← Chapters

ကျူးရင်သေဆုံးခြင်း

Vol. 010 Ch. 905

ကျူးရင်သေဆုံးခြင်း

Vol. 010 Ch. 905

အလွန်မောက်မာသော ကြုံးဝါးသံက အားလုံး၏ စိတ်နှလုံးကို အခုန်မြန်စေခဲ့၏။ ယခုတွင်ကား သူတို့၏ မျက်လုံးထဲ၌ လွန်စွာ လင်းလက် တောက်ပသော ပုံသဏ္ဌာန်နှင့် လှံရှည်တို့ကိုသာ မြင်ကြသည်။

အားလုံးက အလင်းအရံအတားကို မြင်ကြသည်။ အလင်းအရံအတား၌လည်း ပုံရိပ်ယောင် တစ်ခု ပေါ်လာသည်။ သူကား ပင်လယ်ဘုရင်၏ ပုံရိပ်ဖြစ်သည်။ ကြည့်ရသည်မှာ သူက မသေဆုံးမီ သူ၏စိတ်အသိ အပိုင်းအစအား ချန်ထားခဲ့ဟန်ရသည်။ သည်နည်းဖြင့် ထွက်ပေါ်လာခြင်း ကသာ အချိန်နှင့် လေဟာနယ်လှံကို ရယူနိုင်ပေသည်။

အလင်းအရံအတား နောက်တွင် ပင်လယ်ဘုရင်၏ ရုပ်တုလည်း မြောက်တက်လာခဲ့ကာ အသက်ဝင် လာဟန်ရသည်။ သူ့ထံမှ ရောင်စုံအလင်းများ ထွက်ပေါ်လာကာ အချိန်နှင့် လေဟာနယ်လှံက အလင်းများအား ဝါးမျိုဟန်ရသည်။ ထိုအရာက ရီဖူရှင်း ထိုးနှက်လိုက်သော လှံရှည်နှင့် ဆက်နွယ်သွား၏။ လှံရှည်နှစ်ခုက မျက်နှာချင်းဆိုင် ပုံစံဖြင့် တစ်ဖက်တစ်ချက် အလင်းအရံအတားကို ထိုးခွင်း သွားကြတော့သည်။

ပင်လယ်ဘုရင်က ပြည်နယ်ကိုးခုတွင် မည်သူက ပြိုင်ဘက်ကင်း သနည်းဟု မေးသည်။

ရီဖူရှင်းက သူသာ ပြိုင်ဘက်ကင်းသည်ဟု ဖြေသည်။

အလင်းတန်းများကြောင့်ထင်၏။ ခန်းမတစ်ခုလုံး ပိုမို လင်းလက်လာခဲ့သည်။ နှစ်ဘက်လုံးမှ လှံရှည်နှစ်ခု၏စွမ်းအားများက အလင်းအရံအတားတွင် ဆုံမိသည်တွင် အလင်းအရံအတားမှာ သည်အတိုင်း ပျက်ပြယ် သွားကြ၏။

အရာအားလုံးမှာ ခဏအတွင်း ဖြစ်ပျက် သွားခဲ့သည်။ သို့သော်လည်း အားလုံးမှာ ရှေ့မှ မြင်ကွင်းအား ကြည့်ကာ မှင်တက် နေကြဆဲဖြစ်သည်။ သူတို့အားလုံး ထိတ်လန့်နေကြသည်။

တော်ဝင်မြေသုံးခုမှ လူများမှာ အလင်းအရံအတားကို ပူးပေါင်း တိုက်ခိုက်သည့်တိုင် မဖျက်နိုင်ခဲ့ကြပေ။ နှစ်ပေါင်းများစွာ တိုင်အောင် မည်သူမှလည်း မတတ်နိုင်ခဲ့ကြပေ။ သို့သော်လည်း ယခုတွင် သူတို့မသိသော တစ်စုံတစ်ယောက်က လုပ်ခဲ့သည်။ ယခုတွင် တစ်နေ့တည်းဖြင့် သူကား ကျောက်နံရံမှ လျှို့ဝှက်ချက်အား နားလည်ခဲ့သလို ပင်လယ်ဘုရင် ထားခဲ့သော လျှို့ဝှက်ချက်ကိုလည်း အဖြေရှာခဲ့၏။

ယခု သူတို့က အလင်းအရံအတား ရှိနေခဲ့သော နေရာမှ တော်ဝင်စွမ်းအား တစ်ခုကို ခံစားကြရပေသည်။ ကျောက်နံရံမှ လျှို့ဝှက်ချက်အား နားမလည်ဘဲ ရှန့်ထိုများပင် ထိုအရံအတားကို မဖျက်နိုင်ဟု သူတို့ယုံကြည်ပေသည်။

သို့သော် သူက လုပ်ခဲ့သည်။

သူက မည်သူနည်း။

လျူယွီက စိတ်လှုပ်ရှားစွာဖြင့် ရီဖူရှင်းအား ကြည့်သည်။ အိမ်တွင် ရီဖူရှင်းက သူမအား ပြောခဲ့သည်အား ပြန်အမှတ်ရသည်။ သူက တော်ဝင် ကျဲနန်းတော်ရီဖူရှင်းနှင့် တူသည်ဟု ပြောခဲ့၏။ သို့သော်လည်း ထိုစကားအား သူမက ဟာသတစ်ခုသာ ထင်မှတ်ခဲ့၏။ ယခု သူ မည်သူဖြစ်သည်ကို သူမရိပ်မိလိုက်သည်။ သူမ၏လှပသော မျက်လုံးမှာ စိုစွတ်လာခဲ့၏။

ရီဟွန်...

မြေရိုင်းပြည်နယ် ရီဖူရှင်း...။

သိသာစွာပင် သူမဘေးတွင် တစ်ချိန်လုံး ရှိနေခဲ့သော သူကား ရီဖူရှင်းဖြစ်ရပေမည်။

လျူစီရွှမ်နှင့် လျူဟန်တို့ကလည်း ထိုမြင်ကွင်းအား ထိတ်လန့်စွာ ကြည့်နေကြသည်။ သူက မည်သို့ ထိုမျှ အားကောင်းရသနည်း။ လျူကလန်နှင့် လိုက်လာသော သည်လူက မည်သူနည်း။

ကျူးရင်၏ မျက်လုံးမှ မကောင်းဆိုးဝါး အပြုံးက ပျောက်ကွယ် သွားသည်။ သူက အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ သူက အန္တရာယ်၏ အငွေ့အသက်အား ခံစားလာရ၏။

ရီဖူရှင်းက မည်သူတစ်ဦး တစ်ယောက်၏ အတွေးများကိုမှ ဂရုမစိုက်ပေ။ သူကား ပင်လယ်ဘုရင် ရုပ်တု၏ ရှေ့ကို ရောက်လာပြီး ဖြစ်သည်။ အလင်းများက ရီဖူရှင်း ခန္ဓာကိုယ်ကို ဖုံးအုပ်သွားကြကာ နံရံမှ အင်းကွက်များကလည်း သက်ဝင် လှုပ်ရှားလာကြပြီး ရောင်စုံများ လင်းလက်ကြသည်။ ထို့အတူ အပြင်ခန်းမ၌ အသက်မဲ့သွားသော ဝင်္ကပါ အစီအရင်များ အားလုံးမှာလည်း ပြန်လည် သက်ဝင် လာကြတော့သည်။

ရီဖူရှင်းက လက်ဆန့်တန်းကာ နတ်ဘုရားလှံအား ဆုပ်ကိုင်လိုက်သည်။ အချိန်နှင့် လေဟာနယ်လှံက သူ၏လက်ထဲကို ရောက်လာ၏။

“ခင်ဗျား သွားနိုင်ပြီ...” ရီဖူရှင်းက ရုပ်တုအား ကြည့်ကာ ပြောလိုက်သည်တွင် ရုပ်တုက အမှုန်အမွှားများအဖြစ် ပြောင်းလဲ ပျောက်ကွယ် သွားတော့သည်။ တစ်ချိန်က အဆုံးမဲ့ပင်လယ်၏ အမှတ်သညာ တစ်ခုဖြစ်ခဲ့သော ပင်လယ်ဘုရင် ရုပ်တုကား လုံးဝ ပျောက်ကွယ်သွားကာ သမိုင်းထဲကို ရောက်သွားပြီ ဖြစ်သည်။

ရီဖူရှင်းက အချိန်နှင့် လေဟာနယ်လှံအား ဆုပ်ကိုင်ကာ အားလုံးကို ပြန်လှည့်ကြည့်သည်။ ထိုအခိုက်တွင် သူကား နတ်ဘုရားတစ်ပါးနှင့် တူပေသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက်ပိုင်း တစ်ယောက်က ရတနာလှံကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည်။ ပြည်နယ်ကိုးခုတွင် နံပါတ် ၃ အဆင့်ရှိသော တော်ဝင် ရတနာကား တစ်ဖန် လောကသို့ ပြန်လာခဲ့ပြီ ဖြစ်သည်။

သို့သော် အမှန်တကယ် မည်သူက ပိုင်ဆိုင်မည်နည်း။

“ဂုဏ်ပြုပါတယ်...” အသံတစ်သံ ထွက်ပေါ်လာသည်။ အားလုံးက ကျူးရင်အား ပြန်ကြည့် လိုက်ကြသည်။ သူက ရီဖူရှင်းအား ပြုံးလျက် ပြောသည်။

“ရတနာလှံကို ပေး... ကျုပ်က စည်းမျဥ်းကို လိုက်နာတယ်... ဒီအလှပဂေး နှစ်ယောက်က တော်တော်ချောတယ်။ ငါသာ မင်းနေရာမှာဆို သူတို့ကို ရွေးတယ်...

အားလုံးက စည်းမျဥ်းများကို သတိရလိုက်ကြသည်။ လျူရှီက ပြောသည်.. “ မင်းက လျူကလန်နဲ့အတူ လာခဲ့တယ်... တကယ်လို့ မင်းက ကျုပ်ကို ခေါ်သွားရင် မင်းတောင်းဆိုတဲ့ ဟာတွေအကုန် ကျုပ်လိုက်လျော ပေးမယ်...”

“ကျုပ်က ပင်လယ်နန်းတော်ကပဲ... ပြည်နယ်ကိုးခု ညီလာခံမှာ ထိပ်သီး ဆယ်ယောက် စာရင်းဝင်ပဲ.. တကယ်လို့ မင်းသာ ကျုပ်ကို ခေါ်သွားရင် မင်းကို ကျုပ်ဆရာဆီမှာ ထောက်ခံပေးမယ်...”

ရုတ်တရက် လူတိုင်းက ရီဖူရှင်းအား စတင်၍ ဆွဲဆောင် သိမ်းသွင်းရန် ကြိုးစားကြတော့သည်။

ရီဖူရှင်းက အားလုံးကို တစ်ကြိမ်ကြည့်ကာ ကျူးရင်အား ကြည့်သည်... “ကျုပ်သာ ခင်ဗျားနေရာမှာဆို အသနားခံ နေလောက်ပြီ...”

သူ၏စကားက အားလုံးကို ထိတ်လန့်စေခဲ့သည်။ သည်အကောင်က ရူးနေသည်လား။

ကျူးရင်၏ အပြုံး ပျောက်ကွယ် သွားသည်။ သူ၏မျက်နှာက အလွန်အမင်း အေးစက်သွားကာ ရီဖူရှင်းအား ကြည့်သည်။

“မင်းကို တစ်ခါ ခွင့်လွှတ်လိုက်မယ်.. လှံကိုပေး... ” သူက အေးစက်စွာ ပြောသည်။

“ခင်ဗျားက ကျုပ်ကို အသနားခံရင်တောင်မှ ကျုပ်က ခင်ဗျားကို လွှတ်ပေးမှာ မဟုတ်ဘူး... ” ရီဖူရှင်းက သူပြောသည်ကို မကြားသည့် ဟန်ဖြင့် ပြောသည်။

“ခင်ဗျားရဲ့အဆင့်နဲ့ ခင်ဗျား သိသင့်တယ်... ခင်ဗျားက ပင်လယ်ဘုရင်ရဲ့ စီးတော်ပဲ ဘာကြောင့် ဖြစ်ရတယ်။ ခင်ဗျားက ဘာကြောင့် အခိုင်းအစေပဲ ဖြစ်ရတယ်ဆိုတာ... ”

ကျူးရင်၏ မျက်နှာက နက်မှောင်သွားသည်။ သူ့ထံမှ မကောင်းဆိုးဝါး အငွေ့အသက်များ စတင် ထွက်ပေါ် လာတော့သည်။

“ခင်ဗျားက ခင်ဗျားရဲ့ဆရာကို နားလည်တယ်လို့ ထင်ခဲ့တယ်... ဘယ်သူမှ အပျက်အစီး နယ်မြေကို မဖြေရှင်းနိုင်သလို ခင်ဗျားကလည်း ဒီမှာ ထာဝရ ပိတ်မိနေမယ်လို့ တွေးခဲ့တယ်... ပင်လယ်ဘုရင်က မောက်မာတယ် ဆိုပေမဲ့ သူက စည်းမျဥ်းကို အမြဲတမ်း လိုက်နာခဲ့တယ်။ သူက ခင်ဗျားကို ဘယ်တုန်းကမှ လွှတ်ပေးဖို့ စိတ်မကူးခဲ့ဘူး။ တစ်စုံတစ်ယောက်က အပျက်အစီး နယ်မြေကို ဖြေရှင်းပြီး ရတနာလှံကို ရသွားရင်တောင်မှာ ခင်ဗျားအတွက် အဆုံးသတ်က သေခြင်းတရားပဲ.... ” ရီဖူရှင်း၏အသံက တဖြည်းဖြည်း ပိုမို အေးစက်လာခဲ့သည်။ သူက ထိုသို့ပြောသည်တွင် ခန်းမက အလွန်အားကောင်းသော နတ်ဘုရား စွမ်းအင်များဖြင့် ပြည့်နှက်လာခဲ့သည်။ မရေမတွက်နိုင်သော အစီအရင်များဖြင့် အင်းကွက်များက နတ်ဘုရား စွမ်းအင်များ စီးဆင်းလာကြတော့သည်။ ထို့နောက် စွမ်းအားများက ရတနာလှံတွင် လာရောက် စုစည်းကြ၏။

“အပြင်က ရုပ်တု ပျက်သွားတာက မတော်တဆပဲ... အချိန်နဲ့ လေဟာနယ်လှံက တစ်ဖန် လောကကြီးထဲကို ရောက်လာတဲ့အခါ သတ်ဖြတ်ခြင်း ဝင်္ကပါတစ်ခုက အသက်ဝင် လာပြီးတော့ ခင်ဗျားကို ပြစ်မှတ်ထားလိမ့်မယ်။ ရတနာလှံကို ဘယ်သူရပါစေ ခင်ဗျားအတွက် လွတ်လမ်းမရှိဘူး... ပင်လယ်ဘုရင်က အားလုံးကို စီမံသွားခဲ့တာ... ဘယ်လိုလုပ် ရက်စက်ကြမ်းကြုတ်တဲ့ သူ့စီးတော် သားရဲကို ရတနာလှံရစေမှာလဲ... ”

ရီဖူရှင်း၏ အသံက အားလုံးကို တုန်လှုပ်စေသည်။ သို့သော် သူတို့က ကျူးရင်၏ မျက်နှာကို မြင်လိုက်သည်တွင် သူတို့ နားလည် လိုက်ကြသည်။

ရီဖူရှင်း ပြောခဲ့သမျှကား မှန်ကန်ပေသည်။ ကျူးရင်၏ ကံကြမ္မာကား မူလကတည်းက သတ်မှတ် ထားပြီးသား ဖြစ်သည်။ သူကား သည်နေရာတွင် ထာဝရ ချုပ်နှောင်ခံရမည်။ မဟုတ်လျှင် သူကား သေရမည်။

ပင်လယ်ဘုရင်က သူ့အား မည်သည့်အခါကမှ အခွင့်အရေးမပေးခဲ့ပေ။

“မင်းက ဒါကို နဂိုကတည်းက သိတယ်... ” ကျူးရင်က ရီဖူရှင်းကို အေးစက်စွာ မေးသည်။

“ခင်ဗျားက ဝင်္ကပါကို နားမလည်ဘူး... ကျုပ်နားလည်တယ်...” ရီဖူရှင်းက ကျူးရင်ကို ပြောသည်... “

မှန်တယ်.. ဒါက ကျုပ်ခန့်မှန်းမိတာပဲ... အခုမှ အားလုံးကို ကျုပ်က နားလည်သွားတာ...ဒီမှာ ရှိတဲ့အရာအားလုံးက ဆက်စပ်နေတယ်... အထဲက ရုပ်တုနဲ့ ရတနာလှံက နောက်ထပ် ဝင်္ကပါတစ်ခုရဲ့ အစိတ်အပိုင်းတွေပဲ... ”

“ဒါကြောင့် မင်းက လူတွေ အကုန်လုံး သေတာကို စောင့်ပြီးမှ ငါ့ကို အကြံပေးတာပေါ့... ” ကျူရင်က ရီဖူရှင်းအား စိုက်ကြည့်သည်။ ထိုအရာကား အမှန်ပင် အားနည်းသော တန်ခိုးရှင်တစ်ပါး၏ ဖော်ထုတ်ခြင်းကို ခံရ၏။ ထို့အပြင် သူကား တစ်နေ့တည်းဖြင့် နားလည်ခဲ့၏။

မဖြစ်နိုင်သော အရာကို တစ်စုံတစ်ယောက်က ပြုလုပ်ခဲ့သည်။ ထိုအရာက ကံကြမ္မာလား။

သူကား မုန်းတီး နာကြည်းသည်။

သူကား ပင်လယ်ဘုရင်၏ လှည့်စားခြင်းကို ခံရသလို လူငယ် တစ်ယောက်၏ လိမ်ညာ အကွက်ဆင်ခြင်းကိုလည်း ခံရ၏။

“ဒါက ခင်ဗျားဆီက အချိန်ကို ယူတဲ့ သဘောပဲ... ကျုပ်ကို ဝင်္ကပါအသက်သွင်းဖို့ အချိန်ပေးတဲ့ အတွက် ကျေးဇူးပဲ... ” ရီဖူရှင်းက ပြုံးလိုက်သည်။

ကျူးရင် အေးခဲသွားသည်။ သူကား ပိုမို၍ပင် ဒေါသထွက်လာသည်။

“ ဂါး... ”

ကျယ်လောင်သော အသံနှင့်အတူ အလွန် အားကောင်းသော သားရဲကြီး တစ်ကောင် ပေါ်လာသည်။ သူ၏ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများက ရီဖူရှင်းထံသို့ ရိုက်ခတ်လာ၏။ သို့သော်လည်း ထိုအချိန်တွင်ပင် ရီဖူရှင်း၏ ရတနာလှံက ရှေ့ကို တိုးဝင်သွားသည်။ ဝင်္ကပါ၏ နတ်ဘုရား စွမ်းအားများက ရတနာလှံထံသို့ စီးဝင်လာကြကာ မယုံနိုင်ဖွယ် ကောင်းသော စွမ်းအားလှိုင်း တစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် စွမ်းအားလှိုင်းက ရတနာလှံ နှင့်အတူ ကျူးရင်ထံသို့ တိုးဝင် သွားတော့သည်။

ဖျက်ဆီးအားက အရာအားလုံးကို ရိုက်ခတ်သွားကာ နန်းတော် တစ်ခုလုံး စတင်ပြိုလဲ ကြသည်။ နံရံများ ပျက်စီးရသလို အရာအားလုံးမှာလည်း စွမ်းအင် လှိုင်းအောက်၌ ဝါးမျိုခံရသည်။ ကျူးရင်၏ ခေါင်းများမှာလည်း စွမ်းအင်လှိုင်း အကြားထဲသို့ နစ်မြုပ်သွားပြီး အစိတ်စိတ် အပိုင်းပိုင်း ပြိုကွဲလာကြတော့သည်။ အချိန်ကား သိပ်မကြာလိုက်ပေ။

“ကျုပ် မုန်းတယ်... ”

အရာအားလုံး ငြိမ်သက် သွားသောအခါ ရီဖူရှင်း၏ ရှေ့၌ကား ဘာမှ မရှိတော့။ ကျူးရင်သည်လည်း အပျက်အစီးများ နှင့်အတူ ပျောက်ကွယ် သွားလေပြီ။

သူက မည်သူ့ကို မုန်းတီးသည်ဟု မပြောသော်လည်း ထိုသူကား ပင်လယ်ဘုရင် ဖြစ်နိုင်ပေသည်။ထို့အပြင် ရီဖူရှင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း ယခုကား အရာအားလုံးမှာ ရီဖူရှင်း၏ရှေ့၌ ပျောက်ကွယ် သွားလေပြီ။

တော်ဝင်သားရဲကား ထိုနေရာတွင်ပင် အသက်ပျောက်သွား၏။

***

All Chapters