← Chapters

အခန်း (၁၂၉၂)

Vol. 93 Ch. 1292

အခန်း (၁၂၉၂)

Vol. 93 Ch. 1292

နေကြတ်ကျောင်းတော်၏ စာကြည့်တိုက်က အလွန်ကျယ်ဝန်းသော ငါးထပ်စံအိမ် ဖြစ်သည်။ ထိုစံအိမ်မျိုး ရှစ်ခု တည်ရှိသည်။ စံအိမ်ထဲတွင် စာအုပ်များဖြင့် ပြည့်နှက်နေသည်။

ထိုစာအုပ်များကို အပြင်သို့ ယူမသွားနိုင်ပေ။ စာကြည့်တိုက်တွင်သာ ဖတ်ရှုရသည်။

စာအုပ်ဖတ်နေသော ကျင့်ကြံသူများသည် စာကြည့်တိုက်ထဲတွင် အမြဲရှိကြသည်။

ပန်းပဲပညာရှင်များအပြင် ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များလည်း ရှိနေသည်။

ထို့အပြင် အာခီမီနှင့် ဝင်္ကပါကျင့်ကြံသူများလည်း ရှိကြသည်။

သူတို့၏ ကျင့်ကြံခြင်းလမ်းစဉ်သည် ကြယ်စင်စုစကြဝဠာတွင် လူသိနည်းသည်။ ထို့ကြောင့် ကျောင်းတော်များတွင်သာ တွေ့နိုင်သည်။

ထိုသို့ဖြင့် သုံးလကုန်ဆုံးသွားသည်။ ဟန်မူယဲ့က သတ်မှတ်ထားသောအချိန်အတိုင်း အတန်းတက်ပြီး စာကြည့်တိုက်သို့ ပုံမှန်သွားခဲ့သည်။

အရုဏ်ဦးအတန်းတွင် လူတော်များ ပေါ်ထွက်လာကြသည်။

ထိုလူများကြားတွင် အထင်ရှာဆုံးလူက ဖုန်းကျူထျန်း ဖြစ်သည်။

ဟန်မူဆိုသော ကျောင်းသား၏နာမည်ကိုတော့ လူမသိကြပေ။

“အစ်ကိုဟန်၊ နေကြတ်မြို့ရဲ့ ဈေးကိုသွားပြီး ဝိညာဉ်သတ္တုဝယ်မလို့။ လိုက်အုံးမလား”

ဟန်မူယဲ့က စာကြည့်တိုက်မှ ပြန်ရောက်လာသောအခါ အပြင်သွားတော့မည် ဖုန်းကျူထျန်းနှင့် တွေ့လိုက်ရသည်။

ဖုန်းကျူထျန်း၏စကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်တွင်ရှိသော ကျောင်းသားများက မနာလိုဖြစ်နေကြသည်။

ဟန်မူဆိုသော ကျောင်းသားသည် အလွန်သာမန်ဆန်သည်။ သူက ဖုန်းကျူထျန်းနှင့်အတူ နေကြတ်မြို့သို့ ရောက်လာပြီး မိတ်ဆွေဖွဲ့နိုင်ခဲ့သည်။ ထို့ကြောင့် ဖုန်းကျူထျန်းက သူ့ကို မကြာခဏ စောင့်ရှောက်ပေးနေသည်။

တခြားလူများက ဖုန်းကျူထျန်းကို မျက်နှာချိုသွေးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြပေ။

“ဟန်မူ၊ မြို့သခင်လေးက မင်းကို ‌ခေါ်နေတယ်လေ။ ဘာဖြစ်လို့ မသွားတာလဲ”

“အစ်ကိုဟန်၊ သွားကြရအောင်။ အစ်ကိုဟန်လိုချင်တာကို ဝယ်ပေးပါ့မယ်”

ဖုန်းကျူထျန်းကို အဖော်ပြုနေသော နောက်လိုက်များက ပြောလိုက်ကြသည်။

ဖုန်းကျူထျန်းက ဟန်မူယဲ့ကို ခေါ်နေသောကြောင့် သူတို့က ကြိုးစားပေးရမည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး စာအုပ်တချို့နှင့်အတူ အိမ်ထဲသို့ ဝင်သွားသည်။

“မင်း ....”

အဆင့်ရှစ်တံဆိပ်ပြားနှင့် လူငယ်တစ်ယောက်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

“သူ့အတွက်ကောင်းတာကို မသိဘူးပဲ”

ဘေးတွင်ရှိသော လူတစ်ယောက်က အေးစက်စွာ ပြောသည်။

“ဆရာ .... အစ်ကိုဟန်”

သိပ်မဝေးသောနေရာတွင် အော်ဟစ်သံ ပေါ်ထွက်လာသည်။ ဟန်မူယဲ့က လှည့်ကြည့်လိုက်သောအခါ ထိုအသံက ဆရာဟူသော စကားမှ အစ်ကိုဟန်အဖြစ် ပြောင်းလဲသွားသည်။

ဟယ်ရန်စွန်းက စိတ်လှုပ်ရှားစွာ ချဉ်းကပ်လာပြီး တီးတိုးပြောသည်။

“ဆရာဟန်က အစောကြီးရောက်နေတာပဲ”

နေကြတ်ကျောင်းတော်က ကြီးမားသည်။ ဟန်မူယဲ့က ရုပ်ရည်နှင့် နာမည်ကို အနည်းငယ် ပြောင်းလဲထားသောကြောင့် ဟယ်ရန်စွန်းက ချက်ချင်း ရှာမတွေ့ခဲ့ပေ။

ဟန်မူယဲ့က နောက်ကျနေလိမ့်မည်ဟု သူထင်ထားခဲ့သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ခြံဝိုင်းထဲသို့ ဝင်သွားသည်။

ဟယ်ရန်စွန်းက နောက်မှ နီးကပ်စွာ လိုက်လာသည်။

“သူက ဘယ်သူလဲ”

ဖုန်းကျူထျန်းက ခြံဝိုင်းထဲသို့ ဝင်သွားသော ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။

သူ့နောက်တွင်ရှိသော လူများက မသိပေ။

“ကျွန်တော်သိတယ်”

သိပ်မဝေးသောနေရာတွင် တပည့်တစ်ယောက်က ပြောသည်။

“သူ့နာမည်က ဟယ်ရန်တဲ့။ သူက ချပ်ဝတ်သခင်တွေရဲ့ အရုဏ်နေမင်း အတန်းသစ်ကပဲ”

ထိုတပည့်က ပြုံးလိုက်ပြီး ဆက်ပြောသည်။

“သူက ကျောင်းတော်ကိုရောက်တာ သိပ်မကြာသေးပေမဲ့ လောင်ကျွမ်းနေမင်းအတန်းက ကျောင်းသားတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တယ်”

“သူက သုံးကွက်တိုက်ခိုက်ပြီး အနိုင်ရခဲ့တယ်”

နေကြတ်ကျောင်းတော်သို့ ဝင်ရောက်လာပြီး အတန်းကြီးကျောင်းသားကို အနိုင်ရခဲ့သော လူမျိုးသည် မရိုးရှင်းပေ။

ဟယ်ရန်စွန်းက ချပ်ဝတ်သခင်အတန်းသစ်၏ အသန်မာဆုံးလူများထဲမှတစ်ယောက် ဖြစ်လိမ့်မည်။

“ဟယ်ရန် ...”

ဖုန်းကျူထျန်းက တီးတိုးရေရွတ်လိုက်ပြီး လှည့်ထွက်သွားသည်။

ခြံဝိုင်းထဲသို့ ရောက်လာသော ဟယ်ရန်စွန်းက လျင်မြန်စွာ ဦးညွတ်သည်။

“ဟယ်ရန်စွန်းက ဆရာဟန်ကို အရိုအသေပေးပါတယ်”

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြုံးသည်။

“နောက်ကျရင် နေကြတ်ကျောင်းတော်မှာ ငါ့ကို အစ်ကိုဟန်လို့ ခေါ်နိုင်တယ်”

ဟယ်ရန်စွန်းက ကြောင်အသွားပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။

အခေါ်အဝေါ်တစ်ခုသာ ဖြစ်သည်။

သူက ဆရာဟန်ကို လေးစားနေသ၍ အဆင်ပြေသည်။

“အစ်ကိုဟန်၊ ယုထောင်မြို့ပျက်ကနေ ပြန်လာပြီး ဘုရားမြို့ရဲ့ ကိစ္စရပ်တွေအားလုံးကို အလုပ်ရုံမှာ စီစဉ်ထားခဲ့ပါတယ်”

ဟယ်ရန်စွန်းက နေကြတ်မြို့သို့ တိုက်ရိုက်လာရန် စီစဉ်ခဲ့သည်။

သို့သော် ယုထောင်မြို့ပျက်တွင် သူက အကျိုးအမြတ်များ ရခဲ့ပြီး ကျင့်ကြံဆင့် တိုးတက်လာသည်။

ထို့အပြင် ယုထောင်မြို့ပျက်တွင် တည်ထောင်ခဲ့သော ယုထောင်မဟာမိတ်၏ အဖွဲ့ဝင်များက ဘုရားမြို့သို့ ရောက်လာကြသည်။ တချို့က ဆုကြေးလာယူပြီး တချို့ကတော့ ယုထောင်မဟာမိတ်ကို ဆက်လက်ဖွဲ့စည်းချင်သည်။

ဟယ်ရန်စွန်းက မငြင်းဘဲ ယုထောင်မဟာမိတ်ကို ပြန်လည်တည်ဆောက်ခဲ့သည်။

သူက အလုပ်ရုံ၏ အခြေအနေနှင့် အမျိုးမျိုးသော အရောင်းအဝယ်များကို တင်ပြခဲ့သည်။

“ရေခဲလမြို့က လေဟာနယ်ကို ပြန်ရောက်သွားတဲ့အတွက် နေကြတ်မြို့က အခြေခံအုတ်မြစ်ကို လုယူလို့မရတော့ဘူး။ အခု သူတို့က ဖုန်းကောမြို့ ရသွားတဲ့ နတ်ဘုရားဆင်သားရဲကို ပစ်မှတ်ထားနေကြတယ်”

“ဖုန်းကောမြို့ကို အင်အားစုတွေက ဖိအားပေးနေတယ်လို့ ပြောကြတယ်”

နေကြတ်မြို့က ဆင်သားရဲ၏ အုတ်မြစ်ဝင်္ကပါကို ရနိုင်လျှင် လေဟာနယ်သို့ တက်ရောက်နိုင်လိမ့်မည်။

ထိုသို့ဆိုလျှင် နှစ်သောင်းချီအတွင်း ပထမဆုံး အဆင့်တက်နိုင်သော လေဟာနယ်မြို့တစ်မြို့ ဖြစ်သွားမည်။

ရေခဲလမြို့ကိုတော့ ထည့်မတွက်ပေ။

နေကြတ်မြို့၏ စွမ်းအားနှင့် ဆင်သားရဲကို လုယူရန် မဖြစ်နိုင်ပေ။

သို့သော် နောက်ကွယ်တွင်ရှိသော ကစားကွက်များအပေါ်တွင် မူတည်သည်။

ဟန်မူယဲ့က ထိုကိစ္စများကို ဂရုမစိုက်ပေ။ ဟယ်ရန်စွန်းကို နေကြတ်မြို့တွင် ကောင်းကောင်းလေ့ကျင့်ရန် မှာကြားခဲ့သည်။

နေကြတ်‌ကျောင်းတော်က သိပ်မဆိုးပေ။

ဟယ်ရန်စွန်းက ခေါင်းညိတ်လိုက်ပြီး သံမဏိပြားတစ်ခုကို ပြန်ပေးသည်။

နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ် ဖြစ်သည်။

ထိုရုပ်သေးရုပ်သည် ဟယ်ရန်စွန်းနှင့်အတူ ဘုရားမြို့သို့ ပါသွားခဲ့သည်။

“နလန်မိုရန်ကလည်း နေကြတ်ကျောင်းတော်မှာ ရှိနေတယ်။ အစ်ကိုဟန်ရဲ့အထောက်အထားကို မဖော်ထုတ်မိဖို့ သူ့ကို သတိပေးထားရအုံးမယ်”

ဟယ်ရန်စွန်းက တီးတိုးပြောလိုက်ပြီး ထွက်သွားသည်။

‘နလန်မိုရန်ကလည်း နေကြတ်ကျောင်းတော်ကို ရောက်လာတာလား’

‘သူက အရမ်းအားနေတာလား’

ဟယ်ရန်စွန်းထွက်သွားသောအခါ ဟန်မူယဲ့က နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်ကို သိမ်းလိုက်ပြီး အခန်းထဲသို့ ဝင်သွားသည်။ သူက ရွှေရောင်စက်လုံးတစ်ခုကို ထုတ်ယူသည်။

“ဒါက အသက်ဝိညာဉ်အစီအရင်ပဲ”

ရွှေရောင်ငှက်က ပြောသည်။

ဟန်မူယဲ့က လေဟာနယ်ထဲသို့ ဆွဲခေါ်သွားခံရသော ဖူထျန်းဆင်သားရဲကို ကြည့်နေသောအချိန်တွင် သူ့ဘေးသို့ရောက်လာသော ရုပ်သေးသခင်တစ်ယောက်က စက်လုံးကို သူ့လက်ထဲသို့ ပေးခဲ့သည်။

ဟန်မူယဲ့က စစ်ဆေးကြည့်လိုက်ပြီး ဆင်သားရဲကို ထိန်းချုပ်နိုင်သော အသက်ဝိညာဉ် အုတ်မြစ်ဝင်္ကပါဖြစ်နေကြောင်း နားလည်လိုက်သည်။

ဆင်သားရဲ၏ ဝိညာဉ်နှင့် သွေးမျိုးဆက်ကို စုစည်းပြီး ထိုပစ္စည်းကို ဖန်တီးထားသည်။

ထိုဝင်္ကပါထဲတွင် ပုံရိပ်ယောင်ကမ္ဘာတစ်ခု ရှိနေပြီး လူတစ်ယောက်၏ ဝိညာဉ်နှင့် သွေးမျိုးဆက်ကို ပျိုးထောင်ပေးနိုင်သည်။

သူက ထိုဝင်္ကပါကို အသုံးပြုပြီး နတ်ဘုရားဆင်သားရဲကို ထိန်းချုပ်၍ လေဟာနယ်တွင် မြို့ကြီးတစ်မြို့ကို ထောက်ပံ့ပေးနိုင်သည်။

ဝင်္ကပါမရှိလျှင် ဆင်သားရဲ၏ စွမ်းအားကို မစုစည်းနိုင်ပေ။ ထို့ကြောင့် ဆင်သားရဲ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ မြို့ကြီးတစ်မြို့ကို ထောက်ပံ့ပေးရန် မဖြစ်နိုင်ပေ။

“ဒေါင် ဒေါင် ....”

ခြံဝိုင်း၏ အပြင်ဘက်တွင် ညင်သာသော ခေါင်းလောင်းသံကို ကြားရသည်။ ဧည့်သည်တစ်ယောက် ရောက်လာသည်။

ဟန်မူယဲ့က တံခါးဆီသို့ လျှောက်သွားပြီး တံခါးဖွင့်ပေးသည်။

လက်တစ်ဖက်က သူ့လည်ပင်းကို ဆုပ်ကိုင်ရန် ကြိုးစားလိုက်ပြီး ခြိမ်းခြောက်လိုသော ခပ်နိမ့်နိမ့်အသံကို ကြားရသည်။

“အသက်ဝိညာဉ်ဝင်္ကပါကို ငါ့ဆီ ပြန်ပေးလိုက် ....”

“ဘန်း” ‌

ဆန့်ထွက်လာသောလက်က ရွှေအလင်းလွှာ၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ဟန်မူယဲ့က အနက်ရောင်ဝတ်စုံနှင့် သွယ်လျသော အမျိုးသမီးတစ်ယောက်ကို မြင်ရသည်။ သူက ခေါင်းခါလိုက်သည်။

“နေကြတ်ကျောင်းတော်ရဲ့ ခြံဝိုင်းတိုင်းကို ဝင်္ကပါနဲ့ ကာကွယ်ထားတာ မင်းမသိဘူးလား”

“ဒါမှမဟုတ် နေကြတ်မြို့က မင်းတို့ တုမင်မြို့နဲ့ မယှဉ်နိုင်ဘူးလို့ ထင်နေတာလား”

နေကြတ်ကျောင်းတော်က ကျယ်ဝန်းပြီး လူများ နေ့စဉ်ဝင်ထွက်နေသောကြောင့် အလွန်ရှုပ်ထွေးသည်။

လုံလောက်သော ကာကွယ်မှုများကို စီစဉ်မထားလျှင် ဖရိုဖရဲဖြစ်နေလိမ့်မည်။

ဤနေရာတွင် တပည့်နှင့် နည်းပြတိုင်းသည် ဝင်္ကပါနှင့် ချိတ်ဆက်ထားသည်။

သူတို့၏ နာမည်ကတ်ပြား၊ တံဆိပ်ပြားနှင့် ခွန်အားသည် ဝင်္ကပါနှင့် ပေါင်းစပ်နေပြီး မဟာဝင်္ကပါ၏ ဆုံချက်များ ဖြစ်လာသည်။

ထိုနည်းလမ်းမျိုးကို လေဟာနယ်မြို့ကြီးများကသာ ပိုင်ဆိုင်ကြသည်။

နေကြတ်မြို့သည် ကုန်းမြေ၏ မြို့ကြီးတစ်မြို့ ဖြစ်သည်။ သို့သော် ဤနေရာတွင် ထိုနည်းလမ်းမျိုးကို သုံးထားနိုင်သည်။

ဟန်မူယဲ့၏ရှေ့တွင်ရှိသော အမျိုးသမီးကျင့်ကြံသူက ကြံရာမရ ဖြစ်နေသည်။

သူမက ရုန်းကန်လေ ရွှေရောင်ကြိုးများက တင်းကျပ်လေ ဖြစ်သည်။

“ဝီ”

တုန်ခါသံနှင့်အတူ အမျိုးသမီးကျင့်ကြံသူက နောက်သို့ ပြန်ရောက်သွားသည်။

သူမက နောက်တစ်ကြိမ် တိုက်ခိုက်ချင်သော်လည်း အသံတစ်သံကို ကြားလိုက်ရသည်။

“ဒီလိုဆိုရင် ငါက မင်းကို ကူညီတော့မှာမဟုတ်ဘူး”

ဟန်မူယဲ့က လမ်းလျှောက်လာသော လူတစ်ယောက်ကို မြင်ရသည်။

“နည်းပြချူး”

နေကြတ်ကျောင်းတော်၏ ချူးယွီယန် ဖြစ်သည်။

“ကျူးလင်၊ မင်းညီမကြောင့် ငါက မင်းကို ဒီခေါ်လာဖို့ ကူညီခဲ့တာ”

“မင်းက အသက်ဝိညာဉ် အုတ်မြစ်ဝင်္ကပါကို ရှာချင်ရင်တောင် နေကြတ်ကျောင်းတော်မှာ အတင်းအကျပ် မလုပ်နိုင်ဘူး”

ချူးယွီယန်က ရှေ့တက်လာပြီး ဟန်မူယဲ့ကိုကြည့်၍ အသက်ရှူသွင်းသည်။

“ဟန်မူ၊ မင်းကို ပြဿနာတက်စေမိတာ စိတ်မကောင်းပါဘူး”

“ငါ့မိတ်ဆွေက မင်းကို နှောင့်ယှက်ခဲ့တယ်”

သူ့စကားကို ကြားရသောအခါတွင် ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းညိတ်၍ ပြောသည်။

“နည်းပြချူးက ဖုန်းကျူထျန်းထွက်သွားလို့ ရောက်လာတဲ့ပုံပဲ”

ထိုစကားများကြောင့် ချူးယွီယန်က အနည်းငယ် ရှက်သွားသည်။

ချူးယွီယန်က ဟန်မူယဲ့နှင့် ဖုန်းကျူထျန်းတို့ အိမ်နီးချင်းဖြစ်ကြောင်း သေချာပေါက် သိထားသည်။

ယနေ့တွင် ဖုန်းကျူထျန်းက ထွက်သွားသောကြောင့် သူတို့က ‌ရောက်လာခဲ့သည်။

“အဟမ်း၊ ငါတို့ အထဲဝင်ပြီး ပြောလို့ရမလား”

ချူးယွီယန်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

သူတို့က ဟန်မူယဲ့ကို တွေ့ရန်အတွက် ရောက်လာခဲ့သည်။

ခြံဝိုင်းထဲသို့ ရောက်လာပြီး ဧည့်ခန်းတွင် ဟန်မူယဲ့က စကားမပြောနိုင်ခင် ကျူးလင်ဟုခေါ်သော အမျိုးသမီးကျင့်ကြံသူက အရင်ပြောလိုက်သည်။

“ဈေးပြောလိုက်ပါ။ အသက်ဝိညာဉ် အုတ်မြစ်ဝင်္ကပါကို ကျွန်မဆီ ပြန်ပေးပါ”

ဟန်မူယဲ့က သူမကို လျစ်လျူရှုထားပြီး ချူးယွီယန်ကို ကြည့်နေသည်။

ချူးယွီယန်က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

“ဟန်မူ၊ ဖြစ်နိုင်ရင် အဲဒီပစ္စည်းကို ကျူးလင်ဆီ ပြန်ပေးလိုက်ပါ”

“အဲဒီပစ္စည်းက မင်းအတွက် ကပ်ဘေးတစ်ခုပဲ”

“နေကြတ်ကျောင်းတော်ကတောင် မင်းကို ကာကွယ်နိုင်မှာမဟုတ်ဘူး”

ချူးယွီယန်၏စကားက မှန်ကန်သည်။

အသက်ဝိညာဉ် အုတ်မြစ်ဝင်္ကပါသည် စိတ်ကူးမယဉ်နိုင်အောင် တန်ဖိုးကြီးသည်။

အပြင်လူများက ထိုအကြောင်းကို သိသွားခဲ့လျှင် မုန်တိုင်းထန်လာလိမ့်မည်။

နေကြတ်ကျောင်းတော်၏ ဝင်္ကပါက ကျောင်းသားများကို ကာကွယ်ပေးနိုင်သည်။ သို့သော် ကျောင်းသားများ၏ တိုက်ပွဲကို တားမြစ်မထားပေ။

နေကြတ်ကျောင်းတော်တွင် တစ်သက်လုံးနေထိုင်သွားရန်လည်း မဖြစ်နိုင်ပေ။

ထို့ကြောင့် ဟန်မူယဲ့က မငြင်းဆန်နိုင်ဟု တွက်ဆထားပြီး ချူးယွီယန်က ကျူးလင်ကို ခေါ်လာခဲ့သည်။

All Chapters