ရှောင်နန်ဖန်း...
Vol. 1 Ch. 1
ဘာသာပြန် = စမင်းသိုက်
ကောင်းကင်ကြီး တစ်ခုလုံး မှောင်မိုက်နေပေမယ့် ရှောင် စံအိမ်မှာတော့ မီးအိမ်တွေ ထွန်းညှိထားခဲ့သည်..။လှပတဲ့ အနီရောင် ပန်းဆိုင်းတွေပြင်ဆင်ထားပုံ အရတော့..ကြီးမားတဲ့ မင်္ဂလာ ပွဲကြီးတစ်ပွဲကို ကျင်းပတော့မယ့် ပုံပေါ်၏..။
အစောင့်အကြပ်တွေသည်..စံအိမ်အပြင်ဘက်တွင် ကင်းလှည့်နေကြပြီး ..အတွင်းပိုင်းမှာလည်း အဝင်အထွက် တစ်ယောက်ချင်းစီတိုင်းကို စစ်ဆေးနေခဲ့ကြသည်..။
အဲ့အချိန်မှာပဲ..အပြာရောင် ဝတ်စုံနဲ့ အဘိုးအို တစ်ယောက်သည်..အစောင့်အကြပ်များ ထူထပ်သည့် ဝင်ပေါက်ကို ဖြတ်လျောက်လာခဲ့၏..။
သူက မကြာခန ဆိုသလို ချောင်းဆိုးနေပြီး..အဆုတ်ရောဂါ ခံစားနေရပုံ ရသည်..။သူက ပါးစပ်ကို လက်ကိုင်ပုဝါ နဲ့ အုပ်ထားရင်း အဆက်အပြတ် ချောင်းဆိုးနေခဲ့၏..။
သူ့နောက်မှာတော့ ကြီးမားတဲ့ မြေခွေးတစ်ကောင် ရှိပြီး..အရွယ်အစားကတော့ ကျားတစ်ကောင် လောက် ရှိနေခဲ့သည်..။သူ၏ ကြွက်သားများက..တစ်ကိုယ်လုံးမှာ..ပြည့်နှက်နေပြီး အတော်လေးကို ကြောက်လန့်ဖို့ ကောင်းလှသည်..။သူ့၏ အကြည့်များက လူသားတွေကို သူ၏ စားစရာ များအဖြစ် သဘောထားနေပုံရ၏..။အစောင့်အကြပ်များသည်..ကြောက်လန့်တကြား ရပ်နေခဲ့ကြပြီး ဘယ်သူကမှ သူ့ကို မတားဆီးရဲကြပေ။
နောက်ဆုံးတော့ အဘိုးအိုက အတွင်းပိုင်း ခြံဝန်းကို ရောက်ရှိသွားခဲ့သည်..။ဒီနေရာမှာတော့..ခံစားချက်မဲ့နေသည့် အစောင့်အကြပ် အများအပြား ရပ်နေခဲ့ကြသည်..။အဘိုးအို ရောက်လာသည့် အချိန်မှ သူတို့ကတုန့်ပြန်လာခဲ့ကြ၏..။
အပြာရောင် ဝတ်ဆင်ထားသည့် အဘိုးအိုဟာ နောက်တစ်ကြိမ် ချောင်းဆိုးလိုက်ပြီးမှ..ခေါင်းဆောင်ဖြစ်သူကို မေးလိုက်သည်..။
"သခင်လေး ရဲ့..အခြေအနေ ဘယ်လိုရှိလဲ.."
ခေါင်းဆောင်ဖြစ်သူဟာ ရိုသေစွာ ဂါဝရပြုလိုက်ပြီး
"ဆရာ..သခင်လေး က အစေခံတွေ အားလုံးကို မောင်းထုတ်ပြီး စကားပြောဖို့ကိုလည်း ငြင်းဆန်နေပါတယ်..။သူက သတို့သား ဝတ်စုံကိုလည်း လက်မခံပါဘူး..။သူက မနက်ဖြန်ဆိုရင် သတို့သမီးကို ကြိုဆိုရတော့မှာ ဆိုပေမယ့်..ပူးပေါင်းဖို့ ငြင်းဆိုနေဆဲပါ. ."
အဘိုးအိုဟာ ခေါင်းဆောင် လက်ထဲတွင် ကိုင်ထားသည့် သတို့သား ဝတ်စုံကို ကြည့်လိုက်သည်..။သူ မျက်မှောက် ကျုတ်သွားခဲ့ပြီး...
"ဒီကို ပေး...ငါ သခင်လေးနဲ့ စကားပြောလိုက်မယ် "
"ကျေးဇူးပါ ဆရာ...ဆက်ခံသူက..ကျွန်တော်တို့ထက် ဆရာ့ ကိုပဲ ပိုပြီး ယုံကြည်တာလေ.."
ခေါင်းဆောင်ဖြစ်သူသည်..နောက်တစ်ကြိမ် ဂါဝရပြုပြီး သတို့သား ဝတ်စုံကို အဘိုးအို ဆီကို ကမ်းပေးလိုက်သည်..။
အစောင့်အကြပ်တွေက..အဘိုးအို ဝင်ဖို့ အတွက် အတွင်းပိုင်း ခြံဝန်းတံခါးကို အလျင်အမြန် ဖွင့်ပေးလိုက်ကြ၏..။ကြီးမားတဲ့ မြေခွေးကတော့..သူ့နောက်ကနေ ဆက်လိုက်လာခဲ့သည်..။
ဂိတ်တံခါး ပြန်ပိတ်ထားတဲ့ အချိန်ကျမှ..အစောင့်အကြပ်တွေဟာ စိတ်သက်သာရာရသွားခဲ့ကြသည်။
ခြံဝန်း အတွင်းမှာတော့..။
အဘိုးအိုသည်..မြေခွေးရဲ့ ခေါင်းကို ပုတ်လိုက်ပြီး..
"အောင်နက်လေး...ဒီကနေ အဝေးကြီးကို မသွားနဲ့နော်။မြေကြီးက အရာတွေလည်း မစားရဘူး..ကြားလား..."
ဘလက်ကီ ( blackie ) = အောင်နက်
" ဝု ဝု "
မြေခွေးဟာ..အဘိုးအိုပြောတာကို နားလည်သလိုပဲအမြီးကို အကြိမ်အနည်းငယ် ဝေ့ယမ်းပြလိုက်သည်..။
ခြံဝန်းထဲက အစေခံတွေ အားလုံးကတော့..မောင်းထုတ်ခံထားရတဲ့ အတွက် မရှိကြတော့ပေ..။အခုချိန်မှာတော့ အမွေဆက်ခံသူ ဖြစ်တဲ့ လူငယ်လေးနဲ့ သူ့ကို ဆွဲဆောင်မယ့် အဘိုးအိုတို့ နှစ်ယောက်သာ ကျန်ရှိနေခဲ့တော့၏..။
သတို့သား ဝတ်စုံထည့်ထားသည့် အထုတ်ကို သယ်ဆောင်ရင်း အဘိုးအိုသည် မီးလင်းနေသည့် စာကြည့်ခန်းဆီကို လျောက်သွားလိုက်သည်..။
စာကြည့်ခန်းတံခါးကတော့ ပွင့်နေဆဲဖြစ်၏..။မရေမတွက် နိုင်တဲ့ စာအုပ်စဥ် တွေအများကြီးရဲ့ အလယ်မှာတော့ လူငယ်လေးတစ်ယောက်ဟာ..ဖယောင်းတိုင်းမီးအလင်းနဲ့ စာလိပ်တစ်လိပ်ကို ဖတ်နေခဲ့သည်..။
လူငယ်လေးဟာ..အသက် ၁၆ ၁၇ လောက်သာ ရှိနိုင်သေးပေမယ့် အတော်လေးတော့ ရင့်ကျတ်နေပုံပေါ်နေခဲ့သည်..။သူက ထူထဲသည့် မျက်ခုံးနှင့် စူးရှ သည့် အကြည့်တွေ ရှိနေခဲ့သည်..။ခန့်ညားမူကတော့..သူ့ရဲ့ ငယ်ရွယ်မူကို အထင်းသား ဖော်ပြနေခဲ့၏..။
သူက စိတ်ဝင်တစား ဖတ်နေခဲ့ပြီး အဘိုးအိုရောက်နေတာကို တောင် သတိမထားမိပေ..။အဘိုအိုဟာ သူ့လက်ထဲက အထုတ်ကို ချကာ စောင့်ဆိုင်းနေခဲ့၏..။
နာရီ ဝက်လောက်ကြာပြီးသွားတဲ့ အချိန်မှာတော့ လူငယ်လေးဟာ စာလိပ်ကို ဖတ်လို့ပြီးသွားခဲ့သည်..။ယင်းနောက် သူက တစ်နာရီလောက် တရားထိုင်ပြီးကာမှ..မျက်လုံးများကို ပြန်ဖွင့်လာခဲ့သည်..။
" အကြိီးအကဲ ရောက်နေတာလား.."
လူငယ်လေးဟာ အနည်းငယ် အံ့ဩသွားပုံပေါက်နေခဲ့သည်..။
"သခင်လေး..မနက်ဖြန် သတို့သမီးကို ကြိုဆိုရမယ်လေ..။ရတဲ့ အချိန်တိုတိုလေးမှာတောင် စာတွေ ဖတ်နေဦးမလို့လား.."
အဘိုးအို စနောက်လိုက်ခြင်းဖြစ်၏..။
လူငယ်လေးက စာလိပ်ကို သေချာပြန်ထားလိုက်ပြီး သက်ပြင်းချလိုက်သည်..။
"အကြီးအကဲ...သူတို့က ကျုပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို ဒီလောက် အထိတောင် ခွာယူချင်နေကြတာလား..။ကျုပ် , ရှောင်နန်ဖန်း ရဲ့ စိတ်ဆန္ဒမပါပဲ နဲ့တောင် လက်ထပ်ပွဲကို ကျင်းပချင်နေကြတယ်.."
အဘိုးအိုဟာ မျက်မှောင်ကျုတ်ကာ ခေါင်းခါယမ်းလိုက်သည်..။
"သခင်လေး..ဘယ်သူကမှ သခင်လေးကို ခက်ခဲအောင် လုပ်နေတာ မဟုတ်ပါဘူး..။သခင်လေးရဲ့ မိဘတွေ သေဆုံးပြီးကတည်းက..အိမ်တော်ထိန်းကပဲသခင်လေးကို အမြဲတမ်း ဂရုစိုက်ပေးခဲ့တာလေ..။ဒါကို နားလည်မယ်လို့ မျှော်လင့်ပါတယ်.."
"ကျုပ် မိဘတွေက ပျောက်နေတာ..။ဘယ်သူက သေပြီလို့ ပြောတာလဲ..."
ရှောင်နန်ဖန်း ရဲ့ ဒေါသတွေဟာ ပေါက်ကွဲထွက်လာခဲ့သည်..။
အဘိုးအိုကတော့..နောက်ထပ်စကားမပြောခင်မှာ ရှောင်နန်ဖန်း တည်ငြိမ်သွားတဲ့ အထိ တိတ်တဆိတ် စောင့်နေခဲ့၏..။
သူ စည်းကျော်သွားပြီ ဆိုတာကို သိလိုက်တာကြောင့် ရှောင်နန်ဖန်း ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်..။သူ ဝိုင်ပုလင်းကို ကောက်ကိုင်လိုက်ပြီး အကြီးအကဲ ဆီကို လျောက်သွားလိုက်သည်..။
"အကြီးအကဲ..ကျုပ်တော့ ဒီနေ့ တကယ် ဝမ်းနည်းနေတယ်..။ဒီညတော့ ကျုပ်နဲ့အတူ သောက်ပေးမယ် မလား.."
ရှောင်နန်ဖန်း ဝိုင်နှစ်ခွက်ကို လောင်းထည့်ပြီး ပြောလိုက်ခြင်းဖြစ်သည်..။
အကြီးအကဲ ဟာ ခေါင်းခါယမ်းလိုက်ပြီး..
"သခင်လေး..ကျွန်တော်လည်း သခင်လေးနားလည်တာကို သိထားပေမယ့် သေတဲ့လူက ပြန်ရှင်မလာနိုင်ဘူးဆိုတာကို နားလည်ထားရမယ်လေ..။တကယ်လို့ အမတ်ကြီးသာ အသက်ရှင်နေသေးရင် အရင်ကတည်းက သူ့သတင်းကို ကြားမှာ မဟုတ်ဘူးလား..။သူတို့ သေသွားတော့ သခင်လေးက ၆ နှစ်ပဲ ရှိသေးပေမယ့် အခုတော့ ၁၆ နှစ်တောင် ရောက်နေပြီလေ..။ဒီ ဆယ်စုနှစ်အတွင်းမှာ အများကြီး ပြောင်းလဲသွားပြီးပြီ..."
"ဟုတ်ရဲ့လား...ဒီမြေကို ကျုပ်အဖေက ပိုင်ပေမယ့် အခုတော့ အိမ်တော်ထိန်းရဲ့ ပိုင်ဆိုင်မူဖြစ်နေပြီလေ..။ပြီးတော့ အဲဲဒီ အကြီးအကဲ..။သူက အိမ်အစေခံ တစ်ယောက် အပြင်ဘာမှမဟုတ်ဘူး..။ကျုပ်အဖေက သူ့ကို ဒီလိုလုပ်ပိုင်ခွင့်တွေ ပေးထားခဲ့တာပဲ..။ကျုပ်အဖေ ပျောက်ဆုံးသွားတဲ့ အချိန်ကစပြီး..အိမ်တော်ထိန်းက ကိုယ်ပိုင် အင်အားစုကို စုဆောင်းပြီး ကျုပ်ကို ထောက်ခံတဲ့လူတွေကို အဝေးဆီ ပို့ပစ်တယ်..။စစ်သည်တွေကို အမိန့်ပေးနိုင်မူတွေ ..လူတွေကို အုပ်ချုပ်ခွင့်တွေ အကုန်လုံးက သူ့လက်ထဲမှာ ချည်းပဲ..။ရှောင်ကလန် ရဲ့ စီးပွားရေးတွေ ချမ်းသာကြွယ်ဝမူ တွေကလည်း သူ့ရဲ့ ပိုင်ဆိုင်မူတွေ ဖြစ်ကုန်ပြီ..။အမှန်တော့ သူက ကျွန် တစ်ယောက်က လွဲပြီး ဘာမှမဟုတ်ဘူး..။ခင်ဗျားတို့ အားလုံးကရော..သူ ကျုပ်ကို အနိုင်ကျင့်နေတာကို ဒီတိုင်းထိုင်ကြည့်နေတော့မှာလား..."
ရှောင်နန်ဖန်း ပြောရင်းနဲ့ ဒေါသတွေ ပိုမို ပေါက်ကွဲလာခဲ့သည်..။
အကြီးအကဲ ရဲ့ မျက်နှာဟာ နက်မှောင်သွားခဲ့၏..။
"သခင်လေး..ဒီနေရာမှာ အဲလိုစကားကို ပြောလို့ မဖြစ်ဘူးလေ..။တကယ်လို့သာ..အိမ်တော်ထိန်း ဆီ ပြန်ကြားသွားရင်...."
"အိုး..ဒီတော့ ကျုပ်က ဒီက ဘာစကားတစ်ခွန်းမှ တောင် ပြန်မပြောပဲ..ငြိမ်ခံနေရမယ်ပေါ့..။ဘယ်အစေခံက မသိလို့လဲ...ကျုပ် , ရှောင်ကလန်ရဲ့ သခင်လေး...ဒီနေရာမှာ အကျဥ်းချခံထားရတာ နှစ်ပေါင်းများစွာ ကြာနေပြီ.."
ရှောင်နန်ဖန်း သူ့ရဲ့ ဝမ်းနည်းမူတွေကို ဝိုင်ခွက်ထဲထည့်ပြီး မော့သောက်လိုက်သည်..။
"အိမ်တော်ထိန်းက ပိုင်ဆိုင်မူတွေ ထိန်းပေးထားတာကလည်း သခင်လေးက ငယ်ရွယ်သေးလို့ပါ..။သူက သူခိုးတွေ..သတ်ဖြတ်သူတွေက သခင်လေးကို လိမ်ညာပြီး အန္တရာယ်ပြုမှာ စိုးရိမ်တယ်လေ..။ဘာပဲဖြစ်ဖြစ် အမတ်ကြီးမှာက ရန်သူတွေ အများကြီး ရှိခဲ့တာမလား..။သခင်လေး စာသင်ဖို့အတွက် သူက ထူးချွန်တဲ့ ပညာရှင်တွေကို ခေါ်ပေးခဲ့တယ်လေ..။ကိုယ်ကျင့်တရားတွေ ..ကုန်းမြေကြီးရဲ့ မှတ်တမ်းတွေကို လေ့လာဖို့အတွက်လည်း..အချက်အလက်တွေ အများကြီး ရှာဖွေပေးထားတယ်မလား.."
"ဒါပေမဲ့ စာလေ့လာတာအပြင် ကျုပ် လုပ်နိုင်တာ ဘာရှိလို့လဲ..။ကျင့်ကြံမူ အတွက် ကျင့်စဥ်တွေ အကုန်လုံးကို ဖွက်ထားတယ်လေ..။ကျုပ် ကျင့်ကြံလို့ ရတာဆိုလို့ ခန္တာကိုယ် ကျင့်ကြံခြင်း နည်းစနစ်တစ်ခုတည်းပဲ..။ခင်ဗျားတို့လို့ အစေခံတွေတောင်မှ ကိုယ့်သားသမီးကို ဒီလို ကျက့်စဥ်မျိုးပေးမှာ မဟုတ်ဘူး..။ကျုပ်ကို စာတော့ ဖတ်ခိုင်းထားပြီး မကျင့်ကြံခိုင်းထားဘူးတဲ့ လား..။ကျုပ် အသက် ၁၆ နှစ်အထိ ကြိုးစားခဲ့တာတောင်မှ..စုဆောင်းမူ အဆင့် ၅ မှာပဲ ရှိနေသေးတယ်လေ..။ဒါတောင်မှ ခင်ဗျားက သေချာဂရုစိုက်ပေးထားတယ်လို့ ပြောနေသေးတာလား.."
ဘာပြန်ပြောရမှန်း မသိတော့တာကြောင့် အကြီးအကဲဟာ..ရှောင်နန်ဖန်း သူ့အတွက် ထည့်ပေးထားတဲ့ ဝိုင်ကို ယူပြီး သောက်လိုက်သည်..။သူ့ရဲ့ ပန်းတိုင်က ရှောင်နန်ဖန်းကို ဖြောင်းဖြရန် ဖြစ်၏..။ဒီကိစ္စ ပြီးသွားရင်တော့ သခင်လေးက သူ့၏ ကံတရားကို လက်ခံရပေလိမ့်မည်..။
ရှောင်နန်ဖန်း ..သူ့အတွက် နောက်ထပ် တစ်ခွက်ထည့်ပေးလိုက်ပြီး..
"ဒါပေမဲ့ ကျုပ်ကတော့ စာဖတ်နေရတဲ့ အချိန်တွေကိုနောင်တမရမိဘူး..။ကျုပ်က ဆယ်စုနှစ်တစ်ခုလုံး ဆရာတွေ တစ်ယောကိပြီး တစ်ယောက်နဲ့ သင်နေရင်းက ခက်ခဲနက်နဲတဲ့ စာတွေကိုပါ နားလည်နိုင်ခဲ့တယ်လေ..။ကျုပ် စာလိပ်ပေါင်း ၁၃၄၆ ခုကို ဖတ်ပြီး လေ့လာနိုင်ခဲ့တယ်.."
ရှောင်နန်ဖန်း မျက်လုံးအရောင် တောက်ပလာပြီး ပြောလိုက်ခြင်းဖြစ်သည်..။
"တွေ့လား...အိမ်တော်ထိန်းက သခင်လေးကို တစ်ချိန်လုံး ကူညီပေးနေတာပါဆို..။အိမ်တော်ထိန်း သမီးကို လက်ထပ်ပြီးရင် သခင်လေးက ပျော်စရာ မိသားစုလေးကို ပိုင်ဆိုင်ရတော့မှာ.."
အဘိုးအိုဟာ..အခွင့်အရေးရရင် ရသလို အိမ်တော်ထိန်း ကောင်းကြောင်းကို ဝင်ဝင်ပြောပြီး ဖြောင်းဖြနေခဲ့၏..။
"ပျော်စရာ မိသားစုလေးလား..။အကြီးအကဲ..ခင်ဗျား အိမ်တော်ထိန်းရဲ့ သမီးက ဘယ်လိုမိန်းမမျိုးလဲ မသိတာတော့ မဟုတ်ပါဘူးနော်.."
ရှောက်နန်ဖန်း မျက်မှောင်ကျုတ်လိုက်ပြီး အကြီးအကဲ ကို ကြည့်လိုက်သည်..။
"အိမ်တော်ထိန်းရဲ့ သမီးက ..နတ်သမီးလေး တစ်ပါးလို လှပတယ်လေ..."
.
"နတ်သမီးလေးလို လှပတယ်တဲ့လား..။ဟမ့်..သူမရဲ့ နှလုံးသားကတော့..ကင်းမြီးကောက်လိုပဲ ဖြစ်နေလိမ့်မယ်..။ကျုပ် မမှားဘူးဆိုရင် သူမရဲ့ အရင်ယောက်ျားတွေကို သူမပဲ ပြန်သတ်ထားခဲ့တာမလား..။သူမက ယောက်ျားနှစိယောက်ကိုလည်း သေတဲ့အထိ နိုပ်စက်ထားခဲ့သေးတယ်..။သူမတို့ မိသားစု ဂုဏ်သိက္ခာကို ထိခိုက်မှာစိုးတာနဲ့ သူတို့ တစ်မိသားစုလုံးကိုပါ သတ်ပစ်ခဲ့တယ်လေ.."
ရှောငိနန်ဖန်း နှာခေါင်းရှုတ်ကာ ပြောလိုက်သည်..။
အကြီးအကဲ ရုတ်တရက် အချက်ပေး ခေါင်းလောင်းတွေ မြည်သွားခဲ့၏..။သခင်လေးက ဒီကိစ္စတွေကို ဘယ်လိုသိနေတာလဲ..။
"သခင်လေး..စိတ်မပူပါနဲ့..။ဒီတစ်ကြိမ် အဲလို ဖြစ်မှာမဟုတ်ပါဘူး..။သခင်လေးကက ရှောင်ကလန်ရဲ့ ဆက်ခံသူလေ..။ပြီးတော့ အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို လည်းကြည့်ဦး.."
အဘိုးအိုဟာ..နှာဖူးက ချွေးတွေကို သုတ်လိုက်ပြီး ဝိုက်ခွက်ကို နောက်တစ်ကြိမ် မော့သောက်လိုက်သည်..။
"ကျုပ်ရဲ့ မြေတွေ ..လုပ်ပိုင်ခွင့်တွေ..စီးပွားရေးတွေ အကုန်လုံးကို အိမ်တော်ထိန်းက ယူသွားပြီ..။သူ လိုအပ်နေတဲ့ တစ်ခုတည်းသော အရာက ကျုပ်ရဲ့ နောက်ဆုံးကျန်နေတဲ့ တရားဝင်ဆက်ခံသူ အဖြစ်ကို ဖယ်ရှားပစ်ဖို့ပဲ..။အဲလို မဟုတ်ဘူးလား..။သူက ဘာမှ မဟုတ်တဲ့ ကျွန် တစ်ယောက်ပဲ..။ကျုပ်သာ သူ့သမီးကို လက်ထပ်လိုက်ရင်..မိသားစု နှစ်ခုက ပူးပေါင်းသွားပြီး ရှောငိကလန်ရဲ့ နောက်ဆုံးကျန်နေတဲ့ အသက်ဝိဥာဥ်လေးကိုပါ ဝါးမြိုသွားလိမ့်မယ်.."
ရှောင်နန်ဖန်းသည် သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာမူတွေကို အကြီးအကဲ ဆီ အေးစက်စွာ ပြောပြနေခဲ့သည်..။
"သခင်လေး..မင်း..မင်း နားလည်မူ လွဲနေပြီ..။အိမ်တော် ထိန်းက ဘယ်တော့မှ..ဒီလို..."
"အကြီးအကဲ ကျုပ် မှတ်မိတာသာ မှန်ရင် ကျုပ်အဖေက ခင်ဗျားအသက်ကို ကယ်ခဲ့တာမလား.."
များပြားလှတဲ့ ခံစားချက်တွေဟာ အကြီးအကဲ ရဲ့ မျက်နှာပေါ် ဖြတ်ပြေးသွားခဲ့သည်.။အဆုံးမှာတော့ သူ ခေါင်းညိမ့်လိုက်ပြီး..
"အမှန်ပဲ..အမတ်ကြီးက ကျွန်တော်အသက်ကို ကယ်တင်ခဲ့တာပါ..။ကျွန်တော် သူ့ကို အသက်နဲ့ရင်းပြီး အကြွေးတင်နေပါတယ်..။ကျွန်တော်ရဲ့ အတွင်းဒဏ်ရာတွေကြောင့် နောက်ထပ် မတိုက်ခိုက် နိုင်တော့ဘူး..။ဒါပေမဲ့ အမတ်ကြီးက ကျွန်တော်ကို ဝံပုလွေလေး , ဘလက်ကီ ကို စောင့်ရှောက်ဖို့ တာဝန်ပေးထားခဲ့တယ်လေ.."
"အဲလိုလား..။ကျုပ်အဖေက ခင်ဗျားရဲ့ အတွင်းဒဏ်ရာတွေကို သတိထားမိပြီး ရပ်တည်ရခက်ခဲမှာကြောင့် ရှောင်ကလန်မှာ ဝံပုလွေလေးကို ထိန်းဖို့ တာဝန်ပေးခဲ့တယ်လေ..။သူက ခင်ဗျားကို ကျွေးမွေးခဲ့တယ် အဝတ်အစားတွေ ပေးခဲ့တယ်..။ခင်ဗျားရဲ့သားအတွက် အကျိုးအမြတ်ရမယ့် လမ်းကြောင်းကိုပါ စီမံပေးခဲ့တယ်လေ..။ခင်ဗျားက ရှောင်ကလန်က ကျေးဇူးတွေကို ဒီလိုပြန်ဆပ်နေတာလား.."
ရှောင်နန်ဖန်းရဲ့ အပြုံးတွေက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်..။
အကြီးအကဲ ရဲ့ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး..
"သခင်လေး ..အတိတ်က အတိတ်မှာပဲ ကျန်နေခဲ့ပြီ..။အမတ်ကြီး သေတာ ဆယ်စုနှစ်တစ်ခုတောင် ရှိပြီလေ..။အတိတ်က ကျေးဇူးတွေကို ဘာအတွက် ပြန်ဖော်နေဦးမှာလဲ..။လက်ထပ်ပွဲကို ငြင်းဆန် မနေပါနဲ့တော့..အိမ်တော်ထိန်းက သခင်လေးအတွက် အကောင်းဆုံးတွေးပေးထားတာပါ.."
"အကောင်းဆုံးတဲ့လား...။ဟားဟား...ကျုပ်ရဲ့ ငယ်ရွယ်ပြီး အပြစ်ကင်းစင်မူကို အသုံးချပြီး ရှောင်ကလန်ကနေ အရာရာတိုင်းယူသွားခဲ့တယ်..။အခုတော့ သူ့သမီး ; ကင်းမြီးကောက်မ နဲ့ ပေးစားပြီး ကျုပ်ရဲ့ နောက်ဆုံး တန်ဖိုးကို ညှစ်ထုတ်ချင်နေပြီပေါ့..။ဒါက အကောင်းဆုံး စီစဥ်ပေးထားတာ ဆိုတာကို ခင်ဗျားက ယုံကြည်တယ်လား.."
အကြီးအကဲ ဟာ မျက်မှောင်ကျုတ်လိုက်၏..။သခင်လေး က လုံးဝလက်မလျော့တာကို မြင်ပြီး သူ ပိုပို ဒေါသထွက်လာခဲ့ပြီဖြ၀်သည်..။ဒီအတွက် နောက်ဆက်တွဲကို အိမ်တော်ထိန်းက သူ့ကို တာဝန်ယူခိုင်းလျင် အကုန်ဆိုးဝါးကုန်ပေလိမ့်မည်..။
"သခင်လေး..စိတ်ကို အေးအေးထားပါ..။မင်းလည်း အကြီးအကဲ အိမ်တော်ထိန်း ရဲ့ စိတ်ဆန္ဒကို လွန်ဆန်နိုင်မှာ မဟုတ်ဘူးလေ..။ဒီတော့ အချင်းချင်း ကူညီကြတာပေါ့..။တကယ်လို့ ကျွန်တော်သာ ကူညီပေးရင်..သခင်လေးရဲ့ ဘဝက ပိုပြီးကောင်းမွန်လာမှာပါ.."
မအံ့စွာပဲ ရှောင်နန်ဖန်း ဆက်ပြီး စိူက်ကြည့်နေခဲ့သည်..။
"ကြည့်ရတာတော့ ကျုပ်အဖေက ခင်ဗျားကို အကြည့်မှားခဲ့တယ် ထင်တယ်..။ခင်ဗျားက ကျုပ်တို့ ကလန်မှာ တင်ထားတဲ့ အကြွေးကို လုံးဝ မေ့ထားလိုက်တာပဲ..။ခင်ဗျား က အိမ်တော်ထိန်းရဲ့ လက်ပါးစေပဲ ဟုတ်တယ်မလား.."
"သခင်လေး..ငါက လေ ဘယ်ဘက်က တိုက်နေလဲ ဆိုတာကို နားလည်တဲ့လူတစ်ယောက်ပဲ..။အမတ်ကြီး သေပြီးကတည်းက အိမ်တော်ထိန်းက အာဏာအရှိဆုံး လူ တစ်ယောက်လေ..။မင်း ထပ်ပြီး ခေါင်းမမာဖို့ ပြောချင်တယ်..။မင်းရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် ငါ့လိူ ဒဏ်ရာရနေတဲ့လူကတောင် လက်တစ်ဖက်တည်းနဲ့ အနိုင်ယူပြနိုင်တယ်လေ..။မင်းရဲ့ စာလေ့လာမူတွေက မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး.."
နောက်ဆုံးတော့ အကြီးအကဲရဲ့ စိတ်ရှည်မူတွေက လုံးဝ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်..။
"ဒါဆိုလည်း စမ်းကြည့်လ်ိုက်လေ.."
ရှောင်နန်ဖန်း အေးစက်စွာ ပြောလိုက်သည်..။
အကြီးအကဲရဲ့ မျက်နှာဟာ နက်မှောင်သွားခဲ့၏...။သူ ချက်ချင်း မတ်တတ်ထရပ်လိုက်ပေမယ့် ယိုင်နဲ့သွားခဲ့သည်..။ကမ္ဘာကြီးတစ်ခုလုံးက ခြာခြာလည်နေပြီး ခန္တာကိုယ်က အားအင်တွေ ဆုတ်ယုတ်လာတာကို ခံစားနေခဲ့ရသည်..။ရုတ်တရက် ဆိုသလိုပဲ သူ မြေကြီးပေါ်ကို လဲကျသွားခဲ့၏။
"ဝိုင်ထဲမှာ အဆိပ်ထည့်ထားတာလား..။ဘယ်လိုဖြစ်နိုင်မှာလဲ..။မင်းကို လွန်ခဲ့တဲ့ ဆယ်နှစ်လုံး ဒီလောက် တင်းကြပ်ထားတာကို ဘယ်လိုလုပ် အဆိပ်နဲ့ ထိတွေ့နိုင်မှာလဲ..။မင်း ငါ့ကို ဘာတွေ တိုက်ထားတာလဲ.."
အကြီးအကဲ အားနည်းစွာ ရေရွတ်လိုက်ခြင်းဖြစ်သည်..။
ထိုင်နေရင်းနဲ့ပဲ ရှောင်နန်ဖန်းသည် သူ့ကို စူးရှတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့သည်..။
"ခင်ဗျားက ကျုပ်ရဲ့ စာလေ့လာမူကို လျော့တွက်နေတာပဲ..။ကျုပ်အတွက် ဒီစာလိပ် တွေပဲ လိုအပ်တယ်..။အဆိပ်ဖော်စပ်တာက အရမ်းတွေ ခက်ခဲနေလို့လား..။ကျုပ် ခင်ဗျားတို့ လာပို့နေတဲ့ အစားအသောက်ကို ရောစပ်လိုက်တာနဲ့ အဆိပ်ဆိုတဲ့ အရာကို ရတယ်..။ခင်ဗျား သိပြီလား..."
"ဘာ..မဖြစ်နိုင်တာ..။မဟုတ်ဘူး..မင်းလည်း ဝိုင်ကို သောက်နေတာပဲလေ..။ဘယ်လိုလုပ် ဘာမှမဖြစ်ပဲ နေရတာလဲ.."
အကြီးအကဲဟာ သူ့ရဲ့ လက်ရှိအခြေအနေကို လက်မခံနိုင်ဖြစ်နေခဲ့သည်..။
"ကျုပ်အတွက် စိတ်ပူမနေနဲ့...။အဆိပ်ကို ဖော်စပ်နိုင်မှတော့ ဖြေဆေးကိုလည်း ကျုပ် ဖော်စပ်နိုင်တယ်.."
ရှောင်နန်ဖန်း တည်ငြိမ်စွာ ပြောလိုက်ခြင်းဖြစ်သည်..။
"ခင်ဗျား အခု သေတော့မယ် ဆိုတာရော သိရဲ့လား.."