← Chapters

ဘုရင့်နှလုံးသား

Vol. 11 Ch. 13

ဘုရင့်နှလုံးသား

Vol. 11 Ch. 13

ဖရာလီတာရဲ့ဝါးဖရိန်က ရန်ကုန်မြို့ရဲ့တိုက်တွေကြားက ပျံးသန်းနေရင်းကနေ အလင်းဒြပ်စင်အမြောက်နဲ့ ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ပျစားပိုးအိုလီကို ပစ်ခတ်လိုက်ပါတယ်။ ရန်ကုန်မြို့ရဲ့အလင်းဒိုင်းက အိုလီကြောင့် ပြိုကျလုဆဲဆဲဖြစ်နေပြီဖြစ်ပြီးတော့ အရောင်က ဖျော့တော့နေပါပြီ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ ဖရာလီတာက အချိန်မီရောက်သွားခဲ့တယ်။

“အိုရာ့... စက်ရုပ်ဝတ်စုံအကြီးကြီးထဲက ကောင်မလေးပဲ။ ထပ်တွေ့ကြပြန်ပြီ။”

အိုလီက အလင်းဒြပ်စင်အမြောက်ကျည်တွေကို ရှောင်ပြီးတဲ့နောက် တခိခိရယ်သံနဲ့အတူ နှုတ်ဆက်လိုက်တယ်။

“ဒီတစ်ခါတော့ နင့်ကိုထွက်ပြေးခွင့်မပေးနိုင်ဘူး။”

ဖရာလီတာက လက်ထဲက ဗုံးလောင်ချာကို ကောင်းကင်ပေါ် ထောင်ပစ်လိုက်တယ်။ အလင်းဗုံးကွန်ယက်က အိုလီကို ချက်ချင်းဝိုင်းထားလိုက်ပေမဲ့ အိုလီကလည်း အလင်းဗုံးကွန်ယက်ထဲမှာ သာသာယာယာလှုပ်ရှားနိုင်နေတာ​ကို ဖရာလီတာတွေ့လိုက်ရတယ်။

“နင့်ရဲ့တိုက်ကွက်တွေကို ငါသိထားပြီးသား။ ဗျူဟာတစ်ခုကို အကြိမ်ကြိမ်အခါခါမသုံးသင့်ဘူး ကောင်မလေး။”

အိုလီက အလင်းဗုံးနယ်မြေကြားထဲမှာ ပတ်ပျံသန်းနေရင်း ဖရာလီတာရဲ့ဝါးဖရိန်ကို အက်စစ်တွေနဲ့ ဆက်တိုက်ပက်တယ်။ ဖရာလီတာကတော့ လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး အလင်းဒြပ်စင်သီးသန့်နဲ့ စွမ်းအင်ဒိုင်းတစ်ခုကို ဖန်တီးကာ အက်စစ်တွေသူ့ကိုမထိအောင် ကာကွယ်လိုက်ပါတယ်။ အဲဒီနောက်တော့ အားနေတဲ့ လက်တစ်ဖက်နဲ့ အလင်းစွမ်းအင်ဓားကို ဖန်တီးလိုက်ကာ ပြောလိုက်ပါတယ်။

“ငါက ယင်ကောင်ကိုတောင် ခံချလာတာ။ နင့်လို မလောက်လေးမလောက်စား ပိုးကောင်ဗိုလ်ချုပ်လောက်ကတော့ အရည်ကြိုသောက်ပစ်လိုက်လို့ရတယ်။”

ဖရာလီတာက ဝတ်စုံမှာရှိနေသမျှ လက်နက်တွေကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်တယ်။ Archmega ရဲ့ ပဲ့ထိန်းဒုံးကျည်တွေက မိုးကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အိုလီအနေနဲ့ ရှောင်ဖို့နေရာမရှိအောင် ဝေဟင်စိုးမိုးမှုရယူထားလိုက်တယ်။ ဖရာလီတာကိုယ်တိုင်ကတော့ အလင်းဓားကိုကိုင်ပြီး အိုလီဆီကို ချီတက်လာပါတယ်။

“သေစမ်း...” ဖရာလီတာလို အဆင့်မြင့်အယ်ဖာတစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ မဖြစ်နိုင်မှန်းသိတာကြောင့် အိုလီက စပြီးပြေးတယ်။ ဖရာလီတာက နောက်ကလိုက်နေတာကြောင့် လေပေါ်မှာရှိနေသမျှ အခွင့်မသာနိုင်မှန်း အိုလီသိလာပြီး မြေပြင်ကို စိုက်ကြည့်လိုက်ပါတယ်။

“မြို့ထဲမှာဆိုရင်ရော နင်သောင်းကျန်းနိုင်ဦးမလား ကြည့်ကြသေးတာပေါ့။”

အိုလီက ပြောပြောဆိုဆိုနဲ့ ပျက်စီးခါနီးအလင်းဒိုင်းဆီ အားနဲ့ပြေးဝင်သွားလိုက်တယ်။ ပထမဆုံးအနေနဲ့ သူ့ပါးစပ်ကနေ အက်စစ်တွေထွေးထုတ်လိုက်ပြီး အလင်းဒိုင်းကို အားနည်းအောင်လုပ်လိုက်တယ်။ ပြီးတဲ့နောက် ပိုးကောင်လက်တံတွေနဲ့အားနည်းနေတဲ့နေရာကို ထိုးနှက်ပြီး လူတစ်ကိုယ်ဝင်နိုင်ရုံ အပေါက်ကလေးတစ်ပေါက်ကို ဖွင့်လိုက်ပါတယ်။ အဲဒီနောက်တော့ သူ့ရဲ့ပိုးကောင်ပုံစံကိုဖျောက်လိုက်ပြီး ဂါဝန်နဲ့ချစ်စရာဆံပင်နက်မိန်းကလေးအဖြစ်ကို ပြန်ပြောင်းလိုက်ပါတယ်။

“ဒီလိုဆိုရင်တော့ အလင်းဒိုင်းက ငါ့ကို မတားနိုင်တော့ ဘူးမဟုတ်လား။”

အိုလီက အလင်းဒိုင်းမှာပေါ်လာတဲ့ လူတစ်ကိုယ်ဝင်စာ အပေါက်ထဲကို ခုန်ချလိုက်တယ်။ ဖရာလီတာပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေနဲ့အလင်းဗုံးတွေကတော့ ပြန်စေ့သွားပြီဖြစ်တဲ့ အလင်းဒိုင်းကိုသာ ဝင်တိုက်မိပြီး ပေါက်ကွဲသွားပါတယ်။

“ဒီဟာမတော့ ဉာဏ်များပြန်ပြီ။ မြို့ထဲမှာဆိုရင် ငါ့စွမ်းအားကို အပြည့်သုံးဖို့မဖြစ်နိုင်မှန်းသိလို့ တမင်ခုန်ချသွားတာပဲ။”

ဖရာလီတာက မျက်မှောင်ကြုတ်လိုက်တယ်။ အယ်ဖာတစ်ယောက်အနေနဲ့ ဖရာလီတာက အိုလီထက် အများကြီးပိုစွမ်းအားကြီးပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့က လူနေထူထပ်တဲ့နေရာပါ။ တိုက်ပွဲက ရုတ်တရက်ဖြစ်လာတာဖြစ်လို့ ပြောင်းရွေ့မိန့်လည်း ထုတ်မထားရသေးဘူး။ လူထုကို မထိခိုက်စေချင်ရင် လေပေါ်မှာလို အလင်းဗုံးတွေနဲ့ပဲ့ထိန်းဒုံးတွေကို စိတ်ကြိုက်သုံးဖို့မဖြစ်နိုင်ဘူး။

“အဆိုးဆုံးက Dragon Blastကို သုံးဖို့မဖြစ်နိုင်တော့တာပဲ။ ရပါတယ်လေ၊ ဒီဟာမကို လက်ချည်းသက်သက်နဲ့ အနိုင်ယူရတာပေါ့။”

ဖရာလီတာက လက်ဖျောက်တစ်ချက်တီးလိုက်ပြီး မြို့ကာကွယ်ရေးတံတိုင်းရဲ့အစိတ်အပိုင်းတစ်ခုကို ဖွင့်လိုက်တယ်။ အဲဒီနောက် ဝတ်စုံကိုထိန်းချုပ်ပြီး မြို့ထဲကို စတင်ဆင်းသက်တယ်။

...

ဘုန်း...

အိုလီက ဒီအတိုင်းပဲခုန်ဆင်းလိုက်တာဖြစ်လို့ လမ်းမပေါ်မှာရှိနေတဲ့ တက္ကစီကားတစ်စီးရဲ့စက်ဖုံးပေါ် ပြုတ်ကျသွားတယ်။ သူက လူသားပုံစံနဲ့ရှိနေတာဖြစ်ပေမဲ့ ပိုးကောင်တစ်ကောင်ဖြစ်လို့ ထိခိုက်ဒဏ်ရာရမသွားပါဘူး။ အဲဒီအစား ကားစက်ဖုံးက ချိုင့်ဝင်သွားပြီး သူ့ခန္ဓာကိုယ်နဲ့ပုံစံတူ မှိုခွက်လေးတစ်ခု ဖြစ်လာတယ်။ တက္ကစီဒရိုက်ဘာ ဦးလေးကြီးကတော့ သူ့မျက်စိရှေ့က မြင်ကွင်းကို မယုံနိုင်အောင်ဖြစ်နေပြီး သူ့မျက်လုံးကိုယ်သူ လက်နဲ့ပွတ်ကြည့်နေပါတယ်။ ခဏနေတော့ သူ့ဖုန်းက မြည်လာပြီး ကိုင်လိုက်ချိန်မှာ ဖုန်းတစ်ဖက်ကနေ မိန်းမကြီးတစ်ယောက်ရဲ့အသံ ထွက်လာလေရဲ့။

“ကိုဟာကြီး၊ မြို့အပြင်မှာ ပိုးကောင်တွေရောက်နေတယ်ကြားတယ်။ ဘီယာဆိုင်မှာ သဝေထိုးမနေဘဲ အိမ်ပြန်လာခဲ့တော့။”

ဦးလေးကြီးကလည်း ဖုန်းကိုကိုင်ထားရင်ကနေ အ​ယောင်​ယောင်အမှားမှားနဲ့ အိုလီကိုကြည့်ရင်း ပြန်ဖြေလိုက်လေရဲ့။

“မိန်းမရေ၊ ကိုယ်ဆူးလေမီးပွိုင့်မှာ မီးနီမိနေတုန်း ကောင်မလေးတစ်ယောက် ကိုယ့်ကားစက်ဖုံးပေါ် ပြုတ်ကျလို့ ကားအင်ဂျင်ထိသွားပြီ။”

“ဘာ၊ ရှင်အရက်မူးနေတာလား။”

နောက်တော့ ကားသမားဦးလေးကြီးက သူ့မိန်းမက တဗျစ်တောက်တောက်နဲ့ ရန်ရှာပါလေရော။ အိုလီကတော့ ဦးလေးကြီးကို လစ်လျူရှုထားလိုက်ပြီး နစ်ဝင်နေတဲ့ ကားစက်ဖုံးကနေ ရုန်းထွက်ကာ လမ်းမပေါ်ကို ခြေချလိုက်တယ်။

“အားဟား... အရင်တစ်ပတ်ကမှ ဝယ်ထားတဲ့ ဂါဝန်အပွလေးတော့ ပျက်စီးကုန်ပါပြီ။”

အိုလီ မတ်မတ်ပြန်ရပ်ပြီး ပထမဆုံးလုပ်တဲ့အရာက ဂါဝန်ကို လက်နဲ့ရိုက်ပြီးဖုန်ခါတာပါပဲ။ တစ်ဖက်မှာတော့ မီးပွိုင့်က မီးစိမ်းသွားပြီဖြစ်ပြီး တက္ကစီက ရှေ့ဆက်မသွားတဲ့အတွက် နောက်ကားတွေက ဟွန်းတွေတီးကုန်ပြီ။

တီ... တီ... တီ...

ကျွီ...

ဟွန်းသံရှည်တွေနဲ့အတူ ကာရံညီညီရောက်ရှိလာတာက Archmegaပါ။ လူနှစ်ရပ်စာလောက် အရွယ်အစားရှိတဲ့ ဝါးဖရိန်ကြီးက အိုလီရှေ့မှာရပ်လိုက်ပြီး စက်ရုပ်ခေါင်းက အိုလီရဲ့မျက်လုံးတွေကို စိုက်ကြည့်နေတယ်။ အိုလီကလည်း ဝါးဖရိန်ကို ပြန်ကြည့်လိုက်ပြီး သူတို့အကြည့်ချင်းဆုံသွားပါတယ်။

“အော်... လက်ရှိမစ်ရှင်အဖွဲ့ခေါင်းဆောင်က မြို့ထဲမှာ တိုက်ပွဲဖြစ်မယ့်အရေးကို တွေးမပူဘူးလား။”

အိုလီက ပိုးကောင်တစ်ဝက်ပုံစံပြောင်းကာ ပခုံးပေါ်က ပိုးကောင်လက်တံတစ်တံကို ဆွဲဖြုတ်ပြီး လက်နက်အဖြစ်သုံးဖို့ပြင်တယ်။ ဖရာလီတာကလည်း အလင်းဒြပ်စင် လက်နက်တွေကိုသုံးမယ့်အစား ဇမ္နူရာဇ်ရွှေကွပ်ထားတဲ့ ဝတ်စုံရဲ့လက်သီးကို အလျင်အမြန်ပဲဆုပ်လိုက်ပြီး အိုလီကို ညာဖြောင့်လက်သီးစာ ကျွေးလိုက်တယ်။

“စိတ်မကောင်းပေမဲ့ ငါက ဟီးရိုးမဟုတ်ဘူးဟဲ့။”

ဖရာလီတာက ဝတ်စုံထဲမှာ နှုတ်ခမ်းကိုတွန့်ရုံပြုံးလိုက်ပြီး တိုက်ခိုက်လိုက်တာပါ။ သူက အစကတည်းက ဟီးရိုးမဟုတ်ပါဘူး။ ဒီအတိုင်း တိုက်ခိုက်ရေးသမားတစ်ယောက်ပါ။ ဖြစ်နိုင်သမျှ မြို့ထဲမှာ တိုက်ပွဲမဖြစ်ချင်ပေမဲ့ ဖြစ်လာပြီဆိုရင်တော့ ရှောင်မှာမဟုတ်ပါဘူး။ အဲဒီအစား ထိပ်တိုက်ရင်ဆိုင်မှာဖြစ်ပြီး ထိခိုက်မှုနည်းစေရုံလောက်သာ အာရုံစိုက်မှာဖြစ်ပါတယ်။

ဘုန်း....

လက်သီးနဲ့ပိုးကောင်လက်တံဓားက လေထုထဲမှာ ဆုံမိသွားတယ်။ နှစ်ယောက်လုံးက အယ်ဖာအဆင့်တွေ ဖြစ်တဲ့အတွက် တိုက်ကွက်ချင်းဆုံမိရာကနေ ဖြစ်လာတဲ့ သက်ရောက်လှိုင်းတွေကတင် ရန်ကုန်မြို့ရဲ့ကတ္တရာလမ်းမတွေကို ဖျက်ဆီးဖို့ လုံလောက်နေပါပြီ။ ကတ္တရာလမ်းတွေက အရှိန်​ကြောင့် အက်ကွဲကုန်ပြီး အနီးအနားတိုက်တာအဆောက်အဦးတွေလည်း ငလျှင်လှိုင်းတွေကြောင့် အက်ကွဲကုန်တယ်။

“ပြေးကြ၊ ပြေးကြ။ မြို့ထဲကို ပိုးကောင်တွေရောက်လာပြီ။”

မီးပွိုင့်မှာပိတ်မိနေတဲ့ ကားပေါ်ကလူတွေလည်း ကားတံခါးတွေကိုဖွင့်ကာ ဆင်းပြေးကြတယ်။ သူတို့အနေနဲ့ အယ်ဖာအဆင့်နှစ်​ယောက်ရဲ့တိုက်ပွဲကြားမှာ ညပ်မသေချင်ရင် ပြေးဖို့တစ်နည်းသာရှိပါတယ်။

“အိုဟို၊ ကြည့်ရတာ နင်က မျိုးနွယ်တူတွေကို သိပ်ပြီးဂရုမစိုက်ဘူးပဲ။ ကောင်မလေးတွေ၊ အချိန်ကျပြီ။”

အိုလီက ဖရာလီတာရဲ့လုပ်ရပ်ကြောင့် ပြုံးလိုက်ပြီး လူအုပ်ကြားထဲကို လက်ပြလိုက်တယ်။ လူအုပ်ထဲမှာ လှပတဲ့မိန်းကလေးတချို့လည်းရှိနေပြီး အဲဒီမိန်းကလေးတွေက အချက်ပြမှုကိုရတာနဲ့ ပျစား ပိုးကောင်တွေအဖြစ်ပြောင်းသွားပြီး အနီးအနားက လူတွေကို စတင်တိုက်ခိုက်တယ်။

“နင့်ရဲ့စပိုင်ကွန်ယက်က ဒီနေရာမှာလည်း ရှိနေတာကိုး။”

ဖရာလီတာက သွေးလမ်းနေတဲ့ မြို့လယ်ခေါင်ကို ကြည့်ရင်း ပြောလိုက်တယ်။ ဒါပေမဲ့ သူက တိုက်နေတာကို မရပ်ပါဘူး။ ဝါးဖရိန်က အားပါတဲ့ လက်သီးချက်တွေကို ဆက်တိုက်ထုတ်ဖော်နေပြီး အိုလီကို အနိုင်ယူဖို့ကြိုးစားနေတယ်။ သူ့အတွက် အိုလီက ပထမဦးစားပေးပါ။

“ဒါပေမဲ့ ငါ့အတွက်အရေးအကြီးဆုံးက မက်ဒါနာအတွက် နင်တို့ပိုးကောင်ဗိုလ်ချုပ်တွေကို အသေသတ်ပေးဖို့ပဲ။”

ဖရာလီတာရဲ့တိုက်ကွက်တွေက ပိုပြီးပြင်းထန်လာတယ်။ ပိုးကောင်ဗိုလ်ချုပ်တွေကြောင့် မက်ဒါနာခံစားခဲ့ရတာတွေကို တွေးမိရုံနဲ့တင် ဖရာလီတာအတွက် ကျန်တာအားလုံးကို လစ်လျူရှုထားဖို့အထိ လုံလောက်တဲ့ လက်စားချေလိုစိတ်ကို ဖြစ်တည်စေပါတယ်။

“တစ်ယောက်​ယောက် ကယ်ကြပါ။” ထွက်ပြေးနေတဲ့ တက္ကစီသမားဦးလေးကြီးက ပြေးနေရင်း ခလုတ်တိုက် လဲသွားပြီး ပျစားပိုးတစ်ကောင်ရှေ့မှာ မှောက်လျက်လဲကျသွားတယ်။ ကယ်မယ့်သူမရှိတာကြောင့် သေပြီထင်ခဲ့ပေမဲ့ ရွှေရောင်အလင်းတန်းတစ်ခုက ပျစားပိုးရဲ့ခေါင်းကို ဖောက်ခွဲပစ်လိုက်တယ်။ အလင်းတန်းရဲ့ရင်းမြစ်ကတော့ ဆိပ်ကမ်းဘက်မှာ တိုက်ခိုက်နေတဲ့ သူရိယရာဇာပါ။

“မင်းကြီး....” တက္ကစီသမားရဲ့မျက်လုံးမှာ မျက်ရည်တွေနဲ့ ပြည့်နှက်လာပြီး ဘုရင်ရှိရာကို ဦးတိုက်လိုက်တော့တယ်။

...

သူရိယရာဇာက ပင်လယ်ပြင်ပေါ်မှာ​ ရွှေရောင် နေလုံးကြီးတစ်ခုလိုမျိုး တောက်ပနေတယ်။ သူ့လက်တစ်ဖက်ထဲမှာ ရွှေရောင်အလင်းစွမ်းအင်လုံးတစ်ခုရှိနေပြီး အဲဒီစွမ်းအင်လုံးကနေ ကြိုးတန်းပေါင်းများစွာ ဖြာထွက်နေပါတယ်။ သေချာကြည့်မယ်ဆိုရင် အဲဒီကြိုးတန်းတိုင်းက မြို့ထဲမှာရှိနေသမျှ ပြည်သူတွေအားလုံးနဲ့ ဆက်နွယ်နေပါတယ်။

“ပြည်သူတွေရဲ့ဘုရင်အပေါ်ယုံကြည်မှုကနေ ဖြစ်ပေါ်လာတဲ့ ယုံကြည်မှုအလင်းတန်းတွေက ဘုရင့်နှလုံးသားကို ဖန်တီးပေးတယ်။ ဘုရင့်နှလုံးသားက တိုင်းပြည်ကံကြမ္မာကို ဖန်တီးပေးပြီး တိုင်းပြည်ကို ကာကွယ်ပေးနိုင်တယ်။”

သူရိယရာဇာက အလင်းစွမ်းအင်လုံးကို ခြေမွလိုက်တယ်။ အလင်းစွမ်းအင်လုံးက အလင်းစက်တွေအဖြစ် ကြေမွသွားပြီး သူ့ခန္ဓာကိုယ်နဲ့ တစ်ပေါင်းတစ်စည်းတည်းဖြစ်သွားတယ်။ နောက်တော့ သူ့တစ်ကိုယ်လုံးက ပိုတောက်ပလာပြီး သူ့နောက်မှာရှိနေတဲ့ ရွှေရောင်စစ်သည်တော်ကြီးကလည်း မီတာသုံးရာအထိ ကြီးမားလာကာ ပိုမိုထင်ရှားလာပါတယ်။ နောက်ဆုံးတော့ အရိန္နမာလှံကိုင်ထားတဲ့ သူရိယရာဇာပုံစံ ဇမ္မူရာဇ်ရွှေရုပ်ထုကြီးအ​ဖြစ် ဖွဲ့တည်သွားပြီး သစ်ကိုင်းပိုးကောင်နဲ့မျက်နှာချင်းဆိုင်မှာ ရပ်တည်နေပါတယ်။

“တိုင်းပြည်ရဲ့ရန်စွယ်တွေ၊ ပျောက်ကွယ်သွားလော့။”

သူရိယရာဇာရုပ်ထုကြီးက လှံနဲ့သစ်ကိုင်းပိုးကောင်ရဲ့ရင်ဝကို ထိုးချလိုက်တယ်။ သစ်ကိုင်းပိုးကောင်ကလည်း သူ့လက်တွေကိုမြှောက်ကာ လှံချက်ကို ကာကွယ်လိုက်ပါတယ်။

ဧရာမတိုက်တန်အရွယ်တည်ရှိမှုကြီးနှစ်ခုက ပင်လယ်ပြင်ထဲမှာ ရပ်နေကြပြီး ရေက သူတို့အရွယ်ကြောင့် ဒူးလောက်အထိပဲနက်ပါတယ်။ ဒါပေမဲ့ သူတို့လှုပ်ရှားမှုတိုင်းက ပင်လယ်လှိုင်းတွေကို ဖြစ်ပေါ်စေပြီး ဆိပ်ကမ်းကို လာရောက်ရိုက်ခတ်တယ်။

“ဖရာလီတာ၊ မင်းက ငါ့ပြည်သူတွေကို မကာကွယ်ချင်ပေမဲ့ ငါကတော့ ကာကွယ်မှဖြစ်မယ်။”

သူရိယရာဇာက ပြောလိုက်တယ်။ ရွှေရောင်ရုပ်ထုကြီးရဲ့ ခေါင်းပေါ်မှာ ရွှေရောင်လှံငယ်ပုံတူလေးတွေ ထောင်သောင်းနဲ့ချီ ဖွဲ့တည်လာပြီး ရွှေရောင်အလင်းတန်းတွေအဖြစ် မြို့ဆီကိုဦးတည်ပျံသန်းသွားကြတယ်။

...

အီဗန်တို့အုပ်စုက အမိန့်အတိုင်းပဲ တခြားဟီးရိုးတွေနဲ့အတူ မြို့ထဲမှာ ကင်းလှည့်နေပါတယ်။ အိုလီရဲ့ပိုးကောင်တွေက မြို့နေရာအနှံမှာရှိနေပြီးတော့ လူတကာကို လိုက်လံတိုက်ခိုက်နေပါပြီ။ ဟီးရိုးတွေအပြင် မဟာမိတ်စစ်တပ်ရဲ့စစ်နတ်သမီးတွေက မြို့ကောင်းကင်ရဲ့တစ်နေရာကနေတစ်နေရာကို ကူးလူးပျံသန်းနေပြီး ပိုးကောင်တွေကိုရှာဖွေတိုက်ခိုက်နေသလို သူရိယရာဇာရဲ့ရွှေရောင်စစ်သည်တွေကလည်း စနစ်တကျစုဖွဲ့ပြီး မြို့သားတွေကို ကာကွယ်ပေးနေကြတယ်။

“ဟမ်...” အီဗန်က ဖီးလစ်နဲ့အတူ S rank ပိုးကောင်တစ်ကောင်ကြောင့် တိုက်ပွဲကြီးတစ်ခုဖြစ်နေတဲ့ နေရာကိုပြေးသွားနေရင်းကနေ ​ထူးဆန်းတဲ့ မြင်ကွင်းကြောင့် ရပ်လိုက်ပါတယ်။ ကောင်းကင်ပေါ်ကနေ ရွှေရောင်အလင်းတန်းတွေ ကျဆင်းလာနေပြီး အဲဒီအလင်းတန်းတွေက သူတို့နားမှာရှိနေတဲ့ ရွှေရောင်စစ်သည်တွေနဲ့ပေါင်းစပ်သွားတာကို သူတို့မြင်နေရတာပါ။

“ဘာ... C rankပဲရှိတဲ့ သာမန်စစ်သည်တွေက အဲဒီအလင်းတန်းနဲ့ထိတာနဲ့ အဆင့်ကြီးတစ်ဆင့်လုံးကျော်ပြီး B rank တွေဖြစ်ကုန်တာလား။”

ဖီးလစ်ကလည်း ထိတ်လန့်တကြားပြောလိုက်တယ်။ မိုးပျံဆိုင်ကယ်ပေါ်မှာရှိနေတဲ့ နျူရေကတော့ အချက်အလက်တချို့ကို ဖုန်းထဲချရေးလိုက်ပြီး ကျန်နှစ်ယောက်ကို ပြောလိုက်ပါတယ်။

“ကြည့်ရတာ ဘုရင်သူရိယရာဇာရဲ့ယုံကြည်မှုစွမ်းအားက သူ့ကိုအကြွင်းမဲ့ယုံကြည်တဲ့သူတွေအပေါ် စွမ်းအားပြန်မျှဝေပေးနိုင်တဲ့ လုပ်ဆောင်ချက်မျိုးလည်း ရှိပုံပဲ။ ဒါက မြူတန့်စွမ်းအားဆိုတာထက် မှော်ပညာတစ်မျိုးနဲ့ပိုတူနေပြီ။”

ကျန်တဲ့သူတွေလည်း ခေါင်းညိတ်လိုက်ကြပါတယ်။ သူရိယရာဇာရဲ့စွမ်းအားတွေက နည်းနည်းလေးမှ မြူတန့်မဆန်ပါဘူး။ အဲဲဒီအစား သူ့စွမ်းအားတွေက စောင့်ရှောက်သူသားရဲလေးပါးနဲ့ ပိုပြီးနီးစပ်နေပါတယ်။

“ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ငါတို့လည်း ငါတို့လုပ်နိုင်တာကို လုပ်ကြတာပေါ့။”

အီဗန်က ဓားကိုဆွဲထုတ်လိုက်ပြီး ဆက်ပြေးတယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ သူတို့နီးလာနေပြီ။ နေရာအနှံမှာ လဲကျသေဆုံးနေတဲ့ ရွှေရောင်စစ်သည်တွေနဲ့ စစ်နတ်သမီးစက်ရုပ်ပျက်တွေကို သူတို့မြင်နေရပြီ။ သူတို့အားလုံးရဲ့ခန္ဓာကိုယ်တွေကနေ အငွေ့တွေထွက်နေပြီး အရိုးတချို့ပါ အရည်ပျော်ကျနေတယ်။ အက်စစ်နဲ့အပက်ခံထားရသလိုပဲ။

“ပစ်မှတ်ကိုတွေ့ပြီ၊ ရှေ့မီတာငါးဆယ်မှာ။”

နျူရေက ကျန်နှစ်ယောက်ကို သတိပေးလိုက်ပြီး သူ့ဆိုင်ကယ်ကနေ လက်ဦးမှုရယူတဲ့အနေနဲ့ ပဲ့ထိန်းဒုံးတချို့ကို အဝေးမှာလှမ်းမြင်နေရတဲ့ S rank ပိုးကောင်မျိုးစိတ်ခွဲခေါင်းဆောင်ဆီ ပစ်ခတ်လိုက်တယ်။ အီဗန်ကတော့ သွေးထုတ်သစ်ကိုဖောက်သောက်လိုက်ပြီး နီရဲနေတဲ့မျက်လုံးတွေနဲ့အတူ အသံမြန်နှုန်းကိုချိုးဖောက်ပြီး ရှေ့ကနေ ဦးဆောင်ပြေးနေပါပြီ။ ဖီးလစ်ကတော့ လက်နှစ်ဖက်လုံးကနေ မီးတောက်တွေကိုစုစည်းပြီး ပိုးကောင်ကို ထွက်ပြေးလို့မရအောင် ပြေးပေါက်အားလုံးကို မီးတောက်တွေနဲ့ပိတ်ဆို့ထားလိုက်တယ်။

All Chapters