လန်ဝူ၏ နောက်ဆုံးသော သင်ခန်းစာ
Vol. 83 Ch. 1072
ရုတ်တရက် ချင်မူမှာ တစ်စုံတစ်ခုကို သတိရလိုက်ပြီး အနည်းငယ် ဇဝေဇဝါဖြစ်သွားမိသည်။
ကောင်ကင်းနတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်ယွင်တို့ကား ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံတွင် မရှိကြချေ။ မည်သည့်ကိစ္စမျိုး ဖြစ်ပွားခဲ့သည့်အတွက် ထိုကောင်းကင်နတ်အရှင်သုံးပါးစလုံး အတူတကွ ထွက်ခွာသွားခဲ့ရပါသနည်း။
ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့၏ လုပ်ဆောင်နိုင်စွမ်းက အရာရောက်သောကြောင့် သူတို့ထွက်ခွာသွားသည်မှာ သဘာ၀ကျသည်။ ကောင်းကင်နတ်အရှင်လင်မှာ သူမ၏အတိုက်အခိုက်စွမ်းရည်ကြောင့် ကျော်ကြားခြင်းမဟုတ်ပေ။ အမှန်တွင် သိုင်းအဆင့်သည်ပင် အမြဲနိမ့်ကျနေခဲ့၏။
ချင်မူ သူမနှင့် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တုန်းက သူမမှာ အစစ်အမှန်နတ်ဘုရားအဆင့်တွင်သာ ရှိခဲ့လေသည်။
သူမအတွက် သိုင်းအဆင့် မြင့်သည်၊ နိမ့်သည်က အရေးမကြီးချေ။ အရေးကြီးဆုံးက ကောင်းကင်နတ်သိုင်းများအား လေ့လာစူးစမ်းခြင်းသာ ဖြစ်သည်။
ဤတစ်ကြိမ်၌ ကောင်းကင်နတ်ဘုံတွင် ကောင်းကင်နတ်အရှင်လင်ပါ ရှိမနေခြင်းအရ အခြေအနေမှာ အလျင်လိုပြီး အရေးကြီးကြောင်း ဖော်ပြနေချေသည်။
ကောင်းကင်နဂါး ရတနာရထားလှည်း ရပ်တန့်သွားသည်။ ချင်မူက ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံသို့ ခိုးကြောင်ခိုးဝှက် ၀င်လာကာ ကောင်းကင်နတ်အရှင်လင်၏ နန်းဆောင်ကို ရှာတွေ့သွားသည်။ ဝါးတုတ်စီးနေသော မြင်းပုလေးများမှာ ပြန့်ကြဲနေသော ကျမ်းစာများကို စစ်ဆေးနေကြဆဲဖြစ်ပြီး ကောင်းကင်နတ်အရှင်လင်၏ နန်းဆောင်သည်လည်း ရှုပ်ပွမြဲ ရှုပ်ပွနေဆဲပင်။
ယန်အာမှာ အမှိုက်သရိုက်များကို မြင်လျှင် အကျင့်ပါနေသော ဓာတ်ခံလေးကြောင့် ကောင်းကင်နတ်အရှင်လင်အတွက် ကြိုးစားပမ်းစား ရှင်းပေးနေတော့သည်။
ချင်မူလည်း ကျမ်းစာများကို စီပေးနေ၏။ ရုတ်တရက် ပန်းချီအထပ်လိုက်အား တွေ့လိုက်ရသဖြင့် သူ မှင်သက်သွားသည်။
သူက ပန်းချီများအား လှန်လှောကြည့်လိုက်သည်။ ပန်းချီတို့သည် အမျိုးသမီးတစ်ဦးနှင့် ဖန်ဆင်းခြင်းသင်္ကေတအမျိုးမျိုး၏ ပန်းချီများ ဖြစ်နေ၏။
‘လန်ဝူ’
ချင်မူ့ရင်မှာ ဒိန်းခနဲ ခုန်သွားသည်။ သူက ပန်းချီများကို အသေးစိတ်ကြည့်ရှုလိုက်ပြီး ကောင်းကင်နတ်အရှင်လင် ရေးဆွဲထားသည်မှာ လန်ဝူ ငယ်ရွယ်စဉ်တုန်းက ဖြစ်ကြောင်း အတည်ပြုနိုင်သွားသည်။
အပျိုပေါက်လေး လန်ဝူသည် ငယ်ရွယ်နုပျိုစွာ လှပနေပြီး သွက်လက်တက်ကြွသဖြင့် လူတိုင်း၏ နှလုံးသားကို ဖမ်းစားနိုင်၏။ သူမ၏ညှို့ဓာတ်တို့က အချစ်တွင် နစ်မြောသွားအောင် လုပ်နိုင်စွမ်းရှိချေသည်။
သူမနှင့်ယှဉ်လျှင် အရွယ်ရောက်လာခဲ့သော နတ်ဘုရင်လန်ဝူသည် ပို၍လှပသော်လည်း သူမ၏နှလုံးသားမှာ အေးစက်နေပြီဖြစ်သည်။ သူမသည် ခံစားချက်ကို အလေးမပေးတော့ဘဲ လက်တွေ့ကျကျသာ ပြုမူတော့၏။
ကောင်းကင်နတ်အရှင်လင်၏ ပုံတူပန်းချီများသည် ပန်းချီပညာ၌ လမ်းစဉ်အဆင့်အထိ မရောက်သေးသော်လည်း ပန်းချီထဲရှိ မိန်းကလေး၏အလှကို ဖော်ကျူးနိုင်လေသည်။ ဤသည်က လန်ဝူကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းမဟုတ်ကြောင်း အထင်အရှားပင်။
ချင်မူလည်း စိတ်ထိန်းရင်း အခြားပန်းချီများကို လှန်လှောကြည့်လိုက်သည်။ ၎င်းတို့အများစုက ဖန်ဆင်းခြင်းသင်္ကေတများဖြစ်နေသည်။
၎င်းတို့အပြင် ပန်းချီနောက်တစ်ခုကိုလည်း ရှာတွေ့သွားသည်။ အဆိုပါပန်းချီသည် ရှုပ်ထွေးလှသော ဧရာမနတ်လက်နက်တစ်ခု ဖြစ်၏။
ချင်မူ ၎င်းကို အလျင်အမြန် စစ်ဆေးကြည့်ပြီးနောက် မျက်နှာအမူအရာ အနည်းငယ် တင်းမာသွားသည်။ ‘ဖန်ဆင်းခြင်းနတ်လက်နက်ပဲ’
၎င်းသည် နတ်လက်နက်၏ အစိတ်အပိုင်းလေးတစ်ခုသာ မဟုတ်ဘဲ ဧရာမဆင်ကြီးတစ်ကောင် အရွယ်အစားရှိနေသည်။
ဖန်ဆင်းခြင်းနတ်လက်နက်မှာ အင်မတန်ကြီးမား၍ ရှုပ်ထွေးလေသည်။ ဖန်ဆင်းခြင်းလမ်းစဉ်ကို အပြည့်အ၀ ထုတ်လွှတ်နိုင်သည့် ကြီးမားလှသော အရာ၀တ္ထုကြီးတစ်ခုလည်း ဖြစ်၏။
‘ဒီဖန်ဆင်းခြင်းနတ်လက်နက်က ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်က ဟာနဲ့ တူတူပဲလား... အရှင်မယွမ်မုက ယွင်ချွီးရှို့ကို ဖန်ဆင်းခဲ့တယ်.... ကောင်းကင်နတ်အရှင်ဆယ်ပါးက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်ဆင်းခဲ့တယ်.... ဒါက သူတို့သုံးခဲ့တဲ့ ဖန်ဆင်းခြင်းနတ်လက်နက်များလား”
ချင်မူ ညည်းတွားလိုက်မိသည်။ ပန်းချီများသည် အင်မတန် ရှုပ်ထွေးနက်နဲလွန်း၏။ လိုအပ်သော ပစ္စည်းများအရ ဖန်ဆင်းခြင်းနတ်လက်နက် သွန်းလုပ်နိုင်သည့် နတ်သတ္တု သို့မဟုတ် သံမဏိမှာ ဤလောကတွင် မရှိချေ။ အဆုံးသတ်မြို့ပျက်မှ သံမဏိ သို့မဟုတ် ကောင်းကင်ယင်သတ္ထုဖြင့်ပင်လျှင် မသင့်လျော်ချေ။
အဆုံးသတ်မြို့ပျက်၏ သံမဏိနှင့် ကောင်းကင်ယင်သတ္တုသည် သဘာ၀တာအိုစည်းချက်များ ကိန်းဝပ်နေသော ကိုယ်ပိုင်ဓာတ်သတ္တိများ ရှိကြ၏။ ဖန်ဆင်းခြင်းနတ်လက်နက် သွန်းလုပ်ရာ၌ ဖန်ဆင်းခြင်းလမ်းစဉ်ကို အပြည့်အ၀ အသုံးချနိုင်ရန် မည်သည့်ဓာတ်သတ္တိမှ မပါရှိသည့် နတ်သတ္ထုတစ်မျိုး လိုအပ်သည်။
‘ကောင်းကင်နတ်အရှင်ယွင် ကျောက်ယန်ခန်းမဆီ သွားပြီး ရတနာတွေ ခိုးတာ အံ့ဩစရာမရှိဘူး... မဟာဧကရာဇ်ရဲ့ တံဆိပ်တော်နဲ့ ယဇ်ပလ္လင်အပြင် သူ့ရည်ရွယ်ချက်က ဖန်ဆင်းခြင်းလမ်းစဉ်နဲ့ လုံး၀ကွက်တိကျတဲ့ ရတနာတစ်ခု ရှာဖို့ပဲ.... ဒီရတနာက ဘိုးဘေးနန်းတော်မှာပဲ ပေါ်လာနိုင်တယ်'
မဟာဧကရာဇ်၏ တံဆိပ်တော်နှင့် ယဇ်ပလ္လင်တို့အထဲ၌ ပါ၀င်သော အသိစိတ်အလျဉ်သင်္ကေတများ၏ ရုပ်ပုံများကိုလည်း သူ တွေ့ခဲ့ရသည်။ ကောင်းကင်နတ်အရှင်လင်ကား မဟာဧကရာဇ်၏ တံဆိပ်တော်နှင့် ယဇ်ပလ္လင်ကို ဖြိုခွဲခြင်းမှတဆင့် အသိစိတ်အလျဉ်သင်္ကေတများ ဖန်တီးထားခဲ့၏။
ရှေးဟောင်းကမ္ဘာဦးခေတ်မှ ဖန်ဆင်းရှင်များသည် စွမ်းအားကြီးမားသော အသိစိတ်အလျဉ်များကို ပိုင်ဆိုင်ထားကြသော်လည်း သင်္ကေတနယ်ပယ်တွင်တော့ တိုးတက်မှု သိပ်မရှိခဲ့ချေ။ သူတို့အတွက် မဟာတာအိုသင်္ကေတများမှာ ဗလာသက်သက်သာ ဖြစ်သည်။
‘မဟာဧကရာဇ်သာ ဒီနေရာမှာ ရှိနေပြီး ကောင်းကင်နတ်အရှင်လင် ဖြိုခွဲထားတဲ့ သင်္ကေတတွေကို တွေ့ရင် မချိတင်ကဲ သက်ပြင်းချပြီးတော့ ကောင်းကင်နတ်အရှင်လင်ကို သူ့ရဲ့တာအိုရောင်ရင်းအဖြစ် သတ်မှတ်လိုက်မှာပဲ.. ဒါပေမဲ့ ပြီးတာနဲ့ သူ့ကို ချက်ချင်း သတ်ပစ်လိမ့်မယ်’
ချင်မူ့အကြည့်များက ရိပ်ခနဲ ဖြတ်ပြေးသွားကာ ကောင်းကင်နတ်အရှင်လင် စီထားသော အသိစိတ်အလျဉ်သင်္ကေတများကို ကြည့်လိုက်သည်။ ကောင်းကင်နတ်အရှင်လင်သည် စာပေလေ့လာခြင်းကိုသာ စိတ်၀င်စားပြီး မည်သည့်အရာကိုမှ ဂရုမစိုက်ချေ။ သူမ၏ ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းသည် သူကိုယ်တိုင်ထက်ပင် မြင့်မားသည်ဟု ကောင်းကင်နတ်အရှင်ယွီ ပြောခဲ့ဖူး၏။ ကောင်းကင်နတ်အရှင်ယွီက နိမ့်ချ၍ ပြောကောင်းပြောခဲ့နိုင်သော်လည်း ကောင်းကင်နတ်အရှင်လင်၏ ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းတို့က အံ့မခန်းလိလိ မြင့်မားချေသည်။
မဟာဧကရာဇ်၏ အသိစိတ်အလျဉ်သင်္ကေတများကို ဖြိုခွဲရန် သူမအား အကူအညီတောင်းခဲ့သူသည် ကောင်းကင်နတ်အရှင်ယွင် ဖြစ်ပေလိမ့်မည်။ မဟာဧကရာဇ်၏အားနည်းချက်ကို ခန့်မှန်းရန်အတွက်လည်း ဖြစ်မည်။
‘ပြောရရင် ကောင်းကင်နတ်အရှင်ယွင်က မဟာဧကရာဇ်ရဲ့ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ထဲက အားနည်းချက်တွေကို ရှာဖွေပြီး မဟာလေဟာနယ်ထဲမှာ ထောင်ချောက်ဆင်ခဲ့တာ... မဟာဧကရာဇ်ရဲ့ အဆင့်မြင့်အသိစိတ်အလျဉ်နယ်က ချိုးဖျက်ခံခဲ့ရပြီးပြီ... သူ့ရဲ့ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ကို အသက်သွင်းလိုက်တာနဲ့ သူ သေလိမ့်မယ်”
ပန်းချီများကို ကြည့်နေရင်း ကောင်းကင်နတ်အရှင်သုံးဦး လှုပ်ရှားနေသည့် အကြောင်းရင်းအား သူ သိသွားသည်။
‘သူတို့က မဟာဧကရာဇ်နဲ့ ရင်ဆိုင်ဖို့ မဟာလေဟာနယ်ထဲ သွားနေတာပဲ’
ချင်မူသည် အလွန်တောက်ပလာသည့် မျက်ဝန်းများဖြင့် ခေါင်းမော့လိုက်၏။ ပြီးခဲ့သော နှစ်များအတွင်း ကောင်းကင်နတ်အရှင်လင်သည် မပြောင်းလဲသော ဒြပ်ထုကို လေ့လာနေခြင်းအား ရှေ့ဆက်မတိုးဘဲ ဖန်ဆင်းခြင်းလမ်းစဉ်ကိုသာ ပြီးပြည့်စုံစေရန် အဖြေရှာခဲ့သည်။ ထို့အပြင် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို လေ့လာခြင်းကလည်း အချိန်ယူခဲ့၏။
သို့သော် ဤအချက်ကြောင့်ပင် ကောင်းကင်နတ်အရှင်ယွင်သည် မဟာဧကရာဇ်နှင့် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်တို့ကို ရင်ဆိုင်နိုင်မည့် နည်းလမ်းအား ဖန်တီးနိုင်ခဲ့သည်။
‘အခုအချိန်လောက်ဆို မဟာလေဟာနယ်မှာ တိုက်ပွဲကြီးကြီးမားမား ဖြစ်နေပြီထင်တယ်’
ချင်မူမှာ တုန်လှုပ်သွားသည်။ သို့သော် မျိုးဆက်သစ်များအပေါ် သက်ရောက်မှုရှိလာမည့် ထိုတိုက်ပွဲကို တွေ့မြင်ရန် အချိန်မီသွားရောက်နိုင်မည်မဟုတ်ချေ။
မဟာလေဟာနယ်ထဲတွင်
တစ်လောကလုံးကို တုန်လှုပ်သွားစေသော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ မဟာဧကရာဇ်၏ ခမ်းနားတင့်တယ်သော ပုံရိပ်သည် ကောင်းကင်ကို ခွဲ၍ ဖန်ဆင်းရှင်များ ဖန်ဆင်းထားသော ကြယ်များကို နင်းခြေကာ နေ၊ လ၊ တောင်တန်းများနှင့် မြစ်များကို ဖျက်ဆီးလိုက်၏။ မဟာလေဟာနယ်၏ ဖန်ဆင်းရှင်များ ဖန်ဆင်းထားသော ကမ္ဘာမှာ ပျက်စီးနေချေပြီ။
ကြောက်မက်ဖွယ် အသိစိတ်အလျဉ်က နောက်ဆုတ်ပြီးနောက် ဖန်ဆင်းရှင်များ၏စိတ်ထဲသို့ တိုးဝင်ကာ တိုက်စစ်ဆင်သည်။
တစ်ချိန်က အေးချမ်းသာယာခဲ့သော မဟာလေဟာနယ်မှာ ရုတ်ခြည်းဆိုသလို စုပြုံသတ်ဖြတ်ခံနေရသော မြင်ကွင်းအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။ မဟာလောဟာနယ်မြေပြင်ထဲသို့ ထွက်ပြေးလွတ်မြောက်လာခဲ့သော ဖန်ဆင်းရှင်များမှာ စွမ်းအားကြီးမားလှသော အသိစိတ်အလျဉ်တိုက်ခိုက်မှုအောက်ဝယ် မိမိ၏စိတ်ဆန္ဒမပါဘဲ သူတို့၏ခေါင်းများအား ကောင်းကင်သို့ အတင်းအကြပ် အမော့ခံလိုက်ရသည်။ ထိန်းချုပ်မရနိုင်သော အသိစိတ်အလျဉ်တို့သည် သူတို့ပါးစပ်များမှ အရှိန်အဟုန်ဖြင့် ထွက်သွားရင်း သူတို့၏ စိတ်နှင့်အသိစိတ်အလျဉ်ကို အစိတ်စိတ်အမွှာမွှာ ခွဲခြေကာ အတွေးများကို စိစိညက်ညက် ချေမှုန်းပစ်လိုက်၏။
မဟာလေဟာနယ်မြေပြင်တွင် မြေထုနှစ်ခု ပါရှိသည်။ အခြားမြေထုပေါ်တွင် ငယ်ရွယ်သော နတ်ဘုရင်လန်ဝူမှာ ထိုမြင်ကွင်းကို ငေးကြောင်ကြည့်နေချေသည်။
ကောင်းကင်နတ်အရှင်ယွင်က သူမဘေး၌ ရပ်၍ နူးညံ့စွာ ပြောသည်။ “လန်ဝူ၊ မင်းနဲ့ မင်းရဲ့မျိုးနွယ်က မကောင်းမှုတွေ၊ ကောက်ကျစ်စဉ်းလဲမှုတွေကို နားမလည်ကြဘူး... ဒီနေ့ ငါ မင်းကို နောက်ဆုံးသင်ခန်းစာတစ်ခု သင်ပြပေးမယ်”
သူက ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ပြောလိုက်၏။ “မျိုးနွယ်တစ်ခု ရှင်သန်ဖို့အတွက် ဘယ်အရာကမှ ကန့်သတ်ချက်မရှိဘူး”
နတ်ဘုရင်လန်ဝူမှာ ပါးစပ်အဟောင်းသား ဖြစ်နေချေသည်။ သူမသည် ကောင်းကင်နတ်အရှင်ယွင်နောက်ရှိ ဖန်ဆင်းရှင်တို့၏ခေါင်းဆောင်များ၊ အကြီးအကဲများကို ကြည့်နေ၏။ မည်သူကမှ မဟာဧကရာဇ်ကို ထ၍ မတိုက်ခိုက်ကြသလို၊ သူ၏သတ်ဖြတ်မှုကို တားဆီးရန် မကြိုးစားကြချေ။
“မျိုးနွယ်စုတစ်ခု ရှင်သန်ဖို့အတွက် အရာအားလုံးဟာ စတေးပစ်ဖို့ ထိုက်တန်တယ်”
ကောင်းကင်နတ်အရှင်ယွင်က အရေးမကြီးသည့်အလား လန်ဝူအား ပြောနေသည်။ “မဟာလေဟာနယ်ရဲ့ ပထမမြေထုနဲ့ အဲ့ဒီက ဖန်ဆင်းရှင်တွေကို မဟာဧကရာဇ် ဖျက်ဆီးဖို့ ခွင့်ပြုပေးလို့ရတယ်... မဟာလေဟာနယ်ထဲက အသိစိတ်အလျဉ်တွေ ပြိုလဲသွားခြင်းက အဲ့ဒီမြေထုကို မျှော်လင့်ချက်မရှိတဲ့ အခြေအနေအဖြစ် ပြောင်းလဲလိုက်လိမ့်မယ်... အသိစိတ်အလျဉ်က ငါတို့တွေကိုတင် တန်ပြန်တိုက်ခိုက်မှာမဟုတ်ဘူး... မဟာဧကရာဇ်ကိုလည်း တိုက်ခိုက်လိမ့်မယ်... သိုင်းအဆင့် မြင့်လေလေ၊ တန်ပြန်တိုက်ခိုက်မှုက ပိုပြင်းထန်လေလေပဲ..”
သူက အားတင်း၍ ကြင်နာစွာ ပြုံးလိုက်သည်။ “မင်းအနောက်က လူတစ်သိန်းရဲ့ အသက်အတွက် မင်းမျိုးနွယ်တစ်သန်းရဲ့ သေဆုံးခြင်းကို လဲလှယ်ပေးလို့ရတယ်”
ငယ်ရွယ်သေးသည့် လန်ဝူမှာ အကြီးအကဲနှင့် ခေါင်းဆောင်များကို တောင်းပန်တိုလျှိုးစွာ ကြည့်လိုက်မိ၏။ သူတို့နောက်တွင် ဖန်ဆင်းရှင်တစ်သိန်း ရှိလေသည်။
“ကျေးဇူးပြုပြီး သူတို့ကို ကယ်ပေးပါ...”
လန်ဝူမှာ ထူးဆန်းသောအသံဖြင့် တောင်းပန်မိနေသည်။ “ကျေးဇူးပြုပြီးတော့”
ရှေးအကျဆုံး ဖန်ဆင်းရှင်ခေါင်းဆောင် ၉၈ ဦးသည် သူတို့၏အသိစိတ်အလျဉ်များကို အတူတကွ ရောယှက်၍ ခမ်းနားထည်ဝါသော အသိစိတ်အလျဉ်လှိုင်းတစ်လှိုင်းအဖြစ်သို့ ပြောင်းလဲလိုက်ကြ၏။ အသိစိတ်အလျဉ်မှာ သူတို့မျိုးနွယ်၏အနာဂတ်အတွက် စတေးပေးရမည့်အပေါ် ဝမ်းသာပီတိ ဖြစ်နေသည်။ “လန်ဝူ၊ ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ အထွတ်အမြတ်မိန်းမပျို.... ငါတို့မျိုးနွယ် ရှင်သန်နိုင်ဖို့ အရာရာက စတေးပစ်ဖို့ ထိုက်တန်ပါတယ်... ငါတို့ အဆင်သင့်ဖြစ်ပြီ”