‘ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ’ အားရယူခြင်း
Vol. 91 Ch. 1267
အခန်း (၁၂၆၇) ‘ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ’ အားရယူခြင်း
ထိုသူ ဝင်ရောက်လာသည်နျင့် ထိန်းချုပ်ရေးဗဟိုတွင်ရှိနေသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားရှေ့မှ အလင်းမျက်နှာပြင်က မှုန်ဝါးသွားပြီး အဂ္ဂိရတ်ခန်းမ၏ ယန္တရားများနှင့် လမ်းကြောင်းများကို ဆက်လက်ပြသရန် ခက်ခဲသွားသည်။
ရန်ကျောက်ကဲတို့အုပ်စုရောက်ရှိနေသည့် ဆေးပစ္စည်းသိုလှောင်ရုံ စကြာဝဠာဗလာနယ်ထဲတွင် မီးတောက်မီးလျှံများ လောင်ကျွမ်းလွှမ်းခြုံသွားသည်။
မီးလျှံများက အဝေးမှ အနီးသို့ ချဉ်းကပ်လာခြင်းမဟုတ်ဘဲ တစ်ခဏအတွင်း တဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်များက အနက်ရောင်စကြာဝဠာတစ်ခုလုံးကို မီးလျှံစကြာဝဠာအဖြစ်သို့ ပြောင်းလဲသွားစေသည်။
သမင်ဖြူနတ်မိစ္ဆာသည်ပင် မီးလျှံများကြောင့် မြင်ကွင်းကိုမတွေ့မြင်ရတော့သည့်ပမာ ဝေဝါးသွားပြီး သူက မီးလျှံများကိုကြည့်ရင်း နဂါးကျိုင်းတံကို ရင်ဘတ်ရှေ့တွင် ထားလိုက်သည်။
ထို့နောက် သူက အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်ကို လှည့်ကြည့်ပြီး အပြစ်တင်လိုက်၏။
“ဒီ ပုဂ္ဂိုလ်ရှိနေတာ မင်း နဂိုကတည်းက သိထားပြီးသား မဟုတ်လား ၊ မင်းက ငါ့ကို အမြှောက်စာလုပ်ဖို့ စီစဉ်ထားတာပေါ့လေ ၊ အတော်အတင့်ရဲတာပဲ”
အဂ္ဂိရတ်ခန်းမ၏ခန်းမဝိညာဉ် ‘ထျန်းစူး’ အေးဆေးစွာဖြင့်...
“မင်းလည်း ငါ့ကို တခြားသူတွေနဲ့ရောပြီး ရှင်းပစ်ဖို့ စဉ်းစားထားတာပဲ မဟုတ်လား”
သူက ဆက်ပြောသည်။
“မင်းလည်း ငါ့ကိုရှင်းပစ်ချင်တယ် ၊ အခုရောက်လာတဲ့သူနဲ့လည်း ငါက သေချာပေါက်ရင်ဆိုင်ရမယ်ဆိုတော့ မင်းတို့နှစ်ယောက်ကို တေ့ပေးလိုက်တာ အကောင်းဆုံးပဲလေ”
သမင်ဖြူနတ်မိစ္ဆာက ‘ဟွန့်’ ခနဲ နှာတစ်ချက်မှုတ်လိုက်ရင်း...
“မင်းရဲ့ လူသားရုပ်ခန္ဓာက ဆေးပစ္စည်းတွေ ၊ အဖိုးတန်ရင်းမြစ်တွေအများကြီးနဲ့ သန့်စင်ထားတာလေ ၊ မင်းကို ဖျက်ဆီးလိုက်ရင် ငါ ရတနာပစ္စည်းတွေ အများကြီးရမှာ ...”
ပြောပြီးသည်နှင့် သူက ကျန်းပုရွှီးကို အရေးမစိုက်တော့ဘဲ နဂါးကျိုင်းတံကို ပင့်မြှောက်ပြီး မှိန်လိုက် လင်းလိုက်ဖြစ်နေသည့် နေမင်းကြီးအား ရိုက်နှက်ပစ်လိုက်သည်။
ကျိုင်းတံက နေမင်းကြီးကို ရိုက်မိသွားသည်နှင့် နေမင်းကြီးက ချက်ချင်းပင် ဗလာနယ်အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
ကြောက်မက်ဖွယ်ရာဖိအားအောက်တွင် နေမင်းကြီးပုံပျက်သွားပြီး စက်လုံးသဏ္ဌန်မှ အဝိုင်းပြားအသွင် ပြောင်းလဲသွားသည်။
စုန်းဟွမ်မြင့်မားဧကရာဇ် ၊ တိမ်လွှာဧကရာဇ်နှင့် လုန်ရွှယ်ကျီးတို့၏ ပေါင်းစပ်တိုက်ခိုက်မှုကို ကြံ့ကြံ့ခံခဲ့ရသော ခန်းမဝိညာဉ်မှာ ယခုတော့ သမင်ဖြူနတ်မိစ္ဆာ၏ တိုက်ခိုက်မှုကို ခုခံရန် ခက်ခဲနေပေပြီ။
တောက်ပသောနေမင်းကြီး ပြိုပျက်သွားပုံရသည်။
သို့သော် လူသားပုံရိပ်တစ်ခု နေလုံးကြီးအတွင်းမှ ဖြည်းညင်းစွာထွက်ပေါ်လာပြီး ထိုပုံရိပ်က တဖြည်းဖြည်း ပိုမိုထင်ရှားလာသည်။
ထိုပုံရိပ်က အသက် (၅)နှစ် (၆)နှစ်ခန့်ရှိသော ယောကျ်ားလေးတစ်ယောက်၏ အသွင်အပြင် ဖြစ်သည်။
ဖြူဖွေးနူးညံ့သော ကလေးငယ်၏မျက်နှာထက်တွင် ကလေးတစ်ယောက်ပမာ အပြစ်ကင်းစင်မှုမျိုး မတွေ့ရှိရဘဲ ရေခဲတမျှအေးစက်မှုများ ထင်ဟပ်လျှက် ရှိသည်။
သူ၏မျက်ခုံးနှစ်ခုကြားတွင် ရက်စက်ကြမ်းတမ်းမှုများဖြင့် ပြည့်နက်နေပြီး သမင်ဖြူနတ်မိစ္ဆာကို အေးစက်စွာ စူးစိုက်ကြည့်နေသည်။
ထို ကလေးငယ်ကိုတွေ့သည်နှင့် အဂ္ဂိရတ်ခန်းမ၏ခန်းမဝိညာဉ် ပြုလုပ်ထားသည့် လူသားရုပ်ခန္ဓာဖြစ်ကြောင်း ရန်ကျောက်ကဲ သဘောပေါက်လိုက်သည်။
သို့သော် ထိုရုပ်ခန္ဓာကိုကြည့်ရင်း တစ်ခုခုလွဲနေသည်ဟု ရန်ကျောက်ကဲ အာရုံခံလိုက်မိသည်။
“နည်းနည်းတော့ ထူးဆန်းနေသလိုပဲ...”
ထို့နောက် ကောင်လေးက လက်နှစ်ဖက်ကိုအတူယှက်လိုက်ရာ သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံထားသော နေရောင်ခြည်စက်ဝန်းက တဖြည်းဖြည်း ကျုံ့ဝင်သွားသည်။
သမင်ဖြူနတ်မိစ္ဆာထံမှ ကျရောက်လာမည့် ကျိုင်းတံရိုက်ချက်ကိုမစောင့်ဘဲ ကောင်လေးက ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး အရှိန်အဟုန်ဖြင့် ရှေ့သို့တွန်းထုတ်လိုက်သည်။
ထိုအခါ တောက်ပသည့်အလင်းတန်းများထွက်ပေါ်နေသည့် နေမင်းကြီး ပေါက်ကွဲထွက်သွားပြီး ရွှေရောင်အလင်းတန်းများက နေရာတိုင်းတွင် အဆက်မပြန် ပျံ့နှံ့လာသည်။
ကောင်လေး၏ ခန္ဓာကိုယ်အောက်တွင်တော့ ရွှေရောင်အလင်းတန်းများ ကျွံဝင်သွားပြီး အတင်းအကျပ် ဖိသိပ်ခံရသည့်ပမာ အနက်ရောင်တွင်းနက်ကြီးတစ်ခု ဖြစ်တည်လာသည်။
ထို့နောက် ရွှေရောင်အလင်းတန်းများကို အကာအကွယ်အဖြစ်အသုံးပြုပြီး ကောင်လေးက တွင်းနက်ထဲသို့ အောင်မြင်စွာ ဆင်းသက်သွားသည်။
မြင်ကွင်းကိုကြည့်ရင်း သမင်ဖြူနတ်မိစ္ဆာကြီး အံ့အားသင့်သွားသည်။
အဘယ်ကြောင့်ဆိုသော အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ် ထုံးတမ်းအစီအရင် မပြီးဆုံးသေးကြောင်း သိရှိလိုက်ရသည့်အတွက် ဖြစ်၏။
သူက ထုံးတမ်းအစီအရင်ကို ရပ်တန့်ပြီး ထွက်ပြေးနိုင်ရန်အတွက် ဖောက်ခွဲအသုံးပြုခဲ့သည်။ သို့ဖြစ်ရာ လွတ်မြောက်အောင် ထွက်ပြေးလိုက်နိုင်သော်လည်း ထုံးတမ်းအစီအရင်က အောင်မြင်ခြင်း မရှိခဲ့ပေ။
ဤသည်က ဒုတိယတစ်ကြိမ် ဘယ်တော့မှ ပြန်မရနိုင်သည့် အခွင့်အရေး ဖြစ်လေရာ ထုံးတမ်းအစီအရင် မအောင်မြင်သည်နှင့် သူ၏ ကြိုးစားမှုအားလုံး အချည်းအနှီးဖြစ်ရပေမည်။
ကောင်လေး၏ခန္ဓာကိုယ် ဖြည်းညင်းစွာ ပြိုကွဲသွားသည်ကို သမင်ဖြူနတ်မိစ္ဆာ မြင်နေရသည်။
သူ၏ရုပ်ခန္ဓာက မြောက်မြားစွာသော ဝိညာဉ်ဆေးများနှင့် ဝိညာဉ်ဆေးပစ္စည်းများပုံစံသို့ ပြန်လည်ပြောင်းလဲသွားသည်။
သမင်ဖြူနတ်မိစ္ဆာ တစ်စုံတစ်ခု မူမမှန်သလို ခံစားလိုက်ရသည်။
“သူက ရန်သူလက်က ထွက်ပြေးချင်တာနဲ့ လွယ်လွယ်နဲ့ လက်လျှော့လိုက်တာလား”
ကံမကောင်းသည်မှာ သမင်အိုကြီးမှာ ထိုကိစ္စကိုစဉ်းစားရန် အချိန်များစွာ မရှိခဲ့ပေ။
အဝေးဆီမှ မီးလျှံပင်လယ်ပြင်ကြီးတွင် နဂါးကြုံးဝါးသံများ အဆက်မပြတ် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
မီးလျှံများအတွင်းမှ အရပ်မြင့်မြင့်လူရိပ်တစ်ခု ထွက်ပေါ်လာပြီး သူက ဆံပင်အတိုနှင့်ဖြစ်ကာ မျက်ဝန်းများက မိုးကြိုးသွားပမာ ထက်ရှလွန်းသည်။
သမင်အိုကြီးက အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်နောက်သို့ လိုက်ပါရန် ဟန်ပြင်လိုက်ချိန် မီးလျှံနဂါးကြီးက သူ့ထံသို့ ဝင်ရောက်လာပြီ ဖြစ်သည်။
အခြားတစ်ဖက်တွင်တော့ ရန်ကျောက်ကဲတို့အုပ်စုမှာ တွင်းနက်ကြီး၏ဆွဲငင်အားသက်ရောက်မှုကြောင့် လူတိုင်း တွင်းနက်ထဲသို့ ပြုတ်ကျသွားကြသည်။
တွင်းနက်က ချက်ချင်းပင်ပျောက်ကွယ်သွားလေရာ သမင်ဖြူအိုကြီးမှာ အံ့အားသင့်ရုံသာမက ဒေါသပါထွက်သွားရသည်။ သို့သော် သူ့အရှေ့သို့ရောက်လာသည့် ရန်သူအသစ်နှင့်တိုက်ခိုက်ရုံမှလွဲပြီး ဘာမှမတတ်နိုင်တော့ပေ။
တွင်းနက်ထဲသို့ရောက်သွားသည်နှင့် ဗလာနယ်အာကာသက စဉ်ဆက်မပြတ်ပြောင်းလဲသွားပြီး အလုံးစုံ ပုံပျက်သည့်အနေအထားတွင် ရှိနေသည်.
သို့သော် တစ်ခဏအတွင်းမှာပင် အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း...
“ငါတို့ အဂ္ဂိရတ်ခန်းမရဲ့ အတွင်းပိုင်းစကြာဝဠာထဲမှာပဲ ရှိနေသေးတယ် ၊ ဒါပေမဲ့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာတော့ မသိရသေးဘူး”
ဗဟိုထိန်းချုပ်ရေးတွင်ရှိနေသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ရှေ့မှာ အလင်းမျက်နှာပြင်က မှုံဝါးနေဆဲ ဖြစ်သည်။ ထိန်းချုပ်ရေးဗဟို ပျက်ဆီးသွားပြီဟု ဆိုနိုင်လေရာ ရန်ကျောက်ကဲမှာ လက်ရှိတည်နေရာကို ဆုံးဖြတ်ရန် ခက်ခဲနေသည်။
သို့သော် ယခု သူ ရောက်ရှိနေသည့်နေရာ တုန်ခါနေပြီး အပူရှိန်ကိုလည်း ခံစားနေရသည်။
ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲက အဂ္ဂိရတ်ခန်းမ၏ စကြာဝာလတစ်ခုလုံးအား ထိခိုက်ခဲ့ဟန်ပင်။
ယခု ခန်းမဝိညာဉ်က ခရမ်းရောင်ဝိညာည်ခန်းမတွင် ရှိမနေခဲ့ပေ။ တိုက်ပွဲက ခရမ်းရောင်ဝိညာဉ်ခန်းမကိုပင် ပျက်ဆီးသွားစေနိုင်မည်လားဟု ရန်ကျောက်ကဲ သံသယဝင်မိသည်။
သမင်ဖြူနတ်မိစ္ဆာနှင့်တိုက်ခိုက်ရန် ရောက်ရှိလာသူက အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသူဖြစ်ပြီး ၊ ထိုသူက မီးလျှံထက်ယံအရှင်သခင် ‘စောမင်ကျန့်’ မှလွဲပြီး အခြားသူ မဟုတ်ပေ။
သူက အချိန်မီရောက်ရှိလာပြီး ရန်ကျောက်ကဲနှင့်အခြားသူများရင်ဆိုင်နေရသည့် အကျပ်အတည်းမှ ကူညီပေးခဲ့သော်လည်း ခန်းမဝိညာဉ်’ထျန်းစူး’ ကို အခွင့်အရေးတစ်ခုပေးသလို ဖြစ်သွားသည်။
“ထင်တဲ့အတိုင်းပဲ... ဒီခန်းမဝိညာဉ်ရဲ့ ထုံးတမ်းအစီအရင်က တစ်ခုခုထူးဆန်းနေတယ်လို့ တွေးမိသားပဲ”
အခြေအနေကို ရန်ကျောက်ကဲ သဘောပေါက်သွားသည်။
ခန်းမဝိညာဉ်’ထျန်းစူး’ အနေဖြင့် ဆေးပစ္စည်းသိုလှောင်ရုံတွင် ထုံးတမ်းအစီအရင်ပြုလုပ်ခဲ့ခြင်းက သူ၏ ကနဦးအကြံအစည် ဖြစ်သည်။
အားလုံးအဆင်ပြေပြီး အောင်မြင်ခဲ့မည်ဆိုလျှင် တခြား ဘာမှထပ်ပြီး လုပ်နေစရာမလိုတော့ပေ။
သို့သော် ထိုထုံးတမ်းအစီအရင်ပြုလုပ်နေချိန် တစ်စုံတစ်ခုမှားယွင်းသွားပါက သူက ထုံးတမ်းအစီအရင်ကို အသုံးပြုပြီး ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားမည် ဖြစ်သည်။
ဥပမာအားဖြင့် -
ရန်ကျောက်ကဲက သူ့ကို ခြိမ်းခြောက်လာလျှင် ၊ သမင်ဖြူနတ်မိစ္ဆာက သူ့ကို လုပ်ကြံခဲ့လျှင် သို့မဟုတ် သူ့ကို သတ်ဖြတ်ရန် စောမင်ကျန့်ရောက်ရှိလာမည်ဆိုလျှင်...
သူက ထုံးတမ်းအစီအရင်ကိုအသုံးပြုကာ ထွက်ပြေးမည် ဖြစ်သည်။
သို့ပေသိ ထိုသို့ဖြစ်လာပါက ခန်းမဝိညာဉအနေဖြင့် သူ၏ရည်မှန်းချက်အောင်မြင်ရန် အရန်အစီအစဉ်တစ်ခု ပြုလုပ်ထားခဲ့သည်။
ရန်ကျောက်ကဲ မျက်မှောင်ကျုံ့ရင်း တွေးလိုက်သည်။
“သူ့ရဲ့ ထုံးတမ်းအစီအရင်က အတော်လေး ထူးဆန်းတယ်”
“သူက အဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာဉ်ပဲ ၊ ငါ့လို သိုင်းကျမ်းစာကြည့်တိုက်ရဲ့ ခန်းမဝိညာဉ် မဟုတ်ဘူး ၊ ဒီလို ထိပ်တန်းအစီအရင်ပညာရပ်ကို ဘယ်လိုလုပ်သိသွားတာလဲ ၊ ဘယ်သူက သူ့ကို သင်ပေးခဲ့တာလဲ”
“ပြီးတော့ သူ့ရဲ့ အရန်အစီအစဉ်ရောပဲ...”
ရန်ကျောက်ကဲ တစ်ချက်မတုံ့ဆိုင်းဝံ့ဘဲ ရှေ့သို့အလျှင်အမြန် ဆက်လက်ထွက်ခွာလာသည်။
ပျံ့လွင့်နေသည့် ဆေးရနံ့များက ရန်ကျောက်ကဲအား ခန်းမဝိညာဉ်ရှိရာသို့ ခေါ်ဆောင်သွားပေးသည်။ ခဏမျှ မွှေးရနံ့နောက်သို့ လိုက်ပါသွားပြီးနောက် ပစ်မှတ်ကို ရန်ကျောက်ကဲ တွေ့ရှိလိုက်သည်။
မှောင်မိုက်နေသည့် ဗလာနယ်ထဲတွင် ခရမ်းရောင်နှင့် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။
ခရမ်းတောင်အလင်းတန်းများအတွင်းတွင် အနက်ရောင်ဝတ်လူငယ်တစ်ယောက် တင်ပျဉ်ခွေထိုင်လျှက်ရှိပြီး ထိုသူက နျဲ့ကျင်းရှန်မှလွဲပြီး အခြားသူ မဟုတ်ပေ။
ရန်ကျောက်ကဲတို့ အဂ္ဂိရတ်ခန်းမထဲဝင်ရောက်လာချိန်တွင် နျဲ့ကျင်းရှန်က အချိန်မီလိုက်မလာနိုင်ဘဲ နောက်ကျကျန်ခဲ့သည်။
သို့သော် အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်က သူ၏ ထုံးတမ်းအစီအရင်ကို ရပ်တန့်လိုက်ပြီးသည်နှင့် နျဲ့ကျင်းရှန် ရောက်ရှိနေသည့်နေရာသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
ဤသည်က ခန်းမဝိညာဉ်၏ အရန်အစီအစဉ် ဖြစ်သည်။
ခန်းမဝိညာဉ်တစ်ခုအနေဖြင့် လူသားတစ်ယောက်ဖြစ်လာရန် လူသားရုပ်ခန္ဓာတစ်ခုအတွင်း ဝင်ရောက်သိမ်းပိုက်နိုင်ခြင်း မရှိပေ။
သို့သော် ဤကမ္ဘာပေါ်ရှိ အကြောင်းအရာများစွာတွင် ခြွင်းချက်တစ်ခု ရှိစမြဲ ဖြစ်သည်။
နျဲ့ကျင်းရှန်၏ ‘ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ’ က ခန်းမဝိညာဉ်’ထျန်းစူး’ အတွက် ခြွင်းချက် ဖြစ်သည်။
ခန်းမဝိညာဉ်အနေဖြင့် လူသားရုပ်ခန္ဓာတစ်ခုတည်းကို သူ၏ကိုပိုင်အဖြစ် သိမ်းဆည်းနိုင်ပြီး ထိုရုပ်ခန္ဓာမှာ ‘ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ’ ပိုင်ဆိုင်ထားသူပင် ဖြစ်၏။
သူ့ကိုခြိမ်းခြောက်မည့် လူနှစ်ယောက်ဖြစ်သော စောမင်ကျန့်နှင့် သမင်ဖြူနတ်မိစ္ဆာတို့ (၂)ယောက်မှာ ယခု အချင်းချင်းတိုက်ခိုက်နေကြသဖြင့် ခန်းမဝိညာဉ်မှာ ကိုယ်လုပ်ချင်ရာ လုပ်ခွင့်ရနေသည်။
အမှန်တော့ ခန်းမဝိညာဉ်၏ မူလအစီအစဉ်ကို နဂိုကတည်းကပင် ရန်ကျောက်ကဲက သံသယဝင်နေခဲ့သည်။ သူ အရင်က ပြုလုပ်ခဲ့သမျှ အရာအားလုံးက လူတိုင်းကို အာရုံလွှဲရန်နှင့် လှည့်ဖြားရန်သာ ဖြစ်သည်။
လက်ရှိမှာတော့ နျဲ့ကျင်းရှန်က တင်ပျဉ်ခွေအနေအထား ထိုင်နေပြီး ကိုယ်တွင်းစိတ်စွမ်းအားဖြင့် တောင့်ခံလျှက် ခန်းမဝိညာည်က သူ၏ရုပ်ခန္ဓာအား မသိမ်းပိုက်နိုင်အောင် တားဆီးရန် ကြိုးစားနေသည်။
သူ၏ဦးခေါင်းထက်တွင် ခန်းမဝိညာဉ်’ထျန်းစူး’ ၏ရုပ်ခန္ဓာဖြစ်သော ကောင်ငယ်လေးက လက်နှစ်ဖက်ဖြင့် စည်းတံဆိပ်များကို ဖန်တီးလိုက်သည်။ လူသားအသွင်ဖန်ဆင်းထားသော သူ၏လက်က အဆက်မပြတ် ပြောင်းလဲနေသည်။
သူ၏ခန္ဓာကိုယ်ကလည်း သိပ်သည်းသွားလိုက် ပျက်ဆီးသွားလိုက်ဖြင့် ပြိုကျလုနီးပါး ဖြစ်နေသည်။
သို့သော် ထိုသို့ဖြစ်နေခြင်းက သူ၏ခံနိုင်ရည်အားကို ထိခိုက်စေခြင်း မရှိပေ။
ခန်းမဝိညာဉ်၏တန်ခိုးစွမ်းအားကို တာအိုကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့် သတ်မှတ်ချက်များဖြင့် စံထားပြီး ခွဲခြားမရနိုင်ပေ။
သို့ပေသိ သူ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားရောင်ဝါက သမင်ဖြူနတ်ဆိုးနှင့်ယှဉ်လျှင် အားနည်းခြင်း မရှိပေ။
ယခု သူ ရယူလိုသည့် ရုပ်ခန္ဓာက လူသားနတ်ဘုရားအဆင့်တွင်သာရှိသေးသော နျဲ့ကျင်းရှန်၏ရုပ်ခန္ဓာဖြစ်လေရာ ၊ နျဲ့ကျင်းရှန်၏ ရုန်းကန်နေမှုအား အချည်းနှီးဖြစ်သွားစေသည်။
အနက်ရောင်ဝတ်လူငယ်’နျဲ့ကျင်းရှန်’ မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းအကြည့်များက အဆက်မပြတ် ပြောင်းလဲနေသည်။
တစ်ခါတစ်ရံ နျဲ့ကျင်းရှန်၏ မူလမျက်ဝန်းများကဲ့သို့ ဆုံးဖြတ်ချက်ခိုင်မာမှုများ ထွက်ပေါ်လာသည်။ သို့သော် အချိန်အများစုမှာတော့ ထိုမျက်ဝန်းများက သူ၏ဦးခေါင်းထက်မှကောင်လေး၏ မျက်တန်းများပမာ ရေခဲပမာအေးစက်ပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နက်နေသည်။
ယခု...
သူက အေးစက်မာကျောသောအကြည့်များဖြင့် ရန်ကျောက်ကဲအား စူးစိုက်ကြည့်နေလေသည်။