မီးခိုးကဲ့သို့ ကွယ်ပျောက်သွားခြင်း
Vol. 010 Ch. 907
ရီဖူရှင်းက ရတနာလှံကို ကိုင်ကာ လှုပ်ရှား လိုက်သည်ကို မြင်လျှင် လင်းယွီ၏ မျက်နှာမှာ ပြာနှမ်းသွားသည်။ သူ၏ရှေ့တွင်ကား လျူရှီမှာ ကံဆိုးသွားခဲ့ပြီ ဖြစ်သည်။ ရီဖူရှင်း၏အကြည့်ထံမှ သူက ကြီးမားသော အန္တရာယ် အငွေ့အသက်များအား ခံစားမိနေရသည်။
ထိုအခိုက်တွင် တော်ဝင်မြေသုံးခုမှ တန်ခိုးရှင်များ အားလုံး တွန့်ဆုတ် နေကြသည်။ သူတို့ ဘာလုပ်ရမည် မသိတော့ပေ။ မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲ နန်းတော်သခင်က ယခု အဆုံးမဲ့ ပင်လယ်ကို ရောက်လာကာ ရှန့်ထိုသားရဲ ကျူးရင်အား သတ်ဖြတ်ပြီး နှစ်ပေါင်းများစွာ ကွယ်ပျောက် နေခဲ့သော ရတနာလှံအား ရရှိခဲ့၏။
သူတို့ သိသလောက် ရီဖူရှင်းက ရှန့်ထို အဆင့်ကား ယခုမှ တစ်ခါ သတ်ဖြတ် ခဲ့ဖူးသည် မဟုတ်ပေ။ စစ်တုရင် ရှန့်ထိုမှာလည်း သူ့လက်ချက်ဖြင့် သေဆုံးခဲ့သည်။
“သူ့ကို ဖမ်းပြီးတော့ နန်းတော် သခင်ဆီကို ပို့မယ်...” လင်းယွီက ရီဖူရှင်း၏ မျက်လုံးများထံမှ အန္တရာယ်၏ အငွေ့အသက်များအား ခံစားမိသည်။ သို့သော်လည်း ရီဖူရှင်းက ထွက်ပြေး လွတ်မြောက်သွား၍ မရပေ။
ပင်လယ်နန်းတော်မှ ရှီတန်ခိုးရှင် တစ်ပါးက ငွေလှံရှည်ကို ကိုင်စွဲကာ ရီဖူရှင်းအား ထိုးသွင်း လိုက်သည်။ ပင်လယ်ရေများက လှိုင်းထန်သွားကာ ရေခဲနဂါး အသွင်ဖြင့် ရီဖူရှင်းထံသို့ တိုးဝင်လာ၏။ ရေများက အေးခဲသွားကာ ရီဖူရှင်းအား ပြင်းထန်စွာ ရိုက်ခတ် လာကြ၏။
ရီဖူရှင်း၏လက်က အနည်းငယ် လှုပ်ယမ်း သွားသည်။ ရတနာလှံက သူ၏ လေဟာနယ် စွမ်းအားများစွာကို ဝါးမျိုသွားပြီး သူ့ခန္ဓာကိုယ်မှာ အလွန် လင်းလက် လာခဲ့၏။ သူက ရှေ့ကို တက်ကာ လှံရှည်ဖြင့် ထိုးနှက်လိုက်လျှင် အလင်းတန်းက ရေခဲနဂါးအား အမှုန်အမွှားများ အဖြစ် ပြောင်းလဲ သွားစေသည်။
လေဟာနယ်မှာ အာကာသ ဓာတ်ကြောင့် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသည်။
ရေခဲနဂါးမှာ အလင်းတန်း ဖြတ်သန်းသွားခြင်း နောက်တွင် အမှုန့်များ ဖြစ်သွားပြီး အလွန်လှပသော အလင်းတန်းက ဆက်လက် တိုးဝင်သွားသည်ကို အားလုံးက မြင်ကြသည်။ နာကျင်စွာ အော်ဟစ်သံ တစ်ခုနှင့်အတူ ထိုရှီတန်ခိုးရှင်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲ သွားသည်။
ရီဖူရှင်းက ပင်လယ်ရေထဲတွင် ရပ်နေပြီး သူ့ထံမှ ရောင်စဉ်များ ဖြာထွက်နေ၏။ သူကား နတ်ဘုရား တစ်ပါးလို ရပ်တန့်၍ မရပေ။ သူ၏ မျက်လုံးများက ရွှေရောင်များ အဖြစ် ပြောင်းလဲ သွားကာ သူ့မျက်လုံးနှင့် ဆုံမိသူတိုင်း တုန်လှုပ် ကြရသည်။
“ကျုပ်တို့ အတူတူ တိုက်ကြမယ်…” လင်းယွီက ပြောသည်။ ရီဖူရှင်းက ရှီတန်ခိုးရှင်များ အားလုံးကို တစ်ချက်တည်းဖြင့် မသတ်နိုင်ပေ။
ရီဖူရှင်းက အချိန်နှင့် လေဟာနယ်လှံကို မြှောက်လိုက် သည်တွင် အလင်းများက အားလုံးကို လာရောက် ဖျန်းပက်သည်။
“လေဟာနယ် အေးခဲခြင်း...” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ ချက်ချင်းပင် အားလုံးက သူတို့၏ ခန္ဓာကိုယ်များ တင်းကျပ် သွားသည်ကို ခံစားလိုက် ကြရသည်။ လျူယွီနှင့် တန်ခိုးအဆင့် တူများမှာ အနည်းငယ်မျှ ရွေ့လျားနိုင်စွမ်း မရှိတော့ပေ။ မိုရှီအဆင့်မှ လူများမှာ အနည်းငယ်မျှ လှုပ်ရှား နိုင်သော်လည်း သူတို့မှာလည်း ချုပ်နှောင်ထားခြင်း ခံရသည်။ သူတို့ အားလုံး တုန်လှုပ် သွားကြ၏။
သူကား ထိုမျှ အားကောင်းသည်။
တော်ဝင် ရတနာဖြင့်ပင် အလယ်အလတ် မိုရှီ တန်ခိုးရှင်က ထိုမျှ အစွမ်း မကြီးနိုင်ပေ။ ရတနာလှံက ပြည်နယ်ကိုးခုတွင် အဆင့်၃မျှ ရှိသော်လည်း သူ၏ တန်ခိုးအဆင့်ဖြင့် ထိုမျှ အားကောင်းသော စွမ်းအားကို မထုတ် နိုင်လောက်ပေ။
ကြောက်မက်ဖွယ် ကောင်းသော လေဟာနယ် အမှုန်အမွှားဓာတ်က အချိန်နှင့် လေဟာနယ်ထံသို့ စီးဆင်းသွားကာ အားလုံးကို ကြီးမားသော အန္တရာယ် အငွေ့အသက် များပေးသည်။
“သတိထား...”
ရှီတန်ခိုးရှင် တစ်ပါးက နောက်ဆုတ်သည်။ ရီဖူရှင်း၏ မျက်လုံးများက ရုတ်တရက် ရွှေရောင်အဖြစ် ပြောင်းလဲသွားပြီး ရောင်စဉ်များ လင်းလက် လာသည်။ သူကား နတ်ဘုရား အလင်းများ ရစ်ပတ်ထားသော အင်ပါယာတစ်ပါးနှင့် တူသည်။ သူ၏ ကိုယ်ရောင် ကိုယ်ဝါမှာ ပိုမို အားကောင်း လာခဲ့ကာ အချိန်နှင့် လေဟာနယ် လှံမှာလည်း ကြီးမားသော အရှိန်အဝါများ တောက်လောင် လာခဲ့၏။
“ဒီက ထွက်သွားရအောင်...”
အလယ်အလတ်မိုရှီ တန်ခိုးရှင်တစ်ပါးက ပြောသည်။ လောကဓာတ်များ ကွဲထွက်လာကာ သူတို့က အချုပ်အနှောင်အား ထိုးခွင်းလျက် ထွက်ပြေးရန် အားထုတ် ကြသည်။ သူတို့က ရီဖူရှင်းအား မယှဉ်နိုင် ဟူသော ခံစားချက်များ ရလာကြသည်။
“ပြေးစရာ မလိုဘူး...”
ရီဖူရှင်းက အေးစက်စွာ ပြောသည်။ ပိုမို အားကောင်းသော လောကဓာတ် တစ်ခုက ပတ်ဝန်းကျင်အား ရိုက်ခတ် လာသည်။ ပြင်းထန်သော အာကာသဓာတ်က နေရာတိုင်းတွင် ရှိနေကာ မိုရှီများလည်း လှုပ်ရှားနိုင်စွမ်း မဲ့သွားသည်။ ထိုစွမ်းအင်က ဧကရာဇ်အသိမှ အထောက်အပံ့ ပြုထားဟန်ရ၏။ ရတနာလှံမှ အလင်းတစ်ခု ကွဲထွက်လာကာ အားလုံးကို ဖျန်းပက်လာသည်။
“သေစမ်း...”
ရီဖူရှင်းက လှုပ်ရှားသည်တွင် လှံရှည်က မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်များ ထံသို့ ဦးတည်ကာ တိုးဝင် သွားသည်။ ထိုအခိုက်တွင် အလင်းတန်းများ ကွဲထွက်လာကာ ရတနာလှံက အဆုံးအစမဲ့စွာ စီးဆင်းနေကြသော ရွှေရောင် အလင်းများအား ဝါးမျိုသွားသည်။ ထို့နောက် လှံရှည်ထံမှ နေမင်းကဲ့သို့ အလင်းရောင်များ ဖြာထွက်လာကာ ပတ်ဝန်းကျင် ရေများ အားလုံးကို ခြောက်ခန်း သွားစေ၏။ အလင်းများက မြောက်ဘက် ခြောက်နက်မှ တန်ခိုးရှင်များ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင် စီးဆင်း သွားကြတော့သည်။
ထိုအခိုက်တွင်ပင် သူတို့၏ ခန္ဓာကိုယ်များက ပေါက်ကွဲ သွားကြတော့သည်။
မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်များ အားလုံး အသတ် ခံလိုက်ရ၏။
ပင်လယ် နန်းတော်နှင့် နတ်ဘုရား ကမ်းပါးမှ တန်ခိုးရှင်များ အားလုံးက ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်ကြသည်။ သူတို့၏ အသက်ရှူနှုန်းများ ရပ်တန့် သွားသည်ဟုပင် ခံစားလိုက် ကြရသည်။
ရီဖူရှင်းကား သူတို့၏အသက်ကို အချိန်မရွေး သုတ်သင်နိုင်သည့် အင်ပါယာ တစ်ပါးနှင့် တူသည်။
နန်းတော် အဝင်ဝမှ ရုပ်တုမှာ ရီဖူရှင်းကြောင့် ပြိုကွဲခဲ့သလားဟုပင် သူတို့ သံသယ ဖြစ်မိကြသည်။
“အရှင်ရီ ... အဆုံးမဲ့ပင်လယ်က တော်ဝင်မြေတွေက တော်ဝင်ကျဲ နန်းတော်လိုပဲ တော်ဝင်မြေတွေ ဖြစ်တယ် ... ခင်ဗျားက ကျုပ်တို့ အားလုံးကို သတ်ရင် အကျိုးဆက်က ဘာဖြစ်မလဲ...” နတ်ဘုရား ကမ်းပါးမှ တန်ခိုးရှင် တစ်ယောက်က မေးသည်။
“ရေအောက် နန်းတော်က အဲဒီကို သွားတဲ့ တန်ခိုးရှင်တွေနဲ့အတူ လုံးဝ ပျက်စီး ပျောက်ကွယ် သွားတယ်... ရတနာလှံလည်း ပျောက်သွားပြီးတော့ ရီဖူရှင်းက ဒီကို တစ်ခါမှ မလာခဲ့ဘူး...”
နတ်ဘုရား ကမ်းပါးမှ လူများအားလုံး မျှော်လင့်ချက်များ ပျောက်ဆုံး သွားကြသည်။ သူတို့ကား ကျူးရင်ထံမှ အသက်ဘေး လွတ်လာခဲ့သော်လည်း ရတနာလှံအပေါ် လောဘ တက်မိခြင်းက သူတို့ကို တစ်ဖန် ချောက်နက်ထဲသို့ ကျဆင်းစေခဲ့သည်။
“ကျုပ်တို့က အရှင်ရီမှန်း သိခဲ့ရင် ဒီလို လုပ်ခဲ့မှာ မဟုတ်ဘူး...” တစ်ယောက်က ပြောသည်။
“မဟုတ်ဘူး... မင်းတို့ လုပ်လိမ့်မယ်...”
ရီဖူရှင်းက သူတို့အား အေးစက်စွာ ပြောသည်... “မင်းတို့က ရတနာလှံကို ရမယ်ဆိုရင် ဘာမဆို လုပ်လိမ့်မယ်... မင်းတို့က ကျုပ်ကို သတ်နိုင်ခဲ့ရင် တော်ဝင်ကျဲ နန်းတော်လည်း ပြိုလဲ လိမ့်မယ်... မင်းတို့က တန်ခိုးရှင်တွေပဲ ... နန်းတော်က မင်းတို့ကို ဘာလုပ်နိုင်မှာလဲ...”
ယခု သူတို့ ဘာမှ မပြောခြင်းမှာ သူတို့၏ အသက်က ရီဖူရှင်း လက်ထဲတွင် ရှိနေခြင်းကြောင့် ဖြစ်ပေသည်။
“အခု ငါက မင်းတို့လိုပဲ ဆုံးဖြတ်လိုက်ပြီ...”
သူက ထိုသို့ ပြောပြီးသည်နှင့် အလင်းတန်း အသွင်ဖြင့် ထိုလူများထံသို့ တိုးဝင်သွားသည်။ မကြာခင် နတ်ဘုရား ကမ်းပါးမှ တန်ခိုးရှင်များ အားလုံး ပျောက်ကွယ် သွားကြတော့သည်။
ဧကရာဇ်အသိ၏ အထောက်အပံ့ကို ယူထားသော အချိန်တွင် ရီဖူရှင်းကား အလွန် အားကောင်း ပေသည်။ သူကား ယခုတွင် ကွန်းရှီ အဆင့်ထက် မနိမ့်တော့ပေ။
ရီဖူရှင်းက လင်းယွီအား လှမ်းကြည့်သည်တွင် တစ်ဘက်လူက တုန်ယင်သွားသည်။ သူက ပြည်နယ်ကိုးခုမှ ဒဏ္ဍာန်ရီသဖွယ် ကျော်ကြားသော သည်ပုဂ္ဂိုလ်အား ရင်ဆိုင်နိုင်ပါ့မလား။
လက်ရှိတွင် ရီဖူရှင်း၏ မျက်လုံးထဲ၌ လင်းယွီကား ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်သည်။ လေဟာနယ် အေးခဲခြင်း ဓာတ်အောက်၌ လင်းယွီကား တစ်လက္မမျှပင် မလှုပ်ရှားနိုင်ပေ။
ဝှီး..
ရတနာလှံက လေဟာနယ်ကို ဖြတ်သန်း သွားသည်တွင် လင်းယွီ၏ အသက်ကို နုတ်ယူ သွားသည်။
ရီဖူရှင်းက ရပ်တန့်ခြင်း မရှိပေ။ သူက တစ်နေရာပြီး တစ်နေရာ မြန်ဆန်စွာ လှုပ်ရှား သွားသည်။ မကြာခင် ထိုနေရာတွင် ရှိသော ရှီတန်ခိုးရှင်များ အားလုံး အသတ်ခံရသည်။ မည်သူမှ ရီဖူရှင်းကို မယှဉ်နိုင်ကြပေ။
နောက်ဆုံးတွင်ကား ရီဖူရှင်းအပြင် လူသုံးယောက်မျှသာ ကျန်ရစ်သည်။
သူတို့ကား လျူယွီ၊ လျူဟန်နှင့် လျူစီရွှမ်တို့ ဖြစ်ကြသည်။
သူကား လျူကလန်မှ တန်ခိုးရှင်များ အားလုံးကိုလည်း သတ်ဖြတ်ခဲ့သည်။
သူတို့ သုံးယောက်က ရီဖူရှင်းအား ထိတ်လန့်စွာ စိုက်ကြည့် ကြသည်။ လျူကလန်ပင် သေခြင်းတရာမှ လွတ်မြောက်ခဲ့ခြင်း မရှိခဲ့ပေ။
ရီဖူရှင်းက ဘာမှ မပြောပေ။ တန်ခိုး ကျင့်ကြံခြင်းက လူတစ်ယောက်အား အမှန်တကယ်ပင် ရက်စက်စေသလော သူမသိတော့။ စစ်တုရင်ရှန့်ထို ပြောသော စကားကို သူ ပြန်အမှတ်ရမိသည်... မဟာ လမ်းစဉ်တွင် သံယောဇဉ်တရား ကင်းမဲ့ကာ ကျင့်ကြံခြင်းကား တခြားလူများ၏ အားထုတ်မှုကို လုယက်ဝါးမျိုခြင်း ဖြစ်၏။
သို့သော်လည်း ရီဖူရှင်းက နောင်တ မရပေ။ တော်ဝင်မြေမှ လူများက သူ့အား သတ်ဖြတ်လိုကြရာ သူကလည်း ပြန်သတ်ဖြတ်မှ အဆင်ပြေ ပေမည်။
သူက နောက်လှည့်ကာ ကြည့်လျှင် အဝေးမှ မျက်လုံးကြီး တစ်စုံကို မြင်ရသည်။ ထိုနေရာမှကား ဧရာမကြီးမားသော နဂါးနက်ကြီး တစ်ကောင် ပေါ်လာကာ နောက်မှာလည်း များစွာသော နဂါးများ လိုက်ပါလာကြ၏။ သူတို့ အားလုံးက ရီဖူရှင်းအား အေးစက်စွာ ကြည့်နေကြသည်။
“မင်း ကြည့်လို့ ပြီးပြီလား...” ရီဖူရှင်းက အေးစက်စွာ ပြောသည်။
နဂါးနက်ကြီး လှမ်းလာသည်တွင် လှိုင်းလေများ ပြင်းထန်စွာ ရိုက်ခတ်ကြသည်။ နဂါးနက်ကြီးက ပြောသည်... “အံ့အားသင့်စရာပဲ....”
ရီဖူရှင်းက လေထဲကို ပျံတက်လိုက်ကာ နဂါးကြီးနှင့် မျက်နှာချင်း ဆိုင်သည်။
“ငါက မင်းကို စောင့်နေတာ...” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
နဂါးကြီး၏ မျက်နှာက ထူးဆန်း သွားသည်... “မင်းက ငါ့ကို ရင်ဆိုင် နိုင်မယ်လို့ တကယ် ထင်တာလား...”
သူကား ပင်လယ်၏ ဘုရင်ဖြစ်သည်။
ရီဖူရှင်းက ရတနာလှံကို ဝှေ့ယမ်း လိုက်သည်။ သူ့ထံမှ ဧကရာဇ်အသိက ရတနာလှံကို စီးဆင်းသွားကာ စူးရှသော အလင်းတန်းများ ဖြာထွက် လာခဲ့သည်။ ယခုကား ရီဖူရှင်း၏ ကိုယ်ရောင် ကိုယ်ဝါမှာ ကွန်းရှီ အဆင့်၌ ရှိပေသည်။
“အရှုံးပေးစမ်း...” ရီဖူရှင်းက နဂါးနက်ကြီးအား အေးစက်စွာ ပြောသည်။ သူ့မျက်လုံးက ညို့မှိုင်းသွားကာ ကြောက်မက်ဖွယ် စိတ်အသိက နဂါးကြီး၏ ခေါင်းထဲကို တိုးဝင်သွားသည်။
“ဂါး...” နဂါးကြီးက ရုတ်တရက် ရုန့်ရင်းကြမ်းတမ်းစွာ အော်ဟစ် လိုက်သည်။ သူ၏ ခေါင်းထဲတွင်ကား ရီဖူရှင်း၏ ပုံရိပ်ပေါ်လာကာ သူ့စိတ်ထဲ၌ စိတ်ဝိညာဉ် အမှတ်အသား ရိုက်ခတ်ထားခဲ့ရန် ကြိုးစားသည်။ ထိုအခိုက်တွင် သူကား အလွန် နောင်တရသည်။ သည်လူသားက မည်သို့ ထိုမျှ အားကောင်း ရသနည်း။ သူကား ထိပ်သီး ကွန်းရှီအဆင့်၌ ရှိကာ ပင်လယ်၏ ဘုရင်ဖြစ်သည်။ ပင်လယ်မှ သားရဲများအားလုံး သူ့အား ဦးညွှတ်ရ၏။
“အရှုံးပေးစမ်း...” ရီဖူရှင်းက ရှေ့ကို တက်လာသည်။ နဂါးကြီးက အော်ဟစ်ကာ ခေါင်းထဲမှ စိတ်အသိအား ခုခံသည်။
ရတနာလှံက အလင်းများ စုစည်းလာကာ လေဟာနယ်ဓာတ်များ ပတ်ဝန်းကျင်ကို ရိုက်ခတ်လာ၏။ ရီဖူရှင်းက လှုပ်ရှားသည်တွင် ရတနာလှံက နဂါးကြီးထံသို့ တိုးဝင်သွားသည်။ နဂါးကြီးကလည်း သူ၏လက်သည်းများဖြင့် ပြန်လည် ကုတ်ခြစ်ကာ ခုခံရန် ကြိုးစား၏။
ရတနာလှံက နဂါးကြီး၏ လက်သည်းများအား စိုက်ဝင် သွားသည်။ သွေးများ အဆက်မပြတ် စီးကျလာကာ နဂါးကြီးက နာကျင်စွာ အော်ဟစ်၏။
ရီဖူရှင်းက လှံရှည်ကို ဆွဲထုတ်ကာ နဂါးကြီး၏ခေါင်းရှေ့၌ ရပ်သည်။
“နောက်တစ်ခွန်း မပြောတော့ဘူး... အရှုံးပေး.. မဟုတ်ရင် သေမယ်...” ရီဖူရှင်းက ပြောသည်။ နဂါးကြီးက အဆက်မပြတ် အော်ဟစ်သည်တွင် ပတ်ဝန်းကျင်က မုန်တိုင်း ထန်နေသည်။ သို့သော်လည်း ရီဖူရှင်းက သူ့အား အေးစက်စွာ ကြည့်နေဆဲ ဖြစ်သည်။ နောက်ဆုံးတွင် နဂါးကြီးက ခေါင်းငုံ့လိုက်က ခုခံခြင်း မပြုတော့ပေ။ သူ့စိတ်နယ်ပယ်ထဲ၌ ရီဖူရှင်း၏ စိတ်အသိ တံဆိပ် ရိုက်နှက်ခြင်း ခံရသည်။
“ဒီအနားက ပင်လယ်သားရဲတွေ အကုန်လုံးကို ဆင့်ခေါ်စမ်း...” ရီဖူရှင်းက အမိန့်ပေးသည်။ နဂါးနက်ကြီးက ခေါင်းညိတ်ကာ တစ်ချက် ဟိန်းသံ ပေးလိုက်သည်။ မကြာခင် ပင်လေတွင် လှိုင်းများ ရိုက်ခတ်လာခဲ့ကာ မရေမတွက်နိုင်သော သားရဲများ ရောက်လာကြ၏။
“ဒီကို လာကြ...” ရီဖူရှင်းက ထိပ်သီးရှီ အဆင့် သားရဲများကို ပြောသည်။ သူတို့အားလုံး ရှေ့ကို တက်လာကြကာ ရီဖူရှင်း၏ထိန်းချုပ်မှုကို ခံယူကြသည်။
အားလုံး ပြီးသွားသည်တွင် ရီဖူရှင်းက နဂါးကြီး၏ ခေါင်းပေါ်ကို တက်ကာ လျူစီရွှမ်နှင့် နောက်နှစ်ယောက်အား ပြောသည်... “တက်ကြ...” လျူစီရွှမ်တို့မှာ စိတ်လှုပ်ရှား နေကြသော်လည်း နဂါးကြီးအပေါ်ကို တက်ကြသည်။
“ဒီနေရာကို ရှင်းလိုက်... သားရဲတွေ အကုန်လုံးကိုလည်း ဒီနေရာက ထွက်သွား ခိုင်းလိုက်...” ရီဖူရှင်းက အမိန့်ပေးသည်။
သည်နေရာတွင် ဖြစ်ပျက်ခဲ့သမျှက ပင်လယ် ရေအောက်ထဲ နစ်မြုပ် သွားပေလိမ့်မည်။
***