အခန်း (၁၂၉၈)
Vol. 93 Ch. 1298
‘ကျောက်တုံးရုပ်သေးရုပ်လား’
လူတိုင်းက မျက်လုံးပြူးသွားကြသည်။
သူတို့က ထိုနည်းလမ်းမျိုးကို မသုံးနိုင်ပေ။
‘ဒီလိုရုပ်သေးရုပ်မျိုးက အသုံးမဝင်ဘူးမဟုတ်လား’
ထိုရုပ်သေးရုပ်သည် အဆင့်ငါးခွန်အားကိုသာ ထုတ်သုံးနိုင်ပြီး ချက်ချင်း ပျက်စီးသွားလိမ့်မည်။
“မင်းတို့မြင်တဲ့အတိုင်းပဲ ဒီရုပ်သေးရုပ်က အဆင့်ငါးတိုက်ခိုက်မှုတစ်ခုနဲ့ အဆင့်ငါးခုခံနိုင်မှုတစ်ခုကိုပဲ တစ်ချိန်တည်းမှာ ပြုလုပ်နိုင်တယ်။ ပြီးရင် ပျက်စီးသွားလိမ့်မယ်”
ဟန်မူယဲ့က လူတိုင်းကို ကြည့်လိုက်ပြီး ပြောသည်။
“ငါတို့က ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ”
“ငါက ဒီရုပ်သေးရုပ်ကို အဆင့်ခုနစ် တိုက်ခိုက်နိုင်စွမ်းနဲ့ ခုခံနိုင်စွမ်းကို ပိုင်ဆိုင်စေချင်တယ်”
“တခြားဟာတွေ အရေးမကြီးဘူး။ ခွန်အားနဲ့ ခုခံနိုင်စွမ်းတိုးလာရင် ရပြီ”
ဟန်မူယဲ့က စကားပြောလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။
ဤနေရာတွင်ရှိသော ပန်းပဲပညာရှင်များက ကျင့်ကြံဆင့်နိမ့်ကျသော်လည်း ပါရမီရှင်များ ဖြစ်ကြသည်။
သူတို့က ပါရမီရှင်မဟုတ်လျှင် ကျောင်းတော်သို့ ရောက်လာမည်မဟုတ်ပေ။
သို့သော် ကျောင်းတော်တွင် လက်ရွေးစင်များ စုစည်းနေသောကြောင့် လူအများစုအတွက် အခွင့်အရေးမရှိပေ။
ယခုအချိန်တွင် ဖြေရှင်းရမည့် ပြဿနာတစ်ခုကို မြင်လိုက်ရသောကြောင့် လူတိုင်း၏ မျက်လုံးများက တောက်ပသွားခဲ့သည်။
ခဏအကြာတွင် ပိန်ပါးသော အဆင့်ခုနစ် ပန်းပဲပညာရှင်က ရှေ့ထွက်လာပြီး ဦးညွတ်လျက် ပြောသည်။
“အစ်ကိုဟန်၊ တိုက်ခိုက်နိုင်စွမ်း တိုးမြှင့်ချင်တယ်ဆိုရင် အလေးချိန်တိုးမှ ရလိမ့်မယ်။ အဲဒါဆိုရင် ရုပ်သေးရုပ်ရဲ့ အရွယ်အစားက ပိုကြီးသွားလိမ့်မယ်”
အရွယ်အစားကြီးပြီး ခွန်အားတိုးလာမည်။
“ရတယ်။ အရွယ်အစားကြီးလာအောင် လုပ်လိုက်ပါ”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျယ်လောင်စွာပြောသည်။
“လက်မောင်း၊ လက်သီးနဲ့ ဦးခေါင်းမှာ သံရိုင်းတွေရဲ့ အချိုးအစားကို တိုးမြှင့်လို့ရတယ်”
ခန္ဓာကိုယ်ကြံ့ခိုင်သော အဆင့်ခြောက်ပန်းပဲပညာရှင်က စိုးရိမ်စွာ ပြောသည်။
“ကောင်းပြီ”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
အဆိုပြုချက်နှစ်ခု ဆက်တိုက်ပေါ်ထွက်လာသောကြောင့် တခြားလူများက တက်ကြွလာကြသည်။
“ခွန်အားတိုးဖို့အတွက် အမြန်နှုန်းကို လျော့ချရလိမ့်မယ်”
“ရုပ်သေးရုပ်က လူသားပုံစံအတိုင်း ဖြစ်နေစရာမလိုဘူး။ ပုံစံပြောင်းပစ်ရမယ်”
“အဝေးရောက်တိုက်ခိုက်နိုင်စွမ်းကို ထည့်သွင်းရမယ်”
“နောက်တစ်ကြိမ်ထွက်လာမယ့် သားရဲတွေက ဘယ်လိုပုံစံမျိုးလဲ။ သူတို့ကိုလိုက်ပြီး ရုပ်သေးရုပ်ကို ပြောင်းလဲနိုင်မလား’
နာရီဝက်အကြာတွင် ထုံးကျောက်ဖြင့် ပြုလုပ်ထားသော ရုပ်သေးရုပ်တစ်ရုပ် ပေါ်ထွက်လာသည်။ ရုပ်သေးရုပ်၏ လက်နှစ်ဖက်ကိုတော့ သံရိုင်းများဖြင့် ဖန်တီးထားသည်။
ထိုရုပ်သေးရုပ်တွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်အောက်ပိုင်း မရှိပေ။
တစ်နည်းပြောရလျှင် ထိုရုပ်သေးရုပ်က မလှုပ်ရှားနိုင်ပေ။
သို့သော် ထိုရုပ်သေးရုပ်က အဆင့်ခုနစ်နှင့် ယှဉ်နိုင်သည်။
“အခု ထပ်ပြီး ခွန်အားတိုးလာအောင် နည်းလမ်းရှာကြည့်မယ်”
ဟန်မူယဲ့က လက်မြှောက်သည်။ အင်းကွက်တစ်ခုက ရုပ်သေးရုပ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်။
“အဲဒါက ဘာလဲ ....”
“ခွန်အားပေါင်းစပ်ခြင်းလား”
“အစ်ကိုဟန်က လက်တစ်ဖက်ဝှေ့လိုက်ရုံနဲ့ ရုပ်သေးရုပ်ကို ပြောင်းလဲနိုင်နေပြီပဲ”
လူတိုင်းက မျက်လုံးပြူးသွားပြီး ရုပ်သေးရုပ်တွင် ပေါ်လာသော အင်းကွက်ကို ကြည့်သည်။
“ဒါက ခွန်အားပေါင်းစပ်ခြင်းအင်းကွက် ဆိုတာကို တချို့က သတိထားမိမှာပါ”
“ငါတို့က ရုပ်သေးရုပ်ဆယ်ရုပ်ကို ဖန်တီးနိုင်ရင် ခွန်အားငါးဆ တိုးလာလိမ့်မယ်”
“နှစ်ဆယ်ဆိုရင် ခွန်အားဆယ်ဆ တိုးလာမယ်”
ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေပြီး လူတိုင်းကို ကြည့်လိုက်သည်။ သူက လက်မြှောက်ပြီး ရှေ့တွင်ရှိသော ရုပ်သေးရုပ်ကို ထောင်ချီသော အစိတ်အပိုင်းများအဖြစ် တစ်ပိုင်းတစ်စီ ခွဲထုတ်သည်။
“အခု တာဝန်ခွဲပေးလိုက်မယ်။ ငါတို့က ခုနစ်ရက်မြောက်နေ့ သားရဲအုပ် ရောက်မလာခင်မှာ ရုပ်သေးရုပ်တွေကို ဖြစ်နိုင်သမျှ အများဆုံး ထုတ်လုပ်ရမယ်”
“ကောင်းထျန်ကျင်း၊ မင်းနဲ့ ဝူကျိုးက ရုပ်သေးရုပ်နဲ့ လက်သီးနဲ့ သက်ဆိုင်တဲ့ အစိတ်အပိုင်းတွေကို သန့်စင်ရမယ်”
“မော့ကျန်းရှောင်နဲ့ ဟယ်ရှစ်ယန်က ဗဟိုချက်ကို ဖန်တီးရမယ်”
ဟန်မူယဲ့က ညွှန်ကြားချက်ပေးလိုက်ပြီး စိတ်ရှုပ်ထွေးနေပုံရသော ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များကို ကြည့်သည်။
“မင်းတို့ကတော့ လုံလောက်တဲ့ ကုန်ကြမ်းတွေကို ရှာရမယ်”
သူတို့က အားနည်းနေသောကြောင့်ဆိုလျှင် ဘာမှမတတ်နိုင်ပေ။
သို့သော် ကုန်ကြမ်းများကို မရှာနိုင်လျှင်တော့ ပန်းပဲပညာရှင်များထက် အသုံးမဝင်ဖြစ်နေလိမ့်မည်။
လူတိုင်းက တွေးမိကြသည်။
“အစ်ကိုဟန်၊ စိတ်ချပါ။ ကုန်ကြမ်းတွေ မလုံလောက်ရင် ရုပ်သေးရုပ်ကိုဖြုတ်ပြီး ထောက်ပံ့ပေးပါ့မယ်”
လူသန်ကြီးတစ်ယောက်က အော်ပြောလိုက်ပြီး တောင်ကုန်းအောက်သို့ ဆင်းသွားသည်။
တခြားလူများကလည်း ရယ်လိုက်ပြီး ထုံးကျောက်နှင့် သံရိုင်းများကို သယ်ယူရန် လိုက်သွားကြသည်။
အဝေးတစ်နေရာတွင်ရှိသော ကျောင်းသားများက ထိုမြင်ကွင်းကို မြင်လိုက်ရသော်လည်း မလှောင်နိုင်တော့ပေ။
တောင်ကုန်းနံပတ် ၁၄တွင် ရှိနေသောလူများက သတ္တိမရှိသည်ဖြစ်စေ၊ လှည့်ကွက်သုံးနေသည်ဖြစ်စေ ယခုအချိန်အထိ ခုခံနိုင်ခဲ့သည်။
“အစ်ကိုဖုန်း၊ တောင်ကုန်းနံပတ်ဆယ့်လေးရဲ့ ခေါင်းဆောင်က ဘယ်သူလဲ”
ဖုန်းကျူထျန်း၏ဘေးတွင်ရှိသော အဆင့်ရှစ်ချပ်ဝတ်သခင်တစ်ယောက်က မေးလိုက်သည်။
တခြားလူများကလည်း ဖုန်းကျူထျန်းကို လှည့်ကြည့်ကြသည်။
‘ဘယ်သူလဲ’
ဖုန်းကျူထျန်း၏ နှုတ်ခမ်းများက တွန့်သွားသည်။
သူနားမလည်နိုင်သော၊ မဆန့်ကျင်နိုင်သော လူတစ်ယောက် ဖြစ်သည်။
တောင်ကုန်းတစ်ခုတွင် ဟယ်ရန်စွန်းက ဒါဇင်ချီသော ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များကို လေ့ကျင့်ပေးနေသည်။
“အစ်ကိုဟယ်၊ ခုနစ်ရက်ကျော်သွားရင် တခြားနယ်မြေတွေကို သိမ်းပိုက်နိုင်တယ်လို့ ပြောကြတယ်”
“တခြားအဖွဲ့တွေကို ဝါးမြိုပြီး အားကောင်းလာအောင် လုပ်နိုင်တယ်တဲ့”
ဟယ်ရန်စွန်း၏ဘေးတွင်ရှိသော အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က တီးတိုးပြောသည်။
“တကယ်လို့ တောင်ကုန်းနံပတ်ဆယ့်လေးက အဲဒီအချိန်အထိ ရှိနေသေးရင် ကျွန်မတို့က သူတို့ခံတပ်ကို ....”
သို့သော် သူမ၏စကား မဆုံးသေးခင် ဟယ်ရန်စွန်းက အေးစက်စွာ လှည့်ကြည့်သည်။
“အဲဒီအကြောင်းကို တွေးတောင်မတွေးနဲ့”
“မင်းက သူတို့ကို မဆန့်ကျင်နိုင်ဘူး’
ဟယ်ရန်စွန်း၏အသံက ခံစားချက်ကင်းမဲ့နေသည်။
အမျိုးသမီးကျင့်ကြံသူက ကြောင်အသွားသည်။
‘သူတို့ကို မဆန့်ကျင်နိုင်ဘူးလား’
သူမက မြို့ကြီးတစ်မြို့၏ မိသားစုမှ ဆင်းသက်လာသည်။ သူမက တိုက်ရိုက်မျိုးဆက် မဟုတ်သော်လည်း မိသားစု၏ ပါရမီရှင်တစ်ယောက် ဖြစ်သည်။
အစ်ကိုဟယ်သည် သန်မာပြီး အဆင့်အတန်းမြင့်မားပုံပေါ်သည်။ အကြည့်တစ်ချက်နှင့် ဆွဲဆောင်နိုင်သည်။
‘တောင်ကုန်းနံပတ်ဆယ့်လေးမှာ အစ်ကိုဟယ်ထက် သန်မာတဲ့လူတွေ ရှိနေတာလား’
‘မဖြစ်နိုင်ပါဘူး’
အဝေးတစ်နေရာတွင် နလန်မိုရန်ကို အဆင့်ရှစ်ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များက ဝိုင်းရံထားကြသည်။
သူတို့က ရှေ့တွင်ရှိသော တောင်ကုန်းနှစ်ခုကို ကြည့်နေသည်။
“ကောင်းကျန်ထိုက်နဲ့ တုထန်က မနက်ဖြန်မှာ အတူတူပူးပေါင်းပြီး ငါတို့ဆီကို သားရဲတွေရောက်လာအောင် လမ်းလွှဲပေးလိမ့်မယ်”
ရုပ်သေးသခင်တစ်ယောက်က လေးနက်သောမျက်နှာထားဖြင့် ပြောသည်။
“ဟုတ်တယ်။ ငါတို့က မနက်ဖြန်တိုက်ပွဲကို ခုခံနိုင်ရင်တောင် ရှစ်ရက်မြောက်နေ့မှာ သူတို့က ငါတို့ရဲ့ပိုင်နက်ကို သိမ်းပိုက်လိမ့်မယ်”
တခြားတစ်ယောက်က တွန့်ဆုတ်စွာ ပြောသည်။
သူတို့၏ အဖွဲ့ခေါင်းဆောင်က တခြားလူများကို အညံ့မခံချင်ပေ။ သူက ကျောင်းတော်တွင် လက်ရွေးစင်များကို မကြာခဏ စိန်ခေါ်ပြီး ဆန့်ကျင်ခဲ့သည်။
ယခုအချိန်တွင် ပြန်လည်ပေးဆပ်ရတော့မည်။
သူတို၏စကားကို ကြားရသောအခါတွင် နလန်မိုရန်က ရယ်လိုက်ပြီး အထင်သေးစွာပြောသည်။
“သူတို့က လူပြက်တွေပါပဲ”
“စိတ်ပူစရာမလိုဘူး။ ငါ့မှာလည်း အကူအညီပေးမယ့်လူတွေ ရှိပါတယ်”
“ပြီးတော့ ....”
နလန်မိုရန်က တောင်ကုန်းနံပတ်ဆယ့်လေးကို လှမ်းကြည့်လိုက်ပြီး ခေါင်းခါသည်။ သူက တည်ငြိမ်စွာပြောသည်။
“ငါက ရှုံးမှာမဟုတ်ဘူး”
သူက ယုံကြည်ချက်ရှိနေသော်လည်း တခြားလူများက သူ့ကို အပြည့်အဝ မယုံရဲကြပေ။
သခင်လေးနလန်က ငကြောက်တစ်ယောက် မဟုတ်ပေ။
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး လေ့ကျင့်ရန် ထွက်သွားကြသည်။
....
“ဘုန်း”
ကောင်းကင်ထက်တွင် ရွှေအလင်းတန်းများ ပေါ်ထွက်လာသည်။
လေဟာနယ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
စမ်းသပ်ပွဲ၏ ခုနစ်ရက်မြောက်နေ့တွင် သားရဲလှိုင်းတစ်ခု ပေါ်ထွက်လာသည်။
ပေသုံးရာရှည်လျားသော တောင်ပံတစ်စုံနှင့် ငှက်တစ်ကောင်ကို မြင်ရသည်။
“တောင်ပံနက်ဘီလုံးငှက်ပဲ”
“အဆင့်ခုနစ်ငှက်သားရဲတွေထဲမှာ ထိပ်တန်းအဆင့်”
“ပြေးကြတော့။ ငါတို့က သူတို့ကို မတားနိုင်ဘူး”
“ခုခံဖို့ အသင့်ပြင်ထားကြ။ တောင်ပံနက်ဘီလုံးငှက်တွေက အာရုံခံနိုင်စွမ်းကောင်းတယ်။ ငါတို့က မလွတ်မြောက်နိုင်ဘူး”
တောင်ကုန်းများတွင် တချို့က ချက်ချင်းပြိုကွဲသွားပြီး တချို့ကတော့ ခုခံရန် အသင့်ပြင်ထားကြသည်။
ဟယ်ရန်စွန်း၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော ချပ်ဝတ်က ရွှေအလင်းကို ထုတ်လွှတ်နေပြီး ပျံသန်းသွားသည်။
အဝေးတစ်နေရာတွင် ဖုန်းကျူထျန်းက မီးတောက်များကို ထုတ်လွှတ်သည်။
တောင်ကုန်းအမျိုးမျိုးတွင် ပုံရိပ်များက တောင်ပံနက်ဘီလုံးငှက်များနှင့် ထိတွေ့သွားကြသည်။
သို့သော် တောင်ကုန်းနံပတ် ၁၄က တိတ်ဆိတ်နေသည်။
ထိုနေရာတွင် လူတိုင်းက ခံတပ်၏ အဆင့်နှစ်ခုကို ဖြည့်ဆည်းရန်အတွက် အလုပ်ရှုပ်နေကြသည်။
“မြန်မြန်လေး၊ လက်မောင်းမတပ်ရသေးဘူး”
“ငါ့ဘက်မှာ အသင့်ပဲ။ မင်းတို့ကရော”
“ဝိညာဉ်အင်းကွက်ကို စစ်ဆေးကြည့်လိုက်အုံးမယ်”
“တစ်ကြိမ်လောက် စမ်းကြည့်လို့ရသေးတယ်”
ဖရိုဖရဲဖြစ်နေသော ဆူညံသံများကြားတွင် ဝိညာဉ်အင်းကွက်များက တောက်ပလာသည်။
ဧရာမငှက်တစ်ကောင် ပျံသန်းလာသောအခါ ရုပ်သေးရုပ်များက ချိတ်ဆက်သွားကြသည်။
“ဘန်း”
ပေငါးဆယ်ကြီးမားပြီး ပေတစ်ရာမြင့်မားသော ရုပ်သေးရုပ်တစ်ရုပ် ပေါ်ထွက်လာသည်။
ထုံးကျောက်ဖြင့် ပြုလုပ်ထားသော ထိုရုပ်သေးရုပ်က ချဉ်းကပ်လာသောငှက်ကို လက်သီးဖြင့် ထိုးချသည်။
ရုပ်သေးရုပ်က လက်ကို ဝှေ့ယမ်းလိုက်သောအခါ လက်မောင်းက အက်ကွဲလာသည်။
ထို့နောက် လက်မောင်းတစ်ခုလုံးက ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော ထုံးကျောက်များကို မြားသဖွယ် ပစ်လွှတ်လိုက်သည်။
လက်မောင်း ပေါက်ကွဲသွားသောအချိန်တွင် ရုပ်သေးရုပ်က တစ်ခါတည်း တစ်ပိုင်းတစ်စစီ ဖြစ်သွားပြီး တခြားရုပ်သေးရုပ်ကို နေရာပေးလိုက်သည်။
ပိုမိုများပြားသော ရုပ်သေးရုပ်များသည် တန်းစီလျက် အသင့်စောင့်နေကြသည်။
ပန်းပဲပညာရှင်များက ပြုတ်ကျလာသော အစိတ်အပိုင်းများကို လျင်မြန်စွာ ကောက်ယူပြီး ရုပ်သေးရုပ်အသစ်များကို ဖန်တီးလိုက်ကြသည်။
ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များက ထုံးကျောက်ရုပ်သေးရုပ်များကို ထိန်းချုပ်ပြီး ပျံသန်းလာသော ငှက်များကို ရိုက်ထုတ်နေကြသည်။
“ဆရာလျန်၊ ဒါက မတရားပါဘူး”
ခန်းဆောင်ထဲတွင် ဒိုင်တစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး အံကြိတ်ထားသည်။
“ဆရာလျန်၊ ဒါကိုတော့ ကျောင်းအုပ်ဆီ တင်ပြရမယ်။ တောင်ကုန်းနံပတ်ဆယ့်လေးက ညစ်နေတာပဲ”
အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က မတ်တပ်ရပ်လိုက်သည်။ သူက ချီစွမ်းအင်အလင်းကို ထုတ်လွှတ်ပြီး အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသည်။