တော်ဝင်ကျဲနန်းတော်သို့ ပြန်ခြင်း
Vol. 010 Ch. 908
၁၆ နာရီ ကြာမြင့်ပြီးနောက် အပျက်အစီး နယ်မြေအပေါ်၌ လူနှစ်ယောက် ရောက်လာသည်။
တစ်ယောက်ကား သူ၏ လက်နှစ်ဖက်ကို နောက်တွင် အေးအေးလူလူ ချိတ်ထားကာ ကောင်းကင်ထက်တွင် ရပ်နေသော်လည်း သူ့ထံမှ ကြီးမြတ်သော ကိုယ်ရောင် ကိုယ်ဝါများ ထွက်ပေါ် နေပေသည်။ သူ၏ မျက်လုံးများက စူးရှစွာဖြင့် ပင်လယ် ရေအောက်ကို ထွင်းဖောက် မြင်ဟန်ဖြင့် ကြည့်နေသည်။
ရေပြင်ကား ငြိမ်သက် တိတ်ဆိတ် နေသည်။ သည်နေရာကား တခြား အဆုံးမဲ့ ပင်လယ်မှ ရေမျက်နှာပြင်များနှင့် မည်သို့မှ ကွာခြားမှု မရှိပေ။ ထူးခြားသည်ကား သည်အနီး ပတ်ဝန်းကျင်တွင် မည်သည့် သားရဲ တစ်ကောင်တလေမှ မတွေ့ရှိရခြင်းပင်။ ထို့အပြင် ပင်လယ်ရေ သတ္တဝါများ ဖြစ်ကြသော ငါး၊ ပုစွန်များပင် မရှိပေ။ သည်နေရာကား လုံးဝ ရှင်းလင်း နေ၏။ ထိုအရာများပင် ပင်လယ် ရေအောက်၌လည်း ပျက်စီးနေသော နန်းတော်ပျက် တစ်ခု ရှိပေသည်။ ပင်လယ် မျက်နှာပြင်ကို တိုက်ခတ် နေသော လေညင်းများမှအပ တခြား မည်သည့်အရာမှ မရှိဘဲ အလုံးစုံ တိတ်ဆိတ် နေသည်။
ယခု ရေမျက်နှာပြင် ထက်တွင် ရပ်နေသူများမှာ တစ်ယောက်ကား ပင်လယ် နန်းတော်သို့ သွားရောက် သတင်းပို့သူ ဖြစ်ပြီး နောက်တစ်ယောက်ကား ပင်လယ် နန်းတော်မှ ရှန့်ထိုတစ်ပါး ဖြစ်၏။
ပင်လယ် နန်းတော်မှ တန်ခိုးရှင်များမှာ အစကနဦး၌ စွန့်စားခရီး ထွက်လာ သူများ၏ အသက် အမှတ်တံဆိပ် ကျောက်တုံးများ အရောင်ပျက်ပြယ် သွားခဲ့ရာ ထိုကိစ္စမှာ ယခင်အတိုင်း ဘေးအန္တရာယ် တစ်ခုနှင့် ကြုံတွေ့သောကြောင့် ဟုသာ ထင်မှတ်ခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် ရုတ်တရက် တန်ခိုးရှင်များ အားလုံး၏ အသက် အမှတ်တံဆိပ် ကျောက်တုံးများ အရောင် ပျက်ပြယ်သွားရာ ရှန့်ထိုကိုယ်တိုင် လာရောက်ရန် ဖြစ်လာခဲ့၏။
“ဘာဖြစ်ခဲ့တာလဲ...”
ရှီတန်ခိုးရှင်၏စိတ်က တုန်လှုပ်မိရသည်။ အပျက်အစီး နယ်မြေကား အစအနပင် မကျန်တော့သလို အနီး ပတ်ဝန်းကျင် တွင်လည်း မည်သည့် သက်ရှိမှပင် မရှိတော့။ ရှီတန်ခိုးရှင်က ရှန့်ထိုအား ကြည့်သည်။ ရှန့်ထိုက မျက်လုံးကို မှိတ်ကာ ပြောသည်... “ ငါတို့ စောင့်မယ်…”
အားလုံး သေဆုံးခဲ့သည် ဆိုပါက တခြား တော်ဝင်မြေမှ ရှန့်ထိုများလည်း မကြာခင် ရောက်လာမည်ဟု သူ ယုံကြည်သည်။ သူ ထင်သည့် အတိုင်းပင် မကြာခင် မြောက်ဘက် ချောက်နက်နှင့် နတ်ဘုရားကမ်းပါးမှ တန်ခိုးရှင်များ ရောက်လာကြသည်။
တော်ဝင်မြေသုံးခုမှ ထိပ်သီး တန်ခိုးရှင်များ အားလုံး သည်နေရာတွင် သေဆုံး ခဲ့ကြသည်။ ခရီး၌ လိုက်ပါခဲ့သူ မည်သူ တစ်ဦး တစ်ယောက်မှ အသက် မရှင်ခဲ့ကြပေ။
“မင်းတို့အားလုံး ဘယ်လို ထင်ကြလဲ...” ပင်လယ်နန်းတော်မှ ရှန့်ထိုက ပြောသည်။
“ရုပ်တုက ပျက်စီး သွားတယ် ... ကျုပ်တို့ အားလုံးက ရုပ်တုရဲ့ စွမ်းအားကို ခံစားမိပြီး ဖြစ်တာပဲ ... ပြည်နယ် ကိုးခုလုံးကို လိုက်ကြည့်ရင်တောင် ဒီလို ထူးခြား ဖြစ်စဉ်မျိုးက ပြည်နယ်ကိုးခု ရှန့်ထို အဆင့်နှစ်ပါး ရောက်လာမှ ဖြစ်လိမ့်မယ် ... သူတို့ ရောက်မလာ ခဲ့တာလည်း သေချာတယ်...” နတ်ဘုရား ကမ်းပါးမှ ရှန့်ထိုက ပြောသည်... “နောက်ထပ် ဖြစ်နိုင်တာ တစ်ခုတော့ ရှိတယ်... ကျူးရင်က အချုပ်အနှောင်က လွတ်သွားတာပဲ...”
“နန်းတော် အတွင်းကို ရောက်ဖူးသူတွေ ပြောတာကတော့ အချုပ်အနှောင်က ပင်လယ်ဘုရင် ကိုယ်တိုင် စီမံခဲ့တာပဲ ... ဘယ်လိုလုပ် ကျူးရင်က လွတ်မြောက် နိုင်ပါ့မလဲ....” မြောက်ဘက် ချောက်နက်မှ ရှန့်ထိုက ပြောသည်။
“ကျူးရင်က အဆင့်တက် သွားတာလည်း ဖြစ်နိုင်တာပဲ...” ပင်လယ် နန်းတော်မှ ရှန့်ထိုက ပြောသည်။ အတန်ကြာ အားလုံးက တိတ်ဆိတ် နေကြပြီးမှ သူတို့မှာ ထိုမှတပါး တခြားသော ဖြစ်နိုင်ဖွယ်များအား စဉ်းစား၍ မရကြတော့ပေ။
“တခြား ဖြစ်နိုင်ချေတွေ ရှိရင်တောင်မှ ကျုပ်တို့က ဒီနေရာမှာ ရပ်နေရုံနဲ့ ရှာမတွေ့နိုင်ဘူး... တကယ်လို့ ရတနာလှံကို တစ်စုံ တစ်ယောက်က ရသွားတယ် ဆိုရင် ဒီလူက အနှေးနဲ့အမြန် ပေါ်လာမှာပဲ ... ကျူးရင်ပဲဖြစ်ဖြစ် ... နောက်တစ်ယောက်ပဲ ဖြစ်ဖြစ်...” ပင်လယ် နန်းတော်မှ ရှန့်ထိုက ပြောသည်။ တခြား လူများကလည်း လက်ခံ သဘောတူ ကြသည်။ သူတို့ကား ယခု အခြေအနေကို ရောက်မှတော့ စောင့်ရန်သာ ရှိတော့သည်။
“ဒါဆိုလည်း ပြန်ကြမယ်...” မြောက်ဘက် ချောက်နက် ကမ်းပါးမှ ရှန့်ထိုက နောက်လှည့်ကာ ထွက်သွားသည်။ နတ်ဘုရားကမ်းပါးမှ ရှန့်ထိုလည်း ပြန်သွား၏။
“ခရီးမှာ ကမ်းပါးမြို့က လျူကလန်လည်း ပါခဲ့တယ် ... ကျုပ်တို့က သူတို့ဆီကို တစ်ခေါက် သွားကြည့်မလား...” ရှီတန်ခိုးရှင်က ပင်လယ် နန်းတော် ရှန့်ထိုအား မေးသည်။
“မလိုဘူး ... တော်ဝင်မြေသုံးခုက တန်ခိုးရှင်တွေ တောင်မှ ဒီမှာ အသက် မရှင်ခဲ့ကြဘူး... ဘယ်လိုလုပ် ကလန်လေး တစ်ခုက ဖြစ်နိုင်မှာလဲ... သူတို့က ပင်လယ် နန်းတော်ကို ကိုယ်တိုင် လာကြလိမ့်မယ်...” ရှန့်ထိုက ပြောသည်တွင် ရှီတန်ခိုးရှင်က ခေါင်းညိတ်သည်။
လျူကလန်မှ လူများက အမှန်တကယ်ပင် ပင်လယ် နန်းတော်ကို လာရောက် ခဲ့ကြသည်။ ကလန်မှ ငယ်ရွယ်သော ပါရမီရှင် သုံးယောက် အသက်ရှင် ခဲ့ကြောင်း ကလန် ခေါင်းဆောင်က တင်ပြသည်။ ထို့ကြောင့် ပင်လယ် နန်းတော်မှ သည်ကိစ္စကို ဆက်လက် စုံစမ်းရှာဖွေ စေလိုသော ဆန္ဒရှိသည်။ မည်သို့ဆိုစေ လျူစီရွှမ်ကား သူတို့ကလန်၏ မျှော်လင့်ချက် ဖြစ်သည်။
သတင်းများကို ကြားပြီးနောက် ကလန် ခေါင်းဆောင်အား မျှော်လင့်ချက် သိပ်မထားရန် ရှန့်ထိုက ပြောခဲ့သည်။ ကျန်ရစ်သူ သုံးဦးထဲတွင် နှစ်ဦးမှာ မိန်းကလေး ဖြစ်ပြီး တစ်ဦးမှာ အလှဆုံး မိန်းကလေး၏ မောင်ငယ် ဖြစ်သည်။ သူ၏အမြင်တွင် ကျူးရင်က သူတို့ သုံးယောက်အား ဖမ်းခေါ်သွားခြင်း ဖြစ်ရမည်။ မိန်းကလေးများကား ချောမော လှပကာ ကျူးရင်၏ စိတ်နေ သဘောထားဖြင့် ထိုမိန်းကလေးများအား ဖမ်းဆီးခြင်းမှာ မည်သို့ ဖြစ်မည်ကို တွေးတောစရာ မလိုတော့ပေ။ သို့သော်လည်း ပင်လယ် နန်းတော်မှ ရှန့်ထိုကား ထိုကိစ္စကို သိပ်အလေးအနက် မထားပေ။
ကလန် ခေါင်းဆောင်မှာ စိတ်ပျက်စွာဖြင့် ပြန်သွားသည်။ လျူကလန်တွင် ပေါ်လာသော ရှီတန်ခိုးရှင် တစ်ပါးကိုမူကား မည်သူကမှ သတိမထားမိခဲ့ကြပေ။ ကလန် ခေါင်းဆောင်ပင် ရီဟွမ်၏တည်ရှိမှုကို မသိခဲ့ပေ။
***
အဆုံးမဲ့ ပင်လယ်ကား သူ၏ နာမည်အတိုင်း ကျယ်ပြောကာ အဆုံးအစမဲ့ ပေသည်။ မရေမတွက်နိုင်သော ကျွန်းစုများနှင့် လူသူ အရောက် အပေါက် နည်းပါးသော နေရာများဖြင့် ပြည့်နေ၏။ ယခုကား အဖြူရောင်ဝတ် လူတစ်ယောက်မှာ ကျွန်းငယ် တစ်ကျွန်း၏ ကြီးမားသော ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ထိုင်နေပေသည်။ လေပြင်း တစ်ချက် ရိုက်ခတ်လာကာ လှိုင်းလေများက ကမ်းစပ်ကို တဝုန်းဝုန်း ထိရိုက်ကြသည်။ သူကား လှံရှည်ကို ကိုင်ကာ သွက်လက် မြန်ဆန်စွာ လှုပ်ရှားနေသည်။ လှံချက်တိုင်းက ကြောက်မက်ဖွယ် အားလှိုင်းများအား ဖြစ်ပေါ်စေ၏။ တဝုန်းဝုန်းဖြင့် ပတ်ဝန်းကျင်မှ ကျောက်ဆောင်များ ပြိုကွဲကြသည်။
သူနှင့် မနီးမဝေး၌ လူသုံးယောက် လေ့ကျင့်နေကြကာ ယခု သူတို့က အဖြူရောင်ဝတ်လူ လေ့ကျင့်နေသည်ကို ကြည့်နေကြသည်။ သူတို့ သုံးယောက်မှာ လျူစီရွှမ်နှင့် လျူကလန်မှ နှစ်ယောက်တို့ ဖြစ်ကြသည်။ အဖြူရောင်ဝတ် လူကား ရီဖူရှင်း ဖြစ်၏။
ပင်လယ်ပြင်ထက်မှ အလွန် ကြီးမားသော နဂါးနက်ကြီး တစ်ကောင် လာနေသည်။ သူ့ဘေးတွင်လည်း များစွာသော နဂါးနက်များ ပါလာပြီး သူတို့အားလုံးမှာ ကွန်းရှီ အမြင့်ဆုံးများ ဖြစ်ကြသည်။
ရီဖူရှင်းက သည်သုံးလ ကာလအား အဆုံးမဲ့ပင်လယ်၌ ကုန်ဆုံးခဲ့သည်။ သူက မလေ့ကျင့်သော အချိန်များ၌ ပင်လယ် သားရဲများအား ထိန်းချုပ်ခြင်းများ ပြုလုပ်သည်။ သူက နဂါးနက်နှင့် အပေါင်း အဖော်များအား အနီးတစ်ဝိုက်မှ ထိပ်သီး ရှီအဆင့် သားရဲများအား သွားရောက် ဖမ်းဆီးကာ ရီဖူရှင်း၏ ထိန်းချုပ်မှုသို့ ကျဆင်းစေသည်။ သူကား သားရဲထိန်းချုပ်သူ ဖြစ်သည်။
သူက ဤသို့ လုပ်ခြင်းကား တော်ဝင် စစ်ပွဲအတွက် ပြင်ဆင်ခြင်း ဖြစ်သည်။ တော်ဝင်ကျဲ နန်းတော်မှ ရှီတန်ခိုးရှင်များမှာ ကျောက်ပြည်ထောင်နှင့် သိပ်မကွာတော့ သော်လည်း သူတို့က အဆုံးအဖြတ် ပေးနိုင်သော အင်အား တစ်ခုသို့ မရောက်သေးပေ။ သို့သော်လည်း သူတို့ မည်သည့် အချိန်တွင်ဆို တိုက်ခိုက်နိုင်သော သားရဲ စစ်တပ် တစ်ခုအား ပိုင်ဆိုင်ပါက သူတို့က တိုက်ပွဲ အခြေအနေကို ပြောင်းလဲ နိုင်ပေသည်။
သူက အချိန်နှင့် လေဟာနယ် လှံဖြင့် ပြောင်ပြောင်တင်းတင်း လေ့ကျင့်နိုင်ခြင်းမှာ ပတ်ဝန်းကျင် တစ်ခုလုံး သူ ထိန်းချုပ် ထားသော သားရဲများဖြင့် ပြည့်နှက် နေခြင်းကြောင့် ဖြစ်သည်။ အနီးတစ်ဝိုက် သူမသိဘဲ မည်သူ တစ်ဦး တစ်ယောက်မှ ရောက်လာရန် မလွယ်ပေ။
ယခု ရီဖူရှင်း ထိပ်သီးရှီ သားရဲ တစ်ကောင်အား ထိန်းချုပ် လိုက်သည်။ ထို့နောက် သူက နဂါးနက်ကြီး၏ ခေါင်းကို ပွတ်ကာ ပြောသည်... “ကောင်းကောင်း လုပ်ခဲ့တယ် ... အဆုံးမဲ့ပင်လယ်မှာ တခြား ထိပ်သီးရှီ အဆင့်သားရဲတွေ ကျန်သေးလား...”
“အဆုံးမဲ့ ပင်လယ်က အရမ်းကျယ်တယ် ... ကျုပ်ကိုယ်တိုင် တောင်မှ အားလုံးကို မသိနိုင်ဘူး...” နဂါးနက်က ခေါင်းယမ်းကာ ပြောသည်။
“ကောင်းပြီ...” ရီဖူရှင်းက ခေါင်းယမ်းကာ ပြောသည်... “ကျုပ်တို့ တစ်နေရာရာကို သွားကြည့်ရင် ကောင်းမလား...” သို့သော်လည်း ရုတ်တရက် သူ၏ ခေါင်းထဲကို သတင်း အချက်အလက် တစ်ခု ရောက်လာကာ သူ့အား မျက်မှောင်ကြုတ် စေသည်။
တော်ဝင်ကျဲ နန်းတော်က သတင်း အချို့ရခဲ့ကာ ထိုအထဲတွင် ရှီဟွာတောင်မှ လျူကျောင်းမှာ သူ၏ စမ်းသပ် စစ်ဆေးမှု ကာလ ပြီးဆုံးသောကြောင့် ရှီဟွတောင်ကို ပြန်ရောက် လာခဲ့သည်။ သို့သော်လည်း မြေရိုင်း ပြည်နယ်မှ လူများမှာ ပြန်မရောက် ကြသေးပေ။
ရီဖူရှင်းက ကောင်းကင်ကို ကြည့်လိုက်ကာ သူက အိမ်ကို ပြန်ရတော့မည်ဟု တွေးလိုက်သည်။ သူက နောက်လှည့်ကာ လျူစီရွှမ်တို့ ထံသို့ လှမ်းလာသည်။
“အစ်ကိုရီ...” ရီဖူရှင်းက လျူကလန်မှ လူများကို သတ်ဖြတ်ခဲ့ သော်လည်း အမှန်တကယ် အားဖြင့် ထိုလူများမှာ သူမ၏အသက်ကို ဦးစွာ ရန်ရှာခဲ့ကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် ရီဖူရှင်းက လျူယွီကား ရီဖူရှင်းအပေါ် မည်သို့မှ အပြစ် မမြင်ခဲ့ပေ။
“ကျုပ် အိမ်ပြန်ရမယ်...” ရီဖူရှင်းက သူတို့ သုံးယောက်အား ပြောသည်... “ဒါပေမဲ့ မင်းတို့ သုံးယောက်ကတော့ ကမ်းပါးမြို့သို့ ပြန်လို့ မရသေးဘူး...”
“ကျုပ် နားလည်ပြီ...” လျူယွီက ခေါင်းညိတ်သည်။
လျူစီရွှမ်၏ မျက်လုံးများက ရီဖူရှင်းထံကို ရောက်နေသည်။ သူမ၏ စိတ်ခံစားချက်များ အနည်းငယ် ရှုပ်ထွေးနေ၏။ သည်နာမည်ကျော် တော်ဝင်မြေ ခေါင်းဆောင်ငယ်ကား သူမ ထင်ထားသည်ထက် ထူးခြား ထက်မြက် လွန်းသည်။ သို့သော်လည်း သူ သတ်ခဲ့သူများကား သူမကလန်မှ လူများ ဖြစ်ကြသည်။
“မင်းတို့မှာ ရွေးချယ်စရာ နှစ်ခုရှိတယ် ... ပထမ တစ်ချက်က အဆုံးမဲ့ ပင်လယ်မှာ ဆက်နေတာပဲ … ဒါပေမဲ့ မင်းတို့က ကမ်းပါးမြို့နဲ့ ဝေးရာမှာ နေဖို့လိုတယ် ... မင်းတို့ကို သားရဲတွေနဲ့ ငါက စောင့်ကြည့် ပေးမယ်...” ရီဖူရှင်းက လျူစီရွှမ်အား ကြည့်ကာ ဆက်ပြောသည်... “ဒုတိယ အချက်က မင်းတို့က တော်ဝင်ကျဲ နန်းတော်ကို ငါနဲ့အတူ လိုက်တာပဲ... မင်းတို့က ဒီကာလ တစ်ခုမှာတော့ အပြင်ထွက်လို့ ရမှာ မဟုတ်ဘူး...”
တော်ဝင်ကျဲ နန်းတော်ကား ကျောက်ပြည်ထောင်နှင့် စစ်ဖြစ်နေဆဲ ဖြစ်သည်။ သူက ပင်လယ် ပြည်နယ်ဖြင့် ထပ်မံ၍ စစ်မခင်းချင်ပေ။ ထိုသို့ ဖြစ်လာပါက မြေရိုင်းပြည်နယ် အတွက် ကြီးမားသော အခက်အခဲများ ဖြစ်လာနိုင်ပေသည်။
“တော်ဝင်ကျဲ နန်းတော်သို့...” လျူယွီက တွန့်ဆုတ်ခြင်း မရှိဘဲ ပြောသည်။ မည်သို့ဆိုစေ တော်ဝင်ကျဲ နန်းတော်သည်လည်း တော်ဝင်မြေ တစ်ခု ဖြစ်ပေသည်။
“အစ်မ...” လျူဟန်က လျူစီရွှမ်အား ကြည့်သည်။
လျူစီရွှမ်က ရီဖူရှင်းအား ကြည့်ကာ ဝေခွဲမရ ဖြစ်နေသည်။ အတန်ကြာမှ သူမက ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် ပြောသည်...“တော်ဝင်ကျဲ နန်းတော်သို့ သွားမယ်...”
“ကောင်းပြီ...” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်... “ဒါဆိုလည်း သွားရအောင်...”
ထို့နောက် သူတို့က နောက်လှည့်ကာ နဂါးနက်ကြီး ပေါ်သို့ တက်လျက် ကောင်းကင်ထက်သို့ ပျံသန်း လိုက်ကြတော့ည်။ သူတို့အနီးမှ သားရဲများ အားလုံးကလည်း တူညီသော အရပ်တစ်ခုထံသို့ ဦးတည်ကာ သွားကြသည်။
***
တော်ဝင်ကျဲ နန်းတော်တွင် လူအတော် များများမှာ စိတ်မတည်မငြိမ် ဖြစ်နေကြသည်။ သူတို့၏ သတင်းပေးများအရ ရှီဟွာတောင်မှ လျူကျောင်းတို့သာ မဟုတ်ဘဲ လင်းရှာပိုင် တွန်ဟေးနှင့် တခြားသော ပြည်နယ်ကိုးခု ကျောင်းတော်မှ တပည့်များလည်း ပြန်ရောက် လာခဲ့ကြသည်။ တခြားသော တော်ဝင်မြေမှ လူများလည်း မိမိတို့ နေရပ်သို့ အသီးသီး ပြန်ရောက် လာခဲ့ကြပြီ ဖြစ်သည်။
ရှားရှင်းယွန်နှင့် အတူတူ ထွက်သွားကြသော တော်ဝင်ကျဲ နန်းတော်မှ လူများသာ ရောက်မလာခဲ့ကြပေ။ ဟောင်စီ၊ စုရှမ်းနှင့် တခြားလူများ အားလုံးမှာ စိုးရိမ်ပူပန် နေကြသည်။ သူတို့၏ သွေးသားများ၊ မျိုးဆက်များ ဖြစ်သည်ကို ဖယ်၍ ထိုလူများမှာ တော်ဝင်ကျဲ နန်းတော်၏ အနာဂတ်များ ဖြစ်ကြသည်။
မကြာမီ သားရဲသတ္တဝါ တစ်ကောင်က တော်ဝင်ကျဲ နန်းတော်သို့ ပျံသန်းလာသည်။ ချက်ချင်းပင် တော်ဝင်ကျဲ နန်းတော်က လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ နန်းတော် သခင်ကား ပြန်ရောက် လာခဲ့ပြီ။ တစ်ယောက်ပြီး တစ်ယောက် လေထဲကို တက်လှမ်း သွားကြကာ ရီဖူရှင်းအား ကြိုဆိုကြသည်။
ရီဖူရှင်းက တော်ဝင်ရှီ နန်းဆောင်သို့ ဆင်းသက် လာခဲ့သည်။ ယူစီ၊ ဟောင်စီ၊ ယွန်ရှင်း၊ ဓားမိစ္ဆာနှင့် တခြားလူများ အားလုံးလည်း သူ့ဘေး၌ လိုက်ပါ လာကြသည်။ ရီဖူရှင်းက ခရီးမှ လူအချို့ကိုလည်း ခေါ်ဆောင် လာဟန် ရသော်လည်း သူတို့က ဂရုမစိုက်ပေ။
“တော်ဝင်မြေတွေ အကုန်လုံး ပြန်ရောက် လာကြတာလား...” ရီဖူရှင်းက မေးသည်။
“တော်ဝင်မြေတွေ အကုန်လုံးက သူတို့ရဲ့ ပါရမီရှင်တွေ ပြန်ရောက် လာကြပြီလို့ သတင်းရတယ်...” ကျန်ကျောင်းက ဖြေသည်။
ရီဖူရှင်းက အနည်းငယ် ခေါင်းညိတ်ကာ ပြောသည်... “အစ်ကိုကြီးနဲ့ ဂျီယူတို့လည်း ခရီးမှာ ပါသွားတယ် ... တခြားလူတွေက ဘေးကင်းကင်းနဲ့ ပြန်လာတယ် ဆိုမှတော့ အစ်ကိုကြီးနဲ့ တခြားလူတွေ ဒုက္ခရောက်စရာ အကြောင်း မရှိဘူး... သိပ်မစိုးရိမ်ကြနဲ့... ကျုပ်တို့ နောက်ထပ် သတင်းတွေကို စောင့်ကြမယ်...”
“ကောင်းပြီ...” အားလုံးက ခေါင်းညိတ် ကြသည်။ လက်ရှိတွင် ရီဖူရှင်းက အားလုံး သူ့ထက် ပိုမိုစိုးရိမ်ပူပန် နေမည်ကို သူတို့အားလုံး သိကြသည်။
“ဖူရှင်း...” ထိုအခိုက်အတွက် ထောင်ကျန်းက ရီဖူရှင်းဘေးသို့ ရောက်လာသည်။
“ဆရာ...” ရီဖူရှင်းက ခေါ်သည်။
“ငါ ဘာလုပ်ပေးရမလဲ...” ထောင်ကျန်းက မေးသည်။
“စစ်ဘုရင်ပြည်နယ်ကို သွားပြီးတော့ ယူချင်းကို ပြန်ခေါ် လာပေးပါ...” ရီဖူရှင်းက ပြောသည်။ ယူချင်းကား ထိုနေရာတွင် လေ့ကျင့်နေသည်မှာ ၃နှစ်ကြာပြီ ဖြစ်သည်။
“ကောင်းပြီ...” ထောင်ကျန်းက ခေါင်းညိတ်ကာ ပြောသည်... “ဒါဆို ငါသွားပြီ...” ထို့နောက် သူက နောက်လှည့်ကာ ထွက်သွားသည်။
***