ် နိုင်မည်နည်း။ သူ၏လေသံမှာ အငြိုးအတေးများဖြင့် ပြည့်နှက် နေသည်။ နှစ်ပေါင်းများစွာ ချုပ်နှောင် ထားခြင်း ခံရသူများ အားလုံးမှာ ထိုနည်းတူ ဖြစ်ပေမည်။

“စရအောင်...” သက်လတ်ပိုင်း လူကြီးက စဉ်းလဲစွာ ပြုံးလျက် ပြောသည်။ သူ၏ မျက်လုံးထဲတွင် သည်လူများမှာ ပုရွက်ဆိတ်များ ဖြစ်သည်။ သူ့အတွက် သည်တန်ခိုးရှင်များက ကစားစရာများ ဖြစ်၏။ တဖြည်းဖြည်း သူတို့ ရင်ဘတ်ထဲကို အကြောက်တရားများ ရိုက်သွင်းကာ ဆိုးဝါးသော သေခြင်းတရားနှင့် ကြုံတွေ့စေမည်။

နှစ်ပေါင်း များစွာအထိ တော်ဝင်မြေ သုံးခုမှ လူများက အပျက်အစီး နယ်မြေသို့ ရောက်လာကာ သူ့အား အဆင်တန်ဆာ တစ်ခုအဖြစ်သာ သဘောထားခဲ့ကြသည်။ သူကား ရတနာလှံကို စောင့်ကြပ်သည့် သားရဲတစ်ကောင် ဖြစ်သည်။ သူ့အား သားရဲဘုရင် ကျူးရင် ဖြစ်သည်ကို မည်သူမှ အမှတ်မရခဲ့ကြပေ။

ယခုကား ခန်းမထဲမှ မည်သူကမှ ရှေ့ကို တစ်လှမ်းမျှ မတက်လာရဲ ကြတော့ပေ။ အားလုံးက ကြီးစွာ ကြောက်လန့် နေကြသည်။

“မင်းတို့က ဒီလောက် နှေးကွေးနေမှတော့ ငါက မင်းတို့ဆီ လာရမှာပေါ့...” စာပေသမားက သူတို့အား ကြည့်ကာ ပြောသည်။ သူက လက်ဆန့်တန်းကာ မြောက်ဘက် ချောက်နက် သိမ်းငှက်အား ကြည့်ကာ ပြောသည်... “မင်း ကြည့်ရတာ တော်တော် အားကောင်းပုံပဲ ... ဘာလို့ မစမ်းကြည့်တာလဲ...”

မြောက်ဘက် ချောက်နက် သိမ်းငှက်၏ မျက်နှာက ပြာနှမ်းသွားသည်။ သူက မိမိ၏ စွမ်းရည်ကို အလွန် ယုံကြည်သော်လည်း သူ့ရှေ့မှ သားရဲကား ရှန့်ထိုဖြစ်သည်။

“စီနီယာ... ကျုပ်က ဒီလူတွေကို ဒီက ခေါ်သွားပါ့မယ်.. နောက်တစ်ခါ မနှောင့်ယှက်တော့ပါဘူး...” မြောက်ဘက် သိမ်းငှက်က ဦးညွှတ်လျက် ပြောသည်။

“ကျုပ်မင်းကို နောက်တစ်ခါ အခွင့်အရေး ပေးမယ် ... တကယ်လို့ မင်းက ငါ့ကို ကျော်နိုင်ရင် မင်း အသက်ရှင်ခွင့် ရမယ်...” စာပေသမား၏ အသံက တည်ငြိမ်သည်။ မြောက်ဘက် သိမ်းငှက်၏ မျက်နှာက သွေးဆုတ် သွားသည်။ သူကား ထိုအခိုက်တွက် တောင့်တင်း နေသော်လည်း ရှေ့ကိုတော့ တက်သွားသည်။ သူ၏ သက်စောင့်ဝိညာဉ် ထွက်ပေါ်လာကာ ကြီးမားသော အတောင်ပံတစ်စုံ မွေးဖွားလာ၏။

သူက စာပေသမားအား ကြည့်ကာ ပြောသည်... “ခင်ဗျားက ရှန့်ထိုအဆင့်မှာ ရှိနေတော့ နိမ့်ကျတဲ့သူတွေကို ငဲ့ညှာပေးပါ...” သူက ထိုသို့ ပြောပြီးသည်နှင့် ရှေ့ကို အလင်းတန်း အလား တိုးဝင် သွားသည်။ သို့သော်လည်း စာပေးသမားက ရိပ်ခနဲ အလင်းတန်း သွားရာ အရပ်ကို သွားရောက် ပိတ်ဆို့သည်။

စာပေသမားက သူ့အား တည်ငြိမ်စွာ ကြည့်ကာ လက်ဆန့်တန်း သည်တွင် လက်မှာ ခေါင်းကိုးလုံးအဖြစ် ပြောင်းလဲသွားပြီး မြောက်ဘက် ချောက်နက် သိမ်းငှက်ထံသို့ သွားရောက် ကိုက်ခဲကြသည်။ အော်သံ တစ်ချက်နှင့်အတူ မြောက်ဘက် ချောက်နက် သိမ်းငှက်၏ ခန္ဓာကိုယ်မှာ အပိုင်းကိုးပိုင်း ပြတ်တောက်သွားပြီး ခေါင်းကိုးလုံး၏ ပါးစပ်များမှာ ဝါးမျို သွားကြသည်။

“မဟုတ်ဘူး...” မြောက်ဘက် ချောက်နက်မှ လူများအားလုံးမှာ အကြီးအကျယ် ကြောက်ရွံ့ တုန်လှုပ် သွားကြသည်။ စာပေသမားက သူ၏လက်ကို ပြန်ရုပ်သိမ်း လိုက်ကာ သွေးစများအား သူ၏လျှာဖြင့် သသည်။

စာပေသမားက အားရ ကျေနပ်ဟန်ဖြင့် တဟားဟား ရယ်မောကာ အားလုံးကို ပြောသည်... “နှစ်ပေါင်း အများကြီး ကြာအောင် တော်ဝင်မြေ သုံးခုက လူတွေ ငါ့ကို အိမ်မွေး တိရစ္ဆာန် တစ်ကောင်လို့ သဘောထား ခဲ့ကြတယ်... အခု မင်းတို့ အလှည့်ရောက်ပြီ... နောက်တစ်လှည့် မင်းပဲ...”

သူက ပန်ခွန်ကို လက်ညှိုးထိုးကာ ပြောသည်။ သိသာစွာပင် သူက တော်ဝင်မြေသုံးခုမှ ခေါင်းဆောင်များကို ရိပ်မိပြီး ဖြစ်သည်။

“စီနီယာ ... ကျုပ်တို့က စီနီယာကို အမြဲတမ်း အစောင့်အရှောက် တော်ဝင်သားရဲ အဖြစ် သတ်မှတ် ထားပါတယ် ... ကျုပ်တို့က သေချာပေါက် မလေးမစား မလုပ်ရဲပါဘူး...” ပန်ခွန်က ပြောသည်။

“အစောင့်အရှောက် တော်ဝင်သားရဲ ... ငါက ဘာကို စောင့်ကြပ် နေတာလဲ...” ကျူးရင်က ပန်ခွန်ကို အေးစက်စွာ ကြည့်ကာ ပြောသည်... “ဒါက ငါ့ဘဝမှာ ရှက်စရာ အကောင်းဆုံး ကိစ္စပဲ...” သူက ဖြည်းညင်းစွာ ပြောသည်။

ပန်ခွန်မှာ သူစကားပြော မှားသွားသည်ကို သိလိုက်သည်။ ကျူးရင်ကား ပင်လယ်ဘုရင်ကို ကြီးမားသော အမုန်းတရားများ ရှိနေသည်။

“လာကြစမ်း...” ကျူးရင်ကား သူ့အား မြန်ဆန်စွာ သေရန် တိုက်တွန်းသည်နှင့် အတူတူပင်။ ပန်ခွန်က ရုတ်တရက် နောက်ကို ဆုတ်ကာ ထွက်ပြေးရန် ကြံသည်။ သူက ကျူးရင်ကို ကျော်ဖြတ် နိုင်လျှင်ပင် အသက်ရှင်ရန် မရှိသည်ကို နားလည် ထားသည်။ ဆန့်ကျင်ဘက် အရပ်ကို ထွက်ပြေးခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်ပေမည်။

ကျူးရင်က လက်နှစ်ဖက်လုံးကို ဆန့်ထုတ် လိုက်သည်။ လျှပ်တစ်ပြက်ပင် ခေါင်းကိုးလုံးက ရှည်မျောသွားကာ ပန်ခွန်အား သွားရောက် ရစ်ပတ်သည်။

“မဟုတ်ဘူး..”

မကြာမီ အားလုံးက သွေးပျက်ဖွယ် မြင်ကွင်းကို မြင်ကြရသည်။ ပန်ခွန်မှာလည်း ကျူးရင်၏ စားသုံးခြင်းကို ခံလိုက်ရ၏။

ရီဖူရှင်းက လူအုပ်ထဲတွင် ရပ်ကာ အနည်းငယ် ဝမ်းနည်းမှုကို ခံစားရသည်။ ထို့ကြောင့်ပင် သူက နောက်ဆုတ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ သူက ခံစားမိခဲ့ပေသည်။ ထို့အပြင် ကျူးရင် လွတ်မြောက် သွားခြင်း မှာလည်း သူ့ကြောင့် ဖြစ်သည်။ သူက တမင်လုပ်ခြင်း မဟုတ်သော်လည်း ရုပ်တုမှာ အမှန်ပင် သူ့ကြောင့် ပျက်စီးခဲ့ခြင်း ဖြစ်ကာ ထို့ကြောင့်လည်း ကျူးရင်၏ အချုပ်အနှောင်မှာ ပျက်စီးခဲ့ဟန် ရသည်။

“နှစ်ရာပေါင်း များစွာ ... ကျုပ်က သူ့နောက်ကို ရာစုနှစ်ပေါင်း များစွာ လိုက်ခဲ့တယ် ... ကျုပ်က အဆုံးမဲ့ ပင်လယ်မှာ သူ့အတွက် တိုက်ခိုက်ပေးခဲ့တယ်...” စာပေသမားက ဖြည်းညင်းစွာ ပြောသည်... “ဒါပေမဲ့ ဘာရလဲ... သူက ငါ့ကို လှံတစ်ချောင်းကိုပဲ စောင့်ကြပ် ခိုင်းခဲ့တယ်... လှံရှည်ပိုင်ရှင် ပေါ်လာမှ ငါ လွတ်နိုင်မယ်တဲ့လား ... ဟား … ဟား ... ရယ်စရာက သူ့လှံကို ထားခဲ့တာက ဘယ်သူ့ကိုမှ ရစေချင်တဲ့ စေတနာ မရှိခဲ့တာပဲ ... သူက သေပြီးတာတောင်မှ သူဟာ အားလုံးသူထက် အားကောင်းတယ် ဆိုတာကိုပဲ သက်သေပြချင်ခဲ့တာ ... နှစ်ပေါင်းများစွာ တိုင်အောင် သူ့လှံကို ဘယ်သူ ရယူနိုင်ခဲ့လဲ ... ဒါက မဖြစ်နိုင်တဲ့ကိစ္စပဲ ... ဒီအတွက်ငါက ဒီမှာ တစ်သက်လုံး ချုပ်နှောင် ခံထားရတယ်...” သူ၏အသံက ဝမ်းနည်း ဆွေးမြည့်သံများ ဖုံးလွှမ်းနေသည်။ သူ၏ အမုန်းတရား ကလည်း အဆုံးမဲ့ပေသည်။

“ဒါပေမဲ့ ဒီလို နေ့ရက် ရောက်လာမယ်လို့ ဘယ်သူ ထင်မှာလဲ... အချုပ်အနှောင်က ကျိုးပျက်သွားပြီ ... ဒီအတိုင်း ပျက်သွားတာတော့ မဖြစ်နိုင်ဘူး ... ဘယ်သူ လုပ်ခဲ့တာလဲ...” ကျူးရင်က အားလုံးကို ကြည့်ကာ မေးသည်။

မည်သူမှ မဖြေကြပေ။ ရီဖူရှင်းလည်း တိတ်ဆိတ် နေသည်။ ကျူးရင်၏ လက်ရှိစိတ် အခြေအနေက အမုန်းတရား များဖြင့်သာ ပြည့်နှက် ေသည်ကို သူနားလည်သည်။ သူက လက်စားချေလို စိတ်သာ ရှိတော့၏။

“ဘယ်သူမှ ဝန်မခံဘူးလား...” ကျူးရင်က သူတို့အားလုံးကို ကြည့်ကာ ပြုံးလျက် ပြောသည်... “ကိစ္စ မရှိဘူး... ဆက်ရအောင်...”

သူက ဖုန်းတူအား ကြည့်သည်။ ဖုန်းတူ၏ မျက်နှာ အမူအရာက ပြောင်းလဲ သွားသည်။

မကြာမီ သူသည်လည်း မြောက်ဘက်ချောက်နက် သိမ်းငှက်နှင့် ပန်ခွန်တို့ လမ်းစဉ်ကို လိုက်သွားသည်။

သည်ကစားပွဲကား သေခြင်းတရားနှင့် ကစားခြင်း ဖြစ်သည်။ ခန်းမထဲတွင်ရှိသော လူတိုင်း ရှုံးနိမ့်ရမည့် ကစားပွဲဖြစ်သည်။ ကစားပွဲ၏တန်ဖိုးက သေခြင်း တရားလည်း ဖြစ်၏။

တန်ခိုးရှင်များ တစ်ယောက်ပြီး တစ်ယောက် ကျူးရင်၏ လက်၌ သေဆုံးကြသည်။ သူကား ထိုဖြစ်စဉ်ကို ကျေနပ် နှစ်သိမ့်စွာ ပြုလုပ်နေ၏။ သူက တစ်ယောက်တည်း အထီးကျန်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ သူက တစ်ယောက်ချင်းစီကို လိုက်လံ သတ်ဖြတ်ကာ စကားများလည်း အဆက်မပြတ် ပြောနေသည်။

ရူးသွပ်နေသော ရှန့်ထိုတစ်ပါးကား ကပ်ဘေးတစ်ခု ဖြစ်ပေသည်။

တော်ဝင်မြေသုံးခု၏ ထိပ်သီး တန်ခိုးရှင်များ အားလုံးနီးပါးမှာ ကျူးရင်၏ သတ်ဖြတ်ခြင်းကို ခံရသည်။

“အစ်ကိုရီ...” လျူယွီက ရီဖူရှင်းဘေးကို ရောက်လာကာ ပြောသည်... “ကြည့်ရတာ ကျွန်မတို့ ဒီနေရာမှာ သေရတော့မယ် ထင်တယ်... အစ်ကိုရီကို ခေါ်မလာခဲ့သင့်ဘူး...” သူမက ရီဖူရှင်းအား ကြည့်ကာ ညှိုးငယ်စွာ ပြောသည်။

“ဒီကို လာချင်ခဲ့တာက ငါပါ ... မင်းအမှား မဟုတ်ပါဘူး...” ရီဖူရှင်းက သူမအား ပြောသည်။ ယခုကား သူလည်း ဘာမှ ပြောင်းလဲနိုင်စွမ်း မရှိပေ။

“ဘယ်သူမှ တက်မလာကြ သေးပါလား...” ကျူးရင်က မေးသည်။ သူ၏အကြည့်ကာ လျူစီရွှမ်ထံကို ရောက်လာကာ မကောင်းဆိုးဝါး အပြုံးဖြင့် ပြုံးသည်။

“ဒီလို အလှပဂေးလေးက အရသာရှိမှာပဲ...” ကျူးရင်က စဉ်းလဲစွာ ပြုံးလျက် ပြောသည်။

လျူစီရွှမ်၏ မျက်နှာက ပြာနှမ်းသွားသည်။ သူမ၏စိတ်နှလုံးက ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေ၏။

“အစ်မ...” လျူဟန်မှာလည်း ကြီးစွာ စိုးရိမ်သွားသည်။ သူက ရှေ့ကို တက်သွားကာ ပြောသည်... “ငါ သွားမယ်...”

“ပြန်လာခဲ့...” လျူစီရွှမ်က လျူဟန်ကို ကြည့်ကာ ပြောသည်။

“ဘယ်လိုပြောပြော ငါတို့က သေတော့မှာပဲကို... ငါကယောက်ျား ဖြစ်တော့ ရှေ့က သေသင့်တယ်...” လျူဟန်က ပြောသည်။

“မင်းက ရဲဝံ့သားပဲ ... ဒါဆိုလည်း မင်းဆန္ဒကို ငါက ဖြည့်ဆည်း ပေးရမှာပေါ့...” ကျူးရင်က လျူဟန်ကို ကြည့်ကာ ပြောသည်။

ရီဖူရှင်းက လျူဟန်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလျက် ရှေ့ကို တက်သွားသည်... “စီနီယာ... ကျွန်တော့်မှာ ပြောစရာ တစ်ခု ရှိပါတယ်...”

ကျူးရင်က စဉ်းလဲစွာ ပြုံးလျက်ပြောသည်... “ဘာလဲ… မင်းက ဦးဆုံး သေချင်တာလား...”

ရီဖူရှင်းက ကျူးရင်ကို ကြည့်ကာ ပြောသည်... “ကျုပ်က စီနီယာရဲ့ အကြောင်းတွေကို ကြာဖူးပါတယ်... ဒါကြောင့် စီနီယာရဲ့ အမုန်းတရားတွေ ကိုလည်း နားလည်ပါတယ်... ခင်ဗျားက အဆုံးမဲ့ပင်လယ်ကို အုပ်စိုးတဲ့သားရဲ ဖြစ်ပေမဲ့ ပင်လယ်ဘုရင်ရဲ့ တစ်ကိုယ်ကောင်း ဆန်မှုကြောင့် နှစ်ပေါင်းများစွာ ဒီမှာ ချုပ်နှောင်ထားခြင်း ခံရတယ်... အခု ကျုပ်တို့ကလည်း ဒီလို နာကျင်မှုများကို ခံစား တွေ့ကြုံ နေရပါပြီ...”

ကျူးရင်က ရီဖူရှင်းအား ကြည့်သည်။ အမှန်ပင် သည်လူများအား သူက အဆုံးမဲ့သော အကြောက်တရားများ၊ နာကျင်မှုများအား ခံစားစေပြီးမှ သတ်ဖြတ် လိုခဲ့သည်။

“မင်းက ငါ့ကို တောင်းဆို ခယမလို့လား...” ကျူးရင်က မေးသည်။

ရီဖူရှင်းက ခေါင်းယမ်းသည်... “ကျုပ်တို့က ကိုယ့်ကံကြမ္မာ ကိုယ်မပိုင်တဲ့ နာကျင်မှုမျိုး၊ အကြောက်တရားမျိုးကို ခံစားပြီးပါပြီ ... ဒီလို စည်းမျဉ်းအောက်မှာ ရွေးစရာ မရှိတော့ပါဘူး... အဆုံးသတ်က ဆုံးဖြတ်ပြီးသား ဆိုမှတော့ စီနီယာက ကျုပ်တို့ကို တစ်ခါတည်း သတ်ပေးလို့ ရမလား...”

အားလုံး၏ အကြည့်က ရီဖူရှင်းထံကို အေးစက်စွာ ရောက်လာသည်။ သူက မြန်မြန် သေလိုသည်လား။

“ဟမ်...” ကျူးရင်က စိတ်ဝင်စားစွာ ကြည့်သည်။

“ဒါမှမဟုတ်... စည်းမျဉ်း တစ်ခုလောက် ပြောင်းလဲချင် မလား.. စီနီယာ...” ရီဖူရှင်းက မေးသည်။

“နားထောင် ရအောင်...” ကျူးရင်ကား အမြန်မလိုပေ။ သူက ရီဖူရှင်းအား တည်ငြိမ်စွာ ကြည့်သည်။ ရီဖူရှင်းကသာ သူ့အား လှည့်စားရန် ကြံပါက ကြီးမားသော နာကျင်မှုနှင့် သေဆုံးရပေမည်။

“ပင်လယ်ဘုရင်က မဖြစ်နိုင်တဲ့ကိစ္စကို စီမံခဲ့တယ်လို့ စီနီယာက ပြောတယ်... ကျုပ်တို့က အချိန်နဲ့ လေဟာနယ် လှံကို ရယူဖို့ လာခဲ့ကြတာပါ.. ဒါပေမဲ့ ဒီနည်းလမ်းနဲ့တော့ မသေချင်ဘူး ... ဘာလို့ ကျွန်တော်တို့ကို မကြိုးစားခိုင်း ကြည့်တာလဲ ... တကယ်လို့ ကျုပ်တို့အထဲက တစ်ယောက်က လှံကို ရခဲ့ရင် သေချာပေါက် စီနီယာကို ပေးပါ့မယ် ... အဲဒီအချိန် ကျုပ်တို့က ကျုပ်တို့ အသက်နဲ့လှံနဲ့ လှဲလှယ် လိုပါတယ် ... ဒီလို ရွေးချယ်စရာမရှိတဲ့ အခြေအနေမှာ စီနီယာက အသက်ရှင်ဖို့ အခွင့်အလမ်း နည်းနည်း ပေးစေချင်ပါတယ်...” ရီဖူရှင်းက ဆက်ပြောသည်။

ကျူးရင်၏ မျက်လုံးများ၌ စိတ်လှုပ်ရှားသော ဟန်များ ပေါ်လာသည်။ သူက ရီဖူရှင်းအား ကြည့်ကာ ပြောသည်... “ဒါက တကယ်ပဲ စိတ်ဝင်စားဖို့ ကောင်းတယ်... ကောင်းပြီ… ငါက စည်းမျဉ်းတစ်ခု ပြောင်းပေးမယ်... မင်းတို့က လှံကို အရယူနိုင်ရင် သူက သူကိုယ်တိုင် အသက်အပြင် နောက်ထပ် နှစ်ယောက်ကိုပါ ခေါ်သွားခွင့် ပြုမယ်... ဒါက ပိုပြီး စိတ်ဝင်စားဖို့ မကောင်းဘူးလား...” ကျူးရင်က ပြုံးလျက် ပြောသည်။

အားလုံးမှာ ခဏတာ စိတ်အေး သွားကြသည်။ ရီဖူရှင်း၏ စကားက သူတို့အား ကယ်တင် ပေးခဲ့သည်။

“မင်းတို့မှာ အချိန် တစ်ရက် ရမယ်...” ကျူးရင်က ပြောသည်။ ထို့နောက် သူက ဘေးကို ရွေ့သွားကာ သူတို့အား သွားခွင့် ပေးသည်။

အားလုံးက သက်ပြင်း တစ်ချက် ချလိုက်ကြသည်။ သူတို့ တစ်ရက် အသက်ရှင်ခွင့် ရလေပြီ။

တစ်ရက်မျှဖြင့် သူတို့၏ တော်ဝင်မြေများသို့ သတင်းများ မပို့နိုင်ခဲ့ပါက သူတို့မှာ အချိန်နှင့် လေဟာနယ်လှံကို မရရုံမျှမက သူတို့ အားလုံးမှာလည်း သေဆုံး ကြရပေမည်။

လျူစီရွှမ်နှင့် လျူဟန်တို့မှာလည်း အေးစက် တောင့်တင်းနေဆဲ ဖြစ်သည်။ သူတို့မှာ သေခြင်းတရားနှင့် လက်မတင်လေး လွတ်ခဲ့သော်လည်း မည်မျှ အချိန်ကြာကြာ လွတ်နိုင်မည်ကို မသိသေးပေ။

***

All Chapters