အခန်း (၁၄)
Vol. 11 Ch. 14
“နင်ငါ့ကို ဖမ်းနိုင်ရင် ဖမ်းစမ်း၊ ငါက ပြေးတဲ့နေရာမှာ နှစ်ယောက်မရှိဘူးဟဲ့။”
အိုလီက ကားတစ်စီးကို လက်နှစ်ဖက်နဲ့ကိုင်မပြီး နောက်ကနေ လိုက်လာတဲ့ ဖရာလီတာဆီ လှမ်းပစ်လိုက်တယ်။ ဖရာလီတာက ကားကို လက်သီးနဲ့ထိုးပြီးဖယ်ရှားလိုက်ပေမဲ့ အိုလီက တိုက်တစ်လုံးရဲ့အကွယ်ကိုဝင်ရောက် ပျောက်ကွယ်သွားခဲ့ပါပြီ။
“ဒီလို အပေါစားတိုက်ကွက်နဲ့ ငါ့ကိုလှည့်စားလို့ရမယ် ထင်နေတာလား။”
ဖရာလီတာက ရေဒါမှာပေါ်နေတဲ့ အစက်လေးတစ်စက်ကို ကြည့်လိုက်တယ်။ အိုလီရဲ့တောင်ပံခတ်သံကို ရေဒါကကြားနေရပြီး တည်နေရာကို အကြမ်းဖျင်းထုတ်ပေးထားတာပါ။ ဖရာလီတာက အဲဒီအဆက်ဦးတည်ရာကို ကြည့်လိုက်ပြီး တိုက်နံရံကို လက်သီးနဲ့ထိုးလိုက်တယ်။
ဘုန်း...
စက္ကန့်ပိုင်းအကြာမှာပဲ ဝါးဖရိန်က တိုက်နံရံကိုဖြတ်ပြီး အိုလီရှိနေတယ်လို့ ယူဆရတဲ့နေရာကို ရောက်လာပေမဲ့ အဲဒီနေရာမှာ သာမန်အဆင့်နိမ့်ပိုးကောင်တစ်ကောင်သာ ရှိနေပြီးတော့ ဖရာလီတာကို ပြုံးပြလိုက်တယ်။
“သေစမ်း...”
ဖရာလီတာက အဲဒီပိုးကောင်ကို အလင်းဒြပ်စင်ဓားနဲ့ အစဖျောက်ပြီးတဲ့နောက်မှာ ရေဒါကို ပြန်ကြည့်လိုက်ပါတယ်။ အလားတူအစက်မျိုး တစ်ဒါဇင်လောက် တစ်ကီလိုမီတာဝန်းကျင်အတွင်းမှာ ရှိနေပြီးတော့ ဘယ်သူက အိုလီအစစ်မှန်းသိဖို့ မဖြစ်နိုင်တော့ပါဘူး။
“စိတ်ပျက်စရာကောင်းလိုက်တာ...” ဖရာလီတာက ညည်းညူလိုက်တယ်။
ခရက်...
ရုတ်တရက် ဖရာလီတာရှိနေတဲ့တိုက်ရဲ့မျက်နှာကျက်က အက်ကွဲသွားပြီး ပိုးကောင်လက်တံကို ဓားလိုကိုင်ထားတဲ့ အိုလီက အပေါ်ထပ်ကနေပြီး ခုန်ဆင်းလာတယ်။ သူ့ရဲ့ပစ်မှတ်ကတော့ ဝါးဖရိန်ပါ။
“ဒီတစ်မြို့လုံးမှာ ငါ့တပည့်လေးတွေကို အပြည့်ဖြည့်ထားပြီးသား။ သူတို့တောင်ပံခတ်သံက ငါ့တောင်ပံခတ်သံနဲ့အတူတူပဲ။ နင့်ကိုယ်နင် ဒီမြို့မှာ သဂြိုဟ်ခံရဖို့ အသင့်ပြင်ထားပေတော့။”
ဝုန်း...
ဖရာလီတာက တုံ့ပြန်ဖို့ကြိုးစားလိုက်ပေမဲ့ နောက်ကျသွားပါပြီ။ အိုလီရဲ့ပိုးကောင်လက်တံက ဝါးဖရိန်ရဲ့ပခုံးကိုဖောက်ဝင်သွားပြီး ဖရာလီတာရပ်နေတဲ့ ကြမ်းပြင်က ပြိုကျသွားတယ်။ အဲဒီနောက်တော့ ဧရာမအသံကျယ်ကြီးနဲ့အတူ ဝါးဖရိန်ရောပိုးကောင်ပါ မြေညီထပ်အထိ တိုက်အလွှာလွှာကိုဖြတ်ပြီး ကျဆင်းလာတော့တယ်။
ဖောက်... ဖောက်... ဖရောက်...
မြေညီထပ်ကိုရောက်ချိန်မှာတော့ နှစ်ယောက်လုံး ကျဆင်းနေတဲ့ဖြစ်စဥ်ရပ်တန့်သွားပြီး မြေပြင်က တိုက်ဖောင်ဒေးရှင်းကိုသာ အက်ကွဲကြောင်းပေါ်လာစေခဲ့တယ်။ ဒါပေမဲ့ အထပ်မြင့်တိုက်ကြီးက သူတို့နှစ်ယောက်ရဲ့ဖိအားကို ဆက်မခံနိုင်တော့တာကြောင့် အလုံးစုံပြိုပျက်ကျသွားပြီး စက္ကန့်မခြားဆိုသလိုပဲ အုတ်အကျိုးအပဲ့ပုံကြီးအဖြစ် ပြောင်းလဲသွားလေတော့တယ်။ လေထုထဲမှာမျောနေတဲ့ အင်္ဂတေဖုန်မှုန့်တွေကို မျက်လုံးကနေ မြင်နေရပြီးတော့ ပတ်ဝန်းကျင်အရပ်ရှစ်မျက်နှာကို အဖြူရောင်မြူမှုန်တွေက ဖုံးလွှမ်းထားပါတယ်။ အဲဒီဖုန်မှုန့်တိမ်တိုက်ကြီးထဲမှာ လူဘယ်နှစ်ယောက် အသက်ပျောက်သွားသလဲ ဘယ်သူမှမပြောနိုင်ဘူး။
“အရူးမ၊ နင်ချိန်မယ့်ချိန် စွမ်းအင်ဗဟိုချက်ကို ဖျက်ဆီးဖို့ချိန်ဖို့ ရွေးခဲ့သင့်တယ်။”
ဝါးဖရိန်ထဲမှာရှိနေတဲ့ ဖရာလီတာက ပါးစပ်ထဲပျို့တက်လာတဲ့ သွေးတွေကို အန်ထုတ်လိုက်ပြီးနောက် ပြောလိုက်တယ်။ ပျစားပိုးရဲ့လက်တံက ဇမ္မူရာဇ်ရွှေကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖရာလီတာရှိနေတဲ့ နေရာအထိမရောက်ခဲ့ဘူး။ အဲဒီအစားအပေါ်ယံအလွှာတစ်ခုအထိကိုပဲ ဖောက်နိုင်ခဲ့တာဖြစ်ပြီး ဒါကလည်း ချွန်ထက်မှုထက် လက်တံမှာပါဝင်နေတဲ့ အက်စစ်ပမာဏအနည်းငယ်က ဝတ်စုံကို ပျော်ကျသွားစေခဲ့လို့ဖြစ်ပါတယ်။ တကယ်လို့ အဲဒီအက်စစ်တွေသာ စွမ်းအင်ဗဟိုချက်ထဲကိုရောက်ခဲ့ရင် ဝါးဖရိန်က ဆက်လည်ပတ်နိုင်တော့မှာမဟုတ်ပေမဲ့ အခုထိသွားတာက ပခုံးကိုပါ။
“သေပေတော့....”
ဖရာလီတာက အိုလီရဲ့ပခုံးကို ဆုပ်ကိုင်လိုက်တယ်။ အိုလီမျက်နှာပျက်သွားပြီး ထွက်ပြေးဖို့လုပ်ပေမဲ့ နောက်ကျသွားပါပြီ။ ဝါးဖရိန်ရဲ့ရင်ဝက ပွင့်လာပြီး စွမ်းအင်ဗဟိုချက်မှာ ရွှေအိုရောင်အလင်းမှုန်တချို့ပါတဲ့ အလင်းဒြပ်စင်စွမ်းအားတွေ စတင်စုစည်းတယ်။
[Ultimate Skill: Dragon Blast]
ဘုန်း...
Archmegaရဲ့အစွမ်းအထက်ဆုံးတိုက်ကွက်က အိုလီကို တိုက်ရိုက်အနီးကပ်ထိမှန်သွားတယ်။ အိုလီက နောက်ဆုံး စက္ကန့်လေးမှာ ပိုးကောင်အသွင်ကို ပြောင်းလဲလိုက်နိုင်ပေမဲ့ သူ့ရဲ့ဘယ်လက်ပခုံးတစ်ခြမ်းလုံး လောင်ကျွမ်းသွားတယ်။
“အား.....”
အိုလီရဲ့ငယ်သံပါအောင် အော်ဟစ်လိုက်တဲ့အသံက ရန်ကုန်တစ်မြို့လုံးကို ပြန့်နှံသွားခဲ့ပါပြီ။
...
“အိုလီ....”
သစ်ကိုင်းပိုးကောင်ကြီးက ရွှေရောင်ရုပ်ထုကြီးနဲ့ တိုက်ခိုက်နေရင်းကနေပဲ ကောင်းကင်ပေါ်ထိုးတက်လာတဲ့ အလင်းတန်းကြီးရှိရာကို ကြည့်လိုက်ပါတယ်။ အဲဒီအလင်းတန်းကို သူသိပ်ရင်းနှီးနေတယ်လေ။ တစ်ခါက သူ့ကိုသေလုမတတ် ဖိအားပေးခဲ့တယ်မဟုတ်လား။
“အိုလီ...”
သစ်ကိုင်းပိုးကောင်က သူရိယရာဇာကို လစ်လျူရှုပြီး အလင်းတန်းကြီးရှိရာကို ခုန်ထွက်သွားတယ်။ ရွှေရုပ်ထုထဲက သူရိယရာဇာလည်း မျက်လုံးပြူးသွားခဲ့ပါပြီ။
“မကောင်းတော့ဘူး၊ ဒီကောင်သာ မြို့ထဲရောက်သွားရင် တစ်မြို့လုံးဒုက္ခရောက်သွားလိမ့်မယ်။”
သူက ပြောပြောဆိုဆိုနဲ့ရွှေရောင်သံကြိုးကြီးတစ်ကြိုးကို ဖန်တီးလိုက်ပြီး လှံရဲ့နောက်မှာတပ်ဆင်ကာ ဧရာမလှံကြီးနဲ့ သစ်ကိုင်းပိုးကောင်ကို ထိုးချလိုက်တယ်။
ဘုန်း...
လှံက သစ်ကိုင်းပိုးကောင်ရဲ့အပေါ်ယံအခွံကို မိမိရရ ထိုးဖောက်လိုက်နိုင်ပြီး သစ်စေးလိုအစိမ်းရောင်အပျစ်အနှစ်တွေ ပိုးကောင်ကိုယ်ကနေ စိမ့်ထွက်လာပါတယ်။ ဂျက်စပါက အလွန်အမင်းနာကျင်နေခဲ့ပေမဲ့ သူရိယရာဇာကို မတုံ့ပြန်ဘဲ ရှေ့ဆက်သွားနေတယ်။
“မကောင်းတော့ဘူး....”
သစ်ကိုင်းပိုးကောင်ကြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် သွားနေရာလမ်းတစ်လျှောက်မှာရှိတဲ့ အဆောက်အဦးတွေ ပြိုကျကုန်တာမြင်တော့ သူရိယရာဇာက လှံငယ်ပေါင်းများစွာကို ထပ်မံစေလွှတ်ပြီး ပတ်ဝန်းကျင်မှာရှိနေတဲ့ ပြည်သူတွေကို လှံတွေနဲ့ချိတ်ကာ ရွှေ့ပြောင်းပေးဖို့ လုပ်ရပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ရွှေရောင်စွမ်းအားတွေက အားနည်းလာခဲ့ပါပြီ။
“ပြဿနာပဲ စုဆောင်းထားသမျှ ယုံကြည်မှုစွမ်းအားတွေကို သုံးကုန်တော့မယ်။”
သူရိယရာဇာက သူ့မှာအချိန်မရှိတော့မှန်း သတိထားမိတာကြောင့် ဆုံးဖြတ်ချက်တစ်ခုကို လျင်လျင်မြန်မြန်ပဲ ချမှတ်လိုက်တယ်။ သူက ချိန်းကြိုးကနေတစ်ဆင့် သစ်ကိုင်းပိုးကောင်ကြီးရဲ့ကိုယ်မှာ နစ်ဝင်နေတဲ့ လှံကို ပြန်ဆွဲယူလိုက်တယ်။ သစ်ကိုင်းပိုးကောင်ကြီးလည်း အဲဒီအားကြောင့် နောက်ပြန်ဆွဲခံရပြီးပါလာပါတယ်။
“ဒီကောင်ကြီးကို မြန်မြန်လက်စသတ်မှဖြစ်မယ်။”
သူရိယရာဇာက သူ့ဘာသာပြောလိုက်ပြီး ရွှေရောင်ရုပ်ထုကြီးကို မြောက်အောင်ခုန်စေကာ လှံကိုခြေနဲ့ဆောင့်ကန်ပြီး သစ်ကိုင်းပိုးကောင်ကိုယ်ထဲ နစ်နစ်ထပ်ထိုးစိုက်ဖို့ ကြိုးစားပါတယ်။
“သေလိုက်တော့....”
ဒါပေမဲ့....
ဒါပေမဲ့... နောက်ဆုံးစက္ကန့်အလိုမှာပဲ သူရိယရာဇာရဲ့သဘာဝသိစိတ်ကနေတစ်ဆင့် ကြောက်စရာကောင်းတဲ့ ခံစားချက်တစ်ခုကိုရလိုက်ပြီး ကျောချမ်းသွားတယ်။
“ဒီအရှိန်အဝါက... ကြောက်စရာပဲ။”
ဂျက်စပါက ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ သူရိယရာဇာကို နောက်ပြန်လှည့်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက အနီရောင်စပြောင်းလာနေပြီး သူ့ရဲ့သစ်ကိုင်းလက်တံတွေအားလုံးပေါ်မှာလည်း အနီရောင်အစင်းကြောင်းတွေ စတင်ပေါ်ထွက်လာပါတယ်။
“ငါ့ကိုမတားနဲ့....”
သူက စကားတစ်ခွန်းကို တိုတိုတုပ်တုပ်ပြောလိုက်ပြီး သူရိယရာဇာကို လက်ပြန်ရိုက်ချလိုက်တယ်။ သစ်ကိုင်းကောင်ကြီးရဲ့လက်က ရွှေရောင်ရုပ်ထုကြီးပေါ်ကို ကျရောက်ပြီးမကြာခင်မှာပဲ ရွှေရုပ်ထုကြီးက အက်ကွဲပျက်စီးသွားပြီး အထဲမှာရှိနေတဲ့ သူရိယရာဇာလည်း အရှိန်ကြောင့် လွင့်ပျံထွက်သွားပါတယ်။ အဲဒီနောက်တော့ တိုက်မြင့်တစ်ခုရဲ့နံရံနဲ့ဝင်တိုက်မိပြီး မြေပေါ်ကို သဲအိတ်တစ်အိတ်လိုမျိုး ပြုတ်ကျသွားတော့တယ်။
...
“ဒီတစ်ခါတော့ ငါ့ကိုကယ်နိုင်မယ်သူ မရှိတော့ဘူးနဲ့တူတယ်။”
ခန္ဓာကိုယ်တစ်ခြမ်းမရှိတော့တဲ့ အိုလီက ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပါတယ်။ သူ့ရဲ့လက်ရှိအခြေအနေနဲ့ အခုထိမသေသေးတာက ပိုးကောင်တစ်ကောင်ဖြစ်နေလို့ပါ။ သူက နှလုံးသားနေရာကို လက်နဲ့ထိကြည့်လိုက်တယ်။ ဘာမှမရှိတော့ဘူး။ အလင်းဒြပ်စင်ကြောင့် လုံးဝ အငွေ့ပျံသွားခဲ့ပြီ။
“ကြည့်ရတာ ဒီတစ်ခါတော့ နင့်မှာထွက်ပြေးနိုင်စွမ်း မရှိတော့ဘူးနဲ့တူတယ်။”
ဖရာလီတာက လက်ထဲမှာ အလင်းဒြပ်စင်ဓားကို ဖွဲ့စည်းထားပြီး အိုလီရဲ့လည်ပင်းပေါ်ကို ဓားသွားတင်လိုက်တယ်။ အကြိမ်တိုင်းလိုလို အိုလီက ဖရာလီတာလက်ကနေ တစ်နည်းမဟုတ်တစ်နည်းနဲ့ ထွက်ပြေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဖရာလီတာက အခုလို လိုက်တမ်းပြေးတမ်းကစားပွဲကို ရပ်တန့်ချင်နေပါပြီ။
ဖရာလီတာက ဓားကိုမြှောက်ပြီး လွှဲချဖို့ပြင်လိုက်တယ်။
ဒါပေမဲ့....
ဖရာလီတာကိုယ်တိုင်လည်း ကြီးမားတဲ့ဖိအားတစ်ခုကို ခံစားမိလိုက်ပြီး သူ့ကိုယ်သူ အရိပ်ကြီးတစ်ခုရဲ့လွှမ်းမိုးမှုအောက်မှာ ရောက်နေမှန်း သတိထားမိလိုက်ပါတယ်။ သူနောက်ကို လှည့်ကြည့်လိုက်ချိန်မှာတော့ အရိပ်ပိုင်ရှင်ကို မြင်လိုက်ရပါပြီ။
“နောက်ထပ် ပြဿနာကောင်လား....”
ဖရာလီတာက အနီရောင်ပြောင်းနေတဲ့ သစ်ကိုင်းပိုးကောင်ကို ကြည့်ပြီးမျက်မှောင်ကြုတ်လိုက်ပါတယ်။ သစ်ကိုင်းပိုးကောင်က သန်မာပါတယ်။ ဒါပေမဲ့ ဖရာလီတာအတွက်တော့ ပြိုင်ဖက်မဟုတ်သင့်ပါဘူး။ တစ်ဖက်မှာတော့ အိုလီက သစ်ကိုင်းပိုးကောင်ကို မြင်တာနဲ့ ပြုံးလိုက်ပါတယ်။
“ဂျက်စပါ၊ နင်လာကယ်မယ်ဆိုတာ ငါသိသွားပဲ။”
တစ်ဖက်မှာတော့ ဂျက်စပါက အိုလီကို ချက်ချင်းပြန်မဖြေသေးဘဲ Archmegaကို ယင်ကောင်ရိုက်သလို ရိုက်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ဖရာလီတာက အထာကျကျပဲ ရှောင်လိုက်ပါတယ်။ ဂျက်စပါကလည်း နောက်ထပ်တိုက်ကွက်ကိုထုတ်ဖော်ဖို့ အလျင်လိုပုံမရဘဲ သူ့လက်နဲ့အိုလီရဲ့လူပုံစံကိုယ်ကို ညှပ်ယူလိုက်ပြီး သူ့ပခုံးပေါ် တင်လိုက်ပါတယ်။
“အိုလီ... နာသွားသေးလား...”
ဂျက်စပါက မေးလိုက်တယ်။ အိုလီက သူ့ကိုယ်သူပြန်ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်တယ်။ အဲဒီနောက် ဂျက်စပါရဲ့ကြမ်းတမ်းတဲ့သစ်သားမျက်နှာကြီးကို ပါးအပ်ကာ မှီလိုက်ပြီးပြောတယ်။
“ဘာမှမဖြစ်ပါဘူး၊ ကျွန်မဘေးမှာ ရှင်ရှိနေပြီပဲဥစ္စာ။”
“အိုလီကို နာကျင်အောင်လုပ်တဲ့သူမှန်သမျှ သေရမယ်။”
ဂျက်စပါကတော့ အတည်ပေါက်လေသံနဲ့ ပြောလိုက်လေရဲ့။ ဒါပေမဲ့ ဖရာလီတာက တုန်လှုပ်နေပုံမရဘူး။
“ကြည့်ရတာ နင်လည်း ဆင့်ကဲပြောင်းလဲသွားပုံပဲ။ ဒါပေမဲ့ ငါကလည်း လွယ်လွယ်နဲ့အရှုံးပေးမှာ မဟုတ်ဘူးနော်။”
ဖရာလီတာက အလင်းဒြပ်စင်ဓားကို ပိုအားကောင်းပြီး နှစ်ဆအထိအရွယ်အစားကြီးမားလာအောင်လုပ်ရင်း ပြောလိုက်တယ်။ ဂျက်စပါကတော့ စကားအပိုတွေ မပြောတော့ဘဲ ဖရာလီတာကို သူ့လက်ကြီးတွေနဲ့ စတိုက်တယ်။
ဘုန်း... ဘုန်း... ဘုန်း....
ဂျက်စပါက သစ်ကိုင်းလက်ကြီးတွေကို ဘေးပတ်ဝန်းကျင်က တိုက်တွေနဲ့လူတွေ ထိခိုက်မှာကိုမကြောက်ဘဲ ဆက်တိုက် လွဲယမ်းတိုက်ခိုက်နေတယ်။ အိုလီကတော့ အကြီးအကျယ်ထိခိုက်ဒဏ်ရာရထားတာကြောင့် တိုက်ခိုက်နိုင်စွမ်းရှိတော့ပုံမရပေမဲ့ ဧရာမသစ်သားတိုက်တန်ကြီးရဲ့ပခုံးပေါ်မှာထိုင်ပြီး အားရပါးရပြုံးကာ အားပေးနေပါတယ်။
“ ရွံစရာကောင်းလိုက်တဲ့ စုံတွဲ။”
ဖရာလီတာက အလင်းဒြပ်စင်ဗုံးနယ်မြေကို ခံစစ်အနေနဲ့ ဖြန့်ကျက်လိုက်ပြီးနောက်မှာ ပြောလိုက်ပါတယ်။ ပြီးတဲ့နောက် အလင်းဒြပ်စင်ဗုံးတွေက သစ်ကိုင်းပိုးကောင်ကို ခဏတားဆီးထားတုန်း မြေပေါ်ကို ဆင်းသက်လိုက်ပြီး ရွှေအိုရောင်အလင်းဒြပ်စင်တွေကို ရင်ဝမှာစစုတယ်။
“ဂိုင်ယာ၊ နောက်တစ်ချက်အတွက်ပါ အသင့်ပြင်ထားလိုက်။”
[Ultimate Skill: Dragon Blast]
ဘုန်း....
အလင်းတန်းက သစ်ကိုင်းပိုးကောင်ရဲ့မျက်နှာကို တည့်တည့်ပြေးမှန်တယ်။ လက်ရှိအလင်းဒြပ်စင် အလင်းတန်းရဲ့စွမ်းအားက နေရဲ့အပေါ်ယံမျက်နှာပြင် အပူချိန်လောက်ကိုမြင့်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဂျက်စပါရဲ့သစ်သားအခွံမာတွေက ဒီတစ်ခါတော့ တောင့်ခံနိုင်လိုက်တယ်။ အနည်းငယ်အက်ကွဲသွားပေမဲ့ ထိခိုက်မှုကြီးမားတယ်လို့တော့ မဆိုနိုင်ပါဘူး။
“ပိုပြီးမာကျောလာတာလား....” ဖရာလီတာက တွေးလိုက်တယ်။ အရင်တစ်ခါတုန်းက ဂျက်စပါဟာ ဒီအလင်းတန်းကြောင့် သေမလိုဖြစ်ခဲ့သူပါ။ ခုလည်းထိခိုက်မှုရှိပေမဲ့ ပြောပလောက်အောင် မဟုတ်တော့ဘူး။
“ဆင့်ကဲပြောင်းလဲသွားတာသိပေမဲ့ ဒီလောက်ကြီး ပိုအစွမ်းထက်လာလိမ့်မယ်တော့ မျှော်လင့်မထားမိခဲ့ဘူးပဲ။”
ဖရာလီတာက ကိုယ်တိုင်ရေရွတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဂျက်စပါရဲ့လက်နဲ့ရိုက်ခတ်တဲ့ တိုက်ကွက်တစ်ကွက်ကို ရှောင်လိုက်ပါတယ်။ ဂျက်စပါရဲ့လက်ကြီးက နောက်ထပ်အထပ်မြင့်တိုက်ကြီးတစ်ခုကို ဖြိုချလိုက်မိပြန်တယ်။ ဒါပေမဲ့ ဖရာလီတာကတော့ အထိအခိုက်မရှိပါဘူး။ အဲဒီအစား သူ့ကိုယ်ပေါ်ကို ဂိုင်ယာက ပစ်လွှတ်လိုက်တဲ့ အလင်းတန်းကျရောက်လာပြီး ဝတ်စုံအားပြန်ပြည့်လာတယ်။
“နင်လည်း အထိအခိုက်မရှိတာမဟုတ်ဘူးဆိုတော့ ဘယ်လောက်ထိခံနိုင်မလဲ စမ်းကြည့်ရအောင်။ ပြီးတော့ အဲဒီကောင်မလေးကို အကြိမ်တိုင်း နင်ကာကွယ်နိုင်ပါ့မလား။” ဖရာလီတာက အသက်နဲ့လောင်းကြေးထပ်ရမယ့် တိုက်ပွဲတစ်ပွဲကို စတင်ဖို့ဆုံးဖြတ်လိုက်ပါပြီ။ ဒီတစ်ခါ သူ့ပစ်မှတ်က ဂျက်စပါမဟုတ်ဘဲ အိုလီကိုပါ။
[Ultimate Skill: Dragon Blast] Archmegaက
နောက်ထပ် ရွှေရောင်အလင်းတန်းကြီးကို အိုလီကို ဦးတည်ပြီးပစ်လွှတ်လိုက်တယ်။ ဂျက်စရာလည်း ထိတ်လန့်သွားပြီး သူ့လက်ဝါးကိုမြှောက်ကာ အိုလီကို ကာကွယ်ပေးလိုက်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ သူ့လက်က အကြေးခွံတွေအကုန်ကွာကျပြီး မီးခိုးတွေ အူထွက်လာတယ်။ အိုလီကိုယ်တိုင်ကတော့ သက်ပြင်းချလိုက်ပါတယ်။
“ဂျက်စပါ... ငါတို့ပြန်ဆုတ်ကြမယ်။ ငါဒဏ်ရာရနေတုန်း နင်သူ့ကိုတိုက်ရင် သူ့ကိုနိုင်မှာမဟုတ်ဘူး။”
အိုလီက သူ့ကိုယ်သူဝန်ထုတ်ဝန်ပိုးဖြစ်နေတယ်ဆိုတာ တိုက်ရိုက်ဝန်မခံချင်ဘူး။ ဒါပေမဲ့ ဂျက်စပါအတွက် အိုလီ အဲဒီလိုဝန်ခံဖို့မလိုပါဘူး။ အိုလီ့ဆန္ဒက သူ့ဆန္ဒပါပဲ။
“အိုလီနေကောင်းအောင် အရင်လုပ်ပေးရမယ်....”
သစ်ကိုင်းပိုးကောင်ကြီးက ပြောလိုက်ပြီး ဖရာလီတာကို နောက်ဆုံးအနေနဲ့ လက်ဝါးနဲ့ရိုက်ဖို့ကြိုးစားလိုက်တယ်။ ဖရာလီတာက ပေါ့ပေါ့ပါးပါးရှောင်လိုက်ပေမဲ့ ရှောင်အပြီးမှာတော့ သစ်ကိုင်းပိုးကောင်ကြီးက တိုက်ပွဲမြေပြင်ကနေ ဆုတ်ခွာပျောက်ကွယ်သွားခဲ့ပါပြီ။