သေဆုံးသွားသော မဟာဧကရာဇ်၊ လန်ဝူ၏ အကြင်နာမဲ့လမ်းစဉ်
Vol. 83 Ch. 1073
ကောင်းကင်နတ်အရှင်ယွင်မှာ ထူးဆန်းလှသော ဤကမ္ဘာထဲသို့ စတင်ခြေချစဉ်ကတည်းက ဖန်ဆင်းရှင်များဆီ မကြာခဏ သွားရောက်ကာ အကြံပေးခဲ့သည်။ လန်ဝူနှင့် အခြားဖန်ဆင်းရှင်များထံ ဗျူဟာမျိုးစုံရှင်းပြ၍ လှည့်စားတတ်အောင် ကြိုးစားခဲ့သည်။ သို့သော် အကျိုးသက်ရောက်မှု များများစားစား မရှိခဲ့ချေ။
အကြောင်းရင်းက ဖန်ဆင်းရှင်တို့ နေထိုင်သည့် ပတ်၀န်းကျင်ကြောင့်ပင်။
ဤနေရာ၌ နေထိုင်သော ဖန်ဆင်းရှင်များသည် အခက်အခဲဒုက္ခများ၊ စိုးရိမ်ပူပန်စရာများ မရှိသည့် ဘ၀ကို တောင့်တကြ၏။ မဟုတ်လျှင် ဤနေရာသို့ ထွက်ပြေးလာကာ မဟာလေဟာနယ်ကို တည်ဆောက်ခဲ့ကြမည် မဟုတ်ချေ။
ဤအချက်က သူတို့၏ အသိစိတ်အလျဉ်ကျင့်စဉ်ကြောင့်လည်း ဖြစ်၏။
ဖန်ဆင်းရှင်များအကြားတွင် လိမ်လည်လှည့်ဖြားရန် မလိုအပ်ချေ။ တစ်ဦးနှင့်တစ်ဦး အသိစိတ်အလျဉ်ဖြင့် ဆက်သွယ်ကြသည့်အလျောက် အသိစိတ်အလျဉ်ချင်း ထိမိသွားသည်နှင့် တစ်ဖက်လူ၏ ရင်ထဲ၊ စိတ်ထဲက အကြောင်းအရာဟူသမျှကို သိရှိကြသည်။ ထို့ကြောင့် မုသားများ၊ လှည့်ကွက်များမှာ ဤနေရာတွင် မရှင်သန်နိုင်ပေ။
ယခင်တုန်းက ဘိုးဘေးဝိညာဉ်လော့ရှောင်သည် သတင်းစုဆောင်းရန် မဟာလေဟာနယ်မှ ထွက်သွားနိုင်ခဲ့သော အကြောင်းအရင်းမှာ ဖန်ဆင်းရှင်များကြားတွင် ဉာဏ်အကောင်းဆုံး ဖြစ်၍ပင်။
သို့ထိတိုင် လော့ရှောင်မှာ လိမ်လည်လှည့်ဖြားတတ်အောင် မသင်ယူခဲ့ရချေ။
ကောင်းကင်နတ်အရှင်ယွင် သူတို့ကို သင်ပြပေးမည့် နောက်ဆုံးသင်ခန်းစာသည် ဤမျှရက်စက်လိမ့်မည်ဟု လန်ဝူတို့ မမျှော်လင့်ထားမိသည်မှာ အမှန်ဖြစ်သည်။
အခြားမြေထုမှ ဖန်ဆင်းရှင်များအပေါ် လှည့်စား၍ မဟာလေဟာနယ်မြေပြင်နှင့် သန်းပေါင်းများစွာသော အသက်တို့ကို ပျက်စီးစေကာ မဟာဧကရာဇ်စွမ်းအားကို ကန့်သတ်ရသည်အထိ ရက်စက်လှချေသည်။
ထို့အပြင် ခေါင်းဆောင် ၉၈ ဦးနှင့် အကြီးအကဲများသည် ကောင်းကင်နတ်အရှင်ယွင်၏ အကြံပြုချက်အား အမှန်တကယ် သဘောတူခဲ့၏။
ကောင်းကင်နတ်အရှင်ယွင်၊ ခေါင်းဆောင် ၉၈ ဦးနှင့် အကြီးအကဲတို့၏ ရည်ရွယ်ချက်မှာ အသက်တစ်သိန်းအတွက် အသက်တစ်သန်းအား လဲလှယ်ရန်ဖြစ်ချေသည်။
ငယ်ရွယ်သေးသော လန်ဝူမှာ မူးဝေကြောင်အနေသည်။
သူမ၏ မျက်စိရှေ့မှာတင် မဟာလေဟာနယ်၏ တစ်ဖက်မြေထုသည် ဖျက်ဆီးခံရနေ၏။ ကျယ်ပြောလှသော မြေထု၊ ဖန်ဆင်းရှင်များ ဖန်ဆင်းထားသည့် ကြယ်တာရာကောင်းကင်၊ ကုဋေချီသော ကြယ်များ၊ တောင်တန်းများ၊ မြစ်များ၊ ရေကန်များ၊ ပင်လယ်များအပြင် မြင်ယောင်ဖန်ဆင်းထားသော သတ္တဝါများအားလုံးမှာ ပိုင်ရှင်မဲ့ အသိစိတ်အလျဉ်လှိုင်းများအဖြစ် ပြောင်းလဲခံရနေသည်။
အသိစိတ်အလျဉ်ပြိုကွဲခြင်း၏ အကျိုးဆက်များက ပြင်းထန်လွန်းသောကြောင့် တွေးမိသမျှ အရာအားလုံး ဖြစ်တည်လာသည့်အတိုင်းအတာအထိ ထိတ်လန့်ချောက်ချားဖွယ်ရာ ကောင်းလာသည်။
စိတ်နှလုံးမိစ္ဆာတို့က ဤနေရာကို အတိုင်းထက်အလွန် ကြောက်စရာကောင်းလာစေသည်။ ဖရိုဖရဲဖြစ်နေသော ပိုင်ရှင်မဲ့ အသိစိတ်အလျဉ်လှိုင်းသည် ခန္ဓာအတွင်းရှိ စိတ်နှလုံးမိစ္ဆာကို ခံစားကာ အမှန်တကယ် ဖန်ဆင်းပေးနေ၏။ ထိုလှိုင်းဖြင့် ရိုက်ခတ်ခံလိုက်ရသော အသိစိတ်အလျဉ်မှာလည်း ကူးစက်ခံလိုက်ရကာ ညစ်ညမ်းလာသည်။
တစ်ချိန်က သူမတူအောင် စင်ကြယ်ခဲ့သော မြေထုမှာ ကြောက်စရာကောင်းလောက်အောင် ညစ်ညမ်းလာချေပြီ။ မဟာဧကရာဇ်ကား ကျန်မြေထုဆီသို့လည်း ရောက်လာခဲ့ပြီဖြစ်သဖြင့် ကျန်မြေထုမှာလည်း မကြာခင် ဖျက်စီးခံရတော့မည်။
ထိုအခါ ခေါင်းဆောင် ၉၈ ဦးနှင့် အကြီးအကဲများက ကောင်းကင်နတ်အရှင်ယွင်တို့၏ ဗျူဟာအတိုင်း လိုက်နာပြီး မဟာဧကရာဇ်အား သွေးမြေကျသည်အထိ တိုက်ခိုက်ရင်း တစ်ယောက်ပြီးတစ်ယောက်က အသေခံနေကြသည်။ နောက်ဆုံးတော့ သူ့အား ထောင်ချောက်တစ်ခုဆီသို့ မျှားခေါ်လာနိုင်ခဲ့၏။
ထောင်ချောက်က မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကို ခုခံ၍ သူ့အသိစိတ်အလျဉ်အတွင်းရှိ အားနည်းချက်ကို တိုက်ခိုက်ရန် ကောင်းကင်နတ်အရှင်သုံးဦးဖြစ်သည့် ယွင်၊ ယွဲ့နှင့် လင်တို့ ရေးဆွဲထားခြင်း ဖြစ်သည်။
သို့သော် ပေးဆပ်ရသည့်တန်ဖိုးမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
မဟာဧကရာဇ်ကို သတ်နိုင်ရန်အတွက် သူတို့သည် မဟာလေဟာနယ်၏ မြေထုကို ဖျက်စီးပစ်ဖို့ တွန့်ဆုတ်မနေသလို၊ ဖရိုဖရဲဖြစ်နေသော ပိုင်ရှင်မဲ့အသိစိတ်အလျဉ်ကိုလည်း မဟာလေဟာနယ်အတွင်း၌ ပြည့်နှက်သွားအောင် လုပ်ဝံ့ခဲ့၏။
မဟာဧကရာဇ်ကို သတ်နိုင်ရန်အတွက် မျိုးနွယ်စုအမျိုးမျိုးမှ အထွတ်အမြတ် ယဇ်ဝတ္ထုပစ္စည်းများကိုလည်း အသုံးချကာ ထောင်ချောက်ဆင်ခဲ့သည်။
သူတို့က မဟာဧကရာဇ်ကို ကြာပွင့်သဏ္ဍာန် မြေထုဆီ မျှားခေါ်သွားရင်း ကောင်းကင်နတ်အရှင်သုံးပါး ပြုလုပ်ထားသော ထောင်ချောက်များအား အသက်သွင်းကာ ဖန်ဆင်းခြင်းလမ်းစဉ်ဖြင့် မဟာဧကရာဇ်၏ ဖန်ဆင်းနိုင်စွမ်းကို ပိတ်ပင်လိုက်သည်။ မရေမတွက်နိုင်သော လက်တံတုတ်တုတ်ကြီးများသည် မဟာဧကရာဇ်၏ ခြေထောက်အသားစိုင်ထဲ ဖောက်ဝင်၍ ကြာပွင့်သဏ္ဍာန်မြေထုအတွင်း ထိုးစိုက်ကာ မဟာဧကရာဇ်၏ ရုပ်ခန္ဓာအား ချုပ်ထားလိုက်ကြ၏။
ထို့နောက် မဟာဧကရာဇ် သူ၏အဆင့်မြင့်အသိစိတ်အလျဥ်နယ်ကို မဖြစ်မနေ အသက်သွင်းရအောင် ဖိအားပေးရင်း အပြင်းအထန် တိုက်ခိုက်ကြသည်။ သူ ထိုသို့ အသက်သွင်းလိုက်သည့်အခါ သူ့သေတွင်းသူ တူးမိသလို ဖြစ်သွားချေပြီ။ တစ်ချိန်တည်းမှာပင် သူတို့လည်း အသက်ပေးကြရသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်သုံးပါးဖြစ်သည့် ယွင်၊ ယွဲ့နှင် လင်တို့က တစ်ပြိုင်နက် လှုပ်ရှားပြီး အဆင့်မြင့်အသိစိတ်အလျဉ်နယ်ကို ပြောင်းပြန်လှန်၍ အတွင်း၌ ကျန်ရှိနေသေးသော ခေါင်းဆောင်များ၊ အကြီးအကဲများနှင့်အတူ မဟာဧကရာဇ်အား အတူတူ ချုပ်လိုက်ကြသည်။
မဟာဧကရာဇ်၏ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်မှာ သူ့ကို ချုပ်နှောင်ပေးမည့် နောက်ဆုံးအဆင့်ဖြစ်၏။
ကောင်းကင်နတ်အရှင်လူငယ်သုံးဦးမှာ အဆင့်မြင့်အသိစိတ်အလျဉ်နယ်၏ အပြင်တွင် ရပ်၍ ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ပတ်ဝန်းကျင်အား ကြည့်လိုက်ကြသည်။
ကောင်းကင်နတ်ဧကရာဇ်နှင့် သူ၏ ရှေးဟောင်းနတ်ဘုရားများပင်လျှင် မနှိမ်နင်း မသတ်ဖြတ်နိုင်ခဲ့သည့် မဟာဧကရာဇ်ကျူယွီရှစ်ကား သူတို့လက်ထဲတွင် သေဆုံးခဲ့ချေပြီ။
မဟာဧကရာဇ်သည် အတုမဲ့ ရုပ်ခန္ဓာနှင့် ပြိုင်ဘက်ကင်းသော အသိစိတ်အလျဉ်ကို ပိုင်ဆိုင်ထားသည့်အတွက် ဖန်ဆင်းရှင်တို့၏ ကိုးကွယ်ခြင်း ခံခဲ့ရသည်။ သို့သော် ယခုတော့ သူ၏ရုပ်ခန္ဓာမှာ သေဆုံးသွားပြီး အသိစိတ်အလျဉ်လည်း ထာ၀ရချိတ်ပိတ်ခံလိုက်ရ၏။ ဤအရာအားလုံးကို လူသားမျိုးနွယ်၏ လူငယ်ကောင်းကင်နတ်အရှင်သုံးပါးက စွမ်းဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
“မင်းတို့သုံးယောက်”
မဟာဧကရာဇ်၏ အသိစိတ်အလျဉ်မှာ သူ၏ကိုယ်ပိုင်အသိစိတ်အလျဉ်နယ်ပယ်ထဲတွင် အေးခဲနေသော်လည်း ပြင်းပြင်းထန်ထန် တုန်ခါနေဆဲပင်။ အချိန်ကြာလာသည်နှင့်အမျှ တုန်ခါမှုများမှာ အားနည်းလာသည်။
သူက နယ်ပယ်အပြင်ရှိ ငယ်ရွယ်နုနယ်သော မျက်နှာသုံးခုဆီ ကြည့်လိုက်ပြီး လက်ကျန်အသိစိတ်အလျဉ် အစိတ်အပိုင်းများကို အားကုန်စုစည်း၍ ကောင်းကင်နှင့်မြေကြီးတစ်လျှောက် ပဲ့တင်ထပ်သွားစေ၏။ “ဒီနေ့ဖြစ်ရပ်အတွက် ကလဲ့စားချေတဲ့အနေနဲ့ မင်းတို့သုံးယောက်ကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်မယ်... မင်းတို့က ငါ့လက်ထဲမှာ သေရမယ့် ကံကြမ္မာပါလာပြီးသား.... မင်းတို့အလောင်းတွေက ငါ့အောင်မြင်မှုရဲ့ ပြယုဂ်တွေ ဖြစ်လာလိမ့်မယ်...”
ကောင်းကင်နတ်အရှင်လင်က လက်ချောင်းတစ်ချောင်း မြှောက်လိုက်ရာ သူမလက်ထိပ်တွင် သင်္ကေတလေးတစ်ခု တဖျတ်ဖျတ် လှုပ်လာပြီး အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်တစ်ဝန်း ပြည့်နှက်သွားသည်။
နောက်ဆုံးပဟေဠိကို ဖြေဆိုလိုက်သကဲ့သို့ ထောင်ချောက်မှာ အပြည့်အ၀ အသက်၀င်သွားပြီး မဟာဧကရာဇ်အား လုံးလုံးလျားလျား ချုပ်နှောင်လိုက်ချေပြီ။
“နောက်ဆုံးတော့ မဟာဧကရာဇ် သေသွားပြီ... ငါတို့ ပြန်ရတော့မယ်” ကောင်းကင်နတ်အရှင်လင်က ပြောသည်။
ကောင်းကင်နတ်အရှင်ယွဲ့က ဟိုဟိုသည်သည် ကြည့်လိုက်သည်။ ကျန်ခဲ့သော မဟာလေဟာနယ်၏ မြေထုတွင် စိတ်နှလုံးမိစ္ဆာများမှ မွေးဖွားလာသည့် မကောင်းဆိုးဝါးကောင်များ ပြည့်နှက်နေသောကြောင့် နေထိုင်၍မရနိုင်သည့် နေရာတစ်ခု ဖြစ်လာခဲ့ချေပြီ။ သူမက သနားကရုဏာသက်မိသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်မိသည်။ “ဒါဆို သူတို့....”
ကောင်းကင်နတ်အရှင်ယွင်သည် ကျန်ရှိသည့် ဖန်ဆင်းရှင်များထံသို့ လျှောက်သွား၏။ ကျန်ရှိသည့်ခေါင်းဆောင်များက သူ့အား ပြောသည်။ “ကျုပ်တို့ ကျန်တဲ့သူတွေကို မဟာလေဟာနယ်ရဲ့ အခြားတစ်ဖက်ခြမ်းကို ခေါ်သွားပြီး ကျုပ်တို့ဘိုးဘေးဝိညာဉ်ရဲ့ ဒုတိယဟောကိန်းအတိုင်း လေဟာနယ်တံတားတစ်စင်း တည်ဆောက်ပါ့မယ်.... စိတ်ပူပန်စရာတွေ၊ ဒုက္ခတွေမရှိတဲ့ ကမ္ဘာတစ်ခုကို တခြားတစ်ဖက်မှာ တည်ထောင်မယ်”
ကောင်းကင်နတ်အရှင်ယွင် ခေါင်းညိတ်ပြလိုက်သည်။ “ခင်ဗျားတို့ ပရတ္တကမ္ဘာကို ဖန်ဆင်းမပြီးသရွေ့ ကျွန်တော် မကြာမကြာ လာလည်ပြီး ကူညီပေးပါ့မယ်... ကောင်းကင်နတ်အရှင်ယွဲ့ကလည်း လေဟာနယ်တံတားကနေ ပရမတ္တကမ္ဘာဆီ ဝင်ပေါက်ကို ရေးဆွဲပေးပါလိမ့်မယ်.... သူက တခြားသူတွေ ပရမတ္တကမ္ဘာကို ရှာမတွေ့အောင် တားဆီးပေးမယ့် အိမ်သုံးအိမ်ကိုတောင် ပုံဖော်ရေးဆွဲပြီးပြီ’
ထို့နောက် သူက လန်ဝူဆီသို့ သွားသည်။ အတွေ့အကြုံနုနယ်နေသေးသော လန်ဝူမှာ ၀မ်းနည်းကြေကွဲနေဆဲဖြစ်၍ တိတ်ဆိတ်နေသည်။
“ကျွန်မ ရှင့်ကို သဘောကျခဲ့ဖူးတယ်... ဒါပေမဲ့ အခုကစပြီး သဘောမကျတော့ဘူး”
ဖန်ဆင်းရှင်မလေးမှာ ငေးငိုင်နေသည်။ ရုတ်တရက် သူမပါးပေါ်သို့ မျက်ရည်စက်များ စီးကျလာလေသည်။ သို့သော် သူမ၏လေသံသည် သာမန်နှင့်မတူဘဲ တည်ငြိမ်နေပြီး သူမက တစ်ချက်ပင် လှည့်မကြည့်ဘဲ ဖန်ဆင်းရှင်များနှင့်အတူ ရှေ့ဆက်လျှောက်သွားရင်း ပြော၏။ “ကျွန်မ တခြားသူတစ်ယောက်ကို နောက်တစ်ကြိမ် သဘောကျမိမယ် မထင်တော့ဘူး....ယွင်၊ ရှင့်ရဲ့နောက်ဆုံးသင်ခန်းစာက ကျွန်မကို အများကြီး သင်ပြပေးခဲ့ပါတယ်.... ကျွန်မမျိုးနွယ်အတွက် ကျွန်မ ရှင့်လိုလူ နောက်တစ်ယောက် ဖြစ်လာရမယ်”
ကောင်းကင်နတ်အရှင်ယွင်မှာ နေရာ၌ ရပ်၍ သူမ ထွက်သွားသည်ကို ကြောင်လျက် ကြည့်နေမိသည်။ ရုတ်တရက် သူ၏နှလုံသားထဲတွင် နာကျင်မှုအား ခံစားလိုက်ရ၏။
သူ့လိုလူ ဖြစ်လာရန် မလိုအပ်ကြေင်း၊ အရင်ကကဲ့သို့ လွတ်လပ်စေလိုသည့်အကြောင်း သူ ပြောချင်မိသည်။ သူမထံသို့ အော်ဟစ်၍ ကတိများ ပေးချင်မိသည်။
နောက်ဆုံးတော့ သူက ပြုံးလိုက်ပြီး သူ့စကားသံသူ သူ့နားထဲတွင် ပြန်ကြားလိုက်သည်။ “ကောင်းပါပြီ”
သူ့စကားကို ကြားသောအခါ လန်ဝူ၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ရီသွားလေသည်။ နောက်ဆုံးတွင် သူမသည် စိတ်အားတင်း၍ အဝေးသို့ ဆက်လျှောက်သွား၏။
ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်လင်တို့ သူ့အနား ရောက်လာကြသည်။ ကောင်းကင်နတ်အရှင်ယွင်မှာ ကြေကွဲ၀မ်းနည်းမှုကို မြိုသိပ်လိုက်ရင်း စိတ်အား ပြန်လည်တက်ကြွစေလိုက်သည်။ “ငါတို့ အခု သွားသင့်ပြီ.. လူသားမျိုးနွယ်က ငါတို့ကို လိုအပ်တယ်”
သုံးယောက်သား ပျက်စီးနေသောမြေထုမှ ထွက်ခွာလာကြသည်။
သူတို့ အမှတ်တမဲ့ ပြန်လှည့်ကြည့်လိုက်သည့်အခါ ရှင်ကျန်ခဲ့သည့် ဖန်ဆင်းရှင်များ ပြောင်းရွှေ့နေကြသည်မှာ သူတို့၏ဘိုးဘေးများ တွေ့ကြုံခဲ့ရသည့် အခက်အခဲများနှင့် ဆင်တူကြောင်း သတိထားမိလိုက်သည်။ သူတို့သည် ပျက်စီးနေသော မဟာလေဟာနယ်၏ မြေပြင်ထဲတွင် တရိပ်ရိပ် လျှောက်နေကြ၏။
ဤနေရာမှ ပရမတ္တကမ္ဘာသို့ ထွက်ခွာသွားသော ဖန်ဆင်းရှင်တစ်သိန်းတွင် ဘယ်လောက်များများ အသက်ရှင်ကျန်ခဲ့မည်နည်း။
အဖြေကို ကောင်းကင်နတ်အရှင်ယွင်တို့ မသိကြချေ။ သို့သော် လန်ဝူ ယခင်က ပြောပြခဲ့ဖူးသည်ကို ချင်မူ ကြားခဲ့ဖူးသည်။ ပရမတ္တကမ္ဘာသို့ အသက်ရှင်လျက် ၀င်ရောက်နိုင်ခဲ့သူကား နှစ်သောင်းသာ ရှိချေသည်။