အသက်နှင့် ရင်း၍ တဟုန်ကို တိုက်ခိုက်ခြင်း
Vol. 83 Ch. 1075
ချင်မူ့မျက်ခုံးများ နှစ်ကြိမ်တိတိ ပင့်တက်သွားပြီး သူ့လက်ဖဝါးများမှာ ချွေးစီးတို့ဖြင့် စီးကပ်လာသည်။
တဟုန်နှင့် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ လူ၀င်စား ကုရှောင်တို့၏ တိုက်ပွဲကို သူကိုယ်တိုင် မြင်ခဲ့ဖူးသည် မဟုတ်လော။ သူတို့သည် သန်မာအားကောင်းလှ၏။ တဟုန်က ကုရှောင်၏ ပြိုင်ဘက် မဟုတ်သော်လည်း အတိုင်းထက်အလွန် အစွမ်းထက်နေသေးသည်။
ချင်မူ သူ့အား အမှန်တကယ် ရင်ဆိုင်နိုင်ပါ့မည်လော..
မဟာဧကရာဇ်၏ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်အား ကောင်းကင်နတ်အရှင်လင် မည်သို့ဖြိုခွဲခဲ့မှန်း သူ နားလည်သော်လည်း အမှန်တကယ် လုပ်ဆောင်နိုင်ရန် ယုံကြည်ချက်သိပ်မရှိချေ။
ကွာဟမှုကား မိုးနှင့် မြေပမာပင်။
တဟုန်၏ အင်္ကျီလက်စများသည် တဖျတ်ဖျတ် လှုပ်ခတ်နေပြီး သူက ချင်မူ့ကို စိုက်ကြည့်ရင်း ရထားလှည်းထဲသို့ ၀င်ရောက်လာ၏။
“ဒီနေရာကို ရောက်လာရဲသေးတယ်နော် မဟာဧကရာဇ်.... ခင်ဗျားရဲ့ ရန်သူတွေ နေရာတိုင်းမှာရှိတာ သိတယ်မလား... ကမ္ဘာဦးကို အပေါ်ကနေ စောင့်ကြည့်နေတဲ့ ကောင်းကင်နယ်စားမင်း၊ ကောင်းကင်ကို စောင့်ကြပ်နေတဲ့ မဟာနေဧကရာဇ်နဲ့ အောက်ကနေ ကမ္ဘာဦးဘုံကို ထိန်းချုပ်နေတဲ့ အမိကမ္ဘာမြေအပြင်... ခင်ဗျားကို လိုက်ရှာနေတဲ့ နတ်ဘုရင်ကုန်းယွင်လည်း ရှိသေးတယ်”
ချင်မူ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်း ပြောလိုက်မိသည်။ “အခုလေးတင် ခင်ဗျားရဲ့ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းကိုလည်း ထုတ်ဖော်လိုက်ပြီ... ကျွန်တော်သာဆို လွဲချော်သွားတာနဲ့ ထွက်သွားခဲ့မှာပဲ... ဒါပေမဲ့ ခင်ဗျားက ဆက်နေခဲ့တယ်... ဘယ်လောက်တောင် ဉာဏ်တိမ်လိုက်သလဲ”
တဟုန်က မည်သည့်ခံစားချက်မှမပါဘဲ ခပ်ပြတ်ပြတ် ပြန်ဖြေသည်။ “ငါ သိတယ်... ဒါပေမဲ့ သွေးကြွေးကို သွေးနဲ့ပဲ ပြန်ဆပ်ရမယ်... မင်း ငါ့ကို တားဆီးရင် မင်းကို သတ်မယ်... ငါ့အတွက် အချိန်အကြာကြီး ပေးလိုက်ရမှာမဟုတ်ဘူး... ငါ့ကိစ္စပြီးတာနဲ့ ထွက်သွားမှာ... ကောင်းကင်နယ်စားမင်းနဲ့ အမိကမ္ဘာမြေလည်း ငါ့ကို ရှာတွေ့မှာမဟုတ်ဘူး.... အဖြစ်မရှိတဲ့ မဟာနေဧကရာဇ်ဆို ပိုလို့တောင် မရှာနိုင်သေးတယ်း”
ချင်မူ၏ သူငယ်အိမ်များ ကျုံ့၀င်သွားသည်။ “ခင်ဗျားက အချိန်တိုအတွင်း လက်စသတ်နိုင်မယ် ထင်တယ်ပေါ့... ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့တာ နှစ်တစ်သိန်းကြာခဲ့ပြီမဟုတ်လား... ကျွန်တော်က အဲ့ဒီတုန်းကထက် အဆတစ်ရာ သန်မာနေပြီ.... ဧကရာဇ်ပလ္လင်အဆင့်ကိုလည်း ရောက်နေပြီ.... ခင်ဗျားရဲ့ တိုက်ကွက်ကို ကျွန်တော့်မဟာတာအိုကိုယ်ပွားလေးတစ်ခုတည်းနဲ့ ကာကွယ်နိုင်နေပြီဆို ခင်ဗျား ဘယ်လိုထင်သလဲ”
တဟုန်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။။ “မဖြစ်နိုင်တာ”
ချင်မူက ဆက်ပြောသည်။ “ကျွန်တော့်အသိစိတ်အလျဉ်အဆင့်ကိုရော ဘယ်လိုထင်သလဲ”
တဟုန် သိသိသာသာ မျက်နှာပျက်သွားသည်။
ချင်မူက ပြတ်ပြတ်သားသား ပြောသည်။ “ခင်ဗျား ဒီမှာ ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး... ခင်ဗျားက မဟာဧကရာဇ်ဆိုတော့ ကျွန်တော် အနှောင့်အယှက် မပေးတော့ပါဘူး.... အခုချက်ချင်း ထွက်သွားပါ”
တဟုန်သည် တဟားဟား ထရယ်၏။ “မင်းက ဧကရာဇ်ပလ္လင်အဆင့်ဆိုတော့ရော ဘာလုပ်ရမှာလဲ... ငါ့ရဲ့ ကောင်းကင်နတ်သိုင်းကို မသိသေးဘူးဖြစ်ရမယ်.... တကယ် ပြိုင်ဘက်ကင်းတဲ့ ကမ္ဘာဦးသိုင်းကွက်တွေ ဘာတွေလဲ မင်း သိအောင် ပြပေးမယ်ကွ”
ဝုန်း...
သူ၏အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာပြီး အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်အဖြစ် ချက်ချင်း ဖွဲ့တည်သွားသည်။ တခဏအတွင်း နယ်ပယ်ကား ပြန့်ကားသွားချေပြီ။
တဟုန်၏ လက်ထဲတွင် လှံကြီးတစ်လက် ကိုင်ထားသည်။ တစ်ချိန်တည်းမှာပင် အချိန်များ ရပ်တန့်သွားသကဲ့သို့ နယ်ပယ်ထဲရှိ အရာအားလုံး မလှုပ်ရှားတော့ချေ။
တဟုန်တစ်ယောက်တည်းသာ လှုပ်ရှားနိုင်သည်။
ယန်အာ၊ နဂါးချီလင်၊ ကောင်းကင်နဂါးခြောက်ကောင်တို့ဖြစ်စေ၊ မည်သည့်လှုပ်ရှားမှုဖြစ်စေ၊ ယုတ်စွအဆုံး သွေးများပင်လျှင် စီးဆင်းနေခြင်း ရပ်တန့်သွားသည်။
နယ်ပယ်ထဲရှိ ကောင်းကင်နတ်မြစ်သည်လည်း ရပ်တန့်သွားသည်။
သူ နယ်ပယ်ကို အသုံးပြုလိုက်သည်နှင့် ချင်မူမှာ စိတ်အေးသွားမိသည်။ သူသည် တဟုန် အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ကို ထုတ်သုံးလာအောင် သူ၏သိုင်းအဆင့်အား လိမ်ပြောခဲ့ခြင်းဖြစ်သည်။
သူသာ နယ်ပယ် ထွက်ပေါ်လာအောင် အတင်းအကြပ် မလုပ်ခဲ့ပါက တဟုန်၏ မည်သည့်သိုင်းကွက်ကိုမှ ခုခံနိုင်မည်မဟုတ်ချေ။ တစ်ချက်တည်းဖြင့် နိဂုံးချုပ်သွားလိမ့်မည်။
သူ နယ်ပယ်ကို သုံးသရွေ့ အသက်တစ်ချောင်း အပိုရထားသကဲ့သို့ ဖြစ်မည်။
နယ်ပယ်ထွက်ပေါ်လာသည်နှင့် ချင်မူက ကောင်းကင်နတ်အရှင်လင်၏ မှတ်စုများထဲမှ နားလည်ထားသော ဖျက်စီးနည်းကို အသုံးပြုလိုက်သည်။
ကောင်းကင်နတ်အရှင်လင် နယ်ပယ်ကို ချိုးဖျက်ခဲ့သော နည်းလမ်းက ဖန်ဆင်းခြင်းလမ်းစဉ်မှတစ်ဆဆင့် ဖြစ်ည်။ မပြောင်းလဲသော ဒြပ်ထု၏ အခြေခံဆိုလည်း မမှားပေ။ ချင်မူက ထိုအကြောင်းကို အတော်များများ သိထားသဖြင့် တဟုန်၏ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ကို ချိုးဖျက်သည့်နည်းလမ်းအား အလွယ်တကူ သဘောပေါက်နိုင်ခြင်းပင်။
သူ၏ ဓားရောင်က နယ်ပယ်ထဲတွင် အသက်ဝင်လာသည်။ ဓားကား ဖျတ်ခနဲ လက်သွားပြီး မရေမတွက်နိုင်သော သင်္ကေတအမှတ်အသားများက ဓားထိပ်မှ ထွက်ပေါ်လာ၍ နယ်ပယ်တစ်ခုလုံးတွင် ပြည့်နှက်သွားသည်။
တဟုန်မှာ သူ၏နယ်ပယ် ချက်ချင်း အေးခဲသွားပြီး ပြောင်းပြန်ဖြစ်လာသည်ကို ခံစားလိုက်ရသဖြင့် ခေါင်းနပန်းကြီးသွားသည်။
သူသည် နဂိုအားဖြင့် သတိကြီးသူဖြစ်သည့်အလျောက် မဟာဧကရာဇ်၏ခန္ဓာကိုယ် မဟာလေဟာနယ်သို့ သွားရောက်၍ ဖန်ဆင်းရှင်များအား သတ်ဖြတ်နေစဉ် ဤငှားယူထားသော ခန္ဓာကိုယ်ကို မဟာလေဟာနယ်ဆီ ဝင်ပေါက်အနား၌ ထားရစ်ခဲ့၏။
မဟာဧကရာဇ်၏ ခန္ဓာကိုယ် သေဆုံးသွားပြီး အသိစိတ်အလျဉ် ပိတ်လှောင်ခံခဲ့သည့်အခါ သူ့မှာ အမျက်တစ်ချောင်းချောင်း ထွက်ခဲ့ရသည်။ သို့သော် ယွင်၊ ယွဲ့နှင့် လင်တို့၏ ပြိုင်ဘက်မဟုတ်ကြောင်း သဘောပေါက်သည့်အတွက် ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံကို ဖျက်စီး၍ ဒေါသဖြေရန် လာခဲ့ခြင်း ဖြစ်ပေသည်။
ချင်မူက ဤနေရာ၌ စောင့်နေပြီး သူ နယ်ပယ် ထုတ်သုံးရအောင် ဖိအားပေးခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤအခြေအနေကား မဟာလေဟာနယ်အထဲရှိ အခြေအနေနှင့် မည်မျှဆင်တူလှသနည်း။
သို့သော် မဟာဧကရာဇ်ကား ဆုံးရှုံးမှုများ တွေ့ကြုံခဲ့ရပြီးချေပြီ။ သူ၏အသိစိတ်အလျဉ်နယ်ပယ် အပြည့်အဝ အေးခဲ မသွားသေးရွေ့၊ အပြည့်အဝ ပြောင်းပြန် ဖြစ်သွားသေးရွေ့ သူ့တွင် အခွင့်အရေးရှိသေးသည်။
သူ၏သိုင်းအဆင့်ကို ကန့်သတ်လိုက်လျှင်ပင် နယ်ပယ်ကို ဖျက်ဆီးနိုင်သော ကောင်းကင်နတ်သိုင်း မပြီးဆုံးမီ ချင်မူ့အား သတ်ဖြတ်၍ နယ်ပယ် ပြောင်းပြန်ဖြစ်နေခြင်းအား တားဆီးနိုင်ပေလိမ့်မည်။
“သေစမ်း”
သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ ရထားလှည်းအထဲတွင် မယုံနိုင်ကောင်းလောက်အောင် တောက်ပသော အလင်းရောင်က ဧရာမအလင်းလုံးကြီးတစ်လုံးကဲ့သို့ ထွက်ပေါ်လာပြီး ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် ပြန့်ကားလာ၏။
ကောင်းကင်နတ်မြစ်၏ ရေများမှာ ၎င်းကြောင့် တွန်းထုတ်ခံလိုက်ရပြီး အပြင်သို့ ပေါက်ထွက်နေသည့် ရေလုံးကြီးတစ်လုံး ဖြစ်ပေါ်လာသည်။
ဘုန်း.....
ကြောက်မက်ဖွယ် တုန်ခါမှုများ ပေါက်ထွက်လာကြပြီး ဓားရောင်တို့က အလင်းလုံး၏ ပတ်ပတ်လည်တွင် ပြေးလွှားနေကြသည်။ ၎င်းတို့က မြွေလိမ်မြွေကောက် ခုန်ပေါက်နေကြသည့်အပြင် ၎င်းတို့အကြား၌ ကောင်းကင်ဘုံ ၃၃ ဘုံကို ခပ်ရေးရေး မြင်ရနိုင်သည်။
ဧရာမလှံကြီးနောက်တစ်လက်က နဂါးသွေးကြောတစ်ကြော ဖြစ်လာကာ အထက်ကောင်းကင်ဘုံ ၃၃ ဘုံကို ထိုးဖောက်ရန် ပျံတက်သွားသည်။
ချင်မူ၏တတိယမျက်လုံး ပွင့်လာ၏။ ထိုက်ချူ၏ဥ၊ ကောင်းကင်နယ်စားမင်း၏ချိုနှင့် မဟာကမ္ဘာဦးအစမူလကျောက်တုံးတို့မှာ တစ်ပြိုင်နက် အသက်သွင်းခံလိုက်ရသည်။ ၎င်းတို့က မဟာဧကရာဇ်၏ နတ်ဘုရားလှံတံကို ရင်ဆိုင်လိုက်သော မျက်စိကျိန်းမတတ် နတ်အလင်းရောင်များ ဖြစ်လာကြသည်။
ထောင်နှင့်ချီသော တာအိုများက သူ၏မျက်လုံးထဲတွင် ဖူးပွင့်လာကြပြီး နတ်ဘုရားထောင်ပေါင်းများစွာ တစ်ပြိုင်နက်တည်း ရေရွတ်နေကြသည့် တာအိုအသံတစ်သံကို ထုတ်လွှတ်လိုက်သည်။
ပို၍ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးအသံ ထွက်ပေါ်လာ၏။ ၎င်းက ပထမအလင်းလုံးကို အလျင်အမြန် လိုက်မှီသွားကာ ပို၍မြန်ဆန်သော အမြန်နှုန်းဖြင့် ကျဆင်းလာ၏။
နောက်ဆုံးတွင် အလင်းရောင်သည် မှေးမှိန်သွားပြီး ကောင်းကင်နတ်မြစ်၏ မိုင် ၅၀၀ ရှိ အရှည်အလျားမှာ ပျောက်ဆုံးသွားချေသည်။ ကောင်းကင်နဂါး ရတနာရထားလှည်းက ကောင်းကင်ထက်မှ ကျဆင်းလာ၏။
တစ်ချိန်တည်းမှာပင် အစိမ်းရောင်ငှက်တစ်ကောင်က ပျံတက်လာပြီး ကြီးထွားလာသည်။ ၎င်းသည် လေထဲတွင် ခြေဦးတည့်ရာ လှည့်ပတ်ပျံသန်းနေပြီးနောက် ရုတ်တရက် ကောင်းကင်ထက်သို့ ပျံတက်ကာ ပျောက်သွား၏။ ကောင်းကင်ရှိ တိမ်တိုက်များ လွင့်စင်သွားသည်အခါ မည်သူမှ ထိုငှက်အား မမြင်ရတော့ချေ။
ရထားလှည်းထဲတွင် ချင်မူမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ရင်ဘတ်မှာ ပေါက်နေပြီး ခြေလက်များမှာ အရပ်လေးမျက်နှာ၌ ပြန့်ကြဲကုန်သည်။
ယန်အာ ရထားလှည်းအတွင်း ၀င်လာသောအခါ ချင်မူ၏ခြေလက်အစိတ်အပိုင်းများကိုသာ မြင်လိုက်ရ၏။ သူ၏ ဦးခေါင်းသာ ကျန်ရှိခဲ့ပြီး ကြမ်းပြင်တွင် လိမ့်နေသည်။
ဦးခေါင်းက ယန်အာ၏ ခြေရင်းတွင် ရပ်တန့်သွားပြီး သူမကို မော့ကြည့်နေသည်။
“သခင်လေး..”
ယန်အာမှာ ကြမ်းပြင်သို့ ပုံလျက် ကျသွားပြီး ချင်မူ၏မျက်လုံးများကို မှိတ်ပေးရန် သူမ၏တုန်ရီနေသောလက်ဖြင့် ဆန့်တန်းလိုက်သည်။
“လျှောက်မလုပ်နဲ့ မမကြီးယန်အာ”
ချင်မူက သွေးအန်လိုက်ရာ သူမလက်တစ်ဖက်လုံး ပေကျံသွားသည်။ သူက အသိစိတ်အလျဉ်ကို မနည်းသုံး၍ ပြောလိုက်၏။ “မီးအိမ်ကို သုံးပြီးတော့ ကျွန်တော့်ကို တစ္ဆေသင်္ဘောဆီ ပြန်ခေါ်သွားပေးပါ... အစ်ကိုကြီး ကျွန်တော့်ကို ကယ်ပေးနိုင်တယ်...”
ယန်အာမှာ သိသိသာသာ အံ့အားသင့်သွားကာ သူ့ခေါင်းကို ဘေးချလိုက်သည်။ သူမက ရထားလှည်းအပြင်သို့ ထွက်၍ မီးအိမ်ကို ယူလိုက်သော်လည်း ကြောင်အသွားချေသည်။ ဝေစွေ့ဖုန်း သွန်းလုပ်ထားသည့် မီးအိမ်မှာ ပြင်းထန်လှသော တုန်ခါမှုများကြောင့် ဖျက်ဆီးခံလိုက်ရလေပြီ။
ထို့အပြင် ယခုမှာ နေ့အချိန်ဖြစ်နေပြီး ညအချိန်မဟုတ်သည့်အတွက် ရထားလှည်းမှာ သင်္ဘောဆီသို့ မပြန်နိုင်ချေ။
ယန်အာမှာ နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာပြီး အော်ဟစ်နေသည်။ “ယိုတုဆီ သွား... ဖက်တီးနဂါး ယိုတုဆီသွားလို့...”
ထိုအခိုက်အတန့်တွင် နဂါးချီလင်သည် အန္တရာယ်ကို ခံစားလိုက်၍ သူ၏နဂါးထိန်းကျမ်းစာကို မဆိုးမတွ အသုံးပြုလိုက်၏။ ထိုအခါ ကောင်းကင်နဂါးများက သူ့ဆီ ရောက်ရှိလာကြပြီး ရထားလှည်းထံမှ ထုတ်လွှတ်နေသည့် ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များကို ကာကွယ်လိုက်သည်။ နဂါးချီလင်မှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။
နဂါးချီလင်က ချင်မူ့အသံကို ကြားလိုက်သည်နှင့် ကျမ်းစာကို မြန်မြန်ဆန်ဆန် အပြီးရွတ်သည်။ နဂါးများက ပျက်စီးနေသော ရထားလှည်းကို အားကုန်ဆွဲပေးကြသည်။ ရုတ်တရက် ရထားလှည်း၏ အရှေ့မှ တုန်ခါမှုတစ်ခု ဖြစ်လာသည်။ ထို့နောက် ရထားလှည်းကား ယိုတုသို့ ၀င်ရောက်သွားချေပြီ။
၀င်ရောက်လိုက်လျှင်ချင်း ၎င်းသည် တဖန် ပျောက်ကွယ်သွား၏။ ထို့နောက် တခဏအတွင်း သင်္ဘောပေါ်၌ ပြန်ပေါ်လာလေသည်။
ယန်အာမှာ အလောတကြီး ပြေးထွက်လာကာ လှမ်းအော်သည်။ “အဆုံးမဲ့တိမ်တိုက်ဧကရာဇ်၊ ကျေးဇူးပြုပြီး ကူညီပါဦး..”